အမှောင်သခင်ကြီးက တာအိုပညာရှိလား
Vol. 38 Ch. 428
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ကျိုးဖန်နဲ့ တာအိုအရှင်သခင် အသက်ရှင်နေသေးတာကို တွေ့လိုက်ရတဲ့အတွက် ထပ်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ လူတိုင်းက သူ့ကံကြမ္မာနဲ့ သူမဟုတ်ပါလား။
ဟန်ကျွယ်ဟာ တကျို့တျန်ကိုပဲ အာရုံစိုက်ပြီး ကျိန်စာတိုက်ပါတယ်။ ကျိန်စာတိုက်တဲ့ အကြိမ်ကလည်း မနည်းတော့ပြီ ဖြစ်တဲ့အတွက် တကျို့တျန် ဘယ်လိုအခြေအနေမှာ ရှိနေလဲဆိုတာကို ဟန်ကျွယ် သိချင်နေပါတယ်။
ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ တကျို့တျန် မသေသေးပါဘူး။ မဟုတ်ရင် ဟန်ကျွယ် ကျိန်စာတိုက်လို့ရမှာ မဟုတ်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် တကျို့တျန်က ကျောက်စိမ်းဧကရာဇ် ကျိုးရန်ထက် ပိုစွမ်းတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီလိုအလွယ်တကူ မသေနိုင်သေးတာ မဟုတ်ပါလား။
ဒီထက်ပိုပြီး အရေးကြီးတာက တကျို့တျန်ဟာ အင်မော်တယ်ကမ္ဘာမှာ ကိုယ်ထင်မပြဖူးတဲ့အတွက် သူ့ကိုသိတဲ့လူ မရှိပါဘူး။
လေးငါးရက်အကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
နောက်ထပ် ၅၇ နှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်မှာ အဆင့်ထိုးဖောက်ဖို့ အခွင့်အရေးတစ်ခု ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လွှတ်ပေးလိုက်ပြီး အဆင့်စတက်ပါတယ်။ အရင်တစ်ခေါက်တုန်းက ဟန်ကျွယ်အဆင့်ထိုးဖောက်ဖို့ နတ်ထူးဆန်းက ကူညီပေးခဲ့ပါတယ်။ ဒီတစ်ခေါက် ကူညီပေးအုန်းမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ကောင်းကင်ဘဝဂ်ကျင့်ကြံသူတွေ အဆင့်တက်တာက အချိန်အများကြီး လိုပါတယ်။
ကိုးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်တစ်ဆင့် တက်သွားပြီး ကောင်းကင်ဘဝဂ် တာအိုသီးထဲမှာရှိတဲ့ ဓမ္မစွမ်းအားဟာ တိုးပွားလာပါတယ်။ ဟန်ကျွယ်ဟာ သူ့ရုပ်နာမ်နှစ်ပါးစလုံး ပြောင်းလဲနေတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားနိုင်ပါတယ်။ ဒီခံစားချက်က စကားလုံးရှာလို့မရတဲ့အထိ ခံစားလို့ကောင်းပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၆,၆၇၇/၃၀,၀၄၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး။]
[ကျင့်ကြံမှု: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
‘ဝိုး... ငါ့သက်တမ်းက သုံးဆလောက် ဖြစ်သွားပြီပဲ’ ဟန်ကျွယ်ဟာ အရေအတွက်များလှတဲ့ ကိုးဂဏန်းတွေကိုကြည့်ရင်း အထီးကျန်မှုကို ခံစားလိုက်ရပါတယ် ‘ဒီလောက် ရှည်လျားတဲ့ သက်တမ်းမှာ ဘယ်သူက ငါနဲ့အတူ မဟာတာအိုကို ရှာဖွေမှာလဲ’
ဟန်ကျွယ်ဟာ အဆင့်တက်တာကို အောင်ပွဲကျင်းပတဲ့အနေနဲ့ တကျို့တျန်ကို ဘီလီယံ ၅၀၀ လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ ဟန်ကျွယ်က တကျို့တျန်ကို ၁ ထရီလီယံတောင် လက်ဆောင်ပေးချင်တာပါ။ ဒါပေမဲ့ အသုံးအစွဲကြမ်းတာက အကျင့်ဖြစ်သွားမှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ ဒီအကြံပေါ်ပေါ်ချင်း ခေါင်းထဲက ချက်ချင်း ထုတ်လိုက်ပါတယ်။ နောက်ပြီး လောလောဆယ်မှာ တကျို့တျန်က ဟန်ကျွယ်ကို ဘာအန္တရာယ်မှ မပေးနိုင်သေးပါဘူး။
သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကောင်းကင်ဘဝဂ် အလယ်အဆင့် ကျင့်ကြံမှုဟာ တည်တံ့ခိုင်မြဲသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအား အသီးသီးကို အဆင့်မြှင့်တင်ပါတယ်။ ပြီးတဲ့အခါမှာတော့ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်လက် ကျင့်ကြံပါတယ်။
ဟန်ကျွယ် ဆက်ခံရရှိထားတဲ့ မှတ်ဉာဏ်တွေဟာ ဟန်ကျွယ်စိတ်ထဲမှာ ထိုးထွက်လာပါတယ်။
တတိယမြောက် နတ်ဘီလူး ဓမ္မရုပ်တု - ဖုန်းယောင်နတ်ဘီလူး။
အရာအားလုံးကို ဖယ်ရှားနိုင်တဲ့ လေမဟာတာအို။
နတ်ဘီလူး ဓမ္မရုပ်တုတိုင်းက မဟာတာအိုတစ်ပါးကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဟန်ကျွယ်ဟာ ဒီမဟာတာအိုတွေကို တိုက်ရိုက်ကြီး မကျင့်ကြံနိုင်သေးပါဘူး။ သူတို့စွမ်းအားကိုပဲ အသုံးပြုနိုင်ပါသေးတယ်။
ငါးနှစ်အကြာမှာတော့ ဟန်ကျွယ်ဟာ ဖုန်းယောင်နတ်ဘီလူးရဲ့ စွမ်းအားကို လုံးဝနှိမ်နင်းသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ နတ်ဘီလူးဓမ္မရုပ်တုတွေကို ကြည့်ပြီး ပြိုင်ဘက်ကင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်မှာ ရှိနေတဲ့ နတ်ဘီလူးဓမ္မရုပ်တု သုံးပါးက ကောင်းကင်နက္ခတ်နတ်ဘီလူး၊ ကျို့ယင်နတ်ဘီလူးနဲ့ ဖုန်းယောင်နတ်ဘီလူးသုံးပါးရဲ့ ဓမ္မရုပ်တုတွေပါ။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ အစွမ်းကို စမ်းသပ်ပါတယ်။ ကောင်းကင်ဧကရာဇ်၊ လီတောက်ခုံး၊ ရွှယ်မင်းဟယ်၊ နတ်ဆိုးဧကရာဇ်၊ ကောင်းကင်တာအိုဗုဒ္ဓ၊ ရှန်နန်းတော်သခင် အကုန်လုံး တစ်ချက်တည်းနဲ့ ပွဲပြီးပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကိုကြည့်ပြီး အတော်လေး ကျေနပ်သွားပါတယ်။ နတ်ဘီလူးဓမ္မရုပ်တုသုံးပါးလုံး တစ်ပြိုင်တည်း ပေါ်လာရင် ဟန်ကျွယ်ကို ယှဉ်နိုင်တဲ့လူ မရှိတော့ပါဘူး။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေဟာ အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာ အကွက်ဆယ်သန်းကျော် တိုက်ခိုက်နိုင်တဲ့အတွက် တစ်ချက်တည်းနဲ့ ပွဲပြီးတယ်ဆိုတာက အကွက်တစ်ကွက်တည်းနဲ့ အသတ်ခံရတာကို မဆိုလိုပါဘူး။
စွမ်းအားကြီးပုဂ္ဂိုလ်အချို့ကလွဲရင် ကောင်းကင်ဘဝဂ်အဆင့်မှာ ဟန်ကျွယ် တိုက်ချက်ကို ခုခံနိုင်တဲ့သူ မရှိပါဘူး။ တာအိုပညာရှိအတုတွေကတော့ ကိုယ်ပိုင် မဟာဆန်းကြယ်စွမ်းအားတွေနဲ့ အကောင်းစား ရတနာတွေ ရှိနေတာကြောင့် အချိန်တိုအတွင်း မသတ်နိုင်ပါဘူး။ တိုက်ပွဲတစ်ခုကို တစ်နာရီကျော်ကြာတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မတိုက်တော့ပါဘူး။
ဟန်ကျွယ်ရဲ့ အမြင်မှာ ရန်သူကို တစ်နာရီအတွင်း အနိုင်မယူနိုင်ရင် ရှုံးနိမ့်တာနဲ့ အတူတူပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ရန်သူက အဖော်ရှိနေရင် ဟန်ကျွယ် အကြီးအကျယ် ပြဿနာတက်မှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီလိုအခြေအနေမျိုးထဲ ဘယ်တော့မှ အရောက်ခံမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို စိန်ခေါ်လိုက်ပေမဲ့ အော်သံတစ်ချက်နဲ့တင် ကိစ္စပြတ်သွားရပါတယ်။ တာအိုပညာရှိအောက်မှာ လူတိုင်းက ပုရွက်ဆိတ်ပါပဲ။
ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဒီလိုမျိုး စွမ်းအားကြီးတဲ့လူတွေ ရှိမှလည်း သူတို့ကို အနိုင်ယူလိုစိတ် ပေါ်ပြီး မပျင်းမရိ ကျင့်ကြံနိုင်မှာ မဟုတ်ပါလား။
အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တကျို့တျန်ကို ကျိန်စာတိုက်ပါတယ်။
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ဥယျာဉ်။
ဇရပ်တစ်ဆောင်မှာ တကျို့တျန်နဲ့ ဖန်းလျန်ဟာ ကပ်ဘေးအကြောင်း ဆွေးနွေးနေတုန်း တကျို့တျန်ဟာ ရုတ်တရက်ဆိုသလို မျက်နှာပျက်သွားပါတယ်။ ဒါကို သတိထားမိတဲ့ ဖန်းလျန်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“ဘာမှ မဟုတ်ပါဘူး” တကျို့တျန်ဟာ အမှောင်သခင်ကြီးက ကျိန်စာတိုက်နေတယ်လို့ မပြောရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်ကို မဖျောင်းဖျနိုင်မှာစိုးလို့ပါ။
လေးငါးခြောက်ရက်အကြာမှာတော့ တကျို့တျန်ဟာ အခန်းထဲမှာ ထိုင်ရင်း ဒဏ်ရာတွေကို ကုသပါတယ် ‘ဒီခွေးမသားရဲ့ ကျိန်စာက ဘယ်လိုလုပ်ပြီး ပိုပိုပြင်းလာတာလဲ’ တကျို့တျန်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်လေးလာပါတယ်။
အရင်တုန်းက အမှောင်သခင်ကြီးဟာ ငါးရက်ပဲ ကျိန်စာတိုက်ပေမဲ့ ဒီတစ်ခါမှာတော့ ငါးရက်ကျော် ကြာသွားပါတယ်။ တကျို့တျန်ဟာ ကျောက်စိမ်းဧကရာဇ်ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ပြန်တွေးမိပြီး စိတ်ပိုလေးသွားပါတယ်။
‘မဖြစ်ဘူး... ငါ သေမှာ ထိုင်စောင့်နေလို့ မဖြစ်ဘူး’
တကျို့တျန်ဟာ ကောင်းကင်ဘုံ ၉ ဘုံမြောက်ကနေ ချက်ချင်း ခုန်ထွက်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ပျံသန်းသွားပါတယ်။
“ဝေါ့...”
တကျို့တျန်ဟာ သွေးတစ်လုတ် အန်ထွက်သွားပြီး ဒွါရကိုးပေါက်ကနေ သွေးတွေ ယိုစီးထွက်လာပါတယ်။ ဒီသွေးတွေက ဓမ္မစွမ်းအားကနေ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် တကျို့တျန်ကို တော်တော်လေး ထိခိုက်သွားစေပါတယ်။
‘အို... မကောင်းတော့ဘူး၊ ငါ အမြန်သွားရမယ်’ တကျို့တျန်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ကောင်းကင်တာအို အရံအတားကိုတွေကို လျင်မြန်စွာ ထိုးဖောက်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ သက်တမ်း ၃၀၀ ဘီလီယံ ကုန်သွားတာကို တွေ့တာနဲ့ ကျိန်စာတိုက်တာ ချက်ချင်း ရပ်လိုက်ပါတယ်။
‘မဟုတ်သေးဘူး... ငါ ဒီအတိုင်း ကျိန်စာတိုက်နေတာက မမှန်သေးဘူး၊ ဒီကောင် ငါ့ကို မုန်းတီးလာအောင် လုပ်ရမယ်၊ ဒါမှ သူ့အခြေအနေကို သိနိုင်မှာ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး တကျို့တျန်ကို အိပ်မက်ထဲ ဆွဲသွင်းလိုက်ပါတယ်။ သွေးဆုတ်နေတဲ့ တကျို့တျန်ဟာ သူ့ရှေ့က အရိပ်နက်ကို တွေ့တာနဲ့ မျက်နှာတစ်ခုလုံး မှောင်မည်းသွားပါတယ်။
‘ဒါ အမှောင်သခင်ကြီးပဲ’ တကျို့တျန်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ အိပ်မက်တစ်ခုထဲ ရောက်နေတာကို သိသွားပါတယ် ‘ဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ၊ ငါ ဘာမှတောင် မသိလိုက်ရဘဲ ဆွဲထည့်ခံလိုက်ရတယ်’ တကျို့တျန်ဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။
ဒီတစ်ချက်နဲ့တင် အမှောင်သခင်ကြီးက သူ့ထက်စွမ်းအားကြီးတာကို တကျို့တျန် သိလိုက်ပါတယ်။
[တကျို့တျန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်တာနဲ့ အိပ်မက်ကို ချက်ချင်း အဆုံးသတ်လိုက်ပါတယ်။
တကျို့တျန်ဟာ ကြီးမားတဲ့ နန်းတော်တစ်ခုမှာ ရုတ်တရက် နိုးလာပါတယ်။ တကျို့တျန်ရဲ့ရှေ့မှာ ရုပ်သွင်တစ်ခု ထိုင်နေပြီး အလင်းရောင်တွေ ဖြာထွက်နေတာကြောင့် ဘယ်လိုပုံရှိတယ်ဆိုတာကို မမြင်နိုင်ပါဘူး။
“ခုနက ဘာဖြစ်သွားတာလဲ၊ အတွေးထဲမှာ ဘာလို့ မျောသွားတာလဲ” ရုပ်သွင်က မေးလိုက်ပါတယ်။
“အမှောင်သခင်ကြီးက ကျွန်တော့်အိပ်မက်ထဲ လာလည်တာပါ” တကျို့တျန်က ပြန်ဖြေလိုက်ပါတယ်။
‘နေပါအုန်း... တာအိုပညာရှိက အမှောင်သခင်ကြီးကို သတိမထားဘူးလား၊ အမှောင်သခင်ကြီး အိပ်မက်ကို ရုပ်တရက် ဖျက်လိုက်တာက ငါ့ဘေးမှာ တာအိုပညာရှိ ရှိနေတာကို အာရုံခံမိသွားလို့လား’ ဒီအတွေးကြောင့် တကျို့တျန်ဟာ ကြက်သီးမွေးညင်းထပြီး ကျောချမ်းသွားပါတယ် ‘ငါ ဘယ်လိုတည်ရှိမှုမျိုးကို ရန်စမိလိုက်တာလဲ၊ အမှောင်သခင်ကြီးက တာအိုပညာရှိများလား’
‘အမှောင်သခင်ကြီး ကိုယ်ထင်မပြတာက မဆုံးနိုင်အောင် ပြဿနာတက်ပြီး ဂုဏ်သိက္ခာ ကျဆင်းမှာကို ကြောက်လို့များလား’
တကျို့တျန်ဟာ တွေးလေလေ ချောက်ချားလေလေပါပဲ။
“အို... အိပ်မက်ထဲ လာလည်တာလား” တောက်ပတဲ့ရုပ်သွင်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ အိပ်မက်က ခဏတာဖြစ်ပြီး ဟန်ကျွယ်နဲ့ တကျို့တျန်ကလည်း စကားတစ်လုံးမှ မပြောခဲ့တဲ့အတွက် တောက်ပတဲ့ရုပ်သွင်ဟာ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားကို ဖမ်းမမိပါဘူး။
တောက်ပတဲ့ ရုပ်သွင်ဟာ တကျို့တျန် လိမ်နေတယ်လို့ မထင်တာကြောင့် အမှောင်သခင်ကြီးက အရမ်းစွမ်းအားကြီးတယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
“ဘယ်တာအိုပညာရှိများ မွှေနေတာလဲ”
တောက်ပတဲ့ရုပ်သွင်ရဲ့ ရေရွတ်သံကြောင့် တကျို့တျန်ဟာ သေးထွက်ကျလုနီး ဖြစ်သွားပါတယ် ‘အမှောင်သခင်ကြီးက တကယ်ကို တာအိုပညာရှိပဲ’ တကျို့တျန်ဟာ အမှောင်သခင်ကြီးက သူ့ကို သေအောင်ကျိန်စာတိုက်မှာကို တွေးမိပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။