မကောင်းဆိုးဝါး အမှောင်သခင်ကြီး
Vol. 37 Ch. 414
“ဆရာဘိုးဘိုးကို ဂါရဝ ပြုပါတယ်” ချူရှီရန်ဟာ ဗုဒ္ဓတစ်ပါးရဲ့ မာန်မာနမရှိဘဲ ကြမ်းပြင်မှာ တလေးတစား ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
ချူရှီရန်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး စိတ်ထဲမှာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ခန္ဓာကိုယ် ထုတ်လွှတ်နေတဲ့ ရောင်ဝါက ကောင်းကင်ဘဝဂ် ရောက်ခါစ ကျင့်ကြံသူနဲ့ မတူဘဲ ကောင်းကင်ဘဝဂ်အဆင့်မှာ နှစ်ချို့နေတဲ့ ကျင့်ကြံသူတွေဆီက ထုတ်လွှတ်နေတဲ့ ရောင်ဝါနဲ့ သွားတူနေလို့ပါပဲ။ ဒါ့အပြင် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လိုက်တဲ့အခါမှာလည်း မိစ္ဆာတစ်ကောင်က စိုက်ကြည့်နေသလိုမျိုး ခံစားရပြီး အရိုးထဲကနေ စိမ့်တက်လာပါတယ်။ ဒီခံစားချက်ကြောင့် ချူရှီရန် မသက်မသာ ဖြစ်သွားပေမဲ့ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။
ချူရှီရန်ဟာ သူ့ခံစားချက်ကို ထိန်းချုပ်ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော့်ကို ဆန်းကြယ်စွမ်းအား သင်ပေးလို့ရမလား”
မကြာသေးခင်က ကျင်းပခဲ့တဲ့ နှစ်တစ်ရာပြိုင်ပွဲမှာ သူ့ဆန်းကြယ်စွမ်းအားက လီယောင်၊ ထူလင်းအာနဲ့ တခြားလူတွေရဲ့ ဆန်းကြယ်စွမ်းအားထက် နိမ့်ပါးနေတာကို ချူရှီရန် ရှာတွေ့သွားပါတယ်။ ဘဝဟောင်းမှာတုန်းကလည်း ချူရှီရန်ဟာ ကျင့်ကြံမှုမြင့်ပေခဲ့မဲ့ ဆန်းကြယ်စွမ်းအား အရာမှာတော့ သူများထက် တစ်ပန်းနိမ့်ခဲ့တာချည်းပါပဲ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း အင်မော်တယ်ဧကရာဇ် ဖြစ်လာရင် သင်ပေးမယ်”
ချူရှီရန်က မော့ကြည့်ပြီး မေးလိုက်ပါတယ် “တကယ်ပြောတာလား”
“အင်း.. ငါက မင်းကြီးပြင်းလာတာကို ကြည့်ချင်နေတာ ကြာပြီ”
“ကျေးဇူးပါပဲ ဆရာဘိုးဘိုး”
ချူရှီရန်ဟာ ဟန်ကျွယ်ကို ဦးချပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ အလျင်စလို ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ဘေးနားရောက်လာတဲ့ နတ်ထူးဆန်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနတုန်းက နတ်ထူးဆန်းဟာ ချူရှီရန်ဘေးမှာ သွားနေပြီး ချူရှီရန်ကို မသက်မသာဖြစ်အောင် လုပ်လိုက်လို့ပါပဲ။
ဟန်ကျွယ်ဟာ ချူရှီရန် ပြောင်းလဲလာတဲ့အတွက် ဝမ်းသာပါတယ်။ မကျင့်ကြံလိုတဲ့ ဆန္ဒကြောင့်သာ မဟုတ်ရင် ချူရှီရန်က မဟာဗုဒ္ဓငါးပါးထဲမှာ အစွမ်းအထက်ဆုံးဗုဒ္ဓတစ်ပါး ဖြစ်လာခဲ့မှာပါ။
နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့ ကျောကုန်းဆီ ရောက်သွားပါတယ်။
ဟန်ကျွယ်ကို ကောင်းကင်ဘဝဂ်အဆင့် ရောက်အောင် ကူညီပြီးကတည်းက နတ်ထူးဆန်းဟာ ဟန်ကျွယ် အကုသိုလ်ကံ စုပ်ယူဖို့ မကြာခဏ ကူညီလေ့ရှိပါတယ်။ နတ်ထူးဆန်းရဲ့ ကူညီမှုကြောင့် ဟန်ကျွယ်ရဲ့ အကုသိုလ်ကံ စုပ်ယူနှုန်းဟာ ဟန်ကျွယ် ချေဖျက်နိုင်တာထက်တောင် လွန်နေပါသေးတယ်။ ဒါ့အပြင် နတ်ထူးဆန်းကလည်း ပိုပိုအားကောင်းလာပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲမှာ နတ်ထူးဆန်းကို စမ်းကြည့်တဲ့အခါ နတ်ထူးဆန်းက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်လိုမျိုး တိုက်ခိုက်နိုင်စွမ်း ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ နတ်ထူးဆန်းက တုံးအပြီး ဆန်းကြယ်စွမ်းအား မရှိသူမို့ စွမ်းအားဘယ်လောက်ကြီးကြီး သုံးစားမရပါဘူး။ နောက်ကျလို့ အသိဉာဏ်မြင့်မားလာရင်တော့ မပြောတက်ပါဘူး။
ဟန်ကျွယ်နဲ့ နတ်ထူးဆန်းဟာ အတူယှဉ်တွဲနေထိုင်တဲ့ အခြေအနေတစ်ခုမှာ ရှိနေတာပါ။ ဒါကြောင့် ဟန်ကျွယ် စွမ်းအားကြီးလာလေလေ နတ်ထူးဆန်းကလည်း စွမ်းအားကြီးလာလေလေပါပဲ။ ဒါ့အပြင် ဟန်ကျွယ်က နတ်ထူးဆန်းရဲ့ သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်နဲ့ ထိန်းချုပ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဘဝဟောင်းမှာတုန်းက ဖတ်ခဲ့ရတဲ့ ရှန်းရှဝတ္ထုတွေကို ပြန်အမှတ်ရသွားပါတယ် ‘ဒါက သိုင်းဝိညာဉ်မျိုးပဲ... စိတ်ဝင်စားဖို့တော့ ကောင်းတယ်’
နတ်ထူးဆန်းရဲ့ တည်ရှိမှုက ဟန်ကျွယ်မှာ ကိုယ်ပွားတစ်ခု ရှိနေသလိုပါပဲ။ ဒါ့အပြင် ဟန်ကျွယ်ဆီမှာ နတ်ဘီလူးသုံးထောင်လည်း ရှိလာမှာမို့ အနာဂတ် တိုက်ပွဲတွေမှာ ဟန်ကျွယ်ကို နိုင်မဲ့သူ မရှိလောက်ပါဘူး။
‘ငါက တစ်ယောက်တည်းနဲ့ စစ်တပ်တစ်တပ်ကို ပိုင်ဆိုင်ထားတာပဲ’ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။
ဟန်ကျွယ်ဟာ အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်း ဖြစ်ချင်ပါတယ်။ ဒီလိုဖြစ်ချင်တာက ကောင်းကင်ဘဝဂ်အဆင့်မှာတင် မဟုတ်ပါဘူး။ တာအိုကို ရရှိပြီးရင်တောင် ပြိုင်ဘက်ကင်း ဖြစ်ချင်တာပါ။
လျှပ်တပြက်အတွင်း နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျောက်စိမ်းဧကရာဇ်ကို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်ပါတယ်။ ကျိန်စာကြောင့် ကျောက်စိမ်းဧကရာဇ် တစ်ခုခုဖြစ်တာ မတွေ့ရပေမဲ့ ဒီနှစ်တွေမှာ ကျောက်စိမ်းဧကရာဇ် တော်တော် ငြိမ်နေပါတယ်။
ဒီနှစ်တွေမှာ အင်မော်တယ်ကမ္ဘာက အလွန်တရာမှ ညီညွတ်နေကြပါတယ်။ ဘယ်လောက်တောင် ညီညွတ်လဲဆိုရင် အနန္တကပ်ဘေးကို ပြီးဆုံးသွားပြီလို့ ဟန်ကျွယ် တွေးရလောက်တဲ့အထိကို ညီညွတ်နေတာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ စာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ်၏ အမွေအနှစ်အား ဆက်ခံပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘ဘာလဲဟ... ဖန်းလျန်က ရန်သူ့ဆီမှာ အညံခံလိုက်တာလား၊ ဒါမှမဟုတ် ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ဖန်းလျန်ကို ဦးညွှတ်လိုက်တာလား’
ဟန်ကျွယ်ဟာ ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတာ တွက်ချက်ဖို့ ပြင်လိုက်ပေမဲ့ မလိုဘူးလို့ ခံစားရတာကြောင့် မတွက်ချက် ဖြစ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အနန္တကပ်ဘေးရဲ့ နောက်ဆုံးရလဒ်က ပြောင်းလဲသွားပြီမို့ ကျောက်စိမ်းဧကရာဇ်က နောက်ဆုံးအနိုင်ရတဲ့သူ မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့လည်း မုန်းတီးမှု ကြယ်ခြောက်ပွင့်တောင် ရှိနေတဲ့အတွက် ဘာကိစ္စပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။
‘ငါ သူ့ကို ထပ်ပြီးတော့ အင်အားကြီးခွင့် ပေးလို့ မဖြစ်ဘူး၊ ဒီနှစ်တွေမှာ ငါ့ကျင့်ကြံမှုကလည်း တော်တော်လေး တိုးတက်လာတာဆိုတော့ အောင်ပွဲခံသင့်တယ်’
ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ထည့်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျောက်စိမ်းဧကရာဇ်ကို ကျိန်စာတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ကောင်ကင်ဘုံ ၉ ဘုံမြောက်၊ ဧကရာဇ်ပန်းခြံ။
ဖန်းလျန်၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ တကျို့တျန်ဟာ ကျောက်စားပွဲကို ဝိုင်းပြီး ထိုင်နေကြပါတယ်။ တကျို့တျန်ဟာ အရင်လို နတ်အလင်းတန်းတွေ ဖြာထွက်မနေဘဲ ရုပ်သွင်အမှန်နဲ့ ထိုင်နေတာပါ။ တကျို့တျန်ဟာ သားသတ်သမားလို ခန္ဓာကိုယ်ထွားကြိုင်းပြီး မျက်နှာနဲ့ ဟန်ပန်ကတော့ စာပေပညာရှင်လို နူးညံပျော့ပျောင်းပါတယ်။
“ကျုပ်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်၊ အဲဒါက ကောင်းကင်ဧကရာဇ်ကို လွတ်ပေးဖို့ပဲ” ဖန်းလျန်က ပြောလိုက်ပါတယ်။
ကျောက်စိမ်းဧကရာဇ်က ခေါင်းခါလိုက်ပါတယ် “သူက သူ့ဘာသာ သေချင်ယောင်ဆောင်တာ၊ ငါ သူ့ကို မနှိပ်စက်ဘူး၊ သူက အခုအေးဆေးပဲ၊ မင်း သူ့ကို အရမ်းစိုးရိမ်တယ်ဆိုရင် သူနဲ့ တွေ့ခွင့်ပေးမယ်”
ဖန်းလျန်ဟာ ခေါင်းညိတ်လိုက်ပြီး တကျို့တျန်ကို ကြည့်လိုက်ပါတယ် “ခင်ဗျားကရော ချန်ကျောင်းတော်ကို ကိုယ်စားပြုနိုင်လား”
“ကိုယ်စားပြုနိုင်တယ်၊ လူသားတွေ အင်အားကြီးမားလာတာက တားဆီးလို့မရဘူး၊ အခု အနန္တကပ်ဘေးက ရှင်းလင်းလာပြီ၊ နောက်ဆုံးမှာ လူသားတွေနဲ့ အင်မော်တယ်တွေ စစ်ခင်းကြရမှာပဲ၊ လူသားတွေက ထောက်ပံ့ပေးတဲ့ တာအိုပညာရှိတွေလည်း ရောက်နေကြပြီ၊ ကောင်းကင်ရုံးတော်က တာအိုဂိုဏ် ထောက်ပံ့ထားတဲ့ အင်အားစုဆိုတော့ ကျုပ်တို့မှာ ရွေးချယ်စရာ မရှိဘူး”
ဖန်းလျန်ဟာ အပေါ်ယံမှာ ဘာမှမဖြစ်ပေမဲ့ စိတ်ထဲမှာတော့ ခံစားနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း လူသားပဲ မဟုတ်ပါလား။
တကျို့တျန်က ဆက်ပြောပါတယ် “အရှင်မင်းကြီးက ကျုပ်တို့နှစ်ယောက်ရဲ့ အကူအညီကိုသာ ရမယ်ဆိုရင် ကျိန်းသပေါက် စွမ်းအားကြီးသွားမှာ၊ ဒီအနန္တကပ်ဘေးမှာ လူသားတွေသာ အနိုင်ရသွားရင် ကောင်းကင်ရုံးတော်ကို ဘယ်လိုလုပ်မယ်ထင်လဲ၊ ကောင်းကင်ရုံးတော်က လူသားတွေရဲ့ တည်ရှိမှုကို လက်သင့်ခံနိုင်ပေမဲ့ လူသားတွေကတော့ ကောင်းကင်ရုံးတော်ရဲ့ တည်ရှိမှုကို လက်သင့်ခံနိုင်မှာ မဟုတ်ဘူး”
ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကျို့တျန်ရဲ့စကား လုံးဝ အချက်အချာကျပြီး မှန်ကန်နေလို့ပါပဲ။ ဖန်းလျန်ဟာ သေမျိုးကမ္ဘာမှာ နေခဲ့တဲ့လူ ဖြစ်တဲ့တွက် လူသားတွေရဲ့ အမှောင်ဘက်ခြင်းကို ကောင်းကောင်းကြီး သိပါတယ်။
လူသားတွေသာ ကောင်းကင်ရုံးတော်ကို အနိုင်ရသွားရင် အင်မော်တယ်နတ်ဘုရားတွေ ဆက်တည်ရှိမှာ မဟုတ်တော့ပါဘူး။ ရှင်သန် ကျန်ရစ်ခဲ့တယ်ဆိုရင်တောင် နိမ့်ပါးတဲ့ဘဝနဲ့ နေထိုင်ရမှာ ဖြစ်ပါတယ်။ အင်မော်တယ်နတ်ဘုရားတွေသာ လူသားမျိုးနွယ်စုရဲ့ ကျေးကျွန်ဖြစ်သွားရင် အင်မော်တယ်နတ်ဘုရားလို့ ယူဆနိုင်အုန်းပါ့မလား။
“ကောင်းကင်ရုံးတော် အနိုင်ရရင် ကျုပ်တို့လည်း ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို ရမယ်၊ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် လူသားတွေလည်း ရှင်သန်ဖို့ အခွင့်အရေး ရှိလိမ့်မယ်” တကျို့တျန်ဟာ ဆက်ပြီးတော့ ဖျောင်းဖျပါတယ်။
ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဖန်းလျန်ဟာ တကျို့တျန်က တစ်ခုခု ကြံစည်နေမှန်း မသိပေမဲ့ ဒီအစီအစဉ်ကို မငြင်းနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကောင်းကင်ရုံးတော်က အရင်လိုမျိုး အင်အားမကြီးတော့လို့ပါ။
အင်မော်တယ်ကမ္ဘာမှာရှိတဲ့ အင်အားစုအသီးသီးက အင်မော်တယ်တွေရဲ့ အုပ်ချုပ်မှုကို တော်လှန်နေကြပါပြီ။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကောင်းကင်ရုံးတော်က အင်အားကြီးရန်သူ မတွေ့ရင်တောင် အခွံပဲ ကျန်ရှိတော့မှာပါ။
ကောင်းကင်ဧကရာဇ်တစ်ပါးအနေနဲ့ ဖန်းလျန်ဟာ ဒီလိုအခြေအနေ မရောက်အောင် တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်။
ဖန်းလျန် တုံ့ဆိုင်းနေတုန်းမှာပဲ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ရုတ်တရက်ဆိုသလို သွေးတစ်လုတ် အန်ထုတ်လိုက်တာကြောင့် ကျောက်စားပွဲကို ချက်ချင်း အမှုန့် ဖြစ်သွားစေပါတယ်။ ဖန်းလျန်လည်း လန့်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ နောက်ဆုတ်လိုက်ပါတယ်။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ချက်ချင်း တရားထိုင်ပြီး သူ့စွမ်းအားကို လှည့်ပတ်ကာ အားကောင်းတဲ့ ကျိန်စာကို ဖိနှိပ်ပါတယ်။
တကျို့တျန်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အမှောင်သခင်ကြီးလား”
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ဖျော့တော့တဲ့မျက်နှာနဲ့ ပြန်ဖြေပါတယ် “သူကလွဲပြီး ဘယ်သူဖြစ်နိုင်အုန်းမှာလဲ”
ကျောက်စိမ်းဧကရာဇ်ရဲ့ လေသံဟာ ကူကယ်ရာမဲ့နေပြီး ဒေါသတောင် မထွက်နိုင်ရှာတော့ပါဘူး။ ကျိန်စာတိုက်ခံရတာများလွန်းလို့ ကျင့်သားရနေပါပြီ။
ဖန်းလျန်က မေးလိုက်ပါတယ် “အမှောင်သခင်ကြီး ဘယ်သူဆိုတာကို ချန်ကျောင်းတော်က မတွက်ချက်နိုင်ဘူးလား”
တကျို့တျန်နဲ့ ကျောက်စိမ်းဧကရာဇ်ဆီက စကားသံ ထွက်မလာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတောင် အမှောင်သခင်ကြီးကို တွက်ချက်လို့မရလို့ပါပဲ။ ဒါကြောင့်လည်း အမှောင်သခင်ကြီးက ကြောက်ဖို့ကောင်းနေတာပါ။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျှော်လင့်ချက်မဲ့သွားပြီး တစ်နေ့ကျရင် အမှောင်သခင်ကြီး လက်ချက်နဲ့ သေရမယ်လို့တောင် ခံစားလိုက်ရပါတယ်။
ရုတ်တရက်ဆိုသလိုပဲ...
ပိုအားကောင်းတဲ့ ကျိန်စာက တိုက်ခိုက်လာတဲ့အတွက် ကျောက်စိမ်းဧကရာဇ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ် “မြန်မြန်... ဓမ္မစွမ်းအားနဲ့ ကျုပ်ရဲ့ တာအိုသီးကို ဖိနှိပ်ပေးချည်”
တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ်နောက်ကို ရောက်သွားပြီး ကျောက်စိမ်းဧကရာဇ်ရဲ့ ကျောပြင်ကို လက်ဝါးနဲ့ ဖိလိုက်ပါတယ်။ မကြာခင်မှာပဲ တကျို့တျန်လည်း လန့်သွားပါတယ်။
တကျို့တျန်ဟာ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို မခံဖူးတဲ့အတွက် အမှောင်သခင်ကြီးရဲ့ ကျိန်စာက အဲဒီလောက်ထိ စွမ်းအားကြီးလို့လားတောင် သံသယဝင်နေတာပါ။ ဒါပေမဲ့ အခုတော့ အမှောင်သခင်ကြီးရဲ့ ကျိန်စာက ဘယ်လောက်စွမ်းလဲဆိုတာ တကျို့တျန် သိလိုက်ရပါပြီ။
‘ဒီကောင်က ကျိန်းသေပေါက် သက်တမ်းသုံးပြီး ကျိန်စာတိုက်နေတာ ဖြစ်ရမယ်၊ မဟုတ်မှလွဲရော သူက မရေမတွက်နိုင်တဲ့ သက်ရှိတွေကို စတေးပြီး ကျိန်စာတိုက်တာလား၊ ဒါဖြစ်နိုင်တယ်... ဒါကြောင့်မို့လို့ သူက ဆယ်နှစ်တစ်ကြိမ်ပဲ ကျိန်စာတိုက်တာ ဖြစ်ရမယ်’
တကျို့တျန်ဟာ တွေးရင်း မျက်မှောင်ကြုတ်သွားပြီး သူ့အတွေးက ဖြစ်နိုင်ချေများတယ်လို့ ခံစားလိုက်ရပါတယ်။
‘တော်တော် ရက်စက်တဲ့ အမှောင်သခင်ကြီးပဲ’
‘ဒီကောင်အပြစ်က အကြိမ်တစ်သန်း သေဒဏ်ပေးရင်တောင် ကျေမှာ မဟုတ်ဘူး’
တကျို့တျန်ရဲ့ စိတ်ထဲမှာ အမှောင်သခင်ကြီးက အလွန်တရာ ရက်စက်ယုတ်မာတဲ့ မကောင်းဆိုးဝါး ဖြစ်သွားပါတယ်။
ဘေးနားကနေ ကြည့်နေတဲ့ ဖန်းလျန်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ တကျို့တျန်တို့ မျက်နှာပျက်သွားတာကို သတိထားမိပေမဲ့ မယုံပါဘူး ‘ဒီနှစ်ကောင်က ငါ့ကို ညာဖို့ ဒီလောက်တောင် ကြိုးစားနေကြတာလား’
မြန်မာပြည် ငြိမ်းချမ်းပါစေ။