အားချို
Vol. 57 Ch. 764
ချင်မူ ခဏခဏ ခေါ်နေသော်လည်း ချင်ဖုန်းကျင့်က ပြန်မဖြေ။ ကလေးကြီးသည် အရေးကြီးသည့်အချိန်မှ အိပ်ပျော်သွားပြီး လက်မတစ်ချောင်းကိုပင် စုပ်နေသေး၏။
ချင်မူမှာ ချင်ဖုန်းကျင့်ပါးစပ်ထဲမှ သူ့လက်မကို ထုတ်ကာ တံတွေးများသုတ်လိုက်သည်။ သူ၏ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အနက် ခေါင်းတစ်လုံးနှင့် လက်နှစ်ဖက်ကို ချင်ဖုန်းကျင့်က ထိန်းချုပ်ပြီး ကျန်ခေါင်းနှစ်လုံးနှင့် လက်လေးဖက်က ချင်မူ့အပိုင် ဖြစ်သည်။ စောစောက တိုက်ပွဲတွင် ချင်မူမှာ လက်ခြောက်ဖက်စလုံး ထိန်းချုပ်ခဲ့ရ၏။
ချင်ဖုန်းကျင့်က အိပ်ငိုက်နေသည့်အချိန်တွင် ချင်မူ့လက်မကို သူ့ပါးစပ်ထဲ မှားထည့်မိလိုက်ခြင်း ဖြစ်လေသည်။ ယခုတွင် ပါးစပ်ထဲ ဘာမှမရှိသည့်အခါ ချင်ဖုန်းကျင့် ကောင်းကင်းအိပ်မရတော့။ သူက နှုတ်ခမ်း တပြက်ပြက် လုပ်ရင်း ဗလုံးဗထွေး ယောင်နေသည်။
ချင်မူမှာ ချင်ဖုန်းကျင့်၏ ဘယ်လက်ကို မြှောက်၍ လက်မကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်ရသည်။ ထိုအခါမှ ချင်ဖုန်းကျင့် ငြိမ်သွားတော့၏။
‘သူက ငါ့အစ်ကိုလား... ငါက သူ့အစ်ကိုလား’
ချင်မူ ခေါင်းတယမ်းယမ်းဖြင့် သားသတ်ဒယ်အိုးထဲ၌ လျှောက်ကြည့်ရင်း ထွက်လမ်းရှာနေသည်။ သို့သော် သူ မည်မျှပျံသန်းစေကာမူ အနားသတ်အား ရှာမတွေ့ပေ။
သားသတ်ဒယ်အိုးသည် ကြီးမားသည့်ပုံမပေါ်သော်လည်း အတွင်းရှိ နေရာဟင်းလင်းပြင်မှာ အဆုံးမရှိသယောင် ထင်ရ၏။ အဆုံးကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။
ချင်မူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်ကြည့်သော်လည်း ဤဒယ်အိုးထဲမှ ရွှေ့ပြောင်းမရ ဖြစ်နေသေးသည်။
အတန်ကြာသော် သူက အနားသတ်လိုက်ရှာနေခြင်းအား လက်လျှော့ကာ အပေါ်သို့ ပျံတက်လိုက်သည်။ သားသတ်ဒယ်အိုးမှာ မြေအောက်ဘုံအရှင်သခင်၏ လက်ရာဖြစ်ပြီး အလွန်တရာပြောင်မြောက်၏။ ချင်ဖုန်းကျင့်၏ အစွမ်းအစ ကြီးမားပါသော်လည်း မြေအောက်ဘုံအရှင်သခင်ကို လိုက်မှီရန် အဝေးကြီး လိုသေးသည်။
ချင်မူ ကောင်းကင်ဆီသို့ ရောက်သည့်အခါ အနားပင် မကပ်နိုင်ခင် ကြယ်ရောင်များ ကူးလူးဖြတ်ပြေးနေသည်ကို မြင်လိုက်ရသည်။ နဂါးငွေ့တန်းသည် ပြောင်းလဲသွားပြီး နဂါးတစ်ကောင်ပမာ သူ့ဆီသို့ ပျံသန်းလာ၏။
ချင်မူက လက်မြှောက်၍ မှော်စွမ်းအင်ဖြင့် ဒိုင်းကာတစ်ခု ဖွဲ့တည်လိုက်သည်။ နဂါးငွေ့တန်းက ဒိုင်းကာကို ဝင်တိုက်သွားလေသည်။
နဂါးငွေ့တန်းအတွင်းရှိ ကြယ်တာရာများသည် အကောင်အထည်မရှိဘဲ ထူးဆန်းသော အမှတ်အသားများသာ ဖြစ်၏။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ဝင်တိုက်နေကြပြီး ပထမတွင် ကြယ်ဆယ်စင်းကျော်သာ ရှိ၍ အင်အားများများစားစား မပါပေ။ သို့သော် မျက်စိတစ်မှိတ်အတွင်း ကြယ်များက ပင်လယ်သဖွယ် ထွက်ပေါ်လာကာ ချင်မူ ဖွဲ့တည်ထားသော ဒိုင်းကာထံ တဖျတ်ဖျတ် ဝင်တိုက်ကြတော့သည်။ တခဏအတွင်း ဒိုင်းကာသည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် တောက်ပနေသော အလင်းဒိုင်းကာပမာ ဖြစ်လာ၏။
ဘုန်း —
ပြင်းထန်အားကောင်းသည့် တုန်ခါလှိုင်းများ ဖြာထွက်လာ၍ ဒိုင်းကာ ကြေမွသွားသည်နှင့် နဂါးငွေ့တန်းက သူ့ကို တိုက်ချကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားစေသည်။
တခဏလေးအတွင်း ကြယ်ပေါင်းများစွာက ရုပ်ခန္ဓာကို တရစပ် တွန်းတိုက်နေသောကြောင့် ချင်မူ့တစ်ကိုယ်လုံး တဆစ်ဆစ် နာကျင်နေသည်။ ချင်မူက တိုက်ခိုက်မှုများအား ခုခံရင်း ယိုတုနတ်ဘုရားဘာသာစကားဖြင့် အော်ဟစ်လိုက်၏။ “ငါ ရောက်နေတဲ့နေရာက ယိုတုပဲ”
ထိုအခါ သားသတ်ဒယ်အိုး၏ အောက်ခြေရှိ မိစ္ဆာနတ်ဆိုးချီများက ဝဲဂယက်ကဲ့သို့ လည်လာပြီး သူ၏ခြေထောက်အောက်တွင် အမှောင်မြေပြင်တစ်ခု ဖွဲ့တည်ပေးလိုက်သည်။ နောက်တခဏတွင် ယိုတုမိစ္ဆာနတ်ဆိုးချီများသည် ကောင်းကင်ထက်သို့ တရှိန်ထိုး ပျံတက်သွားကာ နဂါးငွေ့တန်းအား တိုက်ချလိုက်၏။
ချင်မူမှာ သားသတ်ဒယ်အိုး၏ စွမ်းအားကို စေစားနိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် အံ့ဩဝမ်းသာသွားတော့သည်။ သူ့ဆီ ပြေးဝင်လာနေသော နဂါးငွေ့တန်းကြယ်တာရာများမှာ ယိုတုမိစ္ဆာနတ်ဆိုးချီကြောင့် ပြိုကွဲလွင့်စင်ကုန်၏။
ချင်မူက ယိုတုမြေထက်၌ ရပ်နေပြီး အမှောင်ထုဖြင့် ဖွဲ့တည်ထားသော ယိုတုမြေသည် နဂါးငွေ့တန်းဆီသို့ ဦးတည်လျက် တဖြည်းဖြည်း မြင့်တက်သွားသည်။
နဂါးငွေ့တန်း၏ တုန်ခါနေမှုမှာ ပြင်းထန်သည်ထက် ပြင်းထန်လာသည်။ ရုတ်တရက် ကြယ်ရောင်များက အချင်းချင်း ချိတ်ဆက်သွားပြီး ကြယ်ရောင်ပိုက်ကွန်အသွင် ပြောင်းလဲသွားသည်။ ကြယ်ပိုက်ကွန်ကြီးသည် ယိုတုမိစ္ဆာနတ်ဆိုးချီများကို ပိုင်းဖြတ်လျက် အောက်သို့ ဆင်းသက်လာ၏။
ချင်မူ အံ့အားသင့်သွားသည်။ သူက ယိုတုမိစ္ဆာနတ်ဆိုးချီကို ထိန်းချုပ်၍ ဓားရှည်တစ်လက် ဖွဲ့တည်ကာ ကြယ်ပိုက်ကွန်ကြီးဆီသို့ ခုတ်ချလိုက်သည်။
တိမ်တိုက်တိုင်းတွင် ငွေရောင်အနားသတ် ရှိသည်
ဒေါင်လိုက်ဓားမရောင်နှင့် ကန့်လန်ဖြတ်ဓားမရောင်ကြောင့် ကြယ်ပိုက်ကွန် နှစ်ပိုင်းပြတ်သွားသည်။ ချင်မူ အသက်ပြင်းပြင်းရှိုက်သွင်းလိုက်သည့်အခါ သူ၏ရုပ်ခန္ဓာက ကိုက်သုံးသောင်း မြင့်မားသော လူ့ဘီလူးကြီး ဖြစ်လာသည်။ သူ၏လက်လေးဖက်က လေကို ပြင်းပြင်းထန်ထန် ထိုးချလိုက်ပြီး တဒင်္ဂအတွင်း လက်သီးချက်များကား နဂါးငွေ့တန်းအား ဖြိုခွဲလိုက်တော့သည်။
ဒယ်အိုးအပြင်တွင်
ယန်ချန်းကျောင်း၊ ကောင်းကင်နတ်မင်းကောင်းနှင့် ကျန်ရှေးဟောင်းနတ်ဘုရားများမှာ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေဆဲပင်။ မည်သူမှ ဤအခွင့်အရေးကို လက်မလျှော့နိုင် ဖြစ်နေကြသည့်အချိန် ရုတ်တရက် သားသတ်ဒယ်အိုးက ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ဒယ်အိုးအဖုံးမှ တဂွမ်းဂွမ်း မြည်သံများ ဆူညံနေပြီး ဒယ်အိုးကြီးမှာ ဘယ်ညာယိမ်းနေတော့သည်။ အတွင်းထဲ၌ ပိတ်လှောင်ခံထားရသော သတ္တဝါကြီးတစ်ကောင် အချိန်မရွေး ဖောက်ထွက်လာတော့မည့်အလား ထင်ရ၏။
အားလုံး လန့်ဖျပ်သွားကြပြီး လုလီက အလျင်အမြန် ပြောလိုက်သည်။ “အားလုံးပဲ တစ်ယောက်နဲ့တစ်ယောက် ဆန္ဒပြနေဖို့ အချိန်မရှိဘူး... ယိုတုသားတော်ကို အရင်သတ်ပြီးမှ ဆုံးဖြတ်ကြရအောင်”
လုလီ၊ ရွှမ့်မင်၊ ကျွယ်ဟွမ်နှင့် ဟန်လဲ့တို့ ကပျာကယာ ထ၍ လက်ဝါးများကို ကောင်းကင်ပိုက်ကွန်၏ မျက်နှာပြင်လေးဖက်အပေါ် ဖိလိုက်ကြရင်း ကောင်းကင်ပိုက်ကွန်စွမ်းအား အသက်သွင်းလိုက်ကြသည်။
“ကောင်းပြီ”
ယန်ချန်းကျောင်းက ရှေ့တက်လာပြီး သူ့အနောက်တွင် မီးစက်ကွင်းအထပ်ထပ် လှည့်ပတ်နေသည်။ သူ၏မူလဝိညာဉ်ဆီမှ မှော်စွမ်းအင်က အလင်းတန်းတစ်တန်း ထွက်လာကာ သားသတ်ဒယ်အိုးကို ထိမှန်သွား၏။ သူက အော်ဟစ်လိုက်သည်။ “ယိုတုသားတော်ကို သေအောင် အရင်သတ်ကြစို့”
ကောင်းကင်နတ်မင်းကောင်းလည်း အခြေအနေကို မြင်လျှင် လက်ချောင်းများဖြန့်၍ သူ၏မျက်ခုံးနှစ်ဖက်ကြားအပေါ် ပွတ်ဆွဲလိုက်ရာ အစိမ်းရောင်မျက်လုံးတစ်လုံး ပွင့်လာသည်။ မျက်လုံးဆီမှ အလင်းတန်းတစ်တန်းက သားသတ်ဒယ်အိုးအပေါ် ကျရောက်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကဲ ဒီလိုဖြစ်လာမှတော့ သူ သေမှပဲ သူ့ရုပ်ခန္ဓာကို ဘယ်သူယူမလဲ ဆုံးဖြတ်ကြတာပေါ့”
ကျန်သည့် အဆင့်မြင့်သိုင်းပညာရှင်များလည်း လက်ဝါးဆန့်ထုတ်သူက ဆန့်ထုတ်ကြပြီး ပါးစပ်ဟ၍ မှော်စွမ်းအင် ထွေးထုတ်သူက ထွေးထုတ်ကြသည်။ သူတို့၏အနောက်တွင် ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာကြကာ နည်းလမ်းပေါင်းစုံဖြင့် သူတို့၏မှော်စွမ်းအင်များကို သားသတ်ဒယ်အိုးနှင့် ကောင်းကင်ပိုက်ကွန်အထဲသို့ ထည့်သွင်းပေးရင်း ရတနာနှစ်ခုအား အသက်သွင်းနေကြသည်။
“သူ့ကို ကောင်းကင်ပိုက်ကွန်ကနေ အရင်ရိုက်ချ”
လုလီက ညွှန်ကြားသည်။ “ဒါဆို သားသတ်ဒယ်အိုးက သူ့ကို သေအောင် လုပ်ပေးလိမ့်မယ်”
ဒယ်အိုးထဲ၌
ချင်မူသည် နဂါးငွေ့တန်းဆီ ရောက်လာပြီး သူ့ခြေထောက်အောက်ရှိ ယိုတုမြေမှာ လျင်မြန်စွာ ပြန့်ကားလာနေ၏။ သူ ဖောက်ထွက်နိုင်တော့မည့်အချိန်မှာပဲ နဂါးငွေ့တန်းက တဝူးဝူး လည်သွားပြီး ကြောက်ခမန်းလိလိ စွမ်းအားမြင့်တက်လာတော့သည်။
တစ်ချိန်တည်းဆိုသလို မြေအောက်ဘုံအရှင်သခင်၏ ခေါင်းလေးခေါင်းသည်လည်း သူ၏ပတ်ပတ်လည်၌ ဖွဲ့တည်လာကာ ပါးစပ်များ ဟ၍ ယိုတုမြေအား ကိုက်စားကြသည်။
နဂါးငွေ့တန်းကလည်း ပိုက်ကွန်ကြီး ဖြစ်လာပြန်ပြီး ကြယ်ရောင်များသည် နေရာလပ်မရှိသည့်တိုင်အောင် ထွေးယှက်နေကြ၏။ ကြယ်ပိုက်ကွန်က အောက်သို့ နိမ့်ဆင်းလာနေသည့်အပြင် စွမ်းအားက ယခင်ထက် ဆယ့်နှစ်ဆကျော် ပြင်းထန်နေချေပြီ။
‘ငါ ခွန်အားချည်းသက်သက်နဲ့ တိုက်ခိုက်လို့ မရဘူး’
မြေအောက်ဘုံအရှင်သခင်၏ ခေါင်းလေးခေါင်းက ယိုတုမြေကို ဖိနှိပ်ထားသည်။ ချင်မူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း သုံး၍ ကြယ်ပိုက်ကွန်အား ရှောင်ရန် ပြင်လိုက်စဉ် သားသတ်ဒယ်အိုးဆီမှ စွမ်းအားများ သူ့ဆီ စီးဆင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ တခဏအတွင်း သူ့ကိုယ်ထဲ၌ စွမ်းအားပြည့်နှက်လာသဖြင့် ချင်မူ အံ့ဩဝမ်းသာသွားတော့သည်။ ‘အစက သားသတ်ဒယ်အိုးဆီက စွမ်းအားကို မသုံးနိုင်ဘူး ထင်နေတာ... အခု ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ထိန်းချုပ်နိုင်သွားတာလဲ’
ကောင်းကင်နတ်မင်းကောင်း၊ ယန်ချန်းကျောင်းနှင့် ကျန်ရှိသူများ သားသတ်ဒယ်အိုးကို အသက်သွင်းနေကြမှန်း သူ မသိပေ။ သူတို့ကလည်း သားသတ်ဒယ်အိုးကို အသက်သွင်းလိုက်သည့်အတွက် ချင်မူ့ ယိုတု၏စွမ်းအားကို ပို၍ပင် ထိန်းချုပ်နိုင်သွားကြောင်း မသိကြပေ။
ချင်မူ၏အရှိန်အဝါသည် တရှိန်ထိုး မြင့်တက်လာပြီး သူက မာန်သွင်းဟိန်းဟောက်ကာ ကြယ်ရောင်ပိုက်ကွန်ကို ဖောက်ဖြဲပစ်လိုက်သည်။ ကြယ်ပိုက်ကွန်ကို ထိုးဖောက်၍ ပျံတက်လိုက်သည့်အချိန်တွင် တဝေါဝေါ လည်နေသည့် နဂါးငွေ့တန်းကြီး သူ့အပေါ် ဖိချလိုက်သည်ကိုသာ မြင်တွေ့ရ၏။
ချင်မူ နဂါးငွေ့တန်းကို လက်သီးဖြင့် ထိုးသည်၊ ခြေထောက်ဖြင့် ကန်သည်။ ထိုအချိန်တွင် မြေအောက်ဘုံအရှင်သခင်၏ ခေါင်းလေးခေါင်းမှာ ယိုတုမြေကို မဖိနှိပ်နိုင်တော့ပေ။ ယိုတုမြေက ချင်မူ့ကို အမြင့်သို့ ဆက်လက်သယ်ဆောင်သွားသည်။
ဒယ်အိုးအပြင်တွင်
လုလီနှင့် ကျန်ရှိသူများမှာ တုန်ခါမှုများကြောင့် လက်များ ထုံကျင်နေကြပြီး ထိတ်လန့်နေကြသည်။
ချင်မူက အင်အားကြီးမားလှသဖြင့် ကောင်းကင်ပိုက်ကွန်နှင့် သားသတ်ဒယ်အိုးပင် သူ့အား မချုပ်ထားနိုင်ပေ။ ဤအတိုင်း ဆက်သွားလျှင် ကောင်းကင်ပိုက်ကွန်ကို ထိုးဖောက်၍ အပြင်ထွက်လာနိုင်လောက်၏။
“သားသတ်ဒယ်အိုးက ယိုတုရဲ့ နံပါတ်တစ် အသတ်အဖြတ် ရတနာမဟုတ်လား... ဘာလို့ သူ မသေသေးတာလဲ”
အားလုံး ပျာယာခတ်နေကြပြီး ကောင်းကင်ပိုက်ကွန်နှင့် သားသတ်ဒယ်အိုးဆီသို့ မှော်စွမ်းအင်များစွာ ပို့လွှတ်လိုက်ကြသည်။ လုလီက အလျင်အမြန် အော်လိုက်သည်။ “ကောင်းကင်ပိုက်ကွန်ရဲ့ စွမ်းအားကို အရင်အသက်သွင်းပြီး သူ့ကို ဒယ်အိုးအောက်ခြေဆီ တွန်းချကြရအောင်”
ချက်ချင်းဆိုသလို ရှေးဟောင်းသိုင်းပညာရှင်များလည်း သားသတ်ဒယ်အိုးကို အသက်သွင်းနေခြင်း ရပ်လိုက်ပြီး ကောင်းကင်ပိုက်ကွန်ထဲသို့ စွမ်းအားများ ပို့လွှတ်လိုက်ကြသည်။ ကောင်းကင်ပိုက်ကွန်၏ စွမ်းအားသည် ကြောက်ခမန်းလိလိ တိုးပွားလာသဖြင့် ဒယ်အိုးဆီမှ အုန်းခနဲ ပေါက်ကွဲသံကြီးတစ်ချက် ကြားလိုက်ရ၏။ ဖိအားသည်လည်း တမုဟုတ်ချင်း လျော့ကျသွား၏။
သို့သော် ဒယ်အိုးထဲရှိ အခြေအနေကို မသိသောကြောင့် အားလုံး ကြောက်စိတ်မပြေကြသေးပေ။
“ကောင်းကင်ပိုက်ကွန် ယိုတုသားတော်ကို သတ်လိုက်နိုင်ပြီလား” ယန်ချန်းကျောင်းက ခပ်တိုးတိုး မေးသည်။
ဒယ်အိုးထဲ၌
ချင်မူက ယိုတုမြေပေါ်၌ ရပ်နေပြီး နဂါးငွေ့တန်းဆီမှ ကြယ်ရောင်များသည် ကောင်းကင်ထဲတွင် လှည့်ပတ်နေ၏။ ကြယ်ပိုက်ကွန်များက တစ်ခုပြီးတစ်ခု သူ့ဆီသို့ နိမ့်ဆင်းကျလာသဖြင့် ချင်မူမှာ အဆက်မပြတ် တိုက်ခိုက်နေရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။
လုလီတို့ကြောင့် ကောင်းကင်ပိုက်ကွန်၏စွမ်းအား အဆုံးစွန်အထိ မြင့်တက်သွားသည်နှင့် နဂါးငွေ့တန်းသည် အောက်သို့ ကျဆင်းလာသည့် ဧရာမလက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ချင်မူမှာ လက်လေးဖက်လုံး မြှောက်၍ ဤနဂါးငွေ့တန်းလက်ဝါးကြီးကို ခုခံလိုက်ပြီး ဖိအားကြောင့် သူ့ခန္ဓာကိုယ်မှာ တရှိန်ထိုး နိမ့်ကျသွားတော့သည်။
ဤအချိန်တွင် မြေအောက်ဘုံအရှင်သခင်၏ ခေါင်းလေးခေါင်းအပေါ်ရှိ တတိယမျက်လုံးများ ပွင့်လာကြသည်။ မျက်လုံးများဆီမှ အလင်းတန်းများက ချင်မူ့ခြေထောက်အောက်ရှိ မြေပြင်ကို ခုတ်ထွင်ဖြတ်ပိုင်းနေသည်။
ရက်ရက်စက်စက် ဖိချနေသော နဂါးငွေ့တန်းလက်ဝါးကြောင့် ချင်မူမှာ အောက်အထိ ပြုတ်ကျသွားတော့သည်။ လေတိုးသံများက သူ့နားထဲတွင် ဆူညံနေပြီး အသံတစ်သံတည်း ထပ်သွား၏။ သူ့ခြေထောက်အောက်ရှိ ယိုတုမြေပြင် မိစ္ဆာချီထုမှာ နံရံတစ်ချပ်လို သိပ်သည်းသွားသည့်တိုင်အောင် ဖိချလိုက်ခံလိုက်သည်။ သူ့မှာ လက်ဝါးနှင့် မြေနံရံ အကြား ညပ်သွားလေသည်။
ဘုန်း
နဂါးငွေ့တန်းလက်ဝါးကြီး၏ အားလှိုင်းက ချင်မူ့ကို ဒယ်အိုးအောက်ခြေအထိ ရိုက်ချလိုက်သည်။ ဒယ်အိုးကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ချင်မူ့အရိုးများ၊ အရွတ်များ ကျိုးပဲ့ပြတ်တောက်သွားပြီး လည်ပင်းလည်း လိမ်ဖယ်သွားသည်။ လက်များလည်း ကော့လန့်သွားကာ ခြေထောက်များ ကွေးကောက်သွားသည်။ သူ့မှာ စိတ်မချမ်းမြေ့စရာ အနေအထားဖြင့် မြေပြင်ပေါ်တွင် လဲနေသည်။ အခြားတစ်ဖက်တွင် ချင်ဖုန်းကျင့်က လက်မစုတ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေဆဲပင်။
ချင်မူမှာ ချင်ဖုန်းကျင့် မထိခိုက်အောင် နဂါးငွေ့တန်းလက်ဝါးကြီးကို တွန်းဖယ်ခဲ့ရ၏။ ထို့ကြောင့် သူတစ်ယောက်သာ ဒဏ်ရာဗလပွဖြင့် အဖြစ်ဆိုးနေတော့သည်။
နဂါးငွေ့တန်းလက်ဝါးကြီး လွင့်ပျယ်သွားသည့်အခါ ကြယ်ရောင်များမှာ ရေလှိုင်းများသဖွယ် တရိပ်ရိပ် ဖြာထွက်သွားပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဤသည်မှာ ချင်မူအတွက် ပထမဆုံးအကြိမ် မရှုမလှ ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်သည်။ သူ့မှာ မလှုပ်နိုင်တော့သည့်အပြင် သူ၏ကိုယ်ထဲရှိ မှော်စွမ်းအင်မှာလည်း ဖရိုဖရဲ လွင့်စင်ပြန့်ကြဲနေသည်။ မူလဝိညာဉ်လည်း ဒဏ်ရာအပြင်းအထန် ရထား၏။
သို့သော် ဤအချိန်တွင် သားသတ်ဒယ်အိုး၏ စွမ်းအားက ရုတ်တရက် မြင့်တက်လာပြီး ယိုတုမိစ္ဆာနတ်ဆိုးချီများ အားကောင်းလာသည်။ မိစ္ဆာနတ်ဆိုးချီက သူ့ကိုယ်ထဲတွင် တမုဟုတ်ချင်း ပြည့်နှက်သွားသည်။
ချင်မူ အံ့ဩဝမ်းမြောက်သွားမိသည်။ ‘ဘယ်သူ ငါ့ဒဏ်ရာတွေကို ကုပေးနေတာလဲ... မြေအောက်ဘုံအရှင်သခင်လား... သူက အဲဒီလောက် သဘောကောင်းမယ့်ပုံ မပေါ်ပါဘူး....’
မှော်စွမ်းအင် ပြည့်တင်းသွားသည်နှင့် ချင်မူမှာ ဖန်ဆင်းကျင့်စဉ်ဖြင့် သူ၏ဒဏ်ရာများကို ကပျာကယာ ကုသလိုက်သည်။
သားသတ်ဒယ်အိုး၏ စွမ်းအား အားကောင်းသည်ထက် အားကောင်းလာသည်နှင့်အမျှ မှော်စွမ်းအင်များစွာ သူ့ဆီသို့ စီးဆင်းလာသည်။ ချင်မူမှာ မြန်မြန်ဆန်ဆန် သက်သာလာနေသည့်အပြင် သားသတ်ဒယ်အိုး၏ စွမ်းအားကား တရှိန်ထိုး မြင့်တက်နေဆဲဖြစ်လေသည်။
‘တစ်ခုခုတော့ လွဲနေပြီ...’
ပြင်းထန်အားကောင်းလှသော မိစ္ဆာနတ်ဆိုးချီတို့ကြောင့် ချင်မူ၏ရုပ်ခန္ဓာမှာ ဖောင်းကားလာပြီး ကြီးသထက် ကြီးလာသည်။ သူ့မှာ ထိတ်ပျာသွားပြီး ကပျာကယာ လှမ်းနှိုးလိုက်၏။ “အစ်ကိုကြီး၊ အစ်ကိုကြီး ထ... အစာခြေပြီးပြီလား... ငါ မခံနိုင်တော့ဘူး....’
သူ့မှာ ပြည့်အစ်လာသဖြင့် မူးဝေလာသည်။ မျက်လုံးများပင် ဝေဝါးလာ၏။ ထိုစဉ် ရယ်သံနှင့်အတူ အသက်ကြီးကြီးအသံတစ်သံ ကြားလိုက်ရသည်။ “အားချို၊ အလုပ်များတဲ့ ပျားလေး လုပ်မနေတော့နဲ့... နင့်မိန်းမ ဗိုက်ကြီးနေတာကို အိမ်မှုကိစ္စတွေ လုပ်ခိုင်းနေတုန်းလား...နင် သူ့ကို မကူညီဘူးလား”
ချင်မူ၏မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာကာ စိမ်းစိုနေသော တောင်တန်းများ၊ ပြာလဲ့နေသော ရေပြင်များကို မြင်လိုက်ရသည်။ ငှက်ကလေးများ၏ ကျလိကျလိ အော်မြည်သံများလည်း ကြားလိုက်ရပြီး ပန်းရနံ့တို့က သူ့နှာခေါင်းဝထဲ တိုးဝင်လာလေသည်။
ခေါင်းဖြူအဘွားအိုတစ်ယောက်က တောင်ဝှေးတစ်လက်ကို အားပြု၍ အိမ်တစ်အိမ်၏ အရှေ့၌ ရပ်ကာ သူ့ဆီသို့ ပြုံးကြည့်နေသည်။
ချင်မူ အံ့အားသင့်သွားသည်။ ယခုမှ သူ့လက်များသည် သံထွန်ခြစ်တစ်ချောင်းဖြင့် မြေလှန်နေမိမှန်း သတိထားမိလိုက်၏။
သူက သံထွန်ခြစ်ကို ချလိုက်သော လက်ကြမ်းကြမ်းကြီးများကို ကြည့်ရင်း ထရပ်သည်။ သူ၏အရပ်ကား ဆယ့်နှစ်ပေခန့် မြင့်မားနေသည်။
ချင်မူ ဇဝေဇဝါ ဖြစ်နေရာမှ မြေပြင်ပေါ်ရှိ အရိပ်ကို ကြည့်ကာ အံ့အားသင့်သွား၏။
သူ့အရိပ်၏ ခေါင်းတွင် ကျွဲချိုများ ရှိနေပြီး တင်ပါးနောက်၌လည်း အမြီးတစ်ချောင်းပင် ထွက်နေသည်။
‘မဟုတ်ဘူး ဒါ ငါ မဟုတ်ဘူး’
သူ့မှာ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ အိမ်ဆီသို့ လမ်းလျှောက်သွားနေသော သူ့ကိုယ်သူသာ ကြည့်နေရသည်။ အိမ်မှာ သိပ်မကြီးလှ။ အိမ်ထဲတွင် နူးညံ့သိမ်မွေ့မည့်ပုံရသော ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက် အဝတ်အစားများအား ခဲရာခဲဆစ် လျှော်ဖွတ်နေသည်ကို မြင်တွေ့ရသည်။
သူက သူမဆီ အလျင်အမြန် လျှောက်သွားပြီး အတတ်နိုင်ဆုံး နူးညံ့ညင်သာစွာ ပြောလိုက်သည်။ “မိန်းမ၊ ကလေး တစ်ခုခုဖြစ်ပါမယ်ကွာ... ကိုယ် လုပ်ပေးပါ့မယ်”
အမျိုးသမီးသည် ခါးကို မနည်းပြန်မတ်နေရ၍ သူက အမျိုးသမီးကို ကပျာကယာ ထူပေးကာ အဝတ်လျှော်ရန် ထိုင်လိုက်သည်။
ဤအချိန်တွင် ချင်မူ သူ့မျက်နှာသူ ရေထဲ၌ မြင်လိုက်ရ၏။
သူ့တွင် ကျားမျက်လုံးတစ်စုံနှင့် မျက်နှာအပေါ်တွင် ကျားအစင်းများ ရှိနေသည်။ သူ့ခေါင်း၌ အကွေ့အကောက်ကိုးခုဖြင့် ကျွဲချိုတစ်စုံ ပေါက်နေလေသည်။
သူ့မျက်လုံးများက ကျားမျက်လုံးများ ဖြစ်သော်လည်း နူးညံ့ကြင်နာမှုတို့ ပြည့်နေသည်။
‘မြေအောက်ဘုံအရှင်သခင်...’
ချင်မူ့စိတ်ထဲတွင် ဗလာကျင်းသွားပြီး တခဏကြာမှ သတိပြန်ဝင်သွားသည်။ ‘ဒါက ဒီသားသတ်ဒယ်အိုးရဲ့ မှတ်ဉာဏ်လား... ဆိုလိုတာက ငါ မြေအောက်ဘုံအရှင်သခင်ရဲ့ သားသတ်ဒယ်အိုးရဲ့ မှတ်ဉာဏ်ထဲ ရောက်နေတာပေါ့.... ဒီသားသတ်ဒယ်အိုးမှာ စိတ်ဝိညာဉ်တောင် ရှိနေပြီပဲ...’
မြေအောက်ဘုံအရှင်သခင်သည် လွန်ခဲ့လေပြီးသော ခေတ်တစ်ခေတ်တွင် လူဝင်စားခဲ့၏။ လက်ဝဲယံ ဝိညာဉ်အစောင့်အရှောက် ပြောပြခဲ့ပုံအရ မြေအောက်ဘုံအရှင်သခင်မှာ အရုပ်ဆိုးလွန်း၍ လူသားများ၏ ကြိုဆိုခြင်းမခံခဲ့ရပေ။ ထို့နောက် ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများက သူ့ကို လုပ်ကြံကာ သူ့မိန်းမနှင့် သမီးကို သတ်ပစ်ခဲ့သည်။ ရလဒ်အနေဖြင့် မြေအောက်ဘုံအရှင်သခင်၏ မိစ္ဆာစရိုက် အထိန်းအကွပ် မဲ့သွားပြီး ကြောက်မက်ဖွယ်ရာ နတ်ဘုရားများစွာ အသတ်ခံခဲ့ရသည်။
‘သားသတ်ဒယ်အိုးရဲ့ မှတ်ဉာဏ်က အဲဒီအဖြစ်အပျက် ဖြစ်လောက်တယ်”
ချင်မူမှာ မြေအောက်ဘုံအရှင်သခင်အဖြစ် ပြောင်းလဲသွားပြီး ထိုမှတ်ဉာဏ်ထဲ၌ အသက်ရှင်နေသလို ခံစားနေရသည်။
မြေအောက်အရှင်သခင်သည် အလွန်နူးညံ့၏။ အပြုအမူများက ကြမ်းကြမ်းတမ်းတမ်း ရှိသော်လည်း သူ့မိန်းမအပေါ် အလွန်ကောင်းပေးသည်။ သူ့မိန်းမသည်လည်း လူကြီးသူမအပေါ် သိနားလည်တတ်သော ဗိုင်းကောင်းကျောက်ပိ အမျိုးသမီးတစ်ယောက် ဖြစ်၏။ အဘွားအိုကတော့ မြေအောက်ဘုံအရှင်သခင်၏ အမေဖြစ်သည်။
အဘွားအို မြေအောက်ဘုံအရှင်သခင်ကို ကိုယ်ဝန်ဆောင်ခဲ့တုန်းက နှစ်ပေါင်းများစွာ ကြာသည်အထိ ကိုယ်ဝန်လွယ်ထားခဲ့ရပြီး မမွေးဖွားနိုင်ခဲ့ပေ။ နောက်ဆုံး မွေးဖွားခဲ့သည့်အခါ သူမ၏ပြတင်းပေါက်အပြင် ကောင်းကင်တွင် ကျီးကန်းများ အစုလိုက်အပြုံလိုက် ပျံဝဲနေခဲ့သည်။ သူမ ကလေး၏မျက်နှာကို ကြည့်လိုက်သည့်အချိန်တွင် ကျားမျက်နှာ၊ ကျွဲချိုရှိသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေမှန်း တွေ့ခဲ့ရလေသည်။
လူတိုင်းက ဤကလေးသည် မိစ္ဆာဘုရင်တစ်ပါး၏ လူဝင်စားဟု ဆိုကာ သတ်ချင်ခဲ့ကြသော်လည်း အဘွားအိုမှာတော့ သူ့ကို မစွန့်ပစ်ရက်ဘဲ ချစ်စနိုးဖြင့် အားချို (ရုပ်ဆိုးလေး) ဟု နာမည်ပေးထား၏။ ထို့နောက် လောကကြီး၏ ကဲ့ရဲ့မှုများကို သူမတစ်ယောက်တည်း ခါးဆီးခံကာ သားဖြစ်သူကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့သည်။
မြေအောက်ဘုံအရှင်သခင် အရွယ်ရောက်လာသည့်အခါ ထူးထူးခြားခြား သန်မာအားကောင်းသည့်အပြင် ကောင်းကင်နတ်သိုင်းများစွာ တတ်မြောက်သည်။ သို့သော် သူက အမေအိုကြီးနှင့် မခွဲရက်ပေ။
အရုပ်ဆိုးအကျည်းတန်သော်လည်း သူ့ကို ချစ်မြတ်နိုးသူတစ်ယောက် ရှိလာသည်။ ထိုသူက သူ၏မိန်းမပင် ဖြစ်ချေ၏။
“ရုပ်ဆိုးလေးကိုတောင် လိုချင်တဲ့သူ ရှိတာပါလား” အဘွားအိုမှာ အလွန်ပျော်ရွှင်နေပြီး သားနှင့် ချွေးမအပေါ် တုန်နေအောင် ချစ်သည်။
သို့သော် သူ့မိန်းမက သူ့ကို အားချိုဟု ခေါ်ရသည်ကို သဘောမကျ။ အစ်ကိုကြီးအားနျိုဟုသာ ခေါ်တတ်သည်။ (နျို- ကျွဲ၊ နွား)
ဤမိသားစုလေးမှာ ဆေးပေးမီးယူဖြင့် အေးချမ်းပျော်ရွှင်နေကြပြီး များမကြာခင် သူ့မိန်းမ ကိုယ်ဝန်ရသည်။ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် မွေး၏။
မြေအောက်ဘုံအရှင်သခင်မှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျပြီး ကလေးနှစ်ယောက်ကို ချီကာ ကျင့်ကြံအားထုတ်ရန် သင်ပေးတတ်သည်။ သူတို့၏ဘဝလေးသည် အပူအပင်ကြောင့်ကြမရှိ အလွန်ငြိမ်းချမ်းနေလေသည်။
မြေအောက်ဘုံအရှင်သခင်သည် အရုပ်ဆိုးသော်လည်း ယိုတု၏ ဘက်မလိုက်သော ရှေးဟောင်းနတ်ဘုရားအစား လူသားတစ်ယောက်နှင့် ပိုတူလာ၏။
သူ၏နာမည်ဂုဏ်သတင်းက အင်မတန် ကျော်စောသော်လည်း သူက ရှိသည်နှင့်သာ ရောင့်ရဲတတ်ပြီး မည်သူနှင့်မျှ ရန်ငြိုးမထားတတ်ပေ။ ထို့အပြင် သူ့ပတ်ဝန်းကျင်ရှိ လူသားများကို ကယ်တင်ပေးရင်း ကြည့်ရှုစောင့်ရှောက်ပေးတတ်သည်။ တဖြည်းဖြည်း အားလုံး သူ့အပေါ် ကောင်းလာကြလေသည်။
သို့သော် ကံဆိုးမှုဆိုသည်ကား အချိန်တန်လျှင် တံခါးလာခေါက်စမြဲ မဟုတ်ပါ၏လော။
“ဘေးရွာက ရွာသားတွေ ပြောပြောနေတာ ကြားတယ်... အခုတလော ပတ်ဝန်းကျင်မှာ နတ်ဘုရားတစ်ပိုင်းတစ်ယောက် ပေါ်လာတတ်တယ်တဲ့”
သူ့မိန်းမက ကလေးကို ချော့နေရာမှ သူ့ဆီသို့ လှမ်းပြောသည်။ “သူက လူတွေ စားပြီး အစ်ကိုကြီးအကြောင်း လိုက်မေးနေတယ်ပြောတယ်”
မြေအောက်ဘုံအရှင်သခင် ခေါင်းညိတ်လိုက်ပြီး ခေါင်းပြန်မော့သည့်အချိန်တွင် သူ့မိန်းမပြောသော နတ်ဘုရားတစ်ပိုင်းအား မြင်လိုက်ရသည်။
“အားချို အားနျို”
ထိုနတ်ဘုရားတစ်ပိုင်း၏ခန္ဓာကိုယ်သည် တောင်ကြီးတစ်လုံးပမာ ကြီးမားသဖြင့် သူတို့အိမ်လေးမှာ မနှိုင်းသာအောင် သေးငယ်နေတော့သည်။ နတ်ဘုရားတစ်ပိုင်းက သူ့ကို မဲ့ပြုံးပြုံးကာ သူ့လက်ထဲ၌ ဖမ်းဆုပ်ထားသော လူသားများကို ပါးစပ်ထဲ ထည့်၍ တဂျွတ်ဂျွတ် ဝါးလိုက်သည်။ သူက တဟားဟား ရယ်ကာ ပြော၏။ “ယိုတုရဲ့ အရှင်သခင်ကြီးက လူပြန်ဝင်စားပြီး လူသားမိန်းမနဲ့ ညားနေမယ်လို့ ဘယ်သူထင်မလဲ... မြေအောက်ဘုံအရှင်သခင်၊ မင်း လူပြန်ဝင်စားပြီးပြီဆိုမှတော့ ယိုတုကို ငါ့ဆီ ပေးလိုက်တော့... ဘယ်လိုနေနေ မင်း မအုပ်ချုပ်တော့ဘူးမလား”
မြေအောက်ဘုံအရှင်သခင်က ပြန်မဖြေဘဲ အနောက်သို့ လှည့်ကြည့်လိုက်သည်။ နတ်ဘုရားတစ်ပိုင်းများစွာ ပေါ်လာကြပြီး အလွန်အင်အားကြီးမားမည့်ပုံရကြ၏။
ဘေးရွာများမှာ ဤနတ်ဘုရားတစ်ပိုင်းများကြောင့် စိစိညက်ညက် ကြေနေချေပြီ။
“အားချို”
သူ့အမေက တုန်ရီနေသော ခြေလှမ်းများဖြင့် လမ်းလျှောက်ထွက်လာကာ မေးသည်။ “ဘာတွေဖြစ်နေတာလဲ”
“ဘာမှမဖြစ်ပါဘူးအမေ”
ချင်မူ ခပ်သြဩဖြစ်နေသော သူ့အသံသူ ကြားလိုက်ရဿည်။ “အမေ၊ အိမ်ထဲ ပြန်ဝင်လိုက်နော်... အားလုံးပဲ၊ မင်းတို့တွေ ယိုတုရဲ့ အရှင်သခင် ဖြစ်ချင်ကြတာမလား... ယိုတုမှာ အခု ဘယ်သူမှ မရှိဘူး... သွားပြီး အရှင်သခင် လုပ်ချင် လုပ်လိုက်ကြ... ဘာလို့ ငါ့ကို ဒုက္ခလာပေးနေတာလဲ”
“မင်း မသေရင် ငါတို့လည်း မလုပ်ရဲလို့ပေါ့ကွာ” နတ်ဘုရားတစ်ပိုင်းများက လှောင်သလို ရယ်ကြသည်။
“အစ်ကိုကြီးအားနျို...” သူ့ဇနီး၏အသံက အနောက်မှ ထွက်လာသည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ နတ်ဘုရားတစ်ပိုင်းတစ်ယောက်က မြွေတစ်ကောင်အသွင် ပြောင်း၍ သူ့ဇနီးနှင့် ကလေးနှစ်ယောက်ကို ရစ်ပတ်ထားကြောင်း မြင်လိုက်ရ၏။
ချင်မူ့ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး ဆက်မကြည့်ရက်တော့ပေ။