ဖန်းလျန်၏ ရည်မှန်းချက်၊ ဖူစန်းသစ်ပင် အရွယ်ရောက်ခြင်း
Vol. 38 Ch. 429
အိပ်မက်ကို ဖျက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ တကျို့တျန်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ အရင်တစ်ခေါက် ကျိန်စာတိုက်တာနဲ့ ဘာမှမခြားတဲ့အတွက် ကျိန်စာ စတိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျော့ကျသွားပါတယ်။
၁၀၀ ဘီလီယံ။
၂၀၀ ဘီလီယံ။
အရင်ခါ ၃၀၀ ဘီလီယံနဲ့ ပေါင်းလိုက်ရင် သက်တမ်းပေါင်း ၅၀၀ ဘီလီယံရှိသွားပြီ ဆိုပေမဲ့ တကျို့တျန်ကတော့ အကောင်းပကတိ ရှိနေတုန်းပါပဲ။ ဟန်ကျွယ်ဟာ ရှုံးနိမ်မှုကို မယုံကြည်တဲ့အတွက် ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ၅၀ ဘီလီယံ ကုန်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ စာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။
[သင့်ရန်သူ တကျို့တျန်သည် သင့်ကျိန်စာကြောင်း အတွင်းနတ်ဆိုး ဖြစ်ပေါ်လာသော်လည်း တာအိုပညာရှိ၏ တာအိုသံကြောင့် စိတ်လွတ်ကိုယ်လွတ်မဖြစ်ချေ။]
‘တာအိုပညာရှိလား...’ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း သိမ်းလိုက်ပါတယ် ‘ဒီကောင် ဘာမှမဖြစ်တာ အံဩစရာ မရှိတော့ပါဘူး၊ တာအိုပညာရှိဘေးမှာ သွားပုန်းနေတာကိုး၊ နေနှင့်အုန်းပေါ့ကွာ...’
ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ကုန်သွားတဲ့ သက်တမ်း ၅၀၀ ဘီလီယံကို တွေးမိပြီး နှမြောတသ ဖြစ်သွားပါတယ် ‘၅၀၀ ဘီလီယံဆိုရင် အနာဂတ်ကို အကြိမ်အများကြီး တွက်ချက်နိုင်မှာ’
“ဘယ်တာအိုပညာရှိက တကျို့တျန်ကို ကာကွယ်နေလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိကို ကျိန်စာမတိုက်ရဲသေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတွေ့ရင် အရူးလုပ်မခံရအောင် ကြိုတွက်ထားတာပါ။
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တောင်ဘက်စွန်း ကောင်းကင်အရှင်: ကျင့်ကြံမှုမသိ၊ ကောင်းကင်တာအိုပညာရှိ၊ ချန်ကျောင်းတော် ဂိုဏ်းချုပ်၊ အနန္တဧကရာဇ်။]
‘ချန်ကျောင်းတော် ဂိုဏ်းချုပ်လား...’ ဟန်ကျွယ်ဟာ အံဩခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကျို့တျန်က ချန်ကျောင်းတော်က ဖြစ်နေလို့ပါ။
ချန်ကျောင်းတော်က တော်တော်လေး လျှို့ဝှက်ဆန်းကြယ်ပါတယ်။ ချန်ကျောင်းတော်ဟာ ခွန်လွန်မှာ တည်ရှိပြီး လောကအရှုပ်အထွေးတွေထဲ ဝင်မပါပါဘူး။ ဒါပေမဲ့ မကြာခဏဆိုသလို ပွဲတော်ကြီးတွေ ကျင်းပပြီး အင်မော်တယ်ကမ္ဘာကို မုန်တိုင်းထန်စေပါတယ်။ ကောင်းကင်ရုံးတော်ကို ရှုံးနိမ်ခဲ့တဲ့ ကျယ်ကျောင်းတော်ထက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် မိုးနဲ့မြေနီးပါး ကွာခြားလှပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ် အကြောဆန့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ထားတာ မကြာသေးတဲ့အတွက် သူ့လူတွေကို တာအိုဟောကြားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တာအိုဟောကြားတာက အင်မော်တယ်ကမ္ဘာမှာတောင် အတော်ရှားပါတယ်။
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ဥယျာဉ်။
ဖန်းလျန်နဲ့ ရှန်စစ်သူကြီးဟာ မျက်နှာချင်းဆိုင် ထိုင်နေပြီး မလှမ်းမကမ်းမှာတော့ ဂျိရှင်းရှန်တစ်ယောက် ဆန်းကြယ်စွမ်းအား လေ့ကျင့်နေပါတယ်။
ရှန်စစ်သူကြီးဟာ ဂျိရှင်းရှန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ချန်ကျောင်းတော်ရဲ့ အချုပ်က ဘယ်ရောက်နေတာလဲ၊ သူပေါ်မလာတာ အတော်ကြာပြီ၊ ကြည့်ရတာ သူ့စကားကို မေ့သွားပြီနဲ့တူတယ်”
ဖန်းလျန်က ပြောလိုက်ပါတယ် “သူ ဘာလုပ်နေလဲ ငါလည်း မသိဘူး၊ ငါတို့တွေ ချန်ကျောင်းတော်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်လို့မရဘူး၊ အဆုံးမဲ့သွေးပင်လယ်မှာ မိစ္ဆာမျိုးနွယ်စုက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပုန်းအောင်းနေတယ်လို့ ငါ သတင်းရထားတယ်၊ ငါ စိုးရိမ်တာက လူသားတွေနဲ့ ကောင်းကင်ရုံးတော် တိုက်ခိုက်တာကို အခွင့်အကောင်းယူပြီး မိစ္ဆာမျိုးနွယ်စုက ကြားထဲကနေ အကျိုးအမြတ်ရသွားမှာကိုပဲ”
“အရှင်မင်းကြီးက ကျွန်တော်ကို ဘာလုပ်စေချင်လို့လဲ”
“ကောင်းကင်နတ်ဘုရား စစ်သူကြီးကို ခေါ်ပြီး ကောင်းကင်စစ်သား တစ်သန်းနဲ့ ဧကရာဇ်သုံးပါးကို သွားကူညီချည်”
“အဲဒါဆို ကောင်းကင်ရုံးတော်ကရော...”
“မစိုးရိမ်ပါနဲ့၊ ငါ အကုန်လုံး ပြင်ဆင်ပြီးပြီ”
“ကောင်းပါပြီ”
ဖန်းလျန်ဟာ ခေါင်းညိတ်လိုက်ပြီး ရှန်စစ်သူကြီးကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ရှန်စစ်သူကြီးဟာ နေရာကနေ ပျောက်ကွယ်သွားပါတယ်။
ဖန်းလျန်ဟာ ဂျိရှင်းရှန်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “မင်း ကျိုးဖန်ကို မှတ်မိသေးလား၊ ဒီကောင်လေးက အဆုံးမဲ့သွေးပင်လယ်မှာ ပိတ်မိနေတယ်”
ဂျိရှင်းရှန်က မျက်နှာသေနဲ့ ပြန်ပြောလိုက်ပါတယ် “အဲဒီကောင်က သစ္စာဖောက်ပဲ၊ ဘာလို့ မှတ်ထားရမှာလဲ”
ဖန်းလျန်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “သူ့ကို သစ္စာဖောက်လို့ ပြောလို့မရဘူး၊ တကယ်လို့ ကောင်းကင်ရုံးတော် ရှုံးနိမ့်သွားရင် မင်း သူ့ဆီကို သွားလို့ရတယ်၊ ငါ သူ့ကို ပြောထားပြီးပြီ”
ဖန်းလျန်ရဲ့စကားကြောင့် ဂျိရှင်းရှန်ဟာ ကျင့်ကြံတာရပ်ပြီး ဖန်းလျန်ဘက် လှည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ဒီလောက် အင်အားကြီးနေတာ၊ ရှုံးနိုင်သေးလို့လား”
“ကောင်းကင်ရုံးတော် အင်အားကြီးတာက ဟုတ်တယ်၊ ဒါပေမဲ့ ညီညွတ်မှုမရှိဘူး၊ ဒီအင်အားစုတွေကို ငါ ထိန်းချုပ်နေတာ မဟုတ်ဘူး၊ ငါ ပြောတာ မင်း နားလည်တယ်မလား”
“ဒါလည်း ဟုတ်တာပဲ”
“အဆောက်အဦးတစ်ခုက ဘယ်လောက်ပဲမြင့်မြင့် အုတ်မြစ်ပျက်သွားတာနဲ့ ပြိုလဲမှာပဲ၊ အထူးသဖြင့် အမြင့်ဆုံးမှာနေတဲ့လူက ပိုဒုက္ခရောက်လိမ့်မယ်”
ဖန်းလျန်ဟာ မှိုင်တွေနေပြီး အရင်လိုမျိုး ဗိုလ်ကျစိုးမိုးတဲ့ ရောင်ဝါ မရှိတော့ပါဘူး။ ဖန်းလျန်ဟာ ကောင်းကင်ရုံးတော်ရဲ့ သမိုင်းမှာ သူက အားအနည်းဆုံး ကောင်းကင်ဧကရာဇ်လို့ ခံစားလိုက်ရပါတယ်။
ဖန်းလျန်ရဲ့ အရည်အချင်းက အညံကြီးမဟုတ်ပါဘူး။ အနန္တကပ်ဘေးကို စောစောစီးစီး ရင်ဆိုင်လိုက်ရလို့ ဒီလိုအခြေအနေကို ရောက်နေတာပါ။ အချိန်သာရှိမယ်ဆိုရင် ဖန်းလျန်ဟာ ကောင်းကင်ရုံးတော်ရဲ့ အစွမ်းအထက်ဆုံး ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်ပါတယ်။
ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော် မနိုင်တော့ဘူးလို့ထင်ရင် မင်းရဲ့ဆရာဘိုးဘိုးဆီ ပြန်သွားသင့်တယ်၊ သူ့မှာ မင်းကို ကာကွယ်ဖို့ ကျိန်းသေပေါက် နည်းလမ်းရှိလိမ့်မယ်”
ဖန်းလျန်ဟာ ပြုံးလိုက်ပါတယ် “ငါ သိပါတယ်၊ ဒါပေမဲ့ ငါကိုယ်က တိုက်ခိုက်ချင်နေတာ၊ ငါတို့တွေ ဘယ်လောက်တောင် ခံစားခဲ့ရလဲဆိုတာ မင်းလည်း အသိပဲ၊ မင်းရော အင်မော်တယ်ကမ္ဘာရဲ့ ထိပ်ဆုံးမှာ မရပ်ချင်ဘူးလား”
ဘာလိုလိုနဲ့ ဖန်းလျန်ဟာ ကောင်းကင်ဧကရာဇ် မဖြစ်ခင်တုန်းကလိုမျိုး ဂျိရှင်းရှန်နဲ့ စကားပြောဖြစ်သွားပါတယ်။
“ဘယ်သူက မဖြစ်ချင်မှာလဲ၊ ငါတို့တွေကိုယ်က ကံဆိုးပြီး အနန္တကပ်ဘေးကို စောစောစီးစီး ရင်ဆိုင်လိုက်ရတာ”
ရှင်းရှင်းပြောရရင် ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကလွဲလို့ ကျန်တဲ့လူတွေကို မျက်စိထဲ မထည့်ပါဘူး။ ဖန်းလျန်ကိုတောင် သူ့ထက်နိမ့်တယ်လို့ ယူဆထားတာပါ။ ဒါပေမဲ့ အနန္တကပ်ဘေးနဲ့ ရင်ဆိုင်တိုးလိုက်ရတဲ့အတွက် မာနတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပါတယ်။
“စောင်ကြည့်ကြတာပေါ့၊ ငါတို့နှစ်ယောက် အောင်မြင်မယ်ဆိုရင် နောက်တစ်ခေါက် အနန္တကပ်ဘေးမှာ ငါတို့တွေ ကစားသူ ဖြစ်နိုင်တယ်” ဖန်းလျန်က တက်ကြွစွာ ပြောလိုက်ပါတယ်။ ဖန်းလျန်ရဲ့ မျက်လုံးတွေဟာ ဆန္ဒမီးလျှံတွေ တဟုန်းဟုန်း တောက်လောင်လာပါတယ်။
ဂျိရှင်းရှန်ဟာ ပြုံးရုံသာပြုံးပြီး ဘာမှမပြောပါဘူး။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ နောက်ထပ် နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တကျို့တျန်ကို ကျိန်စာတိုက်ပြီးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ထွက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။ ဒီအတောအတွင်း ဖူစန်းသစ်ပင် ရှန်တျန်ချီ ထုတ်လွှတ်တာ ပိုပိုမြန်လာပါတယ်။
“မင်း ဘယ်လိုခံစားရလဲ” ဟန်ကျွယ်က ဖူစန်းသစ်ပင်ကို မေးလိုက်ပါတယ်။
တခြားသူတွေဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ် ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတာကို မခံစားမိတဲ့အတွက် မအံဩဘဲ မနေနိုင်ပါဘူး။
ဖူစန်းသစ်ပင်က ပြန်ဖြေပါတယ် “ဘာဖြစ်လို့လဲ မသိဘူး၊ ကျွန်တော် ဒီကြားထဲ အရမ်းနွေးထွေးနေတယ်”
ဖူစန်းသစ်ပင်ဟာ သူ့အခြေအနေကို နားမလည်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ဖူစန်းသစ်ပင်က အရွယ်ရောက်လာရင် စကြဝဠာမှာရှိတဲ့ တခြားကမ္ဘာတွေနဲ့ ဆက်သွယ်နိုင်တာကို သတိရသွားပါတယ်။
‘ဖူစန်းသစ်ပင်က တခြားကမ္ဘာတွေနဲ့ ဆက်သွယ်တော့မှာလား... ဒါပေမဲ့ ဒီလိုဖြစ်ဖို့က နှစ်တစ်သန်းလိုတာ မဟုတ်ဘူးလား၊ ဒါမှမဟုတ် နှစ်တစ်သန်းဆိုတာက သေမျိုးကမ္ဘာရဲ့ နှစ်တစ်သန်းကို ပြောတာလား’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကိုသုံးပြီး မေးမြန်းလိုက်ပါတယ်။
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖူစန်းသစ်ပင်သည် အရွယ်ရောက်ခါနီးပြီ ဖြစ်သောကြောင့် အာကာသနှင့် အချိန်နိယာမများ ရောစပ်လာခြင်းတည်း။]
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ဖူစန်းသစ်ပင်က ဘယ်ကမ္ဘာနဲ့ ဆက်သွယ်မလဲဆိုတာကို တော်တော်လေး သိချင်သွားပါတယ်။
ဟန်ကျွယ်က ဖူစန်းသစ်ပင်ကို ပြောလိုက်ပါတယ် “မင်း အရွယ်ရောက်ခါနီးနေပြီ၊ မင်း အရွယ်ရောက်တာနဲ့ တခြားကမ္ဘာတွေကို ဆက်သွယ်နိုင်လိမ့်မယ်၊ အချိန်အာကာသတံခါးကို မဆင်မခြင် မဖွင့်မိစေနဲ့”
ဖူစန်းသစ်ပင်ဟာ သစ်ကိုင်းတွေကို လှုပ်ခါပြီး ပြောလိုက်ပါတယ် “ကျွန်တော်က အဲဒီလောက်တောင် စွမ်းအားကြီးတာလား”
တခြားလူတွေလည်း ဖူစန်းသစ်ပင်နားမှာ စုရုံးလာပါတယ်။
ချူရှီရန်က မေးစေ့ကိုလက်နဲ့ပွတ်ပြီး ပြောလိုက်ပါတယ် “ဖူစန်းသစ်ပင်က အရွယ်ရောက်ဖို့ နှစ်တစ်သန်းကြီးထွားဖို့လိုတယ်၊ ဒါပေမဲ့ တိတ်ဆိတ်ကျွန်းရဲ့ စိတ်ဝိညာဉ်ချီက အင်မော်တယ်ကမ္ဘာရဲ့ မြင့်မြတ်နယ်မြေတွေထက် ပိုသိပ်သည်းတာဆိုတော့ နှစ်လေးငါးခြောက်ထောင်နဲ့ အရွယ်ရောက်သွားတာပဲ”
မုရုံချီက စပ်စုလိုက်ပါတယ် “တခြားသေမျိုးကမ္ဘာတွေနဲ့ ဆက်သွယ်မှာလား
ချူရှီရန်ဟာ ခေါင်းခါလိုက်ပါတယ် “အဲဒါက ပြောလို့မရဘူး၊ ငါတို့တွေမသိတဲ့ ကမ္ဘာတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ အင်မော်တယ်ကမ္ဘာအောက်မှာ အနန္တကမ္ဘာပဲ ရှိတာမဟုတ်ဘူး၊ တခြား မရေမတွက်နိုင်တဲ့ ကမ္ဘာတွေလည်းရှိတယ်၊ ဥပမာပေးရရင် အဆုံးသတ်အပျက်အစီးက နတ်ဘုံလိုမျိုးပေါ့”
လူတိုင်းဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စဆွေးနွေးကြပါတယ်။
ဟန်ကျွယ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ကမ္ဘာကို ဆက်သွယ်မိမှာစိုးတဲ့အတွက် စနစ်ကို မေးလိုက်ပါတယ် “ဖူစန်းသစ်ပင် ဆက်သွယ်တော့မဲ့ကမ္ဘာမှာ ငါ့ထက်စွမ်းအားကြီးတဲ့လူ ရှိလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ရှိပါသည်။]
ဟန်ကျွယ် မျက်ခုံးလှုပ်သွားပါတယ် ‘ခွီးတဲ့မှပဲ... ဒါ ရန်သူကို ကိုယ်တံခါးရှေ့ ပို့လိုက်တာပဲ’
တစ်ဖက်လူက စွမ်းအားပိုကြီးတဲ့အတွက် ဟန်ကျွယ်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ရန်သူ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ဟန်ကျွယ် ကြိုတင် ပြင်ဆင်ရပါမယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို မေးလိုက်ပါတယ် “မင်း ခန္ဓာကိုယ်ထဲက စွမ်းအားကို ထိန်းချုပ်လို့ရလား”
ဖူစန်းသစ်ပင်က ပြန်ဖြေပါတယ် “မရဘူး”
ဒီအဖြေကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ လွီပုနဲ့ မာချောင်ကို ဖူစန်းသစ်ပင်ရှေ့မှာ စောင့်ကြပ်ခိုင်းလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။