← Chapters

ဘီလီယံ ၉၀၀၊ လောကဦး မိစ္ဆာဘိုးဘေး

Vol. 39 Ch. 432

ဘီလီယံ ၉၀၀၊ လောကဦး မိစ္ဆာဘိုးဘေး

Vol. 39 Ch. 432

၂၀၀ ဘီလီယံ။

၃၀၀ ဘီလီယံ။

၅၀၀ ဘီလီယံ။

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီတစ်ကြိမ်မှာတော့ တကျို့တျန်ကို အသေသတ်ဖို့ စီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကောင်းကင်ဧကရာဇ်က တကျို့တျန် လက်ချက်နဲ့ အဆင့်နိမ့် နတ်ထူးဆန်း ခန္ဓာသိမ်းတာကို ခံရပြီး နတ်လည်းမဟုတ် မိစ္ဆာလည်းမဟုတ်တဲ့ အခြေအနေကို ရောက်ရှိသွားလို့ပါပဲ။

နောက်ပြီး ဟန်ကျွယ်သာ အနန္တကပ်ဘေးကို မပြောင်းလဲခဲ့ရင် တကျို့တျန်က ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကူညီပြီး သက်ရှိအကုန်လုံးကို သတ်ဖြတ်မဲ့လူပါ။ သက်ရှိအကုန်လုံး ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ မိတ်ဆွေတွေလည်း အသက်ဆုံးရမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ တကျို့တျန်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်မှာ တိုက်ရိုက်ရန်သူတွေ များများစားစား မရှိပေမဲ့ သူ့ဘေးနားကလူတွေကို ခြိမ်းခြောက်လာရင်တော့ ဟန်ကျွယ်က အလွတ်ပေးမှာ မဟုတ်ပါဘူး။

၆၀၀ ဘီလီယံ။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ တကျို့တျန်သည် အတွင်းနတ်ဆိုး ပေါက်ဖွားလာ၏။]

[တကျို့တျန်သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]

၇၀၀ ဘီလီယံ အရောက်မှာတော့ ဟန်ကျွယ်ဟာ နည်းနည်း ရီဝေသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ တကျို့တျန်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ တကျို့တျန်သည် အတွင်းနတ်ဆိုး သောင်းကျန်းမှုကို ခံရပြီး ဓမ္မစွမ်းအား ထိန်းချုပ်မှုလွတ်ကင်းကာ ကောင်းကင်ဘဝဂ် တာအိုသီး ကွဲကြေသွား၏။]

၈၀၀ ဘီလီယံ။

ဟန်ကျွယ်ဟာ ရူးခါနီး ဖြစ်လာပါတယ် ‘ဒီကောင်က ဘာလို့ ဒီလောက်တောင် မာရတာလဲ၊ မဟုတ်မှလွဲရော သူက တာအိုပညာရှိအတုတွေထဲမှာ နံပါတ်တစ်မို့လို့လား’

၉၀၀ ဘီလီယံ။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ တကျို့တျန်သည် ဝိညာဉ်ထိခိုက်ပြီး တာအိုနှလုံးသားပြိုလဲကာ ပျက်စီးသေဆုံးသွား၏။]

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်းရပ်လိုက်ပြီး နဖူးကချွေးတွေကို ကောက်သုတ်လိုက်ပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က ချွေးထွက်တယ်လို့ သူများတွေကြားရင် ဟန်ကျွယ် လှောင်ရယ်ခံရမှာ ကျိန်းသေပါတယ်။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ တကျို့တျန်ရဲ့ ရုပ်ပုံက လုံးဝပျောက်ကွယ်သွားတဲ့အတွက် တကျို့တျန် တကယ်သေသွားပြီဆိုတာကို သိလိုက်ပါတယ်။ ဒါကြာင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

သက်တမ်း ၉၀၀ ဘီလီယံက နည်းတဲ့ပမာဏာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ သက်တမ်းအများကြီးကို နှမြောမိတယ်ဆိုပေမဲ့ တကျို့တျန် သေသွားတဲ့အတွက် တန်တယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကျို့တျန်ကို အခုအချိန်မှာ ရှင်းမထားရင် အနာဂတ်မှာ ဟန်ကျွယ်ကို ပြဿနာအကြီးကြီးပေးမှာ ၁၀၀ ရာခိုင်နှုန်းနီးပါး ကျိန်းသေနေလို့ပါပဲ။

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ စွမ်းအားကြီး ရန်သူတွေ ပေါ်လာမှာကို မလိုလားပါဘူး။ ဟန်ကျွယ်ဟာ သူ့ရန်သူတွေကို သူ့ရှေ့မရောက်ခင်ကတည်းက ရှင်းပစ်ချင်တာပါ။ သူ့ရှေ့မှာ ပေါ်လာမယ်ဆိုရင်လည်း တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ရန်သူပဲ ဖြစ်ရပါ့မယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ဟန်ကျွယ်အတွက် အန္တရာယ်ရှိပါတယ်။

‘တကျို့တျန်က သေသွားပြီဆိုတော့ အနန္တကပ်ဘေးရဲ့ ရလဒ်ကလည်း ကျိန်းသေပေါက် ပြောင်းလဲသွားမှာပဲ၊ ဒါပေမဲ့ ဒီကိစ္စက ငါ့ကိစ္စမဟုတ်ဘူး၊ အခု ငါက အနန္တကပ်ဘေးနဲ့ အဝေးကြီးမှာဆိုတော့ အင်မော်တယ်ကမ္ဘာမှာ တစ်ခုခုထပ်ဖြစ်မှာပဲ အနာဂတ်ကို တွက်ကြည့်တော့မယ်’

ဟန်ကျွယ်ဟာ အနန္တကပ်ဘေးကို အမြဲတမ်းပြောင်းလဲခဲ့တဲ့အတွက် နောက်ဆုံးရလဒ်ကလည်း အမြဲတမ်း လိုက်ပြောင်းပါတယ်။ ဟန်ကျွယ် မရပ်ဘူးဆိုရင် အနာဂတ်ကလည်း ပြောင်းလဲနေအုန်းမှာပါ။

ဟန်ကျွယ် လုပ်ရမှာက သူကျေနပ်တဲ့ အနာဂတ်ကို စောင့်ဆိုင်းဖို့ပါ။ ဒါပေမဲ့ တာအိုပညာရှိတွေက နောက်ကွယ်ကနေ အနန္တကပ်ဘေးကို တွန်းနေတဲ့အတွက် ဟန်ကျွယ် ကျေနပ်တဲ့ အနန္တကပ်ဘေး ရလဒ်ကလည်း ပြောင်းလဲသွားခဲ့ပါတယ်။

ဒါကြောင့် အခုအချိန်မှာ ဟန်ကျွယ်ဟာ အနာဂတ်ကို တွက်ချက်ဖို့ စိတ်မဝင်စားတော့ဘဲ သူ့ရန်သူတွေကိုသာ ရှင်းပစ်ချင်ပါတော့တယ်။ အခု တကျို့တျန်ကလည်း သေသွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဘယ်သူ့ကို ကျိန်စာတိုက်ရမလဲ မသိတော့ပါဘူး။

အရင်တုန်းကတော့ ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မဲ့စာရင်းထဲမှာ ဟောင်တျန်လည်း ပါပါတယ်။ ဒါပေမဲ့ ဟောင်တျန်နဲ့ လုံဟောင်က ပေါင်းစပ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ ဟောင်တျန်ကို ထပ်ပြီးတော့ ကျိန်စာမတိုက်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟောင်တျန်က ဟန်ကျွယ်ကို မမုန်းတဲ့အပြင် အခုအချိန်မှာ ကောင်းကင်ဧကရာဇ်ကိုလည်း ဒုက္ခမပေးနိုင်တော့ပါဘူး။

‘ထားလိုက်ပါတော့... ကျိန်စာတိုက်ရမဲ့သူ မရှိတော့ ငါ့ဘာသာ အေးအေးဆေးဆေး ကျင့်ကြံနိုင်တာပေါ့’

တကျို့တျန် သေဆုံးသွားတာက ဘာပြဿနာမှ မဖြစ်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာမှာ သူ့ကိုသိတဲ့လူ မရှိလို့ပါပဲ။ တာအိုပညာရှိအတုတစ်ပါးက အခုလို လူမသိသူမသိ ဘဝဆုံးသွားရတာက တော်တော်လေး ကျေကွဲဝမ်းနည်းဖို့ ကောင်းပါတယ်။

ကျိန်စာတိုက်ရမဲ့ ရန်သူ မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါတယ်။

၂၃ နှစ်ကြာတဲ့အခါမှာတော့ ပဋိပက္ခနယ်မြေကနေ တစ်ယောက်ယောက်က ဆင့်ခေါ်နေတာကို ဟန်ကျွယ် ခံစားမိလိုက်ပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်လည်း ပဋိပက္ခနယ်မြေထဲ ခုန်ဝင်လိုက်ပါတယ်။ နတ်ထူးဆန်းကလည်း ဟန်ကျွယ်နောက်ကနေ လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေမှာ နောက်ထပ်လူသစ်ကို တွေ့လိုက်ရပါတယ်။ တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်အပြင် နောက်ထပ် ပဋိပက္ခရုပ်ခန္ဓာရှိတဲ့လူပါ။ ဟန်ကျွယ်ဟာ ကြည့်ရင်းကြည့်ရင်းနဲ့ လူသစ်ကို ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတာကြောင့် စာစောင်တွေကို စစ်ဆေးကြည့်လိုက်ပါတယ်။

[သင့်မိတ်ဆွေ ကျိုးဖန်သည် အဆုံးမဲ့သွေးပင်လယ်၏ အဆီအနှစ်များကို စုပ်ယူပြီး ခန္ဓာကိုယ်ပြောင်းလဲကာ ပဋိပက္ခရုပ်ခန္ဓာအား ရရှိသွား၏။]

‘ဒီလိုလည်း ရတာပဲလား၊ တာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွား ဆိုရင်တောင် ဒီလိုနည်းနဲ့ ခိုးဆော့တာတော့ မကောင်းပါဘူး၊ ကောင်းကင်တာအိုက ဒီကောင်စုတ်ကို ဘာလိုများ မိုးကြိုးနဲ့ပစ်ပြီး အပြစ်မပေးတာလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။

တာအိုအရှင်သခင်တို့သုံးယောက်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ဟန်ကျွယ်နား ချက်ချင်း ရောက်လာပြီး တာအိုအရှင်သခင်က စပြောလိုက်ပါတယ် “ဒါက ငါတို့ကို ကယ်လိုက်တဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်ပဲ”

“ဘာအစွမ်းအထက်ဆုံး ပါရမီရှင်လဲ” ဟန်ကျွယ်ဟာ ဒီဘွဲ့ကို မခံယူရဲပါဘူး။ ဟန်ကျွယ်ဟာ ကျိုးဖန်ကိုလည်း သိကြောင်း မပြပါဘူး။ ပဋိပက္ခနယ်မြေမှာ သူတို့လေးယောက်ဟာ တစ်ယောက်ရုပ်သွင်ကို တစ်ယောက်မြင်နိုင်ပေမဲ့ မျက်နှာအစစ်ကိုတော့ မမြင်နိုင်ပါဘူး။

နှစ်ထောင်ချီပြီဖြစ်တဲ့အတွက် ကျိုးဖန်က ဟန်ကျွယ်ကို မမှတ်မိနိုင်တာ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ အဝတ်အစား၊ ဓမ္မရတနာတွေနဲ့ ရောင်ဝါကလည်း ပြောင်းလဲသွားတယ် မဟုတ်ပါလား။

“စီနီယာကို နှုတ်ဆက်ပါတယ်” ကျိုးဖန်ဟာ အနည်းငယ် စိတ်လှုပ်ရှားတဲ့အသံနဲ့ တလေးတစား ဦးညွှတ်လိုက်ပါတယ်။

ကောင်းကင်တာအိုအောက်မှာ ပဋိပက္ခရုပ်ခန္ဓာရှိတဲ့လူက လေးယောက်ပဲရှိတဲ့အတွက် သူတို့လေးယောက်က အကြီးမားဆုံး အရည်အချင်းရှိတဲ့လူတွေလို့ ပြောရင် မှားမယ် မထင်ပါဘူး။ ဒီလို အရည်အချင်းရှိတဲ့လူတွေနဲ့ သိကျွမ်းခွင့်ရတဲ့အတွက် ကျိုးဖန်ဟာ ဘယ်လိုလုပ်ပြီး ဝမ်းမသာဘဲ နေနိုင်မှာလဲ။

ဟန်ကျွယ်ဟာ ခေါင်းအသာညိတ်လိုက်ပါတယ် “တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား”

ကျောက်ရွှမ်ယွမ်ဟာ မျက်နှာပူလွန်းတာကြောင့် ခေါင်းငုံ့သွားပါတယ်။

ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပါတယ် ‘တကယ်ကြီးလား... မင်းတို့တွေ သေမှာကို မကြောက်ဘူးလား’

တာအိုအရှင်သခင်က ချောင်းတစ်ချက် ဟန့်လိုက်ပါတယ် “အဟွတ်... ကျုပ်တို့တွေ အဆုံးမဲ့သွေးပင်လယ်က သဲလွန်စတွေနောက်လိုက်ရင်း လောကဦးမိစ္ဆာဘိုးဘေး ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုကို တွေ့ထားတယ်၊ ကပ်ဘေးမှာ ကျဆုံးသွားပေမဲ့ လောကဦး မိစ္ဆာဘိုးဘေးက တကယ် သေသွားတာ မဟုတ်ဘူး၊ သူက နတ်ဘုရားပန်ကူးကို အတုယူပြီး ကမ္ဘာတစ်ခု ဖန်တီးထားတယ်၊ ကျုပ်တို့တွေ အဲဒီမှာ...”

ဟန်ကျွယ်က ဖြတ်ပြောလိုက်ပါတယ် “အရင်တစ်ခေါက် ပြောထားတဲ့ ရတနာကရော ဘယ်မှာလဲ”

“ကောင်းကင်ဧကရာဇ်ဖန်ကို ပေးပြီးပြီ၊ ခင်‌ဗျား ကြိုက်တဲ့အချိန် သွားယူလို့ရတယ်”

“ဒီတစ်ခါကရော”

“ကျုပ်တို့တွေ ကြာပလ္လင်တစ်ခုကို တွေ့ထားတယ်၊ ဒီကြာပလ္လင်က ကောင်းကင်တာအို အကောင်းစား ရတနာတွေထဲ တစ်ပါးအပါအဝင်ပဲ၊ ကျုပ်တို့တွေ ဒီကြာပလ္လင်ကို ခင်ဗျားဆီ ပေးမယ်”

“ရက်ရောလှချည်လား... ဘာလဲ၊ မင်းတို့တွေ သုံးလို့မရလို့လား”

“ဟဲဟဲ... ရှက်ရှက်နဲ့ ဝန်ခံရမှာပဲ၊ ကျုပ်တို့တွေ အဲဒီကြာပလ္လင်ကို သုံးလို့မရဘူး၊ ဒါပေမဲ့ ဒီရတနာကို လောကဦး မိစ္ဆာဘိုးဘေးအတွက် ထားခဲ့လို့ မဖြစ်ဘူး၊ ကောင်းကင်ဘုံတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်”

‘တော်တော် မြင့်မြတ်တဲ့ အမှန်တရား ဘက်တော်သားတွေပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လှောင်ပြောင်လိုက်ပေမဲ့ အပြင်ပန်းမှတော့ သဘောတူလိုက်ပါတယ် “ကောင်းပြီလေ၊ ငါ ကောင်းကင်ဧကရာဇ်ဖန်ဆီကို သတင်းပို့ပေးမယ်”

“ကျေးဇူးပါပဲ”

တာအိုအရှင်သခင်ရဲ့ စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေကနေ ထွက်လိုက်ပါတယ်။

ကျိုးဖန်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဒီစီနီယာက ဘယ်သူလဲ” ကျိုးဖန်ဟာ တရင်းတနှီး ရှိနေတယ်လို့ ခံစားနေရတဲ့အတွက် ဒီမေးခွန်းကို မေးလိုက်တာပါ။

တာအိုအရှင်သခင်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေပါတယ် “ငါလည်း သေချာတော့ မသိဘူး၊ ပြီးခဲ့တဲ့ ကောင်းကင်ဧကရာဇ်ဟောင်းက သူ့ကို ရွှေဥလို ဝှက်ထားခဲ့တာ၊ ကောင်းကင်ဧကရာဇ်ဖန်ကလည်း သူ့ကို အရမ်းလေးစားတယ်၊ သူက ပဋိပက္ခရုပ်ခန္ဓာကို ဓမ္မစွမ်းအား အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံအားထုတ်ထားတဲ့ ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မယ်၊ အရင်တုန်းက ငါ သူ့ကို အထင်သေးခဲ့မိတယ်၊ ဒါပေမဲ့ သူ ငါ့ကိုကယ်ထားတာ အကြိမ်ပေါင်း မနည်းတော့ဘူး”

တာအိုအရှင်သခင်ရဲ့ စကားကြောင့် ကျိုးဖန်ဟာ ပိုသိချင်သွားပါတယ်။

ကျောက်ရွှမ်ယွမ်က ဝင်ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာ ပြန်ရောက်ရင် ကျွန်တော် အဲဒီစီနီယာဆီ သွားနေဖို့ ဆုံးဖြတ်ထားတယ်”

တာအိုအရှင်သခင်က ကျောက်ရွှမ်ယွမ်ကို တစ်ချက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက ဘာကိုဆိုလိုတာလဲ”

ကျောက်ရွှမ်ယွမ်ဟာ မဲ့ပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော်က နည်းနည်း အားနည်းတယ်လေ၊ အစ်ကိုတို့ကတော့ အစ်ကိုတို့သဘောပေါ့...”

တာအိုအရှင်သခင်က ရဲတင်းလွန်းသလို ကျိုးဖန်ကလည်း မလုပ်ရဲတာ ဘာမှမရှိပါဘူး။ ဒါကြောင့် ကျောက်ရွှမ်ယွမ်ဟာ ဒီလူတွေနဲ့ ဆက်တွဲဖို့ မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။ ကျောက်ရွှမ်ယွမ်ရဲ့ အရည်အချင်းက ထူးချွန်ထက်မြက်လှသလို နောက်ခံကလည်း တောင့်တဲ့အတွက် ဒီလိုမျိုး သက်စွန့်ဆံဖျား အခွင့်အရေးတွေ လိုက်ရှာနေစရာ မလိုပါဘူး။

အဲဒီအစား ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ကို အရမ်းစိတ်ဝင်စားပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ဆီ သွားနေတာက အကြီးမားဆုံး အခွင့်အရေးကြီးတစ်ခုလို့ ခံစားနေရပါတယ်။

“ဒီကိစ္စပြီးရင် မင်းလုပ်ချင်တာ လုပ်လို့ရတယ်” တာအိုအရှင်သခင်ဟာ စိတ်ထဲမှာ သိပ်မကျေနပ်တာကြောင့် မျက်နှာမဲ့သွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး ဖန်းလျန်နဲ့ ဆက်သွယ်လိုက်ပါတယ်။

ဖန်းလျန်ဟာ တာအိုအရှင်သခင်တို့အကြောင်း ကြားရတဲ့အခါ လန့်သွားပါတယ် “သူတို့တွေက ရူးသွားတာလား၊ လောကဦး မိစ္ဆာဘိုးဘေးကိုတောင် သွားပြီတော့ ရန်စရဲတယ်၊ ကောင်းကင်ရုံးတော်က ဘယ်အင်မော်တယ် နတ်ဘုရားကမှ သူတို့ကို မကယ်နိုင်ဘူး”

“အဲဒါဆို မင်း သူတို့ကို မကယ်နိုင်ဘူးပေါ့”

“ဟုတ်တယ်... မကယ်နိုင်ဘူး”

“ဘာမှမဖြစ်ဘူး... သူတို့ထိုက်နဲ့ သူတို့ကံပဲ”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဒါပေမဲ့ ကျိုးဖန်ရှိနေတာကြောင့် ဒီအရူးတွေ မသေနိုင်ဘူးဆိုတာကိုတော့ သိနေပါတယ်။

“တာအိုအရှင်သခင် ကတိပေးထားတဲ့ အကောင်းစား ရတနာက ကျွန်တော့်ဆီ ရောက်နေပြီ၊ ဆရာသခင် လာယူမှာလား၊ ကျွန်တော် ဖိတ်ခေါ်ပညာရပ်ကို အသုံးပြီး ဆရာသခင်ကို ဖိတ်ခေါ်လိုက်မယ်လေ၊ မစိုးရိမ်ပါနဲ့၊ ကျွန်တော် ဆရာသခင်ရဲ့ အချိန်ကို မဖြုန်းပါဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters