← Chapters

ကမ္ဘာမြေကို လောင်ကျွမ်းပြာချမည့် ကောင်းကင်မီးလျှံ

Vol. 57 Ch. 762

ကမ္ဘာမြေကို လောင်ကျွမ်းပြာချမည့် ကောင်းကင်မီးလျှံ

Vol. 57 Ch. 762

“တောသား”

ယန်ကျုံရှစ်က ချင်မူ သူ့မျက်နှာတည့်တည့်သို့ ပြေးဝင်လာသည်ကို မြင်လျှင် ကျယ်‌လောင်စွာ ရယ်လိုက်သည်။ “ယိုတုသားတော် မင်းက တကယ် ဘာမှမသိနားမလည်တဲ့ တောသားပဲ... ငါ့လိုနတ်ဘုရားနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရဲတယ်ပေါ့လေ... ကြည့်ရတာ နာနာအရိုက်မခံဖူးသေးတာပဲ ဖြစ်ရမယ်... အမိကမ္ဘာမြေရဲ့ သွေးဆက်က ဘယ်လောက် အင်အားကြီးမားလဲ ပြရသေးတာပေါ့”

ချင်ဖုန်းကျင့်က အလျင်အမြန် သတိပေးသည်။ “ညီလေး၊ ဒီဂျပုက တော်တော်‌ အင်အားကြီးတယ်... သူ့ကောင်းကင်နတ်သိုင်းတွေကလည်း အင်မတန် ထူးဆန်းတယ်... သူက အင်မတန် လေးတဲ့ ဓားကောင်းနှစ်လက်ကို သုံးတာ... သူ့ကြောင့် ငါ နာခဲ့ရဖူးတယ်”

ယန်ကျုံရှစ်သည် သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများကို ဖြန့်ကျက်လိုက်၍ ရုတ်ခြည်းဆိုသလို သံလိုက်ဆွဲအားတို့ တရှိန်ထိုး ထွက်ပေါ်လာတော့၏။ ချင်မူ ပြေးနေစဉ် ကမ္ဘာဂြိုဟ်ကြီးများ သူ့အပေါ် ပိကျလာသကဲ့သို့ တစ်ကိုယ်လုံး အင်မတန် လေးလံလာသည်ကို ခံစားလာရသည်။

ယန်ကျုံရှစ်၏ သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများက နတ်ဓားနှစ်လက်အသွင် ဖွဲ့တည်သည်။ သူက စိတ္တဇဆန်စွာ ပြုံးလျက် ချင်မူ၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ဆီသို့ ခုတ်ချလိုက်၏။ “မင်း ဘာမှမလုပ်နိုင်ပါဘူးကွာ... အမိကမ္ဘာမြေက ငါ့အမေ၊ ငါက သူ့သွေးသား... ငါလိုနတ်ဘုရားကို ဘယ်သူ တိုက်ခိုက်ရဲမှာလဲ”

“သံလိုက်ဆွဲအား ‌ကောင်းကင်နတ်သိုင်းတွေလား”

ချင်မူ လက်တစ်ဖက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်သော်လည်း လက်မောင်းမှာ အလွန်လေးပင်နေသောကြောင့် မြှောက်မရပေ။

ယန်ကျုံရှစ်၏ ဓားရောင်က သူ့မျက်နှာဆီသို့ ရောက်လာပြီဖြစ်သည်။ ချင်မူ မာန်သွင်းဟိန်းဟောက်၍ လက်ဝါး ဆန့်ထုတ်လိုက်သည့်အခါ ကောင်းကင်မီးလျှံသလင်းကျောက်များ ဝေါခနဲ ထွက်လာပြီး တဂျောက်ဂျောက် အက်ကွဲပွင့်ထွက်ကုန်၏။ တခဏလေးအတွင်း ကောင်းကင်မီးလျှံကား မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော ဧရိယာပတ်ပတ်လည်၌ ပြည့်နှက်သွားတော့သည်။

ယန်ကျုံရှစ်၏ သံလိုက်ဆွဲအား နတ်ဓားနှစ်လက် ကောင်းကင်မီးလျှံ သလင်းကျောက်ငယ်များကို ပိုင်းဖြတ်လိုက်သည့် အခိုက်အတန့်တွင် မဟာနေဧကရာဇ်၏ အော်ဟစ်သတိပေးသံ ထွက်လာသည်။ “အိမ်ရှေ့မင်းသားကျုံရှစ်၊ အဲဒီသလင်းကျောက်တွေကို မထိနဲ့... မြန်မြန်နောက်ဆုတ်—“

သို့သော် နောက်ကျသွားချေပြီ။

ယန်ကျုံရှစ်၏ သံလိုက်ဆွဲအား နတ်ဓားနှစ်လက် ပထမဆုံး ကောင်းကင်မီးလျှံသလင်းကျောက်ကို ခုတ်ဖြတ်လိုက်သည့်အချိန်တွင် ကောင်းကင်မီးလျှံစွမ်းအားက ဟုန်းခနဲ တောက်လောင်သွားသည်။ အလျှံတညီးညီး ဟဲဟဲထနေသော မီးတောက်မီးလျှံများသည် သံလိုက်ဆွဲအား နတ်ဓားနှစ်လက်ကို အရည်ဖျော်ပစ်လိုက်ပြီး ပေါက်ကွဲအားလှိုင်းက ပတ်ဝန်းကျင်ရှိ ကျန်သလင်းကျောက်များဆီသို့ ကူးစက်ပျံ့နှံ့သွား၏။

ဖောင်း ဖောင်း ဖောင်း —

ယန်ကျုံရှစ်ကို ဗဟိုပြုလျက် ကောင်းကင်မီးလျှံ သလင်းကျောက်အားလုံးနီးပါး တစ်ပြိုင်တည်း ပေါက်ကွဲကုန်သည်။ နေရာဟင်းလင်းပြင်မှာ တမုဟုတ်ချင်း စိစိညက်ညက် ပြိုကွဲသွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းကင်မီးလျှံများက နေရာဟင်းလင်းပြင်၏ အတွင်းပိုင်းထဲသို့ ကူးစက်ဖြာထွက်ကုန်၏။ ကောင်းကင်နှင့်မြေပြင်လည်း အရည်ပျော်ကုန်သဖြင့် မီးကျွမ်း‌လောင်နေသော ဟင်းလင်းပြင်အလွှာအထပ်ထပ် ပေါ်လွင်လာတော့သည်။

မြေပြင်တစ်ခုလုံး သွက်သွက်ခါနေစဉ် ကောင်းကင်ထက်၌ မီးလုံးကြီးတစ်လုံး ဖွဲ့တည်လာကာ မည်သည့်အရာကိုမဆို မီးလောင်တိုက်သွင်းနေ၏။ ယိုတု၏မိစ္ဆာနတ်ဆိုးချီများသာမက မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်ရှိ မြေပြင်ပင်လျှင် မီးဟုန်းဟုန်းတောက်နေတော့သည်။

မီးလုံးကြီးက ပြန့်ကားလာပြီး ဖြတ်ကျော်လာသမျှ အရာရာတိုင်းအား‌ အငွေ့ပျံသွားစေသည့်အတွက် ဟာလာဟင်းလင်း အပေါက်ကြီးများသာ  ကျန်ခဲ့သည်။ စက္ကူရွက်ကို မီးတို့လိုက်သကဲ့သို့ အပေါက်တို့၏ အနားသတ်များမှ အစပြုလျက် ဟင်းလင်းပြင်အလွှာများမှာ မီးလောင်ကျွမ်းနေသည်။

ဤစွမ်းအားသည် ကောင်းကင်နယ်စားမင်း၏ စွမ်းအားပင် ဖြစ်ချေ၏။

ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေ၊ မြေအောက်ဘုံအရှင်သခင်။ သူတို့သုံးယောက်လုံးသည် မတူညီသော တန်ခိုးစွမ်းအားတို့ကို အပိုင်စားရကာ ရှေးအကျဆုံး နတ်ဘုရားများ ဖြစ်ကြ၏။

ချင်မူက ကောင်းကင်မီးလျှံမဟာတာအိုဖြင့် ယန်ကျုံရှစ်၏ သံလိုက်ဆွဲအားမဟာတာအိုကို ဖြိုခွင်းခဲ့သည်။ ယန်ကျုံရှစ်သည်လည်း တော်ရုံတန်ရုံ နတ်ဘုရားမဟုတ်ပေ။ သူက သံလိုက်ဆွဲအားအလင်းတန်းများဖြင့် သူ့ခန္ဓာကိုယ်သူ ကာကွယ်လိုက်သည်။ ‌ပေါက်ကွဲခြင်းအားလှိုင်းက သူ၏ သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများကို ဖြတ်ကျော်သွားသော်လည်း သူ့ကို မထိခိုက်သွားပေ။

သို့ရာတွင် တဟုန်းဟုန်း တောက်လောင်နေသော ကောင်းကင်မီးလျှံများက သူ့ကို ဝိုင်းရံထားသဖြင့် ကောင်းကင်အလင်းတန်းများပင် အရည်ပျော်ကျလာသည်။

မီးတောက်ထဲ၌ ချင်မူက ဓားကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်၍ ရှေ့သို့ ထိုးစိုက်လိုက်သည်။ ဓားရောင်က သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများကို ထိုးခွင်းကာ ယန်ကျုံရှစ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ရွှစ်ခနဲ ထိမှန်သွား၏။

သင်္ကေတအမှတ်အသားများသည် ယန်ကျုံရှစ်၏ မျက်ခုံးနှစ်ဖက်ကြားတွင် လှည့်ပတ်လာပြီး ဓားကို ဟန့်တားလိုက်သည်။ ဓားရောင်၏ စွမ်းအားအောက်တွင် သံလိုက်ဆွဲအား သင်္ကေတအမှတ်အသားများမှာ ဖြိုခွဲခံလိုက်ရကာ ဓားရောင်သည် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ အတင်းအဓမ္မ တိုးဝင်သွား၏။

ယန်ကျုံရှစ် ကမန်းကတန်း နောက်ဆုတ်လိုက်သည့်အခါ ကောင်းကင်မီးလျှံများကို ဝင်တိုက်မိသဖြင့် သူ၏မူလဝိညာဉ်တွင် မီးစွဲလောင်လာသည်။

ယန်ကျုံရှစ်မှာ မီးလောင်နေသော သူ၏မူလဝိညာဉ်ကိုယ်မှ အစိမ်းရောင်အခိုးအငွေ့များ ထွက်လာ၍ ဒေါသတကြီး အော်ဟစ်နေတော့သည်။ ထိုအချိန်တွင် မဟာနေဧကရာဇ်က ချင်မူ့ကို သုတ်ချီရန် ကောင်းကင်မီးလျှံများကြားမှ ပျံသန်းလာသည်။

ချင်မူက ရုပ်ခန္ဓာကို လျင်မြန်စွာ ချုံ့ကာ ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းလိုက်သည်။ မဟာနေဧကရာဇ်မှာ လေကိုသာ ဖမ်းဆုပ်မိလိုက်၍ ကပျာကယာ တောင်ပံခတ်ကာ ငှက်ခေါင်း၊ လူကိုယ်ရှိသော နတ်ဘုရားတစ်ပါးအသွင် ပြောင်းလိုက်၏။ ထို့နောက် ခြေသုံးချောင်း ပေါက်လာပြီး သူ၏တောင်ပံများက နတ်ဓားမများသဖွယ် ဖြစ်လာသည်။

သူက ခန္ဓာကိုယ်ကို ဝိုက်လှည့်၍ တောင်ပံများ၊ လက်သည်းခြေသည်များ၊ နှုတ်သီးများ သုံးကာ ချင်မူ့ကို မုန်တိုင်းလို တိုက်ခိုက်တော့သည်။ ကောင်းကင်မီးလျှံစွမ်းအားကို မျက်မြင်တွေ့ထားရသောကြောင့် သူ့အနေဖြင့် မီးကောင်းကင်နတ်သိုင်းတွင် ချင်မူ့ကို အနိုင်မယူနိုင်မှန်း သိထား၏။ သို့ဖြစ်၍ ကောင်းကင်နတ်သိုင်းမသုံးဘဲ အနီးကပ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

မဟာနေဧကရာဇ်မှာ သေလူဖြစ်သော်လည်း သူ၏မူလဝိညာဉ်သည် အတိုင်းထက်အလွန် သန်မာအားကောင်းသေး၏။ နဂါးဟန်ခေတ်တွင် ထင်ရှားကျော်ကြားသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သူပီပီ အနီးကပ်တိုက်ပွဲတွင် သူ မည်သူ့ကိုမှ မကြောက်ပေ။

သူ၏ငှက်မွှေးများက ဓားသဖွယ်၊ တောင်ပံတို့က ဓားမ,အလား၊ လက်သည်းတို့က ချိတ်ကောက်များပမာ၊ နှုတ်သီးသည် ဆူးချွန်ကဲ့သို့... သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် ချင်မူ့ကို အလွယ်အကူ အသက်နုတ်ပစ်နိုင်သော လက်နက်များ ဖြစ်နေ၏။

“ယိုတုသားတော်၊ အနီးကပ်တိုက်ပွဲမှာ ငါ တစ်ခါမှ မရှုံးဖူးဘူး”

မဟာနေဧကရာဇ်သည် သက်တံ့ရောင်စဉ်ပမာ ခံ့ညားထည်ဝါသော အဟန့်အထည်ဖြင့် အော်ဟစ်လိုက်၏။ “လျှို့ဝှက်ခြင်း သဘောတရားကို ပိုင်းဖြတ်မည့် မဟာနေဧကရာဇ်၏ အမွှေးအတောင်တစ်ထောင်”

သူ၏တောင်ပံနှစ်ဖက်အပေါ်မှ ငှက်မွှေးတောင်များ မြောက်တက်လာပြီး ချင်မူ့ဆီသို့ ဓားများသဖွယ် တဝှစ်ဝှစ် ပြေးဝင်လာသည်။ ချင်မူ၏ခန္ဓာကိုယ်တွင် သွေးယိုစီးနေသော အပေါက်များ ပွင့်ထွက်သွား၏။

မဟာနေဧကရာဇ် တောင်ပံနှစ်ဖက်ကို လှုပ်ခါလိုက်သည့်အခါ ငှက်မွှေးတောင်တစ်ထောင်က သူ၏တောင်ပံနှစ်ဖက်ဆီသို့ ပြန်ရောက်လာသည်။ ထို့နောက် တောင်ပံများက ဓားဒလက်လို လည်၍ ချင်မူ့အား တရစပ် ခုတ်ချလိုက်သည်။

ချင်မူ့ခန္ဓာကိုယ်‌ပေါ်ရှိ ဒဏ်ရာများက လျင်မြန်စွာ ပျောက်ကင်းနေပြီး သူသည် လက်နှစ်ဖက်ကို အထက်အောက် လှုပ်ရှားလျက် မဟာနေဧကရာဇ်၏ သိုင်းကွက်များကို ခုခံနေသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “နွားစကား  မပြောနဲ့”

မဟာနေဧကရာဇ် ရင်ထဲတွင် တုန်လှုပ်သွားသည်။ ‘နွား’ ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် သူ့စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာ နွားခေါင်းနတ်ဘုရားတစ်ပါး၏ ပုံရိပ် ပေါ်လွင်လာ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နဂါးဟန်ခေတ်၏ ပထမနှစ်တွင် ရွှေအဆင့်တပ်မှူးနျိုပန်းသည် လက်ချည်းသက်သက်ဖြင့် သူ့ကို အနိုင်ယူခဲ့ကာ သူ၏အရှက်သိက္ခာအားလုံး မြောင်းထဲကျသွားစေခဲ့သည်။

ထို့နောက်ပိုင်း မဟာ‌နေဧကရာဇ်၏ နေကောင်းကင်မီးလျှံစွမ်းရည်များ မြင့်မားသထက် မြင့်မားလာ၏။ နျိုပန်းထက် သာပြီဟု ယုံကြည်ချက်ရှိလာသဖြင့် ကလဲ့စားချေရန် လိုက်ရှာခဲ့သော်လည်း နျိုပန်းအား မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။

လက်စွဲတော်ဓားက ယန်ကျုံရှစ်၏ မျက်ခုံးနှစ်ဖက်ကြား၌ စိုက်နေသဖြင့် ချင်မူကလည်း သူ့ကို လက်ဗလာဖြင့် တိုက်ခိုက်နေသည်။ မဟာနေဧကရာဇ်၏ သိုင်းကွက်များက မြန်သည်ထက် မြန်လာသည့်တိုင် ချင်မူ၏ခံစစ်အား မထိုးဖောက်နိုင်ပေ။

တစ်ဖက်တွင် ယန်ကျုံရှစ်မှာ ကောင်းကင်မီးလျှံများ စွဲလောင်နေ၍ သွေးရူးသွေးတန်း နောက်ဆုတ်နေသည်။ ချင်မူကလည်း ဓားကို မလွှတ်သေးဘဲ သူဆုတ်ရာနောက်သို့ အနီးကပ်လိုက်သွား၏။

ဤအခိုက်အတန့်၌ ယန်ချင်းကျောင်း တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်လာသည်။

“မဟာပြန့်ကားခြင်း နဂါးအက”

မီးနဂါးများက အစွယ်များ၊ လက်သည်းများ ထုတ်၍ ယန်ချန်းကျောင်းကို ခြံရံလိုက်ကြကာ သူ၏ခန္ဓာကိုယ်ထဲမှ ဝင်ချည်၊ ထွက်ချည် လုပ်နေကြသည်။ ယန်ချန်းကျောင်း၏ အသွင်မှာ မီးနဂါးများခြုံလွှမ်းထားသော မိစ္ဆာနတ်ဘုရားပမာ ထင်ရ၏။ သူ၏ကောင်းကင်နတ်သိုင်းဖြစ်စေ၊ တန်ခိုးစွမ်းအားဖြစ်စေ အလွန်အမင်း ကြောက်စရာကောင်းလှသည်။

မဟာနေဧကရာဇ် စိတ်သက်သာရာရသွားတော့သည်။ ယန်ချန်းကျောင်းသည် မသေခင်က ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်မဟုတ်ပါလော။ မီးကောင်းကင်နတ်သိုင်းတွင် သိမြင်နှံ့စပ်၍ ကောင်းကင်မီးလျှံများကို မကြောက်သည့်အပြင် ယိုတု၏အာဏာပိုင်တစ်ဦးလည်း ဖြစ်၏။

မဟာနေဧကရာဇ်နှင့် ယန်ချန်းကျောင်းက နှစ်ယောက်ပေါင်းပြီး ချင်မူ့ကို တိုက်ခိုက်နေသည်။ ယန်ချန်းကျောင်း၏ခန္ဓာကိုယ်က ချင်မူနှင့် တစ်ရွယ်တည်း ဖြစ်သည့်တိုင်အောင် ကျုံ့လာ၏။ နှစ်ယောက်စလုံး ချင်မူ့ကို ဘယ်နှင့် ညာမှ ကြားညှပ်တိုက်ခိုက်နေကြသော်လည်း ချင်မူက သူတို့၏သိုင်းကွက်များကို ခုခံနိုင်သေးသည်။

ဓားက ယန်ကျုံရှစ်၏ နဖူးထဲ နစ်ဝင်နေရာမှ ဦးခေါင်းခွံအထိ ဖောက်ထွက်နေချေပြီ။

သူတို့လေးယောက်လုံး၏ ခြေလှမ်းခြေကွက်များက မှန်းဆမရအောင် မြန်ဆန်လှပြီး သိုင်းကွက်များဆီမှ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းသံများ ဆူညံပေါက်ကွဲနေသည်။

ရုတ်တရက် ကောင်းကင်အထက်မှ သာယာညင်းပျောင်းသော ပုလွေသံ ထွက်လာသည်။ နှင်းကဲ့သို့ ဖြူဆွတ်နေသော အဝတ်အစားနှင့် နတ်ဘုရားတစ်ပါးသည် ခြေဗလာဖြင့် ကောင်းကင်မီးလျှံများအပေါ်သို့ နင်းလိုက်၏။ သူက ကျောက်စိမ်းပုလွေကို ဆုပ်ကိုင်လျက် တည်ငြိမ်အေးချမ်းသော သံစဉ်တေးသွားတစ်ခုကို တီးမှုတ်နေသည်။

“ကောင်းကင်နယ်စားမင်းရဲ့ တပည့်... ကောင်းကင်နတ်ဘုံက သူတော်စင်ဟွေ့ယွင်ပါလား”

ယန်ချင်းကျောင်း ဝမ်းသာသွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းလိုက်တဲ့ သံစဉ်... မဟုတ်မှ ‌ကောင်းကင်မီးလျှံ လောင်ကျွမ်းခြင်းနတ်တေးသွားများလား”

သူတော်စင်ဟွေ့ယွင်သည် ကျောက်စိမ်းပုလွေကို တီးမှုတ်နေ၍ ကောင်းကင်မီးလျှံ လောင်ကျွမ်းခြင်းနတ်တေးသွားက ပျံ့လွင့်နေ၏။ အသံလှိုင်းများက ကောင်းကင်မီးလျှံကို ထိန်းချုပ်ကာ ချင်မူ့ကို တိုက်ခိုက်နေလေသည်။

မဟာနေဧကရာဇ်က ပြုံးလျက် ပြောသည်။ “သူတော်စင်ဟွေ့ယွင်ရဲ့ အကူအညီနဲ့ဆို ယိုတုသားတော်ကို ကျုပ်တို့ နိုင်တယ်”

သူတော်စင်ဟွေ့ယွင် လှုပ်ရှားလိုက်သည်။ သူက တရှိန်ထိုး တိုက်ခိုက်နေကြသော သူတို့လေးယောက်ကို ကောင်းကင်မီးလျှံထဲ၌ ဝိုင်းထားလိုက်ပြီး ပုလွေသံမှာ စည်းချက်ကျကျ ပျံ့လွင့်လျက် ရှိ၏။

သူတော်စင်ဟွေ့ယွင် ကျယ်လောင်စွာ တီးမှုတ်နေသည့်အချိန်မှာပဲ ချင်မူ၏နဖူးပေါ်ရှိ တတိယမျက်လုံးက ပွင့်လာပြီး အလင်းတန်းတစ်တန်း ထွက်လာသည်။ အလင်းတန်းက သူတော်စင်ဟွေ့ယွင်၏ လည်တိုင်ကို ဝိုက်ဖြတ်သွား၏။

သူတော်စင်ဟွေ့ယွင်၏ခေါင်းက မှင်သက်နေသောအနေအထားဖြင့် ပြုတ်ကျသွားချေပြီ။

ချင်ဖုန်းကျင့်က သူတော်စင်ဟွေ့ယွင်၏ မူလဝိညာဉ်နှစ်ပိုင်းကို ကပျာကယာ လှမ်းဆွဲပြီး ပါးစပ်ထဲ ထည့်ကာ အေ့ခနဲ လေချဉ်တက်လိုက်၏။

‘သေစမ်း ဗိုက်ပြည့်သွားပြီဟ’

ခေါင်းကြီးကြီးကလေးကြီး ပျာယာခတ်သွားသည်။ စောစောက နတ်ဘုရားမဝူကျိကို သူ စားနေခဲ့ခြင်း ဖြစ်ပြီး အစာမချေရသေးခင် သူတော်စင်ဟွေ့ယွင်ကို စားလိုက်မိ၏။ သူ့မှာ ဗိုက်ကြီးဖောင်းကားသွားကာ ပျို့အစ်နေတော့သည်။

‘စားစရာတွေ အများကြီး ကျန်သေးတယ်.... ဘယ်လိုလုပ်ရပါ့’ သူ့အတွေးများ ယောက်ယက်ခတ်နေသည်။

ကောင်းကင်မီးလျှံ၏အပြင်တွင် ရှေးဟောင်းနတ်ဘုရားများစွာ ရပ်နေကြပြီး မဝင်ရဲကြ‌ပေ။

ကောင်းကင်မီးလျှံသည် အလွန်ပူသည့်အပြင် မူလဝိညာဉ်ကိုပင် ဒဏ်ရာအပြင်းအထန် ရစေနိုင်၏။ ဤအချက်က အဆင့်မြင့်သိုင်းပညာရှင်များ သေဆုံးပြီးနောက်တွင် မူလဝိညာဉ်အဖြစ် ယိုတုသို့ ဆင်းသက်နိုင်သော်လည်း ရွှမ်တုသို့ မသွားနိုင်သည့် အကြောင်းရင်းဖြစ်သည်။

ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်တွင် ကောင်းကင်မီးလျှံများ တမြေ့မြေ့ တောက်လောင်နေသည့်အတွက် ဝိညာဉ်ဖြစ်စေ၊ မူလဝိညာဉ်ဖြစ်စေ မနေနိုင်ပေ။

ရုတ်တရက် နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်၏ မျက်လုံးများ ဝင်းလက်သွားသည်။ “သူတို့ ကောင်းကင်မီးလျှံအပြင်မှာ တိုက်ခိုက်နေကြပြီ”

မီးလှိုင်းများက မိုင်ထောင်ချီသော အကွာအဝေးအထိ ဖြာထွက်လာသည်။ ၎င်းတို့က ချင်မူ၊ မဟာ‌နေဧကရာဇ်နှင့် ယန်ချင်းကျောင်းတို့၏ ‌ကောင်းကင်နတ်သိုင်းများ မီးနဂါးများသဖွယ် လူးလွန့်ထွက်လာကြခြင်း ဖြစ်၏။

ထို့နောက် ကောင်းကင်မီးလျှံ၏အပြင်အထိ ‌တောက်လျှောက်တိုက်ခိုက်ရင်း ထွက်လာသော သူတို့၏အရိပ်များကို မြင်ကြရသည်။ ရှေးဟောင်းသိုင်းပညာရှင်များမှာ ကပျာကယာ ပျံတက်၍ ကြည့်လိုက်ကြသော်လည်း ချင်မူ့ဓားရောင်က ယန်ကျုံရှစ်၏ နဖူးမှ နောက်စေ့အထိ ဖောက်ထွက်နေသည်ကိုသာ မြင်လိုက်ရ၏။

“ငါ့ဟာ”

ချင်မူ၏ ဝဝကစ်ကစ် ကလေးခေါင်းကြီးမှာ ပျော်ရွှင်နေသည်။ သူက ယန်ကျုံရှစ်ကို ဖမ်းဆွဲပြီး ပါးစပ်ကြီးဟကာ ထည့်လိုက်၏။ ထို့နောက် အေ့ခနဲ လေချဉ်တက်လိုက်ပြီး ဗျာများသွားသည်။ ‘ငါ့ကိုယ်ငါ စားနိုင်လှပြီထင်တာ မစားနိုင်ဘူးဟ...’

“ရာရာစစ”

နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ရာကျော် တိုက်ခိုက်ရန် ပြေးတက်သွားကြသော်လည်း အရေအတွက်များလွန်းနေကြောင်း ခံစားလိုက်ရသည်။ အရေအတွက်များလွန်းသဖြင့် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်မိပြီး သိုင်းကွက်များ ထုတ်လွှတ်ရန် ဒုက္ခရောက်နေ၏။

ချင်မူ့ကို အမှန်တကယ် တိုက်ခိုက်နိုင်လိုက်သူ အနည်းငယ်သာ ရှိလိုက်သည်။ သို့သော် ချင်မူ၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်က ပတ်ဝန်းကျင်မှ သိုင်းကွက်များကို ခုခံဟန့်တားလေသည်။

ထို့အပြင် ဤယိုတုသားတော်၏ အ‌ရေပြားက မာကြောလှသဖြင့် အားလုံး တူတူပေါင်းတိုက်ကြသည့်အချိန်တွင်ပင် သူ့ကို ဒဏ်ရာရရုံသာ လုပ်နိုင်၏။ အသက်သေဆုံးလောက်သည်အထိ မလုပ်နိုင်ကြပေ။

ချင်မူ့ခြေလှမ်းများသည် လျင်မြန်စွာ ရွေ့လျားနေပြီး သူက လမ်းစဉ်မျိုးစုံ၊ ကျင့်စဉ်မျိုးစုံ၊ ကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်နေသည်။ အန္တရာယ်များလာလျှင် သူက လက်ခြောက်ဖက်ကို မြှောက်၍ အနီးကပ်တိုက်ခိုက်နေသူများအား မိုင်တစ်ထောင်အကွာသို့ တွန်းထုတ်တတ်၏။

“သူ့ မှော်စွမ်းအင်က ဘယ်လိုလုပ် ဒီလောက် သန်မာအား‌ကောင်းနေတာလဲ” မဟာနေဧကရာဇ်လည်း ဒဏ်ရာရထားသဖြင့် မချိတင်ကဲ ဖြစ်နေသည်။

ယန်ချန်းကျောင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ယိုတုမှာ သူ့မှော်စွမ်းအင်က မကုန်ခမ်းနိုင်ဘူး”

ရုတ်တရက် ချင်မူ၏ခေါင်းသုံးလုံးအပေါ်ရှိ တတိယမျက်လုံးများမှ အလင်းတန်းများ ထွက်လာသည်။ အလင်းတန်းများက လမ်းတွင် ရှိသမျှ အရာအားလုံးကို ပိုင်းဖြတ်ခုတ်ထွင်နေ၏။ အကုန်လုံး ရှောင်တိမ်းလိုက်ကြသော်လည်း နှစ်ခြမ်းဖြတ်ခံလိုက်ရသူ အတော်များလေသည်။

မူလဝိညာဉ် နှစ်ပိုင်းပြတ်သွားခြင်းက ရုပ်ခန္ဓာ နှစ်ပိုင်းပြတ်သွားခြင်းနှင့် မတူပေ။ မူလဝိညာဉ် ခုတ်ဖြတ်ခံလိုက်ရခြင်းသည် ဝိညာဉ်များ ဖျက်စီးလိုက်ရသဖြင့် ဝိညာဉ်သန္ဓေသားများသာ ကျန်ခဲ့မည်ဟု ဆိုလို၏။ (မူလဝိညာဉ်မှာ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်ပေါင်းစည်းနေခြင်း ဖြစ်သည်)

ချင်ဖုန်းကျင့်မှာ မျက်လုံးကြီးအပြူးသားဖြင့် ကြည့်နေပြီး ရင်နာလာသည်။ သူက နူးညံ့ပျော့ပျောင်းစွာ ပြောလေသည်။ “ညီလေး၊ ညီအလိမ္မာလေး... ငါ တကယ် မစားနိုင်တော့ဘူးကွာ... ဖြည်းဖြည်း တိုက်လို့ရမလား... သူတို့ကို သေအောင် မသတ်ဘဲ ခဏလောက် ထားထားပါဦး... အစ်ကိုကြီး၊ မင်းက အစ်ကိုကြီးပဲ ထပ်ပြီး မသတ်တော့နဲ့နော်...”

ချင်မူက သူ့စကားကို အဖက်မလုပ်ဘဲ ဒဏ်ရာရထားသော ခန္ဓာကိုယ်ဖြင့် ကပ်ဘေးပင့်မြှောက်ဓားကို ထုတ်ဖော်ကာ သတ်ဖြတ်နေသည်။ သူ၏ခေါင်းနှစ်လုံးမှာ ဖြတ်‌တောက်ခံထားရပြီး လက်လေးဖက်လည်း ကျိုးနေပြီဖြစ်၏။

ပြတ်တောက်နေသော လည်တိုင်များမှ အသားများ လူးလွန့်ထွက်လာပြီး ခေါင်းနှစ်ခေါင်း ထပ်ပေါက်လာသည်။

ချင်ဖုန်းကျင့်မှာ တုန်လှုပ်သွားပြီး အသတ်ခံလိုက်ရသော မူလဝိညာဉ်များကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူ့ပါးစပ် သိပ်ထည့်နေသော်လည်း မြိုမချနိုင်တော့ပေ။ ရုတ်တရက် အကြံတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။ “အကြံရပြီ... ငါ မစားဘဲ သိုလှောင်ထားလို့ ရတာပဲ”

ထိုသို့ပြောပြီးနောက် သူက ပြိုကွဲနေသော မူလဝိညာဉ်များကို သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝမ်းသာအားရ ထိုးထည့်လိုက်သည်။

ချင်ဖုန်းကျင့်၏ တတိယမျက်လုံးထဲ၌ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားနှင့် ချိဧကရာဇ်၏ အသိစိတ်အလျဉ်သည် အပြင်ရှိ တိုက်ပွဲအခြေအနေကို ရင်တမမဖြင့် ကြည့်နေကြ၏။ ရုတ်တရက် ကောင်းကင်နှစ်ခြမ်း ကွဲသွားပြီး ဝိညာဉ်အပိုင်းအစများ ပြုတ်ကျလာသည်။ မကြာမီ မြေကြီးပေါ်၌ ‌တောင်လိုပုံသွားတော့သည်။

သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။

ဤအချိန်တွင် မဟာနေဧကရာဇ်လည်း အထဲသို့ ပစ်ထည့်ခံလိုက်ရ၍ မြေကြီးပေါ် ပြုတ်ကျလာ၏။

ဤမဟာနေဧကရာဇ်မှာ မူလဝိညာဉ်ဖြစ်ပြီး မသေသေးပေ။ သူက ကမန်းကတန်း တောင်ပံခတ်ပြီး ဤနေရာမှ ထွက်ရန် ပြင်သည်။

ကောင်းကင်နယ်စားမင်းက စေတနာဖြင့် ပြောလိုက်၏။ “ငှက်ကလေး၊ ပြေးမနေနဲ့.... ငါတို့တောင် မလွတ်တာ မင်းက ဘယ်လိုလုပ် လွတ်မယ် ထင်နေတာလဲ... ဒီအထဲ ဘယ်လိုရောက်လာတာတုန်း”

မဟာနေဧကရာဇ် အံ့အားသင့်သွားပြီး ယခုမှ ဤနှစ်ယောက်ကို သတိထားမိ၏။ သူ ကမန်းကတန်း နှုတ်ဆက်လိုက်သည်။ “ကောင်းကင်နယ်စားမင်း၊ ‌ကောင်းကင်နယ်စားမင်းလည်း ယိုတုသားတော်ရဲ့ အစာ ဖြစ်နေတာလား”

“ဖွီ ဖွီ ဖွဟဲ့ လွယ်ပါစေ ဖယ်ပါစေ နိမိတ်မရှိ နမာမရှိ... ငါက ဘယ်လိုလုပ်ပြီး သူ့အစာ ဖြစ်မှာတုန်းကွ... ဒီမိစ္ဆာလေး သက်ရှိသတ္တဝါတွေကို အန္တရာယ်ပေးနေတာ မကြည့်ရက်တော့လို့ ချေချွတ်ပေးဖို့ ငါ့ဘာသာ ဒီကို ဝင်လာခဲ့တာ... ဒါနဲ့ မင်း ဘာလို့ ဒီရောက်လာတာလဲ”

မဟာနေဧကရာဇ်မှာ ရှက်ရွံ့သွားကာ ပြောလိုက်သည်။ “စောစောက ယိုတုသားတော်ကြောင့် မှင်သက်နေတုန်း အဲဒီကလေးကြီးက ကျုပ်တောင်ပံကို ဆွဲပြီး အထဲ ထည့်လိုက်တာပါ... ကောင်းကင်နယ်စားမင်းအနေနဲ့ အခုလို သက်ရှိသတ္တဝါတွေကို သူ ဒုက္ခမပေးအောင် ချေချွတ်ချင်နေတာ အမှန်တကယ် လေးစားထိုက်ပါပေတယ်... ဒါပေမဲ့ သူ ဘာလို့ အပြင်မှာ သတ်နေနိုင်သေးတာလဲဟင်”

မုတ်ဆိတ်ဖြူအဘိုးကြီးက မုတ်ဆိတ်မွှေးများကို မှုတ်ထုတ်ပြီး မျက်လုံးကြီးပြူးလျက် သူ့အား ကြည့်သည်။ “ငှက်ကလေး၊ မင်း ဘယ်လိုသေခဲ့လဲ သိလား”

မဟာနေဧကရာဇ် ခပ်တိုးတိုး ရေရွတ်မိသည်။ “ကျုပ်က နှုတ်မလုံတဲ့အပြင် လျှို့ဝှက်ချက်တွေ အများကြီးလည်း သိထားလို့ အကြောင်းမဲ့သက်သက် သေခဲ့ရတာပါ”

ကောင်းကင်နယ်စားမင်းက နှာခေါင်းရှုံ၍ မှင်သေသေ ပြောလိုက်၏။ “သေသွားပြီး မူလဝိညာဉ်ရှိသေးတာ တော်သေးတယ် မှတ်... မင်း ပေါက်ကရဆက်ပြောရင် ဝိညာဉ်တောင် မကျန်ဘဲ နေမယ်”

မဟာနေဧကရာဇ် ပါးစပ်ပိတ်သွား၏။ တခဏကြာသော် သူက မေးလိုက်သည်။ “အဲဒါဆို ယိုတုသားတော် ကျုပ်ကို စားဦးမှာလား”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက တဟားဟား ရယ်မောလိုက်ရင်း ပြောသည်။ “ငါ ဒီမှာ နေတာ ကြာပြီ... ယိုတုသားတော်က အစွမ်းအစရှိပေမယ့် ငါ့နောက် လိုက်သရွေ့ သူ မင်းကို စားဖို့ မေ့နေလိမ့်မယ်”

မဟာနေဧကရာဇ် ပျော်သွားသည်။

ချိဧကရာဇ်က မချုပ်တည်းနိုင်တော့ဘဲ ဝင်ပြော၏။ “သူ့ကို မယုံနဲ့... ငါ သူ့ကို ယုံလိုက်မိလို့ ဘယ်နှကြိမ် အရိုက်ခံခဲ့ရလဲ ဘုရားပဲ သိလိမ့်မယ်”

မဟာနေဧကရာဇ် ကပျာကယာ မေးလိုက်မိသည်။ “ခင်ဗျားက....”

“ချိမင်ကောင်းကင်နတ်ဘုံ၊ ချိဧကရာဇ်”

မဟာနေဧကရာဇ် အံ့အားသင့်သွားသည်။

အပြင်မှ အပိုင်းအစများ ကျလာနေဆဲ ဖြစ်ပြီး ရုတ်တရက် ကောင်းကင်မှာ မှောင်မည်းသွားသည်။ အပြင်တွင် လှုပ်ရှားမှုမရှိတော့ပေ။

“လုလီတို့ လှုပ်ရှားလိုက်ပြီ”

မဟာနေဧကရာဇ်ဆီမှ အော်သံထွက်လာသည်။ “သားသတ်ဒယ်အိုးနဲ့ ကောင်းကင်ပိုက်ကွန်က ပေါင်းစည်းသွားပြီး သူ့ကို ပိတ်လှောင်လိုက်ပြီ... ကျုပ်တို့ လွတ်ပြီ လွတ်ပြီ”

ကောင်းကင်နယ်စားမင်း၏ကိုယ်ပွားတွင် စိုးရိမ်နေသောအမူအရာ ရှိပြီး သူက ခေါင်းယမ်းနေ၏။ “မင်း အတွေးများနေပြီ... မကောင်းတော့ဘူး၊ သားသတ်ဒယ်အိုးနဲ့ ကောင်းကင်ပိုက်ကွန်က ငါတို့ကိုလည်း ဒယ်အိုးထဲက လူတွေနဲ့အတူ သေအောင် လုပ်လိုက်လိမ့်မယ်.... လုလီက ဒုတိယမြေအောက်ဘုံအရှင်သခင် ဖြစ်လာဖို့ ကြိုးစားနေတာပဲ”

All Chapters