← Chapters

အကူအညီတောင်းပြန်ခြင်း

Vol. 38 Ch. 427

အကူအညီတောင်းပြန်ခြင်း

Vol. 38 Ch. 427

“အခွင့်အ‌ရေး... ဘယ်လို အခွင့်အရေးမျိုးလဲ”

ကျိုးဖန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ကျိုးဖန်ဟာ ကျောက်ရွှမ်ယွမ်နဲ့ မရင်းနှီးတာမို့ အလွယ်တကူ မယုံကြည်ရဲပါဘူး။

ကျောက်ရွှမ်ယွမ်က မျက်နှာသေနဲ့ ပြန်ဖြေပါတယ် “လောလောဆယ်တော့ ပြောလို့မရသေးဘူး၊ မင်းအပြင် တခြားပါရမီရှင်တွေလည်း ရှိသေးတယ်၊ မင်းက အရည်အချင်း ပြည့်မှီရုံလေး၊ ခေါင်းဆောင်က ငါ့ကို လူဆယ်ယောက် မခေါ်ခိုင်းရင် ငါ မင်းကို လာမခေါ်ဘူး”

“မင်း...” ကျိုးဖန်ဟာ ဒေါသထွက်သွားပါတယ် ‘ဒီကောင်က တော်တော်မောက်မာတာပဲ’ ဒါပေမဲ့လည်း အခွင့်အရေးဆိုတဲ့ စကားလုံးကြောင့် ကျိုးဖန်ဟာ ဆုံးဖြတ်ရ ခက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ဒီနေ့ ဒီအခြေအနေထိ ရောက်လာတာက အခွင့်အရေးတွေကြောင့် ဖြစ်တဲ့အတွက် ကျိုးဖန်ဟာ ဘယ်အခွင့်အရေးကိုမှ လက်လွှတ်မခံချင်ပါဘူး။

ကျိုးဖန်ဟာ ကျောက်ရွှမ်ယွမ်ကို အကဲခတ်လိုက်တဲ့အခါ ကျောက်ရွှမ်ယွမ်က မာနခေါင်ခိုက်ပြီး သူ့ကို မခေါ်ချင်တာ တွေ့လိုက်ရတဲ့အတွက် သဘောတူလိုက်ပါတယ် “ကောင်းပြီ... ငါ လိုက်မယ်”

ကျိုးဖန်ဆီက စကားပြန်ရတာနဲ့ ကျောက်ရွှမ်ယွမ်ဟာ စကားတစ်ခွန်းချန်ပြီး ထွက်ခွာသွားပါတယ် “ခုနစ်ရက်ကြာရင် အရှေ့ဖုန်းဆိုးနယ်မြေမှာ တွေ့မယ်”

မော့ဖူချိုဟာ ယဇ်ပလ္လင်ပေါ် ခုန်တက်ပြီး မေးလိုက်ပါတယ် “မင်းက ဒီလောက်တောင် စွမ်းအားကြီးနေပြီပဲ၊ ဘာလို့ ထပ်စွန့်စားချင်ရတာလဲ”

ကျိုးဖန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ် “အစ်ကိုမော့... ဒီလမ်းစဉ်မှာ ကျွန်တော် ရပ်လို့မရဘူး၊ ကျွန်တော် အခွင့်အ‌ရေးကြီးရခဲ့ရင် အစ်ကိုမော့ကိုလည်း လက်ဆောင်ကောင်း ပေးပါ့မယ်”

မော့ဖူချိုဟာ ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းသာ ချမိလိုက်ပါတယ်။ ကျိုးဖန်က အမြဲတမ်း သူ့ကတိအတိုင်း လက်ဆောင်ကောင်းတွေ ပေးတဲ့အတွက် မော့ဖူချိုဟာ ကျိုးဖန်တစ်ခုခုဖြစ်မှာကိုလည်း အတော်စိုးရိမ်ပါတယ်။ သူတို့နှစ်ဦးဟာ ကိစ္စတော်တော်များများကို အတူတူရင်ဆိုင်ခဲ့ရပြီး သေမျိုးကမ္ဘာကနေ အင်မော်တယ်ကမ္ဘာအထိ သေအတူရှင်မကွာ တိုက်ခိုက်ခဲ့ကြသူတွေပါ။

ဒါကြောင့် အခုဆိုရင် မော့ဖူချိုနဲ့ ကျိုးဖန်ဟာ တစ်ယောက်ဘဝမှာ တစ်ယောက်က အရေးကြီးဆုံးပုဂ္ဂိုလ် ဖြစ်နေပါပြီ။

မော့ဖူချိုဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက် ကျိုးဖန်နောက်ကိုတောင် မလိုက်ရဲတော့ပါဘူး။ ကျိုးဖန် ဘေးကင်းဖို့ပဲ ဆုတောင်းပေးနိုင်ပါတော့တယ်။

နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ တကျို့တျန်ကို ကျိန်စာတိုက်နေပါတယ်။ ဟန်ကျွယ်ဟာ နှစ် ၆၀၀ နီးပါး အဆင့်မတက်ဘူး ဆိုပေမဲ့ ကျိန်စာတိုက်တာကိုတော့ မမေ့ပါဘူး။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုက နောက်ထပ် နှစ်တစ်ရာအတွင်း ကောင်းကင်ဘဝဂ် အလယ်အဆင့်ကို ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကောင်းကင်ဘဝဂ် အလယ်အဆင့်ကို ရောက်သွားရင် နောက်ဆုံးအဆင့်နဲ့ သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံးအဆင့်ကို ရောက်ရင် ထိပ်ဆုံးအဆင့်က ပြဿနာ မဟုတ်တော့ပါဘူး။ အဲဒီအချိန်ကျရင် တာအိုပညာရှိအတုက ဟန်ကျွယ်နဲ့ လက်တစ်ကမ်းကို ရောက်လာမှာပါ။

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အကောင်းဆုံး ကြိုးစားပြီး စိတ်ခွန်အား ပေးပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေကနေ တစ်စုံတစ်ယောက် ဆင့်ခေါ်နေတာကို ခံစားမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ကျိန်စာဆက်တိုက်ပါတယ်။ နောက်သုံးရက်မှာလည်း ပဋိပက္ခနယ်မြေက ဆင့်ခေါ်နေတာကို ဟန်ကျွယ် ခံစားမိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးမှပဲ ပဋိပက္ခနယ်မြေထဲ ဝင်လိုက်ပါတယ်။

ကျောက်ရွှမ်ယွမ်နဲ့ တာအိုအရှင်သခင်ဟာ ဟန်ကျွယ်နားကို မပြေးရုံတမယ် ရောက်လာပါတယ်။

“တာအိုရောင်းရင်း...”

“အစ်ကို... နောက်ဆုံးတော့ ရောက်လာပြီပဲ”

တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်ကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ဆီးကြိုပြီး မေးလိုက်ပါတယ် “ဘာလဲ... မင်းတို့ ငါ့ဆီက အကူအညီ လိုပြန်ပြီလား”

တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်းက ကျုပ်တို့ကို တစ်ခါမက ကူညီပေးပြီးပြီပဲ၊ ဒီတစ်ခါ ထပ်ကူညီမယ်ဆိုရင် ကျုပ်တို့တွေ တာအိုရောင်းရင်းရဲ့ ကျေးဇူးကို လုံးဝ မမေ့ပါဘူး၊ အနာဂတ်မှာ တာအိုရောင်းရင်း လိုတာရှိရင် ကျုပ်တို့က ကျိန်းသေပေါက် အစွမ်းအကုန် ကြိုးစားပြီး ကျေးဇူးပြန်ဆပ်မှာပါ”

ကျောက်ရွှမ်ယွမ်ကတော့ သက်ပြင်းချပြီး ခေါင်းငုံ့သွားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘယ်လို ကူညီရမှာလဲ”

တာအိုအရှင်သခင်က ပြန်ဖြေပါတယ် “ကောင်းကင်ဧကရာဇ်ဖန်ဆီကို ကျုပ်တို့တွေ အဆုံးမဲ့သွေးပင်လယ်မှာ ပိတ်မိပြီး အနန္တကမ္ဘာကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ကြီးကို ရှာတွေ့ထားတယ်လို့ သတင်းပို့ပေးပါ”

“ငါက ဘာအကျိုးအမြတ်ရမှာလဲ၊ အရင်တစ်ခေါက်‌‌ ပြောထားတဲ့ တာအိုစာပေကရော ဘယ်မှာလဲ”

တာအိုအရှင်သခင်က မတက်နိုင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “အဲဒီတာအိုသင်္ကေတတွေက အရမ်းသိမ်မွေ့လွန်းတော့ ကျုပ်တို့တွေ လောလောဆယ် နားမလည်နိုင်သေးဘူး၊ ကျုပ်တို့တွေ မျက်နှာချင်းဆိုင်တွေ့မှ ပေးမယ်လေ၊ ကျုပ်သိသမျှကိုလည်း ခင်ဗျားကို မျှဝေးပေးမှာပါ”

“ဒီလိုလုပ်... တာအိုရောင်းရင်းက ကျုပ်တို့ကို ကူညီမယ်ဆိုရင် အကောင်းစားရတနာတစ်ပါး ပေးမယ်၊ ဒီရတနာက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်စိမ်းပြားနော်၊ ကျုပ်တို့ နတ်အာရုံတွေက ဒီကျောက်စိမ်းပြားထဲမှာရှိတဲ့ အရံအတားကို မထိုးဖောက်နိုင်ဘူး၊ ဒါပေမဲ့ တာအိုရောင်းရင်းကတော့ ဒီရတနာကို အသုံးပြုနိုင်လောက်မှာပါ”

ဟန်ကျွယ်ဟာ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး “ကောင်းပြီလေ၊ ဒီတစ်ခါ နောက်ဆုံးပဲ၊ နောက်တစ်ခါဆိုတာ မရှိတော့ဘူး”

တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ဘာဖြစ်လို့လဲ၊ ဘာပဲဖြစ်ဖြစ် တာအိုရောင်းရင်း အန္တရာယ်တွေ့တာလည်း မဟုတ်ဘူး၊ ကံတရား သက်ရောက်မှုကိုလည်း မခံရဘဲနဲ့ အသားတင်ကြီး အကျိုးအမြတ်ရတာ၊ အန္တရာယ်ကို စိုးရိမ်စရာမလိုဘဲ အခွင့်အရေးတွေရတာလေ၊ အဲဒါ မကောင်းဘူးလား”

“ဒီတစ်ခါ ကျွန်တော်တို့တင် မဟုတ်ဘူး၊ လူသားမျိုးနွယ်စုက ပါရမီရှင်တွေလည်း ဖိနှိပ်ခံထားရတာဆိုတော့ ဒီကိစ္စက အရမ်းအရေးကြီးတယ်” ကျောက်ရွှမ်ယွမ်က ထပ်ပေါင်းပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျောက်ရွှမ်ယွမ်ကို စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်းကလည်း ဒီကောင့်ရဲ့ မဟုတ်တဲ့လမ်းကို လိုက်နေတာလား၊ မင်း ငါ့ဆီမှာ တပည့်လာလုပ်ပါလား၊ မင်းကို ငါ ပညာကောင်းကောင်း သင်ပေးမယ်”

ကျောက်ရွှမ်ယွမ်ဟာ ရှက်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်ပါတယ် “အဟွတ်... တာအိုရောင်းရင်းက ရယ်စရာ ပြောတက်တာပဲ”

အကြောင်းအရင်း တချို့ကြောင့် ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်က တာအိုအရှင်သခင်ထက် ပိုစွမ်းအားကြီးတယ်လို့ ခံစားရပြီး ဟန်ကျွယ်နဲ့ ရင်ဆိုင်ရတိုင်း ရင်ထိတ်နေပါတယ်။

တာအိုအရှင်သခင်က စွမ်းအားကြီးတယ်ဆိုပေမဲ့လည်း အသက်ဘေးကလွတ်ဖို့ ဟန်ကျွယ် အကူအညီကို ယူနေရပါတယ်။ ဒီထက်ပိုပြီးတော့ အရေးကြီးတာက တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ရဲ့ သရုပ်မှန်ကို အခုထိ မသိသေးတာပါ။

တာအိုအရှင်သခင်ဟာ ဟန်ကျွယ်နာမည်ကို ကောင်းကင်ဧကရာဇ်ဟောင်းဆီက တစ်ခါပဲ ကြားဖူးတာပါ။ ဘာကိစ္စပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ်ဟောင်းက ဟန်ကျွယ်ကို အလွန်ကာကွယ်ပြီး သတင်းအစအနတောင် မထွက်အောင် ထိန်းသိမ်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ဧကရာဇ်ဟောင်းက ဟန်ကျွယ်ကို ဘယ်လောက်ထိ အလေးထားလဲဆိုတာ သိနိုင်ပါတယ်။

“ဒီတစ်ခေါက် အဲဒီရတနာကို ကောင်းကင်ဧကရာဇ်ဖန်ဆီ ပေးဖို့ မမေ့နဲ့” ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပဋိပက္ခနယ်မြေထဲကနေ ထွက်လိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး ဖန်လျန်နဲ့ ဆက်သွယ်ကာ တာအိုအရှင်သခင်ရဲ့ တောင်းဆိုချက်ကို ပြောလိုက်ပါတယ်။ ဖန်းလျန်ဟာ အဆုံးမဲ့သွေးပင်လယ်က ဘယ်နားမှလဲဆိုတာတောင် မမေးဘဲ ချက်ချင်း သဘောတူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို သိမ်းလိုက်ပြီး နတ်ထူးဆန်းကို လွှတ်ပေးလိုက်ပါတယ်။ နတ်ထူးဆန်းဟာ ဟန်ကျွယ်ရဲ့လက်ထဲကို တိုးဝင်ပြီး တယုတယ ပွတ်သပ်ပါတယ်။

ဟန်ကျွယ်ဟာ ညင်သာစွာ ပြုံးလိုက်ပါတယ် “အနာဂတ်မှာ အဲဒီကောင်တွေလို မလုပ်နဲ့၊ အဲဒီကောင်တွေက ဘာမှလည်း အသုံးမကျဘဲနဲ့ ပြဿနာလိုက်ရှာဖို့ပဲ သိတယ်”

နတ်ထူးဆန်းဟာ ဟန်ကျွယ်စကားကို နားထောင်သလိုမျိုး ခေါင်းလှုပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

.....

အဆုံးမဲ့သွေးပင်လယ်လို့ ခေါ်တွင်တာက ပင်လယ်ရေဟာ သွေးလိုနီရဲနေလို့ပါ။ အဆုံးမဲ့သွေးပင်လယ်ရဲ့ အောက်ခြေမှာတော့ ကြီးမားတဲ့အရံအတားတစ်ခု ရှိနေပြီး အရံအတားထဲမှာ လူဒါဇင်ကျော် တရားထိုင်နေပါတယ်။ ဒီထဲမှာ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျိုးဖန်နဲ့ လူသားမျိုးနွယ်စုက ထိပ်သီးပါရမီရှင်တွေပါပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ ရုတ်တရက် မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “အားလုံးပဲ ဘာမှမစိုးရိမ်ကြနဲ့၊ ငါတို့တွေ အကူအညီတောင်းထားပြီးပြီ၊ မကြာခင်မှာ ကောင်းကင်ရုံးတော်က ငါတို့ကို လာကယ်လိမ့်မယ်”

လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တစ်ဦးက တအံတဩ မေးလိုက်ပါတယ် “နတ်အာရုံက အရံအတားကို ထိုးဖောက်လို့မရဘူးဆို”

တာအိုအရှင်သခင်က မပွင့်တပွင့် ပြုံးလိုက်ပါတယ် “ငါတို့မှာ ပဋိပက္ခရုပ်ခန္ဓာရှိတာ မမေ့နဲ့လေ၊ ပဋိပက္ခရုပ်ခန္ဓာက ကိုယ်ပိုင်နယ်မြေရှိတယ်၊ မစိုးရိမ်ပါနဲ့၊ ငါတို့ အကူအညီ တောင်းခိုင်းလိုက်တဲ့လူက အရမ်းစိတ်ချရတယ်”

နောက်တစ်ယောက်က ထပ်မေးပါတယ် “ကျွန်တော်တို့က လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တွေလေ၊ ကောင်းကင်ရုံးတော်က ကျွန်တော်တို့ကို...”

တာအိုအရှင်သခင်က ဖြတ်ပြောလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်ဖန်ကလည်း လူသားပဲ၊ အင်မော်တယ်နတ်ဘုရားတွေနဲ့ လူသားတွေ တိုက်ခိုက်နေကြတာက ကံတရား အထောက်အပံ့အတွက်၊ မင်းတို့လို နယ်ရုပ်တွေက ပစ်မှတ်မထားခံရဘူး”

တာအိုအရှင်သခင်ရဲ့ စကားက သရော်သံပေါက်နေပေမဲ့ ကျန်တဲ့လူတွေအကုန်လုံး စိတ်သက်သာရာ ရသွားကြပါတယ်။

ကျိုးဖန်လည်း ခေါင်းညိတ်လိုက်ပါတယ်။ ဖန်းလျန်ကိုတော့ သူ ယုံကြည်ပါသေးတယ်။ အဲဒီနောက် သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “ခင်ဗျားတို့ ယုံကြည်ရတဲ့လူက ဘယ်သူလဲ”

ကျောက်ရွှမ်ယွမ်က ခေါင်းခါပြီး ပြောလိုက်ပါတယ် “အဲဒီလူက စွမ်းအားကြီးတယ်၊ မင်းလိုလူက သူ့ကို နားမလည်နိုင်ပါဘူး”

ကျိုးဖန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဟန်ဆောင်တာ ရပ်တော့... ပြောတော့ဖြင့် အခွင့်အရေးတဲ့၊ အခုတော့ အကုန်လုံး ဖိနှိပ်ခံနေရပြီ’

တာအိုအရှင်သခင်ဟာ မျက်လုံးမှိတ်ပြီး ပြောလိုက်ပါတယ် “မင်းတို့အကုန်လုံး အားဖြည့်ထားကြ၊ မကြာခင်မှာ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်လိမ့်မယ်”

ပါရမီရှင်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တကျို့တျန်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာပျက်စီးပြီး ဝိညာဉ်သာ ကျန်ရှိတော့၏။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် အရည်ပျော်ကျပြီး ဝိညာဉ်နှိပ်စက်ခံရကာ အတွင်းနတ်ဆိုး ပေါက်ဖွားလာ၏။]

‘ကျွတ်... ကျွတ်... သနားဖို့‌ ကောင်းလိုက်တာ’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဖန်းလျန်က ဒီ‌ကောင်တွေကိုကယ်ဖို့ လူမလွှတ်သေးဘူးလား’ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့အတွက် ဝမ်းနည်းပေးရုံပဲ တက်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူလုပ်နိုင်သမျှ လုပ်ပေးပြီးပါပြီ။ ကျန်တာကတော့ သူတို့ကံကြမ္မာအပေါ်ပဲ မူတည်ပါတယ်။

ကျိုးဖန်ကတော့ ကျိန်းသေပေါက် အသက်ရှင်မှာပါ။ တာအိုအရှင်သခင်ကလည်း မသေဘူးဆိုရင် အနာဂတ်မှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်လိုမျိုး ပြိုင်စံရှားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ကျိန်းသေပေါက် ဖြစ်လာမှာပါ။ တာအိုကိုတောင် ရရှိကောင်း ရရှိနိုင်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters