မွှေးလိုက်တာ
Vol. 57 Ch. 763
ချင်မူ သဲကြီးမဲကြီး သတ်ဖြတ်နေစဉ် အဝေးမှ အခြေအနေစောင့်ကြည့်နေသော လုလီက လေးထောင့်ဒယ်အိုးတစ်လုံးကို ပင့်မြှောက်လိုက်သည်။
ဒယ်အိုးသည် လေ့ထောင့်ကျသော်လည်း လေးထောင့်အဖုံးအောက်တွင် ကမ္ဘာလောကများ၏ ကြယ်တာရာများ ရေးဆွဲခတ်နှိပ်ထားသည့် စက်ဝိုင်းသဏ္ဍာန် အမှတ်အသားတစ်ခု ရှိသည်။ ထိုအမှတ်အသားက ကောင်းကင်စက်ဝိုင်းကို ကိုယ်စားပြု၏။
ဒယ်အိုး၏ မျက်နှာပြင်လေးဖက်တွင် နွားခေါင်းမိစ္ဆာနတ်ဘုရား လေးပါး၊ ကျားတစ်ကောင်၏ မျက်နှာနှင့် လူသားတစ်ယောက်၏ ခန္ဓာကိုယ်တို့ကို ရေးဆွဲထားသည်။ သူတို့က ကောင်းကင်စက်ဝိုင်းကို ကိုက်စားနေကြပြီး ယိုတုအား ကိုယ်စားပြုသည်။
လုလီက ဒယ်အိုး၏အဖုံးကို မြင့်မြင့်မြှောက်လိုက်သည့်အခါ နှင်းဖြူရောင်အလင်းတန်းတစ်တန်း တောက်ပလာကာ ချင်မူ့ခန္ဓာကိုယ်အပေါ် ဖြာကျလာသည်။ ချင်မူလည်း အခြေအနေမဟန်မှန်း သိလိုက်ပြီး နောက်တခဏတွင် တစ်ကမ္ဘာလုံး ချာချာလည်သွား၏။ သူ့ခန္ဓာကိုယ်မှာ အလိုအလျောက် မြောက်တက်သွားပြီး အလင်းတန်းက သူ့ကို ကျန်နတ်ဘုရားများနှင့်အတူ လုလီလက်ထဲရှိ ဒယ်အိုးအဖုံးဆီသို့ ဆွဲခေါ်သွားတော့သည်။
ကျန်နတ်ဘုရားများမှာ အလင်းတန်း၏ဖမ်းဆွဲခြင်း ခံလိုက်ရသည်နှင့် ထိတ်ပျာသွားကြကာ အော်ဟစ်ကြသည်။ “နတ်ဘုရားနှိမ်နင်း ကောင်းကင်ပိုက်ကွန်”
ချင်မူ့ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။ သူ ထွက်ပြေးရန် ပြင်လိုက်စဉ် ကောင်းကင်က ရုတ်ခြည်း မှောင်မည်းသွားသည်။ သူ မော့ကြည့်လိုက်သည့်အခါ ကြယ်စုံနေသော ကောင်းကင်ကိုသာ မြင်လိုက်ရသည်။
လုလီက ဒယ်အိုးအဖုံးကို လှမ်းဆွဲပြီး မြေအောက်ဘုံအရှင်သခင်လူဝင်စား ဖန်တီးခဲ့သော သားသတ်ဒယ်အိုးအပေါ် ဖုံးအုပ်ကာ လေလုံအောင် စေ့စေ့ပိတ်လိုက်၏။
ထို့နောက် လုလီ သက်ပြင်းချပြီး အော်လိုက်သည်။ “နင်တို့တွေ လာမကူညီဘူးလား”
ရွှမ့်မင်၊ ဟန်လဲ့နှင့် ကျွယ်ဟွမ်တို့အားလုံး သားသတ်ဒယ်အိုးအပေါ်သို့ လက်ဝါးချက်များ အလျင်အမြန် ရိုက်ထည့်လိုက်သည်။ လုလီလည်း လှုပ်ရှားလိုက်ပြီး မျက်နှာပြင်လေးဖက်အပေါ် ကျရောက်လာသည့် လက်ဝါးချက်လေးတစ်ချက်သည် သားသတ်ဒယ်အိုးနှင့် ကောင်းကင်ပိုက်ကွန်၏ စွမ်းအားကို အသက်သွင်းနေ၏။
ထိုအချိန်တွင် ယိုတုအာဏာပိုင်များ ဆင်းသက်လာကြကာ ယန်ချန်းကျောင်းက ရှေ့သို့ တက်လာသည်။ “မင်းတို့ သားသတ်ဒယ်အိုးကို အသုံးမချရဘူး... ဒယ်အိုးထဲမှာ ငါတို့ဘက်က မိတ်ဆွေသုံးယောက်လည်း ရောက်နေတယ်... သားသတ်ဒယ်အိုးကို အသက်သွင်းလိုက်ရင် သူတို့လည်း သေသွားလိမ့်မယ်”
လုလီ သူ့ဆီသို့ အကြည့်တစ်ချက်ပို့လိုက်ပြီး ပြုံးလိုက်သည်။ “ဒါဆို အဖုံးဖွင့်လိုက်လို့ ယိုတုဘုရင်လေး လွတ်သွားရင် ဇာမဏီနတ်မင်းကိုယ်တိုင် သူ့ကို ပြန်ထည့်ပေးမလား”
ယန်ချန်းကျောင်း နှာခေါင်းရှုံ့၍ စကားတစ်ခွန်း မပြောတော့ပေ။
“ယိုတုသားတော်ကို လွှတ်ပေးလိုက်တာနဲ့ ကျုပ်တို့အားလုံး သေရလိမ့်မယ်”
ရွှမ့်မင်က ဝင်ပြောသည်။ “ဒီက လူတွေအားလုံး အင်အားကြီးမားကြပေမယ့် ရုပ်ခန္ဓာတွေ မရှိမှတော့ ယိုတုသားတော်ကို မနိုင်နိုင်ဘူး... အခု ပြန်ရောက်လာတဲ့ ယိုတုသားတော်က လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်တုန်းကနဲ့ ခြားနားနေပြီ... သူက အားနည်းချက်တွေကို ဖာထေးထားပြီးတဲ့အပြင် သူ့ကောင်းကင်နတ်သိုင်းတွေကလည်း ဆန်းကြယ်တယ်... ပြီးတော့ ယိုတုမှာ ရှိနေသရွေ့ သူ့ကို သေအောင် ရိုက်သတ်လို့မရဘူး.... သူ့ကို သတ်နိုင်တာ ဟော့ဒီ ကောင်းကင်ပိုက်ကွန်နဲ့ သားသတ်ဒယ်အိုးပဲ ရှိတယ်”
အားလုံး တိတ်ဆိတ်သွားကြ၏။
ယိုတုသားတော်၏ စွမ်းအားနှင့် ခွန်အားကို သူတို့ကောင်းကောင်း သိကြသည်။ နှစ်ကြိမ်ပင် ရင်ဆိုင်ခဲ့ရပြီးပြီ မဟုတ်ပါ၏လော။
ပထမဆုံးအကြိမ်က သူ မွေးလာပြီး နှစ်လအကြာတွင် ဖြစ်သည်။ ထိုစဉ်အခါတုန်းက ယိုတုသားတော်သည် အတော်လေး ဂြိုဟ်မွှေခဲ့ကာ တပ်ဖွဲ့အမျိုးမျိုးမှ နတ်ဘုရားများအား စားပစ်ခဲ့၏။ စားရင်းစားရင်း သူ၏ခန္ဓာကိုယ်ကြီးက ကြီးသည်ထက် ကြီးလာခဲ့သလို၊ သူကား မာနထောင်လွှားလာခဲ့လေသည်။
သို့သော် ထိုစဉ်တုန်းက ယိုတုသားတော်သည် အင်အာကြီးမားခဲ့သော်လည်း အနိုင်မယူနိုင်သော အတိုင်းအတာအထိ မဟုတ်သေးပေ။
သူက လမ်းစဉ်၊ ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်းများနှင့် ပတ်သက်၍ နားကန်းတစ်လုံးမျှ မသိဘဲ ‘အမိဝမ်းမှ ပထမဆုံး ဖွားမြင်လာသော ယိုတု၏ ပထမဆုံးသက်ရှိသတ္တဝါ’ ဖြစ်သည့် သူ့ကိုယ်သူသာ အားကိုးနိုင်ခဲ့၏။ ယိုတု၌ ရှိနေသရွေ့ သူ့ကိုယ်သူ အချိန်မရွေး ကုသနိုင်သလို၊ ခွန်အားတိုးပွားလာအောင် အခြားသူများ၏ မူလဝိညာဉ်များ၊ ဝိညာဉ်များကိုလည်း စုပ်ယူစားသုံးနိုင်သည်။ ထိုသို့စားမှသာ သူ့အသက်သူ ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နှစ်ဆယ့်နှစ်နှစ် ကြာ၍ ယိုတုသို့ ပြန်ရောက်လာသည့်အခါ ယိုတုသားတော်၏ ခွန်အားနှင့် စွမ်းအားကား လားလားမျှ မတူတော့ပေ။
စောစောက တိုက်ပွဲတွင် နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များအကြား အထိအခိုက်၊ အကျအဆုံး များခဲ့သည်။ တစ်ဝက်ကျော်ပင် သူ့လက်ထဲ၌ သေသွားခဲ့၏။
နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များမှာ ရုပ်ခန္ဓာမရှိ၍ မူလဝိညာဉ်များဖြင့်သာ ကျန်ခဲ့သည်။ ထို့ကြောင့် သူတို့၏စွမ်းအားမှာ အကြီးအကျယ် ကျဆင်းသွားပြီး ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့် နတ်ဘုရားများနှင့်သာ တန်းတူညီလိမ့်မည်။ သို့ရာတွင် သက်ရှိထင်ရှား ရှိစဉ်တုန်းက သူတို့၏အသိအမြင်နှင့် ဗဟုသုတများ မပျောက်ကွယ်သေးသဖြင့် ကျောက်စိမ်းမြို့တော်နတ်ဘုရားများထက် များစွာ သန်မာအားကောင်းသေးသည်။
ယခုလို အဆင့်မြင့်သိုင်းပညာရှင်များ ယိုတုသားတော်တစ်ယောက်တည်းအပေါ် ဝိုင်းအုံတိုက်ခိုက်ခဲ့ကြသော်လည်း သူတို့သာ ဒဏ်ရာအပြင်းအထန် ရခဲ့ကြရာ မည်သူက မကြောက်မိဘဲ နေပါမည်နည်း။
လုလီ၏တိုက်ခိုက်မှုက ယိုတုသားတော်ကို အငိုက်ဖမ်းကာ ဒယ်အိုးထဲ၌ ပိတ်လှောင်ထားနိုင်ခဲ့သည်။ သားသတ်ဒယ်အိုး ပြန်ဖွင့်လိုက်လျှင် သူ့အား ပြန်ပိတ်လှောင်ရန် များစွာခက်ခဲလိမ့်မည်။ ရှေးဟောင်းသိုင်းပညာရှင် မည်မျှထပ်သေပေးရမည်ကို မည်သူမှ မသိနိုင်ပေ။
“ဒီအဆွေတော်သုံးယောက်က ယိုတုသားတော်ကို သုတ်သင်ပေးဖို့ အသက်စွန့်ပေးတဲ့အတွက် သူတို့ရဲ့ အကျင့်သီလကို ကျုပ် သိပ်လေးစားမိပါတယ်”
ရုတ်တရက် ကောင်းကင်နတ်မင်းကောင်းတွင် ဝမ်းနည်းကြေကွဲနေသော အမူအရာရှိပြီး သူ့လက်ဝါးကို သားသတ်ဒယ်အိုးအပေါ် တင်လိုက်သည်။ သူက မျက်ရည်တစမ်းစမ်းဖြင့် ပြောနေ၏။ “ဒီလောက် အကျင့်သီလ မြင့်မြတ်တဲ့ အဆွေတော်သုံးယောက်အတွက် ကျုပ် ယူကျုံးမရဖြစ်မိလို့ ငိုကြွေးပါရစေ”
ကျန်ရှေးဟောင်းသိုင်းပညာရှင်များလည်း မျက်နှာမကောင်းတော့ဘဲ မျက်ရည်ဝဲလာကြသည်။ “အဆွေတော်သုံးယောက် အေးအေးချမ်းချမ်း သွားပါ”
အားလုံး ငိုကြွေးနေကြ၏။
လုလီက သူတို့ကို ပြုံး၍ ကြည့်နေရာမှ တဟားဟား ထရယ်သည်။ “ကဲ ကဲ ဒီလောက် ဝမ်းနည်းစရာ မလိုပါဘူး... ဒီယိုတုသားတော်က ဒယ်အိုးထဲမှာ ချက်ချင်း မသေသေးဘူး... အဆွေတော်သုံးယောက် ဒုက္ခမခံရအောင် ကျွန်မတို့ သားသတ်ဒယ်အိုးကို မြန်မြန်အသက်သွင်းကြစို့”
အားလုံး၏မျက်နှာများ မည်းမှောင်သွားကြသည်။ ယန်ချန်းကျောင်းက အေးစက်စက် ပြော၏။ “ဘုရင်ခံလုလီ၊ မင်းရဲ့ အလိုရမ္မက်က ကြီးမားလွန်းတယ်... ဒီအဆွေတော်သုံးယောက်က မင်းကြောင့် သေရတော့မှာတောင် ပြုံးနိုင်သေးတယ်လား”
လုလီ ရုတ်တရက် အော်ငိုပြီး မျက်ရည်များ တပေါက်ပေါက် ကျလာသည်။ သူမက မျက်ရည်သုတ်ရင်း ပြောသည်။ “ကျွန်မက အလိုရမ္မက်ကြီးတယ်လို့ ထင်ကောင်းထင်ကြမှာပေါ့ရှင်... ကျွန်မ အားတင်းပြုံးနေရတာကိုတော့ ဘယ်သူသိမှာလဲ”
ရွှမ့်မင်မှာ ဆက်၍ မကြည့်နိုင်တော့သောကြောင့် နူးညံ့ပျော့ပျောင်းသော အသံဖြင့် ပြောလိုက်၏။ “အရေးကြီးတဲ့ကိစ္စ အရင်လုပ်ကြရအောင်”
ကောင်းကင်နတ်မင်းကောင်းက မျက်ခုံးပင့်၍ မေးသည်။ “ယိုတုသားတော် သေသွားရင် ဘယ်သူ သူ့ရုပ်ခန္ဓာကို ရမှာလဲ”
အကုန်လုံး ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကြသည်။
ကောင်းကင်နတ်မင်းကောင်းက ခနဲ့သလို ရယ်လိုက်သည်။ “ဘုရင်လေးပါး၊ ကောင်းကင်ပိုက်ကွန်က ငါတို့အားလုံး ယိုတုသားတော်ကို ဖမ်းဖို့ လုပ်ထားတဲ့ ရတနာပဲ.. အခု တာအိုမိတ်ဆွေ အတော်များများလည်း သေသွားပြီး... ငါတို့လည်း ဝမ်းနည်းမိပေမယ့် ယိုတုသားတော်ရဲ့ ရုပ်ခန္ဓာကိစ္စက တော်ရုံကိစ္စမဟုတ်ဘူး... ရှေ့ဆက်မလုပ်ခင် သူ့ရုပ်ခန္ဓာကို ဘယ်သူရမလဲ အရင်ဆွေးနွေးသင့်တယ်”
လုလီ မျက်မှောင်ကြုတ်သွားသော်လည်း အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ “ကောင်းကင်နတ်မင်းကောင်းမှာ တွေးမိထားတာ ရှိလို့လား... ရှိရင် ရှင်းရှင်းလင်းလင်း ပြောတာ မကောင်းဘူးလား”
ကောင်းကင်နတ်မင်းကောင်းက ဟက်ခနဲ ရယ်၏။ “ငါတို့က သေလူတွေပဲလေ... ဘာများ တွေးမိမှာလဲ”
ယန်ချန်းကျောင်း၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ “ဘုရင်ခံလေးဦးလုံးမှာ ရုပ်ခန္ဓာတွေ ရှိကြပေမယ့် ငါတို့လို လူအိုကြီးတွေမှာတော့ မရှိဘူး... ယိုတုသားတော် သေသွားရင် သူ့ရဲ့ရုပ်ခန္ဓာက ငါတို့အတွက် ဖြစ်ရမှာပေါ့ မဟုတ်ဘူးလား... ဘုရင်လေးပါးအနေနဲ့ မင်းတို့ရဲ့ ဘိုးဘေး ငါတို့ဆီကို ပေးသင့်တယ်”
ကျွယ်ဟွမ်က သရော်တော်တော် ပြောသည်။ “သရဲတစ္ဆေတွေက တစ်ပုံကြီး၊ ယိုတုသားတော်က တစ်ယောက်တည်း.... ခင်ဗျားတို့တွေ ဘယ်လို ခွဲယူကြရမလဲ... ယိုတုသားတော်ရဲ့ ရုပ်ခန္ဓာက ကျုပ်တို့နဲ့ မဆိုင်မှတော့ အားလုံး ဘယ်သူနဲ့ဆိုင်သင့်လဲ ဆုံးဖြတ်ကြတာ မကောင်းဘူးလား”
ရှေးဟောင်းနတ်ဘုရားအားလုံး စိုးရိမ်ကြောင့်ကြလာကြတော့သည်။
ယိုတုသားတော်၏ ရုပ်ခန္ဓာမှာ အလွန်မျက်စိကျဖွယ်ကောင်းလှသည်။ ယိုတုသားတော် မြေအောက်ဘုံအရှင်သခင်၏ အစွမ်းအစများကို မည်သို့ ထိန်းချုပ်နိုင်ကြောင်း ထည့်တွက်လျှင် သူတို့အသက်ပြန်ဝင်လာသည်နှင့် လက်ရှိမြေအောက်ဘုံအရှင်သခင်အား အစားထိုးရန် အချိန်တစ်ခုသာ လိုလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားများ တိတ်ဆိတ်နေကြသဖြင့် ဒယ်အိုး၏ပတ်ဝန်းကျင်တွင် မည်သည့်အသံမှ မကြားရပေ။
လုလီက စိတ်ထဲတွင် သရော်နေသည်။ သူမဘေးရှိ ဘုရင်ခံသုံးပါးက ရှေးဟောင်းဖြစ်တည်မှုများ၏ မျက်နှာရိပ်မျက်နှာကဲများအား အကဲခတ်ကာ သတိအနေအထားဖြင့် ရှိနေကြသည်။
ဒယ်အိုးထဲ၌....
ချင်မူနှင့် နတ်ကောင်းကင်ခန်းမအဆင့် မူလဝိညာဉ်သုံးခု ဒယ်အိုးထဲသို့ ပြိုင်တူ ပြုတ်ကျသွားကြပြီးနောက် ကောင်းကင်ပိုက်ကွန်၏ အလင်းတန်း ပျောက်ကွယ်သွား၏။
ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျနေလေသည်။
ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ သူတို့၏ခေါင်းအထက်တွင် တောက်ပလင်းထိန်နေသော ကြယ်တာရာများနှင့် နဂါးငွေ့တန်းတစ်ခုအား မြင်တွေ့ရသည်။
ငုံ့ကြည့်ရာတွင် အမှောင်ထုသာ ရှိ၏။ အမှောင်ထုထဲ၌ မျက်နှာများ လွင့်မျောနေပြီး လူမျက်နှာများသာမက နတ်ဘုရားမျက်နှာများလည်း ရှိနေသည်။
မျက်နှာများသည် အပါးလွှာဆုံး စက္ကူရွက်ဖြင့် ပုံဖော်ခံထားရသကဲ့သို့ အမှောင်ထုထဲတွင် တစ်ချက်တစ်ချက်သာ ပေါ်လာပြီး လွင့်မျောနေတတ်သည်။ ထိုမျက်နှာတို့ကား သားသတ်ဒယ်အိုးထဲ၌ သေဆုံးသွားခဲ့သော အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ပြီး သေသွားသည့်အချိန်တွင် ဒယ်အိုးကြီး၏စွမ်းအားကို ထပ်ဖြည့်ပေးရန် ဒယ်အိုးအတွင်း၌ အမှတ်အသားများဖြင့် ခတ်နှိပ်ခံရလိုက်ခြင်း ဖြစ်ပေသည်။
“ကောင်းကင်ပိုက်ကွန်”
မူလဝိညာဉ်တစ်ခုက မျှော်လင့်ချက်ကုန်ခမ်းသွားသည့်အလား သွေးပျက်စွာ ထအော်သည်။ “ငါတို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ကောင်းကင်ပိုက်ကွန်နဲ့ ဟိုခွေးမလေးလုလီ ငါတို့ကို ဖမ်းလိုက်တာပဲ”
“သားသတ်ဒယ်အိုးလည်း ရှိနေတယ်”
ကျန်ရှေးဟောင်းသိုင်းပညာရှင်နှစ်ယောက်၏ မူလဝိညာဉ်များလည်း အပြင်းအထန် ကြောက်လန့်နေကြပုံရပြီး သူတို့၏အသံများမှာ တုန်ရီအက်ကွဲနေ၏။ “ယိုတုရဲ့ နံပါတ်တစ် အသတ်အဖြတ်ရတနာ၊ မြေအောက်ဘုံအရှင်သခင်လူဝင်စား သွန်းလုပ်ခဲ့တဲ့ သားသတ်ဒယ်အိုး”
“မြေအောက်ဘုံအရှင်သခင် နဂါးဟန်ခေတ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တုန်းက ဒီဒယ်အိုးကို သွန်းလုပ်ပြီး ရှေးဟောင်းနတ်ဘုရားတွေ၊ နတ်ဘုရားတွေရဲ့ ဝိညာဉ်တွေကို ချေမှုန်းပစ်ခဲ့တာပဲ”
“ငါတို့တော့ သေပြီ”
“ငါတို့ကို ထွက်ခွင့်ပေးပါ”
မူလဝိညာဉ်သုံးခုက ကောင်းကင်ထံသို့ ပျံတက်သွားပြီး နဂါးငွေ့တန်းဆီ ဦးတည်သွားသည်။ ချင်မူ မော့ကြည့်လိုက်ရာတွင် ကြယ်တာရာများနှင့် နဂါးငွေ့တန်း အသက်ဝင်လှုပ်ရှားသွားသည်ကို မြင်လိုက်ရ၏။ နတ်ကောင်းကင်ခန်းမအဆင့် မူလဝိညာဉ်သုံးခုမှာ တမုဟုတ်ချင်း အရိုက်ချခံလိုက်ရ၍ အမှောင်ထဲသို့ ပြန်လည်ပြုတ်ကျလာကြသည်။ သူတို့သည် အမှောင်ထဲတွင် ပေါက်ကွဲသွားကြပြီး အရောင်အဝါများ တဖြည်းဖြည်း မှေးမှိန်သွား၏။
“မစားလိုက်ရတာ နှမြောစရာပဲ...” ကလေးကြီးက နောင်တများဖြင့် ညည်းတွားလိုက်သည်။
ချင်မူမှာတော့ ပတ်ဝန်းကျင်ကို အလေးအနက် လေ့လာနေသည်။
ထိုအချိန်တွင် စောစောက မူလဝိညာဉ်သုံးခု၏ မျက်နှာများ အမှောင်ထဲတွင် ပေါ်လာပြီး မျက်နှာအမှတ်အသားသုံးခု ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ သူတို့မှာ သန်မာအားကောင်းသော နတ်ဘုရားများ ဖြစ်ကြသော်လည်း ခုခံခြင်းပင် မပြုနိုင်ခင် သားသတ်ဒယ်အိုး၏စွမ်းအားကြောင့် သေဆုံးသွားကြချေပြီ။
မြေအောက်ဘုံအရှင်သခင်သည် ဇနီးနှင့်သမီးဖြစ်သူ အသတ်ခံလိုက်ရသည့်အတွက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ မိစ္ဆာစရိုက်လွန်ကဲစွာဖြင့် လူပေါင်းများစွာ မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် ဤနံပါတ်တစ် အသတ်အဖြတ်ရတနာကိုလည်း သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
သူ၏အငြိုးအာဃာတနှင့် မိစ္ဆာစရိုက်က ယိုတုစည်းမျဉ်းများ၏ အချုပ်အနှောင်ဆီမှ ရုန်းထွက်သွားနိုင်သော အတိုင်းအတာအထိ အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့သည်။ ထိုအချိန်တုန်းက သားသတ်ဒယ်အိုးသည် သူ၏အပြင်းထန်ဆုံး မိစ္ဆာစရိုက်နှင့် ပူဆွေးသောကများမှ ဖွဲ့တည်လာခဲ့ရာ မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။
‘အခုထိတော့ ဒီဒယ်အိုး ငါတို့ကို မတိုက်ခိုက်သေးဘူး’
ချင်မူက လွင့်မျောနေသော မျက်နှာများကို ကြည့်ရင်း တွေးနေသည်။ ‘မြေအောက်ဘုံအရှင်သခင်က ဒီဒယ်အိုးကို ထိန်းချုပ်နေတာလား... မဟုတ်သေးဘူး နဂါးဟန်ခေတ်မှာ သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း မြေအောက်ဘုံအရှင်သခင်လူဝင်စားက အပြစ်ကြွေးကြီးမားနေလို့ ကျောက်စိမ်းအကျဉ်းထောင်တံခါးမှာ ငရဲခံနေတယ်... ဒီဒယ်အိုးကို သူ စွန့်ပစ်ခဲ့တာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ကောင်းကင်နတ်ဘုံက ဘုရင်ခံလုလီဆီ ပေးထားတာ ဖြစ်မယ်... ဒါကြောင့် ဒယ်အိုးရဲ့ အပြင်းထန်ဆုံးစွမ်းအား မထွက်ပေါ်လာတာပဲ... အပြင်မှာ ဒါကို အသက်သွင်းနေတဲ့လူ တစ်ယောက်မှ မရှိနိုင်ဘူး’
သူက စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်သည်။ ကောင်းကင်ပိုက်ကွန် မူလဝိညာဉ်သုံးခုကို ရိုက်ချက်တုန်းက သားသတ်ဒယ်အိုး၏ စွမ်းအားကို အသက်သွင်းကာ သူတို့သုံးယောက်အား တမုဟုတ်ချင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ဆိုလိုသည်က သားသတ်ဒယ်အိုး၏စွမ်းအားကို အသက်သွင်း၍ရသော်လည်း အသက်မဝင်သေးသရွေ့ ပြဿနာမရှိပေ။ လုလီနှင့် ကျန်ရှိသူများ ဒယ်အိုးကြီး၏စွမ်းအားကို တိုက်ရိုက်အသက်မသွင်းလိုက်သရွေ့ အဆင်ပြေသေးသည်။
‘မြေအောက်ဘုံအရှင်သခင်က နဂါးဟန်ခေတ်မှာ သားသတ်ဒယ်အိုးကို ဖန်တီးခဲ့တာဆိုတော့ သင်္ချာစွမ်းရည် သိပ်မမြင့်မားလောက်သေးဘူး’
ချင်မူ တတိယမျက်လုံးဖွင့်၍ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုရင်း သူ့ဘာသာသူ တွေးနေမိသည်။ “အဲဒီအချိန်တုန်းက တာအိုသခင်အနေနဲ့ ရွှမ်းနွီသင်္ချာကျမ်းနဲ့ ထိုက်ရွှမ်သင်္ချာကျမ်းကို ဖန်တီးနေရုံ ရှိသေးတာဆိုတော့ မြေအောက်ဘုံအရှင်သခင် မလေ့လာရလောက်သေးဘူး... အဲဒါဆို ဒီသားသတ်ဒယ်အိုးရဲ့ အသတ်အဖြတ်ဝင်္ကပါမှာ ဟာကွက်တစ်ကွက် ရှိနေလိမ့်မယ်”
သူက လှည့်ပတ်ကြည့်နေပြီး မျက်မှောင်ကြုတ်လာသည်။ သူ့နဖူး၌ ချွေးပေါက်များ ခိုတွဲလာ၏။
ဟာကွက်တစ်ခုမှ သူ မမြင်ရသေးပေ။
ဤအချိန်တွင် အရေးပါသော အချက်နောက်တစ်ချက်ကို တွေးလိုက်မိသည်။
တာအိုဂိုဏ်း၏ အက္ခရာသင်္ချာသည် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ရှင်းလင်းတွက်ထုတ်ရန် အသုံးပြုသော ပညာရပ်ဖြစ်၏။ အခြားတစ်ဖက်တွင် မြေအောက်ဘုံအရှင်သခင်မှာ သဘာဝမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားတစ်ပါး၊ ယိုတုမဟာတာအို၏ ပြယုဂ်ဖြစ်သည် မဟုတ်ပါလော။
သူ့အတွက် သင်္ချာမလိုပေ။ သင်္ချာက သူ့အတွက် အဆင့်နိမ့်လွန်းသည်။
မြေအောက်ဘုံအရှင်သခင်အနေဖြင့် ကိုယ်ပိုင်လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် အောင်မြင်မှုများကို စွန့်ပစ်၍ သင်္ချာလေ့လာရန်မှာ သေတ္တာတစ်လုံး ဝယ်ပြီး ပုလဲထည့်၍ ဆိုင်ရှင်ဆီ ပြန်ပေးနေသည်နှင့် တူလိမ့်မည်။
‘ဆိုးတာပဲ...’
သူ့အတွေး ဤနေရာအရောက်တွင် ညာဖက်ရှိ ချင်ဖုန်းကျင့်က အသက်ပြင်းပြင်းရှူကာ ချီးကျူးလိုက်သည်။ “ဒီနေရာက တကယ့်နေရာကောင်းပဲ...တစ်နေရာလုံး မွှေးကြိုင်နေတာပဲ... တော်တော်မွှေးမွှေး — “
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိ၏။ “မွှေးတယ်လား”
ချင်ဖုန်းကျင့်က ခေါင်းညိတ်သည်။ “တော်တော်မွှေးတယ်... မင်း အနံ့မရဘူးလား... အနံ့က နာကျင်မှု၊ ကြောက်လန့်မှု၊ စိတ်ပျက်မှု၊ ပူဆွေးသောက၊ နောင်တနဲ့ သွေးပျက်နေတဲ့ အတွေးပေါင်းစုံ ပြည့်နှက်နေတဲ့ ဝိညာဉ်တွေရဲ့ အနံ့ပဲ... သိပ်မွှေးတယ်”
ချင်မူ မှင်သက်သွားသည်။ ရုတ်တရက် ကောင်းကင်နတ်သိုင်းတစ်ခုဖြင့် အမှောင်ထုဆီသို့ ပစ်လွှတ်ကြည့်လိုက်သည်။ ဂျိန်းခနဲ မြည်ဟည်းသွားပြီး အမှောင်ထု လှုပ်ခတ်သွားသော်လည်း သူ ထင်ထားသည့်အတိုင်း သားသတ်ဒယ်အိုးဆီမှ တုံ့ပြန်မှု မရှိပေ။ အမှောင်ထုထဲရှိ မျက်နှာတစ်ခုကသာ နာကျင်နေသောအမူအရာဖြင့် ပါးစပ်ဖွင့်ကာ အသံတိတ်အော်ဟစ်နေသည်။
ချင်မူ အံ့အားသင့်သွားပြီး သဘောပေါက်သွားသည်။ “ငါ သိပြီ... ငါတို့ညီအစ်ကိုက မြေအောက်ဘုံအရှင်သခင်ပဲ... ဒီဒယ်အိုးအတွက် ငါတို့က ဒယ်အိုးနဲ့အတူတူပဲ... ဒယ်အိုးက မြေအောက်ဘုံအရှင်သခင်ကို မတိုက်ခိုက်သလို၊ သူ့ကိုယ်သူလည်း တိုက်ခိုက်မှာမဟုတ်ဘူး”
သူ တမုဟုတ်ချင်း စိတ်လှုပ်ရှားလာသည်။ ဟိုဟိုသည်သည် လှည့်ပတ်သွားကြသည့်သော်လည်း သားသတ်ဒယ်အိုးဆီမှ တိုက်ခိုက်ခြင်းမခံသေးပေ။
ချင်မူ မျက်နှာတစ်ခု၏ အရှေ့သို့ ပျံသွားလိုက်သည့်အခါ မျက်နှာ၏ မျက်လုံးကြီးများက လည်လာပြီး သူ့ကို ကြောက်ရွံ့စွာ ကြည့်နေသည်။ သူ မျက်နှာ၏ဘေးဘက်သို့ ရွေ့လျားလိုက်သော်လည်း မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ မျက်နှာ၏အရှေ့ခြမ်းကိုသာ တွေ့ရ၏။ အနောက်ခြမ်းနှင့် ဘေးဘက်များကို မမြင်ရပေ။
ချင်မူမှာ တအံ့တဩ စုပ်သပ်နေမိတော့သည်။ “အစ်ကိုကြီး၊ ဒီဒယ်အိုးမှာ ဘာကျင့်စဉ်တွေ၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ သုံးထားလဲ မြင်ရလား... မြေအောက်ဘုံအရှင်သခင်က ဒီလိုမျက်နှာတစ်ခုကို ဘယ်လိုဖန်တီးခဲ့တာလဲ”
“ခဏစောင့်”
ချင်ဖုန်းကျင့်က လက်မြှောက်၍ သူ၏တတိယမျက်လုံးဆီသို့ ထိုးထည့်လိုက်သည်။ သူ့လက်က ဟိုစမ်းသည်စမ်း စမ်းနေသဖြင့် ချင်စာလုံးမြေပြင်ပေါ်ရှိ ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်နှင့် မဟာနေဧကရာဇ်တို့မှာ ကပျာကယာ ရှောင်နေကြရသည်။
တခဏကြာသော် ချင်ဖုန်းကျင့်သည် ချင်စာလုံးမြေပြင်အတွင်းမှ ခေါင်းတစ်ခေါင်း ဆွဲထုတ်လိုက်၏။ သူက လေတစ်ချက် မှုတ်ထုတ်လိုက်သည့်အခါ ခေါင်းသည် အမှောင်ထဲသို့ ပျံတက်သွားလေသည်။ “ဒီတိုင်းပဲ”
ချင်မူ အံ့ဩသွားပြီး ထိုခေါင်းကို လှည့်ပတ်ကြည့်လိုက်သည်။ ခေါင်း၏အခြမ်းလေးခြမ်းလုံးက အရှေ့မျက်နှာ ဖြစ်နေသောကြောင့် ဘေးအခြမ်း သို့မဟုတ် အနောက်ခြမ်းကို မမြင်ရပေ။
“ဒါ ဘယ်လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေ သုံးထားတာလဲ” ချင်မူမှာ နားမလည်နိုင်ဖြစ်နေသည်။
“ငါလည်း မသိဘူး”
ချင်ဖုန်းကျင့်က ဖြေသည်။ “အန္တရာယ်မရှိတော့ဘူးဆိုတော့ ငါ အစာခြေလိုက်ဦးမယ်... မင်း ထွက်နိုင်မယ့် နည်းလမ်း စဉ်းစားထား”