← Chapters

ဖူရှီ၊ ကောင်းကင်အား ကျော်တက်ခြင်း

Vol. 36 Ch. 407

ဖူရှီ၊ ကောင်းကင်အား ကျော်တက်ခြင်း

Vol. 36 Ch. 407

ဟန်ကျွယ် ဆက်တွက်ဖို့ ရွေးချယ်လိုက်တယ်ဆိုရင်ပဲ သူ့ရှေ့မှာ စာကြောင်းတွေ ချက်ချင်း ပေါ်လာပါတယ်။

[ဖူရှီ: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအို ပညာရှိ၊ လူသားမျိုးနွယ်စု၏ ဘိုးဘေး၊ အနန္တဧကရာဇ်၊ ပါးကွဘိုးဘေး။ လူသားမျိုးနွယ်စု၏ ဆင့်ခေါ်မှုကြောင့် ဖူရှီသည် ဓမ္မရုပ်တုအား အသုံးပြုပြီး ကောင်းကင်လျှို့ဝှက်ချက်အား ရှောင်ရှားကာ လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဖူရှီသည် လူသားမျိုးနွယ်စုအား ကံတရား အထောက်အပံ့ များစွာ ရရှိရန် ကူညီလို၏။]

‘ဖူရှီ... ဒဏ္ဍာရီထဲ ဧကရာဇ် ဖူရှီလား...’

လောကထဲ ဝင်လာတဲ့ တာအိုပညာရှိက လူသားမျိုးနွယ်စုကို ကူညီတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ အနည်းဆုံးတော့ ရှင်းဟုန်ရွှမ် အန္တရာယ်ကင်းမှာပါ။ ဒါ့အပြင် ဖူရှီက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ရင်ဆိုင်ချင် ရင်ဆိုင်မှာပါ။

စိုးရိမ်စရာကိစ္စ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ တာအိုဆက်ပြီး ဟောကြားပါတယ်။

ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားတဲ့အခါ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုလည်း ပြီးဆုံးသွားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ချက်ချင်း မပြန်ဘဲ ဖူစန်းသစ်ပင်အောက်မှာ အရှေ့အရပ်ကို မျက်နှာမူပြီး တရားထိုင်ပါတယ်။ တခြားတပည့်တွေကတော့ တာအိုသိမြင်နားလည်တဲ့ အခြေအနေကနေ မနိုးထသေးတာမို့ ဟန်ကျွယ်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။

ဟန်ကျွယ်ခန္ဓာကိုယ်ထဲက ကောင်းကင်ဘဝဂ် တာအိုသီးဟာလည်း တော်တော်လေး ခဲသွားပါပြီ။ ဒီအချိန်မှာပဲ နတ်ထူးဆန်းဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲက ပျံထွက်ပြီး ဖူစန်းသစ်ပင်ကို ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ ဖူစန်းသစ်ပင်ရဲ့ သစ်ကိုင်းဆီ ပျော်ရွှင်စွာ ပျံသန်းသွားပါတယ်။

နတ်ထူးဆန်းကို ဘယ်သူမှ မမြင်နိုင်ပါဘူး။ ဖူစန်းသစ်ပင်လည်း မမြင်နိုင်ပါဘူး။

နတ်ထူးဆန်း ထွက်ခွာသွားတဲ့အခါမှာ ဟန်ကျွယ် နဖူးပေါ်က သင်္ကေတဟာ ပျောက်ကွယ်သွားပေမဲ့ ဟန်ကျွယ် မျက်ဆံတွေကတော့ ဆက်ပြီး ခရမ်းရောင် ဖြစ်နေတုန်းပါပဲ။

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို မတားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်းစပ်ပြီးနောက်ပိုင်း နတ်ထူးဆန်းဆီမှာ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအား ရှိသွားပြီး ဟန်ကျွယ် ကြိုက်တဲ့အချိန် ထုတ်သုံးလို့ရလို့ပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ နတ်ထူးဆန်းဆီက ဓမ္မစွမ်းအားကို သုံးပြီး နတ်ထူးဆန်းရဲ့ ထူးဆန်းတဲ့ စွမ်းအားကို တားဆီးကာ ဖူစန်းသစ်ပင် ဘာမှမဖြစ်အောင် ကာကွယ်လိုက်ပါတယ်။

အဲဒီနေက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ နတ်ထူးဆန်းဆီ ကျရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လိုသလို ထိန်းချုပ်ရတယ်လို့ ခံစားနေရပါတယ်။ အခုအချိန်ကစပြီး ဟန်ကျွယ်ဟာ နတ်ထူးဆန်းရဲ့ အသိဉာဏ်ကို ကြိုက်တဲ့အချိန် ဖျက်ပစ်နိုင်သလို နတ်ထူးဆန်းရဲ့ စွမ်းအားကိုလည်း သူ့စွမ်းအားအဖြစ် အချိန်မရွေး ပြောင်းလဲနိုင်ပါတယ်။

ဒါပေမဲ့ နတ်ထူးဆန်းက သူ့ကို အများကြီး ကူညီထားတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဒီလောက်ထိ ရက်စက်မှာ မဟုတ်ပါဘူး။

‘ဒီကောင်လေးက နောက်ကျရင် ဘယ်လောက်ထိတောင် စွမ်းအားကြီးလာမလဲ မသိဘူး’

နတ်ထူးဆန်းရဲ့ လက်ရှိစွမ်းအားက တိုင်းတာဖို့ ခက်ခဲပါတယ်။ သန်မာတယ်လို့ ပြောရအောင်လည်း အရမ်းကြီး အစွမ်းထက်နေတာ မဟုတ်သလို မသန်မာဘူး ပြောရအောင်လည်း လောကဦးရုပ်ခန္ဓာ ရှိတဲ့လူကလွဲရင် နတ်ထူးဆန်းကို ဘယ်သူမှ မြင်နိုင်တာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် နတ်ထူးဆန်းရဲ့ အရည်အချင်း အများကြီး ကြောက်ဖို့ကောင်းပါတယ်။ နတ်ထူးဆန်းက ပဋိပက္ခနတ်ဘီလူးတွေရဲ့ ကံတရား အထောက်အပံ့ကို အမွေဆက်ခံရရှိထားတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

ဒီအတောအတွင်း ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် တာအိုသီးကို ခဲနေတဲ့အတွက် ကျောက်စိမ်းဧကရာဇ်ကျိုးရန်ကို စွမ်းအားသုံးပြီး ကျိန်စာ မတိုက်ရဲပါဘူး။ မတော်လို့ တစ်ခုခုမှားသွားရင် ဟန်ကျွယ် ရင်ကျိုးရမှာပါ။ ဒီလို ကျိန်စာမတိုက်တဲ့အတွက်လည်း ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာ ဘာဖြစ်နေပြီဆိုတာကို မသိတော့ပါဘူး။

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၉၉၀၀

[သင့်တပည့်စုချီသည် အမှောင်စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ သိလန်တျန်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် ဝိညာဉ်ကိုစတေးခံကာ ဘိုးဘေးဧကရာဇ်ခေါင်းလောင်းအား တီးလိုက်၏။]

[သင့်မိတ်ဆွေ တာအိုဘိုးဘေး၏ ကံတရား အထောက်အပံ့သည် လျော့ကျသွား၏။]

[သင့်မိတ်ဆွေ ထိုက်စုတျန်သည် တာအိုပညာရှိတစ်ပါး၏ သင်ကြားပြသမှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

အတိုချုပ်ရရင် အင်မော်တယ်ကမ္ဘာက ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး တိုက်ပွဲတွေ ကြီးကြီးမားမား မရှိပါဘူး။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကလည်း အရင်လို မသောင်းကျန်းတော့ပါဘူး။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါ သူဂရုစိုက်တဲ့ မိတ်ဆွေတွေ တစ်ယောက်မှ မသေသေးတာကို တွေ့လိုက်ရပါတယ်။

‘ငါ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်တာနဲ့ ကျောက်စိမ်းဧကရာဇ်ဆိုတဲ့ ကောင်ကို ဘီလီယံ ၁၀၀ လောက် လက်ဆောင်ပေးရမယ်၊ ခံနိုင်မလား ကြည့်ကြသေးတာပေါ့’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကြုံးဝါးလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ရုတ်တရက် တွေးမိသွားတာကြောင့် အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုလိုက်ပါတယ်။ အမှောင်ထုရဲ့ အိပ်မက်ဆိုးက နတ်အာရုံပဲ လိုအပ်တာဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားကို မကုန်ခမ်းစေပါဘူး။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို အိပ်မက်ထဲမှာ ထပ်တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ အရင်ကထက် ပိုပိန်ပြီး မျက်ကွင်းတွေ ညိုနေပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးကို တွေ့လိုက်ရပေမဲ့ စိတ်လှုပ်ရှားခြင်း မရှိဘဲ အသာထိုင်ကာ မေးလိုက်ပါတယ် “ဘာကိစ္စလဲ”

ကောင်းကင်ဧကရာဇ်ဟာ နဂါးဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်တဲ့အတွက် အရင်အရှိန်အဟုန်ကို လျင်မြန်စွာ ပြန်ရသွားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ကျောက်စိမ်းဧကရာဇ်ကလွဲရင် မင်းမှာ တခြားနောက်ခံ မရှိတော့ဘူးလား”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က ခွန်လွန် သွားဖူးတာကို သတိရနေပါသေးတယ်။ နောက်ပြီး မဟာအန္တိမခန်းမထဲမှာလည်း ကောင်းကင်ဧကရာဇ်က တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ရယ်ရယ်မောမော စကားပြောခဲ့တာပါ။

ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “ခင်ဗျားက ကျုပ်ကို ကျောက်စိမ်းဧကရာဇ်နဲ့ ရင်ဆိုင်စေချင်တာလား”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ မေးခွန်းကို ပြန်မဖြေဘဲ အပြုံးနဲ့ မေးလိုက်ပါတယ် “ကျောက်စိမ်းဧကရာဇ်... မင်းက ဒီအတိုင်းပဲ ခိုးနားထောင်နေမှာလား”

ဟန်ကျွယ်စကားအဆုံးမှာပဲ ကျောက်စိမ်းဧကရာဇ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။

‘ခွေးမသား... ငါ့မှန်းပြောလိုက်တာ ကွက်တိကျသွားတယ်’

ကျောက်စိမ်းဧကရာဇ်က မေးလိုက်ပါတယ် “မင်း စဉ်းစားပြီးပြီလဲ”

ဒီအတောအတွင်း အမှောင်သခင်ကြီးက ကျိန်စာမတိုက်တဲ့အတွက် သူ့အဆိုပြုချက်ကို စဉ်းစားနေတယ်လို့ ကျောက်စိမ်းဧကရာဇ်က အထင်ရောက်နေတာပါ။

“တာအိုပညာရှိ လောကထဲ ဝင်လာတာ မင်းသိလား”

ကျောက်စိမ်းဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။

ကောင်းကင်ဧကရာဇ်ကတော့ နှလုံးလှုပ်သွားပါတယ်။

ဟန်ကျွယ် တာအိုပညာရှိအကြောင်း ပြောလိုက်တာက ကျောက်စိမ်းဧကရာဇ် စိတ်ရူးထပြီး သက်ရှိတွေကို ကြိုသတ်မှာစိုးလို့ပါ။ ကျောက်စိမ်းဧကရာဇ်က သက်ရှိအားလုံးကို သတ်ချင်ပေမဲ့ အခုအချိန်ထိ မသတ်သေးတာက အင်မော်တယ်ကမ္ဘာရဲ့ မျိုးနွယ်စုတိုင်းမှာ အင်အားကြီးတဲ့ နောက်ခံတွေ ရှိနေလို့ပါပဲ။

ကျောက်စိမ်းဧကရာဇ်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး တာအိုပညာရှိရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်နဲ့ မခြားပါဘူး။

“ဘယ်အင်အားစုကလဲ”

“ကိုယ့်ဘာသာ စုံစမ်းပေါ့၊ ကြည့်ရတာ မင်းဆီမှာ နယ်ရုပ်အစုံအလင် မရှိသေးဘူးပဲ” ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို စလိုက်ပါတယ်။

[ကျောက်စိမ်းဧကရာဇ်သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

‘ကောင်းတယ်၊ မင်းနဲ့ငါရဲ့ ရန်ငြိုးက တစ်ယောက်သေမှပဲ ပြေငြိမ်းတော့မှာ’

ကျောက်စိမ်းဧကရာဇ်က မေးလိုက်ပါတယ် “ငါတို့တွေ ရန်သူပဲ ဖြစ်ရမှာလား၊ မိတ်ဆွေဖြစ်လို့ မရဘူးလား”

“မင်းက ငါ့ကို မခြိမ်းခြောက်ရင် ငါကလည်း မင်းကို မခြိမ်းခြောက်ပါဘူး”

ကျောက်စိမ်းဧကရာဇ်က ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ကလည်း ဘာမှထပ်မပြောဘဲ ပြန်ပြုံးပြလိုက်ပါတယ်။

အဲဒီနောက် အိပ်မက်တစ်ခုလုံး အပ်ကျသံကြားအောင် တိတ်ဆိတ်သွားပြီး အတန်ကြာမှ ကျောက်စိမ်းဧကရာဇ်က ပြောလိုက်ပါတယ်။

“မင်းရဲ့ ကျိန်စာစွမ်းအားက ပျော့လွန်းတယ်၊ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်သေးလို့ အကောင်းစားရတနာကို မှီပြီး ကျိန်စာတိုက်နေရလို့လား”

“အခွင့်အရေး စောင့်နေရုံပါ”

ဟန်ကျွယ်ရဲ့ အဖြေကြောင့် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ် ‘အခွင့်အရေးကို စောင့်နေတယ်... ဒီခွေးမသားက ငါနဲ့ တစ်ယောက်ယောက် အပြင်းအထန် တိုက်ခိုက်မှာကို စောင့်နေတာ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ အိပ်မက်ကို ရုတ်တရက် အဆုံးသတ်လိုက်တဲ့အတွက် ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။

ဒီတစ်ကြိမ်မှာ ဟန်ကျွယ်ဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။ ကောင်းကင်ဧကရာဇ် ဘာမှမဖြစ်တာ ကျိန်းသေသွားတဲ့အပြင် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကိုလည်း စိတ်ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ဟန်ကျွယ် ပေးလိုက်တဲ့သတင်းကြောင့် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ထပ်ပြီးတော့ ပြဿနာရှာရဲမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ စိတ်အေးလက်အေးနဲ့ ကောင်းကင်ဘဝဂ်အဆင့် ရောက်အောင် ကျင့်ကြံလို့ရပါပြီ။

ဒီလိုနဲ့ အချိန်တစ်ခု အကြာမှာတော့ တိတ်ဆီတ်ဂိုဏ်းသားတွေဟာ တစ်ယောက်ပြီး တစ်ယောက် နိုးထလာကြပါတယ်။

ဟန်ကျွယ်လည်း ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ နှစ် ၂၀ ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကောင်းကင်ဘဝဂ် တာအိုသီးဟာ အကုန်လုံး ခဲသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားတွေဟာ ကောင်းကင်ဘဝဂ်တာအိုသီးထဲ စုပ်ယူခံလိုက်ရပါတယ်။

“ဝုန်း...”

ဝီရိယတောင်တစ်ခုလုံး သိမ့်သိမ့်တုန်အောင် လှုပ်ခါသွားပြီး ကျယ်ပြောလှတဲ့ ဖိအားတစ်ခုဟာ တာအိုစက်ကွင်းအနှံ့ ပျံ့နှံ့သွားတာကြောင့် တိတ်ဆိတ်ကျွန်းပေါ်က လူအကုန်လုံး ထိတ်လန့်ကုန်ကြပါတယ်။

ချူရှီရန်လည်း မျက်လုံးပြူးသွားပါတယ် “ကောင်းကင်ဘဝဂ်”

‘မြန်လှချည်လား... ဘယ်နှနှစ် ရှိသေးလို့လဲ’

ချူရှီရန်ရဲ့ အသံက တိုးညင်းပေမဲ့ ကျန်တဲ့လူတွေရဲ့နားမှာတော့ ရှင်းလင်းပြတ်သားလှပါတယ်။

ဟန်ကျွယ်နဲ့ အစောဆုံး နေထိုင်ခဲ့ရတဲ့ ရွှင်ချန်အန်း၊ ငရဲကြက်နက်နဲ့ တခြားသူတွေဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားကာ ဟန်ကျွယ်လို ဖြစ်ချင်သွားကြပါတယ်။

“ဘာ... သူက ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်သွားပြီလား” ကျန်းယီဟာ သူ့နားကိုတောင် မယုံနိုင်အောင် ဖြစ်သွားပါတယ်။ သူနဲ့ ဟန်ကျွယ် ပထမဆုံးအကြိမ် တွေ့ဆုံတုန်းက ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ်တောင် မဖြစ်သေးပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျန်းယီက ဧကရာဇ်အဆင့်မှာပဲ ရှိသေပေးမဲ့ ဟန်ကျွယ်က နတ်မင်းအဆင့်ကို ကျော်တက်ပြီး ကောင်းကင်ဘဝဂ်အဆင့်ကိုတောင် ရောက်သွားပါပြီ။

‘ဒါ ဘယ်လို ပြက်လုံးမျိုးလဲ၊ သူက တကယ်ကြီး တာအိုဘိုးဘေးလား... ဟိုကြက်စုတ်က လေလုံးထွားနေတာ မဟုတ်ဘူးပဲ’

တစ်ချိန်တည်းမှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ ခရမ်းရောင် အလင်းတန်းအကြား နှစ်မြှုပ်သွားပြီး ဝိညာဉ်တစ်ခုလုံး စတင် အသွင်ပြောင်းလဲပါတယ်။

ကောင်းကင်ဘဝဂ်အဆင့်။

ကောင်းကင်ဘုံကို ကျော်တက်တဲ့အဆင့်။

ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပြောင်းလဲနေတာကို ခံစားရတာကြောင့် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။

‘နောက်ဆုံးတော့ ငါ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ပြီ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters