ကောင်းကင်ရုံးတော်၏ အကြီးမားဆုံးနောက်ခံ
Vol. 37 Ch. 417
တိတ်ဆိတ်ဂိုဏ်းက တပည့်တွေဟာ လွီဟွာရွှီကို ဝန်းရံပြီး ကြည့်နေကြပါတယ်။ ဒါကို ဟန်ကျွယ်လည်း သတိထားမိပါတယ်။ ဟန်ကျွယ်ဟာ လွီဟွာရွှီရဲ့ နက်ရှိုင်းတဲ့ ဝိညာဉ်တစ်နေရာကနေ စွမ်းအားကြီးတဲ့ အင်အားတစ်ခု နိုးထာလာတာကို ခံစားမိပါတယ်။
ကောင်းကင်ရုံးတော်ရဲ့ အစွန်းရောက်ဧကရာဇ် လေးပါးစလုံးက ကောင်းကင်ဘဝဂ် တည်ရှိမှုတွေပါ။
ဟန်ကျွယ်ဟာ လွီဟွာရွှီရဲ့ အချက်အလက်ကို ပြန်ကြည့်လိုက်ပါတယ်။
[လွီဟွာရွှီ: မဟာညီညွတ်မှု မြေအင်မော်တယ် ကနဦးအဆင့်၊ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ခရမ်းရောင်ကြယ်ဧကရာဇ် ပြန်ဝင်စားသူ ဖြစ်သည်။ ကောင်းကင်ရုံးတော်၏ အစွန်းရောက်ဧကရာဇ် လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့ပြီး အကောင်းစားရတနာ ခရမ်းရောင်ဧကရာဇ်လှံဖြင့် ပြန်လည် ဝင်စားခဲ့သည်။ ခရမ်းရောင်ဧကရာဇ်လှံသည် လွီဟွာရွှီ၏ ဝိညာဉ်ဖြစ်သောကြောင့် သူတို့ကို ခွဲခြား၍ မရပါ။ ထက်မြက်သော အရည်အချင်းရှိသဖြင့် နှစ် ၃၀၀ မပြည့်ခင် မဟာညီညွတ်မှု မြေအင်မော်တယ်အဆင့်သို့ ရောက်ရှိပြီ ခရမ်းရောင်ဧကရာဇ်ကြယ် တာအိုသီးကို နိုးထခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
နောက်ဆုံးတပည့်ဖြစ်တဲ့ လွီဟွာရွှီတောင် မဟာညီညွတ်မှု မြေအင်မော်တယ် ကနဦးအဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းရဲ့တပည့်တွေက ဘယ်လောက်ထိ အရည်အချင်းရှိတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဟန်ကျွယ်ဟာ လွီဟွာရွှီရဲ့ ကျင့်ကြံမှုက မပြောင်းလဲတဲ့အတွက် မစိုးရိမ်ပါဘူး။ တကယ်လို့ လွီဟွာရွှီက လုံးဝနိုးထပြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာရင်တောင် ဟန်ကျွယ်ဟာ မကြောက်ပါဘူး။
ဟန်ကျွယ်ကိုယ်တိုင်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်မှာ ထိပ်သီးတည်ရှိမှုဖြစ်ပြီး တာအိုစက်ကွင်း အစောင့်နှစ်ယောက်ကလည်း အရုပ်တွေ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အကုသိုလ်ကံကို စုပ်ယူရင်း လွီဟွာရွှီကိုလည်း အာရုံစိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ဝက်ကြာတဲ့အခါမှာတော့ လွီဟွာရွှီ နိုးလာပါတယ်။ ဒါပေမဲ့ လွီဟွာရွှီဟာ ဘာမှပြောင်းလဲသွားပုံ မပေါ်ပါဘူး။ လူတိုင်းကို သူ့ကို ဝိုင်းမေးကြတဲ့အခါမှာတော့ ပြုံးရုံသာပြုံးပြီး ဘာမှပြန်မဖြေပါဘူး။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး လွီဟွာရွှီရဲ့ ကျင့်ကြံမှုအလျင်က မိုးပေါ်ထိုးတက်သွားတဲ့အတွက် လူတိုင်းကို ဆွံအသွားစေပါတယ်။
မုရုံချီနဲ့ ချူရှီရန်ပြီးရင် တိတ်ဆိတ်ဂိုဏ်းမှာ နောက်ထပ် စွမ်းအားကြီးတပည့် ပေါ်လာပါပြီ။
ချူရှီရန်ကြောင့် လွီဟွာရွှီက ကောင်းကင်ရုံးတော်ရဲ့ အစွန်းရောက်ဧကရာဇ်တိုတာကို လူတိုင်း သိနေကြပါပြီ။ ဒါပေမဲ့ မဟာအဂ္ဂဗုဒ္ဓတုန်းကလည်း ဘာမှမပြောင်းလဲသွားတာမို့ လူတိုင်းဟာ လွီဟွာရွှီကို အရင်လိုပဲ ဆက်ဆံကြပါတယ်။
အထူးသဖြင့်ပြောရရင် ငရဲကြက်နက်ဟာ လွီဟွာရွှီကို အမြဲလိုလို အနိုင်ကျင့်ခဲ့တာပါ။ အဲဒါကြောင့် လွီဟွာရွှီရဲ့ သရုပ်မှန်က ပိုကြီးလေလေ ငရဲကြက်နက်က စိတ်လှုပ်ရှားလေလေပါပဲ။
လွီဟွာရွှီရဲ့ ကျင့်ကြံမှု တဟုန်ထိုး တိုးတက်လာတာက တိတ်ဆိတ်ဂိုဏ်းရဲ့ ကြိတ်ပြိုင်ဆိုင်မှုကို အားကောင်းသွားစေပါတယ်။ ဒီလောက် ရှည်ကြာပြီး ပျင်းစရာကောင်းတဲ့နှစ်တွေမှာ ပြိုင်ဆိုင်မှုအချို့ရှိမှာ စိတ်ဝင်စားစရာကောင်းမယ် မဟုတ်ပါလား။
မှောင်မိုက်တဲ့ စကြဝဠာတစ်နေရာရဲ့ တိမ်ပင်လယ်ထက်က သစ်ပင်အိုကြီးအောက်မှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ဓမ္မစွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေ ကုသနေပါတယ်။ ကျောက်စိမ်းဧကရာဇ်ရဲ့ မျက်နှာဟာ သေခါနီးလူနာလို ဖျော့တော့နေပြီး မျက်မှောင်လည်း ကြုတ်နေပါတယ်။
ဒီအချိန်မှာပဲ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရှေ့မှာ တကျို့တျန် ပေါ်လာပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ မျက်လုံးမဖွင့်ပါဘူး “ဟွန်း... မင်းက ဘာလို့ ငါ့ကို လာရှာပြန်တာလဲ”
ကျောက်စိမ်းဧကရာဇ်ဟာ တကျို့တျန်ကို တော်တော်လေး မုန်းနေတာပါ။
တကျို့တျန်က အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်က မင်းကို နတ်ဘုရားရွေးချယ်ခုံထဲ ဝင်စေချင်နေတယ်”
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “မင်းက ငါ့ကို လာစော်ကားနေတာလား”
ကျောက်စိမ်းဧကရာဇ်ကျိုးရန်ဟာ တစ်ချိန်တုန်းက ကောင်းကင်ရုံးတော်ကို ဖိနှိပ်ခဲ့သူပါ။ အခု နတ်ဘုရားရွေးချယ်ခုံထဲဝင်ပြီး ဖန်းလျန်ရဲ့ ငယ်သားဖြစ်ခိုင်းနေတာက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို စော်ကားနေတာနဲ့ အတူတူပါပဲ။
တကျို့တျန်က ပြောလိုက်ပါတယ် “မင်း ရှုံးသွားပြီ၊ တာအိုပညာရှိတွေရဲ့ တွက်ချက်မှုအရ ဒီအနန္တကပ်ဘေးရဲ့ ဇာတ်လိုက်တွေက လူသားတွေနဲ့ အင်မော်တယ် နတ်ဘုရားတွေပဲ၊ မင်း ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ချင်သေးတယ်ဆိုရင် ကောင်းကင်ရုံးတော်ထဲဝင်ပြီး အင်မော်တယ်နတ်ဘုရား ဖြစ်လာမှ ရလိမ့်မယ်”
ကျောက်စိမ်းဧကရာဇ်ကျိုးရန်က မေးလိုက်ပါတယ် “ငါ ဘာလို့ လူသားမျိုးနွယ်စုထဲ ဝင်လို့မရတာလဲ”
တကျို့တျန်က ဘာမှပြန်မဖြေပါဘူး။
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ဒီလောက်နဲ့ ဒီကိစ္စက တာအိုပညာရှိရဲ့ လက်ချက်မှန်း သိလိုက်ပြီး ယမ်းပုံမီးကျ ဖြစ်သွားပါတယ် ‘ငါက တာအိုပညာရှိလက်ထဲက ရွေးချယ်ဖို့ အခွင့်အရေးတောင် မရှိတော့တဲ့ နယ်ရုပ်တစ်ရုပ်လား’
‘သေစမ်း... နည်းနည်းလေးပဲ လိုတော့တာ၊ ဟိုခွေးမသား အမှောင်သခင်ကြီးကြောင့်သာ မဟုတ်ရင် ငါ ကောင်းကင်တာအိုကို ဝါးမြိုပြီးလောက်ပြီ၊ ငါ ဒီလိုမျိုး အဆုံးသတ်ရမှာ မဟုတ်ဘူး’
ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ ဒီအကြောင်းကို တွေးလေလေ ဒေါသထွက်လေလေပါပဲ။ အမှောင်သခင်ကြီးကိုလည်း အသည်းထဲ နှလုံးထဲကနေ မုန်းတီးသွားပါတယ်။
တကျို့တျန်ဟာ စကားတစ်ခွန်းပဲချန်ပြီး ပျောက်ကွယ်သွားပါတယ် “ဒါက မင်းလျှောက်လို့ရတဲ့ တစ်ခုတည်းသောလမ်း၊ ဂိုဏ်းချုပ်စကားကို နားမထောင်ရင် ဘာဖြစ်မယ်ဆိုတာ မင်း သိပါတယ်”
ကျောက်စိမ်းဧကရာဇ်ကျိုးရန်ဟာ ဒေါသထွက်လွန်းတဲ့အတွက် မျက်နှာတစ်ခုလုံး နီရဲပြီး ရင်အုံလည်း မြင့်ချည်နိမ့်ချည် ဖြစ်လာပါတယ်။ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ဟာ လက်သီးကို တင်းတင်းဆုပ်ပြီး အံကြိတ်လိုက်ပါတယ်။
“မင်းတို့က ငါ့ကို တွန်းအားပေးနေတာပဲ” ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ မျက်လုံးထဲမှာ အနက်ရောင် အလင်းတန်း ယှက်သမ်းသွားပါတယ်။
နှစ် ၂၀ ကြာပြီးနောက်...
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး အင်မော်တယ် နတ်ဘုရားဖြစ်လာကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး အင်မော်တယ် နတ်ဘုရား ဖြစ်လာကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး အင်မော်တယ် နတ်ဘုရား ဖြစ်လာကာ ကံတရား အထောက်အပံ့များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟန်မင်သည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး အင်မော်တယ် နတ်ဘုရား ဖြစ်လာကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ သွမ့်ဟုန်ချန်သည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး အင်မော်တယ် နတ်ဘုရား ဖြစ်လာကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် လောကဦး နတ်ခန္ဓာကိုယ်ကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ကောင်းကင်ရုံးတော်သို့ ဝင်ရောက်ပြီး အင်မော်တယ် နတ်ဘုရား ဖြစ်လာကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး တံတွေး သီးမတက် ဖြစ်သွားပါတယ် ‘ဘာလဲဟ... ဘယ်လိုလုပ်ပြီး ငါ့မိတ်ဆွေ တစ်ဝက်ကျော်က ကောင်းကင်ရုံးတော်ထဲ ရောက်သွားတာလဲ၊ ငါ ဖန်းလျန်ကို ထောက်ပံ့မယ်လို့ အရိပ်အခြေတောင် မပြဖူးပါဘူး’
ဟန်ကျွယ်ဟာ စာစောင်တွေကို ဂရုတစိုက် ဖတ်ကြည့်တဲ့အခါ ရွှယ်မင်းဟယ်ကလည်း အမှောင်ဂိုဏ်းကို ဦးဆောင်ပြီး ကောင်းကင်ရုံးတော်ထဲ ဝင်သွားတာ တွေ့လိုက်ရပါတယ်။ ချက်ချင်းဆိုသလိုပဲ အားနည်းနေတဲ့ ကောင်းကင်ရုံးတော်ဟာ ထူထူထောင်ထောင် ဖြစ်လာပါတယ်။
‘ရွှယ်မင်းဟယ်ဟာ ငါ့ကို အထင်လွဲနေပြီနဲ့ တူတယ်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရွှယ်မင်းဟယ်ကို အိပ်မက်ထဲ ဆွဲသွင်းလိုက်ပါတယ်။
ရွှယ်မင်းဟယ်ဟာ အမှောင်သခင်ကြီးကို တွေ့တာနဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “အမှောင်သခင်ကြီး သိပြီးပြီလား”
“အင်း... ငါ သိပြီးပြီ”
ရွှယ်မင်းဟယ်က ပြောလိုက်ပါတယ် “ဒီအနန္တကပ်ဘေးရဲ့ ဇာတ်လိုက်တွေက လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်ပဲ၊ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို အမြဲတမ်း ထောက်ပံ့နေတာဆိုတော့ ကျွန်တော် အမှောင်ဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်ထဲ ဝင်လိုက်တာ မမှားဘူးမလား”
ဟန်ကျွယ်ဟာ ပြောစရာစကားမရှိတော့ပါဘူး ‘ကောင်းကင်ရုံးတော်ရဲ့ အကြီးမားဆုံးနောက်ခံက ငါ ဖြစ်နေတာလား’ ဒီအချိန်မှာ ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်စကားကို မငြင်းရဲပါဘူး။ လူသားမျိုးနွယ်စုရော ကောင်းကင်ရုံးတော်မှာရော နှစ်ဖက်စလုံးမှာ ဟန်ကျွယ်နဲ့ ဆက်စပ်နေတဲ့လူတွေ ရှိနေတဲ့အတွက် ဟန်ကျွယ်ဟာ ဘယ်ဘက်ကိုမှ ကူညီမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လူသားဆိုပေမဲ့ သူ့ကိုယ်သူ လူသားမျိုးနွယ်စုကလို့ မခံယူထားပါဘူး။ ဟန်ကျွယ်သိခဲ့တဲ့ လူသားတွေကလည်း ထုန်ကျန့်ကမ္ဘာထဲမှာပါ။
“တစ်ယောက်ယောက်က မင်းကို ဆက်သွယ်သေးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ဆက်သွယ်ပါတယ်၊ တာအိုပညာရှိက ကျွန်တော်ကို ကောင်းကင်ရုံးတော်ထဲဝင်ဖို့ အိပ်မက်ထဲမှာ မေးတယ်၊ အဲဒါက သင့်လျော်တဲ့အတွက် ကျွန်တော်လည်း...”
စကားမဆုံးခင်မှာပဲ ရွှယ်မင်းဟယ်ဟာ ရင်ထိတ်သွားပါတယ် ‘နေပါအုန်း... အမှောင်သခင်ကြီးက ငါ့ကို သစ္စာဖောက်လို့ ထင်နေတာလား’
ရွှယ်မင်းဟယ်ဟာ ချက်ချင်းဒူးထောက်လိုက်ပါတယ် “ကျွန်တော်က အမှောင်သခင်ကြီးကိုပဲ သစ္စာရှိတာပဲ၊ အဲဒီတာအိုပညာရှိက.... ဘယ်သူလဲဆိုတာတောင် ကျွန်တော် မသိပါဘူး”
ဟန်ကျွယ်က ဆက်မေးပါတယ် “တာအိုပညာရှိ ဘယ်နှစ်ပါးရှိလဲဆိုတာ မင်းသိလား”
ရွှယ်မင်းဟယ်ဟာ ဟန်ကျွယ်ကို သူ့ကိုစမ်းသပ်နေတယ်လို့ တွေးမိပြီး ရိုးရိုးသားသား ဖြေလိုက်ပါတယ် “ကောင်းကင်တာအိုပညာရှိကတော့ အမြဲတမ်း ကိုးပါးပဲ ရှိပါတယ်၊ ဒါပေမဲ့ ရှေးခေတ်ကစပြီး စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးက ကောင်းကင်တာအိုကို ဖြတ်ကျော်ခဲ့တာဆိုတော့ တာအိုပညာရှိပေါင်း ဘယ်နှယောက်ရှိမလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး၊ တာအိုပညာရှိ အကုန်လုံးက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ နေရင်နေ မဟုတ်ရင် အဆုံးသတ် အပျက်အစီးက နတ်ဘုံမှာ နေထိုင်ကြပါတယ်”
“ကောင်းကင်ဘဝဂ် ကျင့်ကြံသူကရော...”
“ကောင်းကင်ဘဝဂ် ကျင့်ကြံသူ အရေအတွက်က ခန့်မှန်းဖို့ခက်တယ်၊ အနန္တကပ်ဘေးတင်ပဲ ဆယ်ခုတောင် ကျော်နေပြီဆိုတော့...”
“ဒါဆို မင်း အဆုံးသတ် အပျက်အစီးက နတ်ဘုံအကြောင်းကို သိလား”
“သိပါတယ်၊ အဲဒါက လောကဦးခေတ်မှာ ကောင်းကင်တာအိုရဲ့ ပထမဦးဆုံးကမ္ဘာပါ၊ ကပ်ဘေးကြီးတစ်ခုကြောင့် တာအိုပညာရှိတစ်ပါးရဲ့ လက်ချက်နဲ့ ကွဲထွက်သွားတာပါ၊ အဲဒါကြောင့် တာအိုဘိုးဘေးက လောကဦး မိုးနဲ့မြကို ကန့်သတ်ပြီး မျိုးနွယ်စုအသီးသီးကို လက်ရှိ အင်မော်တယ်ကမ္ဘာမှာ ထားခဲ့တာပါ၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေသာ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကိုသွားနိုင်ပြီး ကောင်းကင်တာအိုကပ်ဘေးနဲ့ ဝေးဝေးမှာ နေကြပါတယ်”
“အဆုံးသတ်အပျက်အစီးက နတ်ဘုံနဲ့ အင်မော်တယ်ကမ္ဘာကို နှိုင်းယှဉ်ရင် ဘယ်ဟာက အင်အားကြီးမလဲ”
“မပြောတက်ဘူး၊ ဒါပေမဲ့ ကမ္ဘာနှစ်ခုလုံးကို တာအိုပညာရှိတွေ ထိန်းချုပ်ထားတာပဲ”
ဟန်ကျွယ်ဟာ မေးခွန်းထုတ်တာ ရပ်လိုက်ပါတယ်။
ရွှယ်မင်းဟယ်ဟာ ရင်တုန်လာပြီး ဟန်ကျွယ်စကားတွေကို ပြန်စဉ်းစားလိုက်ပါတယ် ‘အမှောင်သခင်ကြီးက ငါ့ကို တစ်တောင်ထက် တစ်တောင်ပိုမြင့်တဲ့အကြောင်း သတိပေးနေတာလား’
‘ဒါဖြစ်နိုင်တယ်... ငါ နောက်ကျရင် ငါ့ဘာသာ ဆုံးဖြတ်ချက် ချလို့မဖြစ်ဘူး၊ အမှောင်သခင်ကြီးရဲ့ အစီအစည်ကို လိုက်နာတာ အကောင်းဆုံးပဲ’
“အင်း... အခုအချိန်ကစပြီး ငါရဲ့ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မရမချင်း မင်း ကောင်းကင်ဧကရာဇ်ဖန်းရဲ့ စကားကို နားထောင်ရမယ်” အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ကို ဖျက်လိုက်ပါတယ်။
အစစ်အမှန်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်နဲ့ လူသားမျိုးနွယ်စုကို ဂရုမစိုက်ဘဲ ကျင့်ကြံမြဲ ကျင့်ကြံပါတယ်။
ဒါပေမဲ့ ၁၈ နှစ် အကြာမှာ ဟန်ကျွယ်ဟာ စာစောင်တွေကနေ လုံဟောင်နဲ့ သိလန်တျန်က ကောင်းကင်ရုံးတော်ထဲ ဝင်သွားမှန်း သိလိုက်ရပါတယ်။
‘သွားပြီ... လူသားတွေ အန္တရာယ်ကျပြီ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။