← Chapters

ကျောက်စိမ်းအကျဉ်းထောင်တံခါး အရှေ့က တိုက်ပွဲ

Vol. 57 Ch. 761

ကျောက်စိမ်းအကျဉ်းထောင်တံခါး အရှေ့က တိုက်ပွဲ

Vol. 57 Ch. 761

မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးထဲတွင်

ကောင်းကင်နတ်အရှင်ယွီ ကျန်ကြက်ကင်တစ်ခြမ်းလုံး စားပြီးသွားသည်။ သို့သော် သူ့မှာ အရိုးများကို လွှင့်ပစ်ရန် ပြင်သည့်အခါ အထွတ်အမြတ်ခန်းမတစ်ခုလုံး သန့်ရှင်းနေကြောင်း မြင်လိုက်ရ၏။ ယခုလို ဖုန်တစ်စက်ပင် မစွန်းထင်းနေသော နေရာတွင် မည်သို့လွှင့်ပစ်ရမှန်း မသိတော့ပေ။

သူက တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ခန်းမထဲတွင် မည်သူမှ မရှိကြောင်း မြင်လိုက်ရသည်။ မြေအောက်ဘုံအရှင်သခင်နှင့် မရဏတမန်တော်တို့နှစ်ယောက်လုံးကို မတွေ့သဖြင့် သူလည်း ကြက်အရိုးများကို ထောင့်တစ်ထောင့်၌ သွားပုံထားလိုက်ကာ ကုပ်ချောင်းကုပ်ချောင်းဖြင့် အပြင်ထွက်လိုက်သည်။

ခန်းမအပြင်တွင် ငရဲမီးလျှံများဖြင့် ဖွဲ့တည်နေသော မြေအောက်ဘုံအရှင်သခင်သည် မရဏတမန်တော်နှင့်အတူ ရပ်နေပြီး အောက်သို့ ငုံ့ကြည့်နေကြ၏။

ကောင်းကင်နတ်အရှင်ယွီ ငုံ့ကြည့်လိုက်သော်လည်း အမှောင်ထုမှတစ်ပါး အခြားမည်သည့်အရာကိုမှ မမြင်ရပေ။

“အကုန်လုံး ချရေးထားပြီးပြီလား” မြေအောက်ဘုံအရှင်သခင်က လှည့်မေးလိုက်သည်။

မရဏတမန်တော် ခေါင်းညိတ်လိုက်၏။ “ရေးထားပြီးပါပြီ”

မြေအောက်ဘုံအရှင်သခင်၏ မျက်လုံးအပြင်တွင် စက္ကူလှေလေးများ လွင့်မျောနေပြီး လှေတစ်စင်းစီတွင် မရဏတမန်တော်တစ်ယောက်စီ ရှိကြသည်။ မီးအိမ်များသည် လှေဦးတွင် ချိတ်ဆွဲလျက်ရှိကာ မရဏတမန်တော်များမှာတော့ အလျင်အမြန် ရေးမှတ်နေကြ၏။

“ကောင်းကင်နတ်အရှင်မူက မြေအောက်ဘုံအရှင်သခင်ကို ကူညီနေတာမဟုတ်လား... သူ့ပြစ်မှုတွေကို ချရေးစရာလိုသေးလို့လား” မရဏတမန်တော် မေးလိုက်မိသည်။

မြေအောက်ဘုံအရှင်သခင်၏ မျက်နှာတွင် အပြုံးအရယ် မရှိပေ။ “သူ ငါ့ကို ကူညီနေတာဆိုပေမယ့် ဒီနတ်ဘုရားတွေရဲ့ မူလဝိညာဉ်တွေကို ဝါးမြိုနေတာက ပြစ်မှုကြီးတစ်ခုပဲ... ချမှတ်ထားရုံအပြင် ငါတို့မှာ ရွေးစရာမရှိဘူး”

မရဏတမန်တော်မှာ အခက်တွေ့သွားသော အမူအရာဖြင့် သက်ပြင်းချသည်။ “သူ့စာအုပ်တွေက အများကြီးဖြစ်နေပြီ... သိုလှောင်ရုံတွေမှာလည်း မဆန့်‌တော့ဘူး... ကျွန်တော်တို့ သူ့ရဲ့ ကြီးကျယ်လှတဲ့ အောင်မြင်မှုတွေကို ချမှတ်ထားဖို့ အဆောင်တွေ ထပ်ဆောက်ရမှာ စိုးမိတယ်”

မြေအောက်ဘုံအရှင်သခင်က ပြော၏။ “ဒါဆိုလည်း သူ့စာအုပ်တွေ ထည့်ဖို့ အဆောင်တွေ ဆောက်လိုက်”

မရဏတမန်တော် ခေါင်းညိတ်လိုက်သည်။

ကျောက်စိမ်းအကျဉ်းထောင်တံခါးအရှေ့တွင်

ယန်ချင်းကျောင်းမှာ ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။ ရွေ့လျားလာသည့် လက်နက်လှိုင်းလုံးကြီးကို မြင်သည့်အခါ သူ၏ဖြူဖျော့နေသော မျက်နှာမှာ နီရဲသွား၏။ ထိုလက်နက်များက သူ့လက်အောက်ရှိ နတ်ဘုရားများ၏ လက်နက်များ ဖြစ်သည်။ စောစောက စုပ်ယူခံလိုက်ရသော နတ်ဘုရားမူလဝိညာဉ်များမှာ သူ၏လက်အောက်ငယ်သားများ ဖြစ်လေသည်။

သူသည် ချုံဧကရာဇ်ခေတ်တုန်းက ပြင်ပကောင်းကင်နတ်ဘုံ၏ တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်း ဖြစ်ခဲ့၏။ ဤနတ်ဘုရားများကလည်း သူ၏လက်အောက်ငယ်သားများ ဖြစ်ခဲ့သည်။

သူ ချုံဧကရာဇ်ခေတ်၏ ချီရှားယွီနှင့် တိုက်ခိုက်၍ သေဆုံးခဲ့ပြီးနောက်တွင် သူ၏လက်အောက်ငယ်သားများလည်း စစ်ပွဲ၌ ကျဆုံးခဲ့ကြသည်။ သူတို့အားလုံး ယိုတုသို့ ဆင်းသက်လာရသည့်အခါ သူ့လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ကြ၏။

ယနေ့တွင် သူတို့အားလုံး အရိုးစုများကို တက်နင်းရင်း လျှောက်လာနေသော ယိုတုသားတော်၏ စုပ်ယူဝါးမြိုခြင်း ခံလိုက်ရချေပြီ။

လက်နက်လှိုင်းလုံးကြီးက နေရောင်အလင်းတန်းများကို ဖြန့်ကျက်လျက် ရှိပြီး နေရောင်အလင်းတန်းများမှာ လေထဲတွင် ချည်ယှက်နေသကဲ့သို့ ရှုပ်ထွေးစွာ တောက်ပနေကြသည်။ လက်နက်များ၏ ဖိအားကြောင့် ကောင်းကင်ဆီမှ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထစ်ချုန်းသံများ ဆူညံမြည်ဟည်းလာသည်။

လက်နက်တိုင်းသည် တောင်ကြီးတစ်လုံးသဖွယ် ဖြစ်၏။ နတ်ဘုရားရောင်ဝါ၊ မိစ္ဆာရောင်ဝါတို့က တစ်ရောင်အပေါ် တစ်ရောင်ထပ်သွားပြီး အလင်းရောင်နှစ်ရောင် တမုဟုတ်ချင်း ပေါင်းစည်းနေသည်။

ယိုတုထဲတွင် မိစ္ဆာလမ်းစဉ်က နတ်ဘုရားလမ်းစဉ်အပေါ် လွှမ်းမိုးထားသဖြင့် မိစ္ဆာလက်နက်နှင့် နတ်ဘုရားလက်နက်နှစ်မျိုးစလုံး၏ စွမ်းအားကို ထုတ်လွှတ်ရန် ခက်ခဲ၏။ သို့သော် ယခုတွင် ဤလက်နက်များဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတို့ အလုံးအရင်းလိုက် လိမ့်ထွက်လာချေပြီ။

နတ်ဘုရားရောင်ဝါနှင့် မိစ္ဆာရောင်ဝါတို့ ရောစပ်နေသော အလင်းရောင်အောက်တွင် အရိပ်ကြီးက အရိုးဖြူဖြူများကို တက်နင်း၍ လျှောက်လာနေသည်။ သူ၏ပုံသဏ္ဍာန်က မည်သူ့ကိုမဆို ကြောက်ဖျား ဖျားသွားစေနိုင်၏။

အရိပ်ကြီးက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် လူသားတစ်ယောက် ဖြစ်သည်။ ပထမဆုံးခေါင်းက ကလေးတစ်ယောက် ဖြစ်ကာ ဖောင်းဖောင်းကစ်ကစ် လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်နေ၏။ ဒုတိယခေါင်း၏ မျက်ဝန်းများက တိုက်ခိုက်လိုသည့် စိတ်ဇောအဟုန်ဖြင့် စူးရဲတောက်ပနေပြီး လာတော့မည့် တိုက်ပွဲကြီးကြောင့် အမျက်တချောင်းချောင်း ထွက်နေပုံရသည်။ သူကား အချိန်မရွေး ဒေါသပေါက်ကွဲပြီး မိစ္ဆာစရိုက်အပြည့်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် နတ်ဆိုးဘုရင်တစ်ပါးသဖွယ် ထင်ရသည်။

တတိယ‌ခေါင်းမှာမူ အလွန်တည်ငြိမ်အေးချမ်းနေသည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်နေပြီး အထက်ဘုံမှ နတ်ဘုရားတစ်ပါးအသွင် ရှိနေ၏။

ယန်ချန်း‌ကျောင်း ဇဝေဇဝါ ဖြစ်သွားသည်။ “သူ့ကြည့်ရတာ အရင်ယိုတုသား‌တော်နဲ့ မတူတော့သလိုပဲ”

“ကိုယ့်ကိုယ်ကို ထိန်းကြ”

တပ်ဖွဲ့များမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်လာကြသည်။ စစ်သူကြီးများက တပ်မပျက်အောင် သူတို့လက်အောက်ရှိ နတ်ဘုရားများအား ထိန်းနေကြ၏။

ယခုတွင် ယန်ချန်းကျောင်း၏တပ်ဖွဲ့ သုတ်သင်ခံလိုက်ရသောကြောင့် သူ့နေရာတွင် လမ်းကြောင်းရှင်းသွားသည်။ ချင်မူ ယန်ချန်းကျောင်းဆီ တန်းတန်းမတ်မတ် သွားလိုက်ရုံနှင့် ဘေးနှစ်ဖက်ရှိ တပ်ဖွဲ့များအနေဖြင့် သူ့အား ကြားညှပ်တိုက်ခိုက်နိုင်လိမ့်မည်။

ယန်ချန်းကျောင်း နှာခေါင်းရှုံ့ကာ စိတ်မပျော်‌တော့ပေ။ “ငါ လှုပ်ရှားလိုက်တာ စောသွားတယ်”

ဤအခိုက်တွင် ချင်မူက တုံ့ခနဲ ရပ်လိုက်သည်။ ဘေးနှစ်ဖက်ရှိ နတ်ဘုရားတပ်ဖွဲ့များမှာ ချီတက်ရန် ပြင်နေကြပြီး သူ့ကို ကြည့်နေသော သူတို့၏မျက်လုံးများတွင် ကြောက်စိတ်တို့ ပြည့်နှက်နေ၏။

ချင်မူ၏မျက်လုံးသုံးလုံးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ပြုံးပြနေသည်။

ချင်ဖုန်းကျင့်ဆီမှ ပြင်းထန်အားကောင်းသော အားလှိုင်းများ တရိပ်ရိပ် လာနေသည်ကို ချင်မူ ခံစားရသည်။ နတ်ဘုရားပေါင်းထောင်သောင်းချီ၏ မူလဝိညာဉ်များကို ဝေလငါးကြီးတစ်ကောင်လို စုပ်ယူစားသုံးလိုက်ပြီးနောက် သူ၏အင်အားသည် ကြောက်ခမန်းလိလိ မြင့်တက်လာ၏။ ကလေးကြီးမှာ နတ်ဘုရားများစွာ စားလိုက်ရသဖြင့် အကျေနပ်ကြီး ကျေနပ်နေသည်။

ကံကောင်းထောက်မစွာဖြင့် ချင်ဖုန်းကျင့်က ယိုတု၏ မိစ္ဆာစရိုက်ကို ထိန်းချုပ်နိုင်၍ မိစ္ဆာစရိုက် သူ့ကို မဖျက်စီးအောင် တားထားနိုင်သည်။ မဟုတ်လျှင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဤနေရာရှိ နတ်ဘုရားတစ်ယောက်မကျန် စားပစ်လိမ့်မည်။

ချင်ဖုန်းကျင့်သည် ကောင်းကင်နတ်သိုင်းတစ်ခု၏ အရင်းအမြစ်ဆီသို့ ပြန်စဉ်းစားစရာမလိုပေ။ တစ်နည်းပြောရလျှင် စဉ်းစားရမည်ကို ပျင်းလွန်းသဖြင့် စိတ်ထဲရှိသလို အသုံးပြုနေခြင်း ဖြစ်သည်။

ချင်မူကတော့ မတူ။

ငယ်စဉ်ကတည်းက ရွာလူကြီး၊ အဘွားစစ်၊ အဘိုးကြီးမာနှင့် ကျန်ရှိသူများ၏ သင်ကြားဆုံးမပေးမှုကြောင့် ချင်မူ့တွင် သူတို့အကျင့်များ ကူးစက်လာခဲ့သည်။ သူက အရာအားလုံးကို မေးခွန်းထုတ်တတ်ပြီး လေ့လာသင်ယူရသည်ကို နှစ်ခြိုက်၏။

သူသာ မကောင်းမှုကျူးလွန်လျှင် ချင်ဖုန်းကျင့်ထက် အဆတစ်ရာ ကြောက်စရာကောင်းလိမ့်မည်။

“ခင်ဗျားတို့တွေ”

ချင်မူက ကြောက်ရွံ့နေသော နတ်ဘုရားတပ်ဖွဲ့များကို ကြည့်နေသည်။ တပ်ဖွဲ့တစ်ရာ ကျော်၍ နတ်ဘုရားသန်းပေါင်းများစွာနှင့် ယိုတုမကောင်းဆိုးဝါးများ မရေမတွက်နိုင်အောင် ရှိနေသော်လည်း သူတို့အားလုံး လူတစ်ယောက်တည်း၏ရှေ့မှောက်၌ ကြောက်ဒူးတုန်နေကြသည်။ လက်နက်များကိုပင် သေသေချာချာ မကိုင်နိုင်ကြပေ။

“ခင်ဗျားတို့တွေ လမ်းလည်း မဖယ်ပေး၊ ထွက်လည်း မပြေးကြတာက... မဟုတ်မှ...”

ချင်မူ့ခေါင်းနှစ်ခေါင်းလုံးက ရုတ်တရက် မြင့်းမိုရ်တောင်တမျှ ကြီးမားလာသည်။ ပါးစပ်ကြီးများလည်း ဟလာပြီး ပါးစပ်ပေါက်တစ်ပေါက်စီက ကောင်းကင်တစ်ဝက်လောက် ကျယ်၏။ သူက နတ်ဘုရားတပ်ဖွဲ့များဆီသို့ လှမ်းအော်လိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို စားမှာ စောင့်နေတာလား —”

ချင်မူ၏ခန္ဓာကိုယ်သည် အစကတည်းက ဧရာမကြီးမားပြီး ကြံ့ခိုင်သန်မာနေပြီးဖြစ်သည်။ ယခုတွင် ခေါင်းက ခန္ဓာကိုယ်ထက် အဆတစ်ရာ ပိုကြီးသွားချေပြီ။ ခေါင်းထိပ်က ကောင်းကင်ကို ‌ထောက်ကန်ထားပြီး မေးစေ့က မြေပြင်ကို ထိနေသည်။ ဤမြင်ကွင်းကြီးမှာ အလွန်ပင် သည်းထိတ်ချောက်ချားဖွယ်ရာကောင်း၏။

ချင်ဖုန်းကျင့်၏ တုံ့ပြန်မှုန်က ခြေတစ်လှမ်း နောက်ကျသွားသည်။ သူက အခြေအနေကို မြင်လျှင် သူ့ခေါင်းကိုလည်း ကပျာကယာ ယမ်းလိုက်သည်။ သူ၏ခေါင်းကြီးမှာ ချင်မူ့ခေါင်းနှစ်လုံးထက်ပင် ကြီးမားသွားပြီး သူလည်း လက်သီးလက်မောင်းတန်းလျက် အော်ဟစ်လိုက်သည်။ “မင်းတို့ကို စားမှာ စောင့်နေတာလား —”

အော်ဟစ်သံကြီး သုံးသံက အေးစိမ့်စိမ့်လေပြင်းများကို အရပ်မျက်နှာတခွင် တိုက်ခတ်သွားစေသည်။ အသံလှိုင်းများက အနက်ရောင်မြို့တံတိုင်းများဆီသို့ ဝင်တိုက်လိုက်၍ မြို့ကြီးတစ်မြို့လုံး သွက်သွက်ခါ တုန်သွားတော့သည်။

တပ်ဖွဲ့များ၏ အရှေ့ရှိ မျက်လုံးတစ်လုံးနတ်ဘုရားတစ်ပါးမှာ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်သည်။ သို့သော် သူက တစ္ဆေတစ်ကောင် ဖြစ်နေသဖြင့် သူ့ပါးစပ်ထဲတွင် တံတွေးမရှိပေ။

“ပြေး —“

အစိမ်း‌ရောင်မှင်စာဘုရင်တစ်ပါးက ချာခနဲ လှည့်ပြေးကာ အစိမ်းရောင်အခိုးအငွေ့များသာ ချန်ရစ်ခဲ့၏။

ယိုတုမိစ္ဆာနတ်ဘုရားများနှင့် နတ်ဘုရားတို့၏ မူလဝိညာဉ်များက မလှုပ်ကြပေ။

ရုတ်တရက် ဒုန်းခနဲ မြည်သံတစ်ချက် ထွက်လာသည်။ လက်လေးဖက် နတ်ဘုရားတစ်ပါး၏ ချပ်ဝတ်တန်ဆာမှာ အသံလှိုင်းများကြောင့် ကြေမွသွားပြီး မြေပြင်ပေါ် ပဲ့ကျလာ၏။

အေးစိမ့်သော လေပြင်းတစ်ချက်က အသံကို သယ်ဆောင်လျက် တပ်ဖွဲ့များအကြား ရွေ့လျားသွားသည်။

မိစ္ဆာနတ်ဘုရားသည် သူ့စစ်တပ်၏ အလံကို မြေကြီးထဲသို့ ဂရုတစိုက် စိုက်လိုက်ကာ ပဲ့ကျသွားသော ချပ်ဝတ်တန်ဆာအား ကောက်ယူရန် ခါးကုန်းလိုက်သည်။ သို့သော် စိုက်ထားသည့် အလံတိုင်ကို အမှုမဲ့အမှတ်မဲ့ တိုက်မိသွား၏။

အလံတိုင်မှာ မြေပြင်ပေါ် လဲသွားပြီး စုတ်ပြဲနေသော အလံအဝတ်သည် မြေကြီးပေါ်သို့ ကျသွား၏။

‘ဒီအလံ ကျသွားလို့ မဖြစ်ဘူး...’

သူ အလံကို ပြန်ထူမတ်ရန် တွေးနေသည့်အချိန်မှာပဲ သူ့အနောက်မှ တဝုန်းဝုန်းမြည်သံများ ကြားလိုက်ရသည်။ မရေမတွက်နိုင်သော နတ်ဘုရားများမှာ လှည့်ပြေးပြီး အော်ဟစ်နေကြ၏။ “အလံ ကျသွားပြီး ငါတို့ ရှုံးပြီ... ပြေးစို့”

လက်လေးဖက်နတ်ဘုရား ငေးငိုင်သွားသည်။ သူ အလံကို ပြန်မြှောက်ရန် တွေးနေသော်လည်း အလံမှာ သူ့ဆီမှ ဝေးရာသို့ လွင့်သွားလေသည်။

‘ငါတော့ သေပြီ... အလံကို ပြန်ကောက်ရရင်တောင်မှ စစ်တပ်ကြီးရဲ့ စိတ်ဓာတ် ပြန်ခိုင်မာလာအောင် မလုပ်နိုင်တော့ဘူး... ငါလည်း ပြေးသင့်ပြီ’ သူလည်း လှည့်ပြေးလိုက်၏။

ယန်ချင်းကျောင်းက ထွက်ပြေးနေသော နတ်ဘုရားမူလဝိညာဉ်များကို ကြည့်ကာ သရော်တော်တော် နှာခေါင်းရှုံ့သည်။ ဤအချိန်တွင် ယန်ကျုံရှစ်၊ မဟာနေဧကရာဇ်နှင့် ကျန်ရှေးဟောင်းနတ်ဘုရားများ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ သူတို့က ထပြီး ထွက်ပြေးနေသော စစ်သည်တော်များကို တားရန် ကြိုးစားသော်လည်း စစ်တပ်ကြီး၏ စိတ်ဓာတ်ကား ပျက်ပြားသွားပြီဖြစ်ချေရာ သူတို့အနေဖြင့် မည်ကဲ့သို့ တားနိုင်ပါတော့မည်နည်း။

တပ်ပြေးများက တောင်တန်းများ၊ လွင်ပြင်များကို အလျင်အမြန် ဖြတ်ပြေးနေကြပြီး မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်ဆီသို့ ပုရွက်ဆိတ်များသဖွယ် ဝိုင်းအုံတက်သွားကြသည်။ အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေကာ အားလုံး သွေးပျက်ချောက်ချားနေကြ၏။ “ယိုတုဘုရင်လေး ထပ်စားနေပြီ”

မြေအောက်ဘုံအရှင်သခင်၏မျက်လုံးထဲတွင် ငရဲမီးလျှံ မြေအောက်ဘုံအရှင်သခင်မှာ အံ့အားသင့်နေ၏။ “ကြည့်ရတာ မင်း သိပ်မှတ်စရာမလိုတော့ဘူး ထင်တယ်... အဆောင်နှစ်ဆောင်နဲ့ဆို လောက်လောက်တယ်... ပြည့်တောင် ပြည့်ပါ့မလား”

မရဏတမန်တော် ခေါင်းယမ်းကာ သက်ပြင်းချမိသည်။ “ကျန်တဲ့လူတွေက တကယ့်အာဏာပိုင်တွေချည်းပဲ... ကျွန်တော် မမှတ်ရင်တောင် ဒီပြစ်မှုက ကြီးမားဦးမှာ”

အတော်လေးကြာမှ ဆူညံပွက်လောရိုက်နေမှုများ ငြိမ်သက်သွား၏။

ခေါင်းကြီးကြီးကလေးကြီး လှည့်ပတ်ကြည့်လိုက်သည့်အခါ ထွက်မပြေးဘဲ ရပ်ကျန်ခဲ့သော နတ်ဘုရားတစ်ထောင်ခန့်ကိုသာ မြင်လိုက်ရသည်။ သူ မှင်သက်သွားပြီး ဘယ်မျက်နှာနှင့် ညာမျက်နှာဆီ တစ်လှည့်စီ ကြည့်ကာ မေးလေသည်။ “ညီလေး၊ သူတို့အားလုံး ထွက်ပြေးကုန်ကြပြီ... ငါတို့ ဘာသွားစားရတော့မလဲ”

သူ့အသံ ထွက်လာသည့်အချိန်တွင် နတ်ဘုရားတချို့မှာ ကြောက်စိတ်ကို မထိန်းနိုင်တော့သဖြင့် ထွက်ပြေးသွားကြသည်။ ဆူဆူညံညံအသံများ ပြန်ထွက်လာ၏။

ချင်ဖုန်းကျင့်မှာ အံတကြိတ်ကြိတ်ဖြင့် သူတို့နောက် လိုက်ဖမ်းချင်သော်လည်း ချင်မူက ခန္ဓာကိုယ်ကို ထိန်းချုပ်နေသူ ဖြစ်သည့်အတွက် သူစိတ်တိုင်းကျ မလှုပ်ရှားနိုင်ပေ။

“ငါးသေးသေးလေးတွေ ဘယ်လောက်ပဲများများ ငါးအကြီးကြီးတစ်ကောင်နဲ့ မယှဉ်နိုင်ဘူး”

ချင်မူ့အကြည့်က ကျန်ခဲ့သော နတ်ဘုရားများ၏ ဧရာမခန္ဓာကိုယ်ကြီးများအပေါ် ကျရောက်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး ငါတို့ စားမှာ ဒီငါးကြီးတွေပဲ”

ချင်ဖုန်းကျင့်မှာ စိတ်လှုပ်ရှားလာပြီး မေးလိုက်သည်။ “ဒါဆို ဘာလို့မလှုပ်ရှားသေးတာလဲ”

ချင်မူက တမုဟုတ်ချင်း ခုန်၍ ကောင်းကင်ထက်၌ ပျံဝဲလိုက်သည်။ လေအလယ်ရှိ နတ်ဘုရားလက်နက်များ၊ မိစ္ဆာလက်နက်များမှာ အရည်ပျော်သွားပြီး မီးတဟုန်းဟုန်း တောက်လောင်နေသော ဧရာမဓားကြီးတစ်လက် ဖွဲ့တည်လိုက်၏။ သူက ဓားကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူ ဓားကြီးကို ဆုပ်ကိုင်လိုက်သော အခိုက်အတန့်တွင် ယန်ချင်းကျောင်း၊ ယန်ကျုံရှစ်၊ မဟာနေဧကရာဇ်နှင့် ကျန်ရှိသူများလည်း ကောင်းကင်နတ်သိုင်းကိုယ်စီ ထုတ်လွှတ်ကြ၏။ ကျောက်စိမ်းအကျဉ်းထောင်တံခါးသည် ယိုတုတွင် အမှောင်မိုက်ဆုံးနေရာ၊ မိစ္ဆာနတ်ဆိုးချီ အသိပ်သည်းဆုံးနေရာ ဖြစ်သင့်ပါသော်လည်း ဤအခိုက်အတန့်တွင် ကောင်းကင်ထက်၌ နေအစင်းပေါင်း ထောင်နှင့်ချီ တောက်ပနေသကဲ့သို့ ထင်ရသည်။ ကောင်းကင်အလင်းတန်းများ၏ မီးတောက်မီးလျှံများ ၊ အလင်းတန်းများက မိုင်တစ်သောင်းအထိ ဖြာထွက်ပျံ့နှံ့လာကာ လေအလယ်ရှိ ချင်မူ့ဆီသို့ ပြေးတိုက်ကြသည်။

ယန်ကျုံရှစ်က မာန်သွင်းဟိန်းဟောက်၍ ခန္ဓာကိုယ်ကို ဂျင်သဖွယ် လှည့်ကာ ‌ချီတက်သွားသည်။ သူ့လက်ထဲရှိ အနက်ရောင်ဓားများက ချင်မူ့ကို ထိုးစိုက်ရန် ပျံထွက်လာ၏။

မဟာနေဧကရာဇ်က တောင်ပံတဖျတ်ဖျတ် ခတ်ကာ အမှောင်ကျီးကန်းတစ်ကောင်အသွင် ပြောင်းလိုက်သည်။ အရွယ်အစားမျိုးစုံရှိသော အနက်ရောင်နေများက တဝီးဝီးလည်လျက် ချင်မူ့ဆီသို့ ဝင်တိုက်ကြသည်။

ယန်ချန်းကျောင်းက ဒေါသတကြီး ခုန်ကာ မီးနတ်ဘုရားတစ်ပါးအသွင် ‌ပြောင်းသည်။ သူ၏ဦးခေါင်းနောက်၌ မီးကွင်းများ လှည့်ပတ်နေပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများအား ထုတ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့် မူလဝိညာဉ်များမှ ကောင်းကင်နတ်သိုင်းမျိုးစုံသည်လည်း ကောင်းကင်တစ်ပြင်လုံး ခြုံလွှမ်းသွားပြီး ယိုတု၏အမှောင်ဆုံးနေရာအား လင်းထိန်သွားစေတော့သည်။ ကျောက်စိမ်းအကျဉ်းထောင်တံခါး၏ အတွင်းထဲ၌ပင် နှင်းကဲ့သို့ ဖြူဆွတ်တောက်ပသွားသည်။

ဤအတိုင်းအတာအထိ ကျင့်ကြံထားနိုင်သည် ကြည့်ခြင်းအားဖြင့် အများစုသည် လမ်းစဉ်အဆင့်သို့ ဝင်ရောက်ထားပြီးဖြစ်လိမ့်မည်။ သူတို့၏ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည့်အခါ တစ်ကမ္ဘာလုံး သိမ့်ခါတုန်သွားစေသော စွမ်းအားများ ပျံ့နှံ့လာ၏။

နတ်ဘုရားမဝူကျိက အကြမ်းဆုံးဖြစ်ကာ သူမ၏ သိုင်းလမ်းစဉ်ကောင်းကင်နတ်သိုင်းများက ရင်သပ်ရှုမောဖွယ်ကောင်းသည်။ သူမ၏ လက်သီးချက်များကလည်း ရန်လိုပြင်းထန်ပြီး မာန်အပြည့်ပါကာ လျှပ်စီးများလို လျင်မြန်လှသည်။ သူမက ညာသံပေး၍ ချင်မူ့မျက်နှာဆီသို့ ထိုးချလိုက်၏။ လက်သီးရိပ်များ၊ လက်ဝါးရိပ်များ၊ လက်ချောင်းရိပ်များ ချင်မူ့ဆီသို့ အရပ်လေးမျက်နှာမှ ပြေးဝင်လာကြသည်။

ဤအခိုက်အတန့်တွင် ချင်ဖုန်းကျင့်မှာ အကြီးအကျယ် စိတ်လှုပ်ရှားနေတော့သည်။ သူ တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် အနီရောင်ဓားကြီးတစ်လက်ကို ဆုပ်ကိုင်ထားမိကြောင်း သတိထားမိလိုက်သည်။ ချင်ဖုန်းကျင့် ဇဝေဇဝါ ဖြစ်သွားလေသည်။ ‘ထူးဆန်းတယ်... ငါ ဘာလို့ ဒီဓားကို ကိုင်ထားတာတုန်း... ဓားသိုင်းကို ငါ ဘာမှမသိဘူးလေ...’

သူ့အတွေး ဤနေရာအရောက်တွင် နတ်ဘုရားမဝူကျိက သူ့မျက်နှာဆီသို့ ရောက်လာပြီဖြစ်သည်။

“ကောင်းကင်ဘုံ၏ ဆန်းကြယ်တောင်ထွတ်များအလွန်မှ တစ်ကျော့ပြန် လက်ဝါးတစ်ထောင်”

ချင်မူက ဟစ်ကြွေးလိုက်ပြီး ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများသည် လက်ဝါးချက်တစ်ချက်တည်းအဖြစ် ဖွဲ့တည်သွား၏။ ဤလက်ဝါးချက်တွင် ဆန်းကြယ်တောင်ထွတ်တစ်ထောင် ကိန်းဝပ်နေသယောင် ထင်ရပြီး နတ်ဘုရားမဝူကျိဆီ ပျံသန်းသွားလေသည်။

“နင့်ရဲ့ သိုင်းလမ်းစဉ်က အားနည်းလွန်းတယ်”

နတ်ဘုရားမဝူကျိဆီမှ ထိုးနှက်ချက်များက ချင်မူ့ခန္ဓာကိုယ်အပေါ် ကျရောက်လာသည်။ သို့သော် ချင်မူ့လက်ဝါးချက်ကို ခုခံလိုက်သည့်အချိန်တွင် သူမအမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ နတ်ဘုရားမ၏ လက်နှစ်ဖက်လုံး ကော့လန်သွားပြီး ဖျောက်ခနဲ ကျိုးသွားသည်။

“ဓား လာလော့”

ချင်မူက ချင်ဖုန်းကျင့်၏လက်ထဲမှ ဓားကို လှမ်းဆွဲလိုက်သည်။ ဓားကို တစ်ချက် ဝိုက်ဖြတ်လိုက်သည့်အခါ နတ်ဘုရားမဝူကျိ၏ ခေါင်းသည် လည်တိုင်မှ ပြတ်ထွက်သွားတော့၏။

ဘုန်း

မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများ ရောက်ရှိလာကာ သူတို့ကို လွှမ်းခြုံသွားသည်။ ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းများ တအုန်းအုန်း ပေါက်ကွဲသွားပြီး နှင်းဖြူရောင်အလင်းရောင်မှာ စူးရှတောက်ပလာသည်။ အလင်းရောင်တို့သည် မြေပြင်ကို ညီညာပြန့်ပြူးသွားစေကာ မြေအောက်ဘုံအရှင်သခင်၏ ခါးအထိ ဖြာတက်လာ၏။ ထိုနေရာရောက်မှ အဖြူရောင်အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။

ပေါက်ကွဲမှု၏အလယ်တွင် ချင်မူက မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူ့ရုပ်ခန္ဓာမှာ စုတ်ပြတ်နေပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပင် ရစရာမရှိအောင် ပျက်စီးနေ၏။

ချီနှင့်သွေးလှိုင်းများက သူ့ခန္ဓာကိုယ်ကို ဖြတ်စီးကာ အပြင်စိမ့်ထွက်နေသည်။ ချင်မူမှာ ဓားကြီးကို ကိုင်ရင်း အလွန်စိတ်လှုပ်ရှားနေလေသည်။

“ငါ သိပ်သန်မာနေပြီ...”

သူ့ရုပ်ခန္ဓာသည် ပကတိမျက်စိဖြင့်ပင် မြင်ရသည်အထိ လျင်မြန်စွာ သက်သာပျောက်ကင်းလာ၏။ သူက အားအင်အပြည့် ထုတ်ဖော်ကာ နတ်ဘုရားတစ်ပိုင်း ယန်ကျုံရှစ်ဆီ ပျံတက်သွားရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အများကြီး သန်မာနေပြီကွ —“

နတ်ဘုရားမဝူကျိကို စားရန် ကြိုးစားနေသော ချင်ဖုန်းကျင့်က သူ့အသံကို ကြားလျှင် စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “တောသား....”

All Chapters