← Chapters

တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား၊ တာအိုပညာရှိများ ဖရိုဖရဲဖြစ်ခြင်း

Vol. 39 Ch. 438

တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား၊ တာအိုပညာရှိများ ဖရိုဖရဲဖြစ်ခြင်း

Vol. 39 Ch. 438

ကျောက်ရွှမ်ယွမ် ရောက်လာတာက တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို တော်တော်လေး တွန်းအား ဖြစ်စေပါတယ်။ ဟန်ကျွယ်၊ လွီပုနဲ့ မာချောင်ကလွဲရင် တိတ်ဆိတ်ကျွန်းမှာ ကျောက်ရွှမ်ယွမ်ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။

ကျောက်ရွှမ်ယွမ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အားရအောင် အသုံးပြုပြီးတဲ့အခါမှာ အသွင်တူလက်ရည်စမ်းပွဲထဲက ပြိုင်ဘက်တွေကြောင့် စွမ်းအားကြောင့် သိုသိုသိပ်သိပ် ဖြစ်သွားပါတယ်။ အဲဒီနောက် လီယောင်၊ ထူလင်းအာ၊ ချူရှီရန်နဲ့ တခြားသူတွေရဲ့ အကြောင်းကို ကြားသိလိုက်ရတဲ့အခါမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကျင့်ကြံမှုတွေက မိုးပေါ်ရောက်နေလို့ပါပဲ။

ကျောက်ရွှမ်ယွမ်ဟာ ကျန်းယီရဲ့ အရည်အချင်းကို ကြားဖူးပါတယ်။ တကယ်ဆို ကျန်းယီက ကျောက်ရွှမ်ယွမ်ထက် နာမည်ပိုကြီးပါတယ်။ ဒီလိုအရည်အချင်းရှိသူတွေကို စုစည်းနိုင်တဲ့ ဟန်ကျွယ်ရဲ့ အရည်အချင်းကို ကျောက်ရွှမ်ယွမ်ဟာ မလေးစားဘဲ မနေနိုင်ပါဘူး။ ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ရဲ့ သရုပ်မှန်ကိုလည်း အလွန်တရာမှ သိချင်သွားပေမဲ့ မမေးရဲပါဘူး။

နှစ်အနည်းငယ် အတွင်းမှာပဲ တိတ်ဆိတ်ဂိုဏ်းဟာ ပြန်လည် ငြိမ်သက်သွားပြီး တပည့်တွေဟာ သီးခြား ကျင့်ကြံအားထုတ်ကြပါတယ်။

ဟန်ကျွယ်ကတော့ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်ကို အမြန်ဆုံး ရောက်ရှိဖို့ ကြိုးစား ကျင့်ကြံပါတယ်။ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်နဲ့ အလှမ်းဝေးနေသေးပေမဲ့ ကပ်ဘေးမပြီးခင် တာအိုပညာရှိအတုအဆင့်ကို ရောက်နိုင်တယ်လို့ ဟန်ကျွယ်က သူ့ကိုယ်သူ ခန့်မှန်းထားပါတယ်။

အနန္တကပ်ဘေးက လက်ရှိအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဘယ်လောက် ဆက်ကြာအုန်းမလဲဆိုတာ ပြောဖို့ခက်ပါတယ်။ လူသားမျိုးနွယ်စုနဲ့ ကောင်းကင်ရုံးတော်က သူမသာကိုယ်မသာ ဖြစ်နေတယ် မဟုတ်ပါလား။

နှစ် ၄၀ ကြာပြီးနောက်။

တိတ်ဆိတ်ကျွန်းဟာ အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်တာကို ထပ်ခံရပါတယ်။ ဒါပေမဲ့ အမင်္ဂလာ မကောင်းဆိုးဝါးဟာ အရင်အတိုင်းပဲ တစ်နာရီကြာ တိုက်ခိုက်ပြီးတဲ့နောက် နောက်ပြန်ဆုတ်သွားပါတယ်။

ကျောက်ရွှမ်ယွမ်ဟာ ဒီဖြစ်ရပ်ကြောင့် တိတ်ဆိတ်ကျွန်းကို ပိုပြီးတော့ စိတ်ဝင်စားလာပါတယ် ‘ဒီကျွန်းက ဓမ္မရတနာလား’

ဒီနေ့မှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ အသိပေးချက်တစ်ခု နှောင့်ယှက်တာကို ခံလိုက်ရပါတယ်။

[အင်မော်တယ်ကမ္ဘာတွင် အကုသိုလ်ကံများ ပြည့်နှက်နေပြီး တာအိုပညာရှိတစ်ပါးက အနန္တကပ်ဘေးထဲ အတင်းဝင်ရောက်ကြောင်း စုံစမ်းသိရှိရ၏။ ထို့ကြောင့် သက်ရှိအားလုံး အနန္တကပ်ဘေးကို ရင်ဆိုင်ရဖြစ်သောကြောင့် သင်သည် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ ကပ်ဘေးထဲ ချက်ချင်းဝင်ရောက်၍ တာအိုပညာရှိအား စိန်ခေါ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါးကို အမွေဆက်ခံ ရရှိမည်။]

‘တာအိုပညာရှိတစ်ပါးက ကပ်‌ဘေးထဲ အတင်းဝင်တာလား’ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာမှာ မနေမိတာကို ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ နံပါတ်နှစ်ရဲ့ ဆုလာဘ်က မဟာတာအိုအပိုင်းအစ မပေးပါဘူး။

[သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို အမွေဆက်ခံရရှိပါသည်။]

[တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား သက်ရှိအားလုံးကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[သက်ရှိအားလုံး: တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား၊ ကံကြမ္မာ ဆန်းကြယ်စွမ်းအား။ အသုံးပြုသူ၏ ကျင့်ကြံမှုနှင့် ကံတရား အထောက်အပံ့အား စတေးခံ၍ သက်ရှိအားလုံး၏ သေခြင်းတရားနှင့် လဲလှယ်ခြင်း ဖြစ်သည်။ သက်ရှိအားလုံး ဆိုသည်မှာ ဤဆန်းကြယ်စွမ်းအား အသုံးပြုသူ၏ ကျင့်ကြံမှုအဆင့်အောက်တွင်ရှိသော သက်ရှိအားလုံးကို ဆိုလိုပြီး ကောင်းကင်တာအို တချို့နှင့် အနန္တကပ်ဘေးအောက်တွင်သာ အသုံးပြုနိုင်သည်။ ဤဆန်းကြယ်စွမ်းအား အသုံးပြုသူသည် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့် လျော့ကျလိမ့်မည်။]

‘အား... တော်တော် ရက်စက်တဲ့ ဆန်းကြယ်စွမ်းအားပါလား၊ ဒါပေမဲ့ ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့် လျော့ကျပြီး ကံတရား အထောက်အပံ့ အကုန်လုံး ဆုံးရှုံးမှာဆိုတာ တန်ဖိုးက ကြီးလွန်းတယ်၊ နောက်ပြီး ကိုယ့်ထက် ကျင့်ကြံမှုအဆင့် နိမ်တဲ့လူတွေကိုပဲ သတ်နိုင်တာဆိုတာ သိပ်သုံးစားမရဘူး’

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သက်ရှိအားလုံး ဆန်းကြယ်စွမ်းအားကို လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်ပညာပဲဖြစ်ဖြစ် တက်ထားတာက အရှုံးမရှိပါဘူး။

ဟန်ကျွယ်ဟာ တာအိုပျက်သုံးခြင်း ဆန်းကြယ်စွမ်းအား သက်ရှိအားလုံးကို အမွေဆက်ခံလိုက်ပါတယ်။

“ဝုန်း...”

ကြောက်မက်ဖွယ် အနက်ရောင် အလင်းတိုင်ဟာ ကောင်းကင်ယံကနေ ဝီရိယတောင်ကို ဆင်းသက်လာပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြ့ခြင်းလိုဏ်ဂူကို လှမ်းကြည့်လိုက်ကြပါတယ်။

ကျောက်ရွှမ်ယွမ်လည်း မျက်လုံး ပြူးသွားပါတယ် ‘ဒါက ဘာကြီးလဲ’

အနက်ရောင် အလင်းတိုင်က နတ်မင်းအဆင့် ရောက်နေတဲ့ ကျောက်ရွှမ်ယွမ်ကိုတောင် သေခြင်းတရားရဲ့ အငွေ့အသက်တွေ ပေးစွမ်းနေပါတယ်။

ငရဲကြက်နက်ဟာ ချူရှီရန်ကိုကြည့်ပြီး မေးလိုက်ပါတယ် “မင်းဘာလို့ ဘာမှ မပြောတာလဲ၊ အားလုံး သိရအောင် ပြောအုန်းလေ”

ဒီတစ်ခါမှာတော့ ချူရှီရန်က မျက်မှောင်ကြုတ်ပြီး ပြန်မဖြေပါဘူး။ ချူရှီရန်က ငရဲကြက်နက်ကို မကြိုက်လို့ ပြန်မဖြေတာ မဟုတ်ပါဘူး။ သူလည်း ဒီအနက်ရောင် အလင်းတိုင်က ဘာလဲဆိုတာကို မသိပါဘူး။

မှောင်မိုက်တဲ့ ခန်းမတစ်ခုမှာ တရားထိုင်နေတဲ့ လီမုယဲ့ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ် ‘တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား... ဘယ်သူလဲ’

လီမုယဲ့ဟာ မျက်မှောင်ကြုတ်သွားပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။

ဒီအချိန်မှာပဲ လီမုယဲ့ရှေ့မှာ ပုဂ္ဂိုလ်နှစ်ယောက် ပေါ်လာပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ယောက်က တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ပါ။

ဂိုဏ်းချုပ် တျန်ကျွယ်က ပြောလိုက်ပါတယ် “အစ်ကို ခံစားမိလား၊ တစ်ယောက်ယောက် တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်သွားပြီ”

“ဟွန်း... ဒါ ဖူရှီပဲ ဖြစ်ရမယ်၊ ဒီကောင်က အနန္တကပ်ဘေးထဲ အတင်းဝင်သွားတာဆိုတော့ သူ့ကျင့်ကြံမှုကို အသုံးချပြီး ကောင်းကင်ရုံးတော်ကို ဖိနှိပ်ချင်တာပဲ ဖြစ်ရမယ်၊ သူက တကယ်ကို အရှက်မရှိတာပဲ၊ ဒီတာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားနဲ့ဆိုရင် ဖူရှီက လောကမှာရှိတဲ့ သက်ရှိအားလုံးကို သတ်ဖြတ်ပြီး အနန္တကပ်ဘေးကို အဆုံးသတ်နိုင်သွားလိမ့်မယ်”

တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ စကားကြောင့် လီမုယဲ့ရဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။

တာအိုဂိုဏ်း ကျောင်းတော်သုံး‌ကျောင်းရဲ့ ခေါင်းဆောင်တွေ အကုန်လုံးက အနန္တကပ်ဘေးထဲ ဝင်ထားပြီ ဖြစ်တဲ့အတွက် ဖူရှီသာ လောကကို ဖျက်ဆီးလိုက်ရင် သူတို့ရဲ့ ကံတရား အထောက်အပံ့တွေကိုလည်း ကြီးမားစွာ ထိခိုက်စေမှာပါ။ ကောင်းကင်တာအိုပညာရှိတွေရဲ့ ကျင့်ကြံမှုက သူတို့ရဲ့ ကံတရား အထောက်အပံ့အပေါ် အများကြီး မှီခိုနေတာကြောင့် ကံတရား အထောက်အပံ့ မရှိတော့ရင် ကျင့်ကြံမှုကလည်း ရှေ့မတက်တဲ့အပြင် လျှော့ကျကုန်မှာပါ။ လီမုယဲ့က ကောင်းကင်တာအိုပညာရှိ မဟုတ်ပေမဲ့ သူ့တပည့်တွေက ကပ်ဘေးထဲမှာပါ။

“ဒီလိုဆိုမှတော့ မင်းတို့တွေ ကပ်ဘေးထဲ ဝင်ကြတော့” လီမုယဲ့က ခပ်တိုးတိုး ပြောလိုက်ပါတယ်။

ဒီစကားကြောင့် တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ် တျန်ကျွယ်ဟာ နှလုံးလှုပ်သွားပြီး ဂိုဏ်းချုပ်တျန်ကျွယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ကပ်ဘေးထဲ ဝင်တာနဲ့ သတ်ဖြတ်ငွေ့ကို ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် ကောင်းကင်တာအိုပညာရှိ အချင်းချင်း သူသေကိုယ်သေ တိုက်ခိုက်မိကြမှာ”

လီမုယဲ့က ပြောလိုက်ပါတယ် “ကပ်ဘေးထဲ မဝင်ဘူးဆိုရင် ငါတို့ရဲ့ ကံတရား အထောက်အပံ့တွေကို ဖူရှီက ဝါးမြိုသွားမှာပေါ့”

တောင်ဘက်စွန်း ကောင်းကင်အရှင်က ပြောလိုက်ပါတယ် “ဖူရှီမဟုတ်တာလည်း ဖြစ်နိုင်တယ်၊ ဖူရှီအနေနဲ့ ကပ်ဘေးထဲ ဝင်ပြီးတော့မှ ဒီလောက် ထိလွယ်ရှလွယ်တဲ့ ဆန်းကြယ်စွမ်းအားကို လေ့လာစရာ မလိုဘူး၊ ဖူရှီမှာ ဘာနောက်ခံမှ မရှိဘူး”

လီမုယဲ့နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့စကားက အဓိပ္ပာယ်ရှိတာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။

“ဘယ်သူပဲဖြစ်ဖြစ် သူက အနန္တကပ်ဘေးရဲ့ ဦးတည်ရာကို ဆုံးဖြတ်ပေးလိမ့်မယ်၊ ငါ တခြား ကောင်းကင်တာအိုပညာရှိ နှစ်ပါးဆီသွားပြီး သူတို့တွေ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို လေ့လာလား မေးကြည့်အုန်းမယ်” လီမုယဲ့က မတ်တတ်ရပ်ပြီး အလေးအနက် ပြောလိုက်ပါတယ်။

အင်မော်တယ်ကမ္ဘာ၊ လူသားမျိုးနွယ်စု။

ကြီးမားတဲ့ ယဇ်ပလ္လင်ပေါ်မှာ လူသားကျင့်ကြံသူတွေဟာ အစီအရင်တကျ ထိုင်နေပါတယ်။ ယဇ်ပလ္လင်ရဲ့ ပတ်ဝန်းကျင်မှာလည်း မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ တရားထိုင်နေကြပြီး လူတိုင်းရဲ့ အကြည့်တွေဟာ ယဇ်ပလ္လင်အထက် ကောင်းကင်ယံမှာ စုပြုံကျရောက်နေပါတယ်။

တိမ်ပင်လယ်ထက်မှာ ရွှေရောင် အလင်းတန်းတွေ တလက်လက် တောက်ပနေပြီး ပုဂ္ဂိုလ်တစ်ပါးဟာ တစ်ရားထိုင်ကာ တာအိုဟောကြားနေပါတယ်။ ဒီပုဂ္ဂိုလ်ရဲ့ တာအိုဟောကြားသံဟာ လောကတစ်ခွင်ကို ပဲ့တင်ထပ်သွားပါတယ်။

ဒီပုဂ္ဂိုလ်ဟာ ဖြူမည်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ‌လေးနက်တဲ့မျက်နှာရှိပါတယ်။ ဒီပုဂ္ဂိုလ်ကတော့ လူသားမျိုးနွယ်စုရဲ့ တာအိုပညာရှိ ဖူရှီပါ။

ဖူရှီဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဖူရှီဟာ ပါးစပ်တစ်ချက် မဟပေမဲ့ သူ့ရဲ့တာအိုအသံက ဆက်တိုက် ထွက်ပေါ်နေပါတယ် ‘တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား... ဘယ်သူများပါလိမ့်...”

ဖူရှီဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ လီမုယဲ့လိုပဲ ဘာမှတွက်ချက်မရတာကြောင့် နှလုံးမသာမယာ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်ပြီဆိုရင် တာအိုပညာရှိတွေတောင် ဘာမှမတက်နိုင်လို့ပါပဲ။

ဒီတာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တက်မြောက်ထားတဲ့သူက တာအိုပညာရှိဆိုရင် အတွေးတစ်ချက်တည်းနဲ့ ကောင်းကင်တာအိုထဲက သက်ရှိအကုန်လုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒီလိုဆို လူသားမျိုးနွယ်စုလည်း အလုံးစုံ ပျက်သုဉ်းသွားပြီး ဖူရှီ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်မှာပါ။ ဒါ့အပြင် ဖူရှီရဲ့ ကောင်းကင်တာအို ပညာရှိထိုင်ခုံကလည်း လှုပ်လာမှာပါ။

‘ခွီးတဲ့မှပဲ... ငါက ကပ်ဘေးထဲ ဝင်ပြီးရုံရှိသေး၊ တစ်ယောက်ယောက်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တက်မြောက်သွားပြီ... ဟိုနှစ်ကောင်က တစ်ယောက်ယောက်ကိုများ သင်ပေးလိုက်တာလား’ ဖူရှီဟာ မျက်မှောင် ပိုကြုတ်သွားပြီး စိတ်မတည်မငြိမ် ဖြစ်သွားပါတယ်။

တာအိုပညာရှိတွေရဲ့ စိတ်ဟာ ရေလိုတည်ငြိမ်ပေမဲ့ သူတို့ရဲ့ကျင့်ကြံမှုနဲ့ ပတ်သက်လာရင် ပင်လယ်ပြင်လိုပဲ မုန်တိုင်းထန်တက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူ။

ဟန်ကျွယ်ဟာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တက်မြောက်ဖို့အတွက် ခုနစ်ရက်နဲ့ ခုနစ်ည အချိန်ယူလိုက်ရပါတယ်။ ဝီရိယတောင်ပေါ်ကို ကျဆင်းနေတဲ့ အနက်ရောင် အလင်းတိုင်ကလည်း ပျောက်ကွယ်သွားပါတယ်။

“ကြမ်းလည်းကြမ်းတယ်၊ ရှုပ်လည်းရှုပ်တယ်၊ သုံးစားလို့မရတာလည်း လွန်ရော” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား သက်ရှိအားလုံးက နာမည်နဲ့တင် ကြောက်ဖို့ကောင်းတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို အခုအသုံးပြုမယ်ဆိုရင် ကောင်းကင်ဘဝဂ် အလယ်အဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေကိုသာ သတ်နိုင်မှာ ဖြစ်တဲ့အတွက် ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ နောက်ပြီး ဒီဆန်းကြယ်စွမ်းအားကို သုံးပြီးတာနဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း နတ်မင်းအဆင့်ကို ပြန်ကျသွားမှာပါ။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု ပြန်ကျသွားတာကို လုံးဝ မလိုချင်ပါဘူး။ ဟန်ကျွယ်သာ တာအိုပညာရှိ ဖြစ်သွားလို့ သက်ရှိအားလုံးကို သုံးပြီး တာအိုပညာရှိအတုထိ တစ်ချက်တည်း‌ လျှော့ကျသွားရင် တာအိုနှလုံးသား ပေါက်ကွဲသွားနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို နောက်ဆုံးလက်နက်အနေနဲ့ ထားပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ ဟန်ကျွယ် မသိလိုက်တာက သူ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို လေ့လာလိုက်လို့ ကောင်းကင်တာအိုပညာရှိတွေ ဖရိုဖရဲ ဖြစ်ကုန်တာကိုပါ။

တောက်ပတဲ့ အလင်း‌ရောင်အောက်မှာ ပုဂ္ဂိုလ်ကိုးပါး ထိုင်နေပါတယ်။ သူတို့အကုန်လုံးက မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေ တောက်ပနေတဲ့အတွက် သူတို့ရဲ့ပုံရိပ်အစစ်အမှန်ကို မမြင်တွေ့နိုင်ပါဘူး။

ဖူရှီက ပထမဆုံး ပြောလိုက်ပါတယ် “ဘယ်တာအိုရောင်းရင်းက ဒီကြားထဲ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို လေ့လာလိုက်တာလဲ၊ ငါတို့ ကောင်းကင်တာအို ပညာရှိတွေက အချင်းချင်း တိုက်ခိုက်နေကြတာဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ကြံစည်ပဲ ကြံစည်ကြတာ”

ဂိုဏ်းချုပ် တျန်ကျွယ်က မျက်နှာမဲ့လိုက်ပါတယ် “ကျိန်းသေတာကတော့ ငါတို့ကိုးယောက် မဖြစ်နိုင်ဘူး၊ တာအိုရောင်းရင်း တစ်ယောက်ယောက် ပံ့ပိုးထားတဲ့ ရုပ်သေးရုပ်ပဲ ဖြစ်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ဒီဆန်းကြယ်စွမ်းအားက ကောင်းကင်တာအိုပညာရှိ နေရာကို ခြိမ်းခြောက်နိုင်တယ်”

တခြားတာအိုပညာရှိတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထပြောပါတယ်။

“တာအိုဘိုးဘေးက ဒီဆန်းကြယ်စွမ်းအားကို ချုံရှီလိုင်နဲ့ တာအိုရောင်းရင်း မင်ကျွယ်ကိုပဲ သင်ပေးထားတာ၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့ အကြံအစည်ပဲ”

“ငါတို့ဗုဒ္ဓဂိုဏ်းက အနန္တကမ္ဘာမှာ တာအိုဟောကြားထားတာ၊ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်ရင် ငါတို့ရဲ့ မျိုးဆက်တွေကို ထိခိုက်ကုန်မှာပေါ့၊ ဘယ်လိုလုပ်ပြီး ငါတို့ ဖြစ်ရမှာလဲ”

“ငါလည်း မဟုတ်ဘူး၊ ငါရဲ့ အမွေအနှစ်က အင်မော်တယ်ကမ္ဘာကနေ ပျောက်ကွယ်သွားတာ ကြာပြီ၊ ဘာကိစ္စနဲ့ ကြီးမားတဲ့ ကံတရားကို ထမ်းရမှာလဲ”

“တာအိုဘိုးဘေး ထွက်သွားကတည်းက ဘယ်အနန္တကပ်ဘေးမှာမှ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား ပေါ်မလာခဲ့ဘူး၊ အခုမှ ပေါ်လာတယ်ဆိုတော့ ဒါ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး၊ ငါတို့တွေ ဂရုစိုက်မှ ဖြစ်လိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters