← Chapters

ကောင်းကင်ယင်သားတော် ပေါ်လာခြင်း

Vol. 57 Ch. 766

ကောင်းကင်ယင်သားတော် ပေါ်လာခြင်း

Vol. 57 Ch. 766

ချင်မူက မြေအောက်ဘုံအရှင်သခင်၏ ရှုထောင့်မှ ကောင်းကင်နတ်ဘုံ၏ စစ်ပွဲကို ကြည့်နေသည်။ မြေအောက်ဘုံအရှင်သခင်သည် တောင်‌ကောင်းကင်မုခ်ဝမှ ကျောက်စိမ်းရေကန်အထိ သတ်ဖြတ်သွားပြီး နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ကောင်းကင်နန်းဆောင်များကို တစ်ခုပြီးတစ်ခု နင်းခြေဖျက်စီးနေ၏။

သူက လက်ရှိ ကောင်းကင်နတ်ဧကရာဇ် စံမြန်းနေသော ကျောက်စိမ်းမြို့တော်အထိ ရောက်လာခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ချုပ်နှောင်ထားသည့် သံကြိုးများလည်း အလွန်တရာ ပြည့်သိပ်နေပြီဖြစ်သည်။ ထိုသံကြိုးများက ယိုတု၏စည်းမျဉ်းများ ဖြစ်ပြီး ယိုတုမှသာမက သူ့ခန္ဓာကိုယ်မှလည်း ထွက်လာနေ၏။ သို့သော် သူကား ဒေါသတကြီး တိုက်ခိုက်နေဆဲပင်။

မြေအောက်ဘုံအရှင်သခင်မှာ ယိုတုမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားဖြစ်သည့်အလျောက် သူ၏လုပ်ဆောင်မှုတိုင်းက ယိုတု၏မဟာတာအိုနှင့် ကိုက်ညီရသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါးသည် သန်မာအားကောင်းလာလေလေ၊ ကိုယ်ပိုင်ခန္ဓာကိုယ်၏ စည်းမျဉ်းများဖြင့် ကန့်သတ်ချုပ်နှောင်ခံရလေလေ ဖြစ်လာလိမ့်မည်။

မြေအောက်ဘုံအရှင်သခင်လည်း ခြွင်းချက်မဟုတ်ပေ။

သူက လူပြန်ဝင်စားလာသော်လည်း ယိုတုမဟာတာအိုဆီမှ မလွတ်လပ်သေးပေ။ လူသားဘဝ ဖြစ်လာသည့်အချိန်တွင် သူ့၌ ကျွဲချိုများနှင့် ကျားခေါင်းတစ်ခေါင်း ပါလာခဲ့သေးသည်။

မြေအောက်ဘုံအရှင်သခင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လေလေ၊ သတ်ဖြတ်လေလေ၊ နာကျင်မှုကလည်း ပို၍နက်ရှိုင်းလာလေလေ ဖြစ်သည်။

ကောင်းကင်နတ်ဘုံတစ်ဘုံလုံး ယောက်ယက်ခတ်နေကြပြီး နတ်ဘုရားပေါင်းများစွာ အသတ်ခံနေရသည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများအတွက် မြေအောက်ဘုံအရှင်သခင်၏ အမုန်းအာဃာတကို နားမလည်နိုင်ပေ။

ရှေးဟောင်းနတ်ဘုရားတို့သည် ကမ္ဘာလောကနှင့်အတူ တည်မြဲ၍ ကောင်းကင်နှင့်မြေပြင် တည်ရှိနေသရွေ့ အသက်ရှည်၏။ သေမျိုးလူသားတို့၏ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ အချစ်နှင့် အမုန်းအား သူတို့ မသိ။ ကျေးဇူးတရား၊ အငြိုးအဃာတ၊ ခံစားချက်များနှင့် အမျက်ဒေါသကိုလည်း သူတို့ မခံစားနိုင်။

သာမန်လူတစ်ယောက်၏ သက်တမ်းသည် နှစ်တစ်ရာ အများဆုံးဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားများအတွက်မူ နှစ်တစ်ရာမှာ တခဏလေးသာ ကြာ၏။

မြေအောက်ဘုံအရှင်သခင်လူဝင်စားက မိန်းမနှင့် ကလေးများ အသတ်ခံလိုက်ရသောကြောင့် ယခုလို ကောင်းကင်နတ်ဘုံအထိ တက်ရောက်သတ်ဖြတ်နေသည်မှာ သူတို့အတွက် လက်မခံနိုင်သည့် အကြောင်းရင်း ဖြစ်ပေသည်။

ပို၍ပင် ဆိုးသည်ကား သူသည် ကောင်းကင်နတ်ဘုံ၏ ကျန်နတ်ဘုရားများကိုလည်း သတ်ဖြတ်နေသဖြင့် နတ်ဘုရားအားလုံး ခြေဦးတည့်ရာ ပြေးလွှားနေကြရသည်။

‌ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများအတွက် သာမန်လူသားတို့သည် အဆင့်နိမ့်ကျသော အောက်ဘုံများမှ တီကောင်များနှင့် မခြားပေ။ သနားစရာ ဤတီကောင်လေးများကို သူတို့ သတိပင် မထားမိခင် တီကောင်လေးများမှာ အိုခြင်းတရားကြောင့် သေဆုံးကုန်ကြပြီဖြစ်သည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါးက တီကောင်ဘဝကို ရရှိပြီးနောက် သူ၏တီကောင်မိသားစု သေဆုံးသွားမှုလေးကြောင့် အစုလိုက်အပြတ် သတ်ဖြတ်နေသည်မှာ သူတို့ မည်သို့မျှ နားမလည်နိုင်သည့်ကိစ္စ ဖြစ်သည်။

ဘာမဟုတ်သော လူသားများနှင့်အတူ ကြီးမြတ်သည့် ရှေးဟောင်းနတ်ဘုရားများ၊ နတ်ဘုရားတစ်ပိုင်းတို့၏ သွေးသားများ မြှုပ်နှံခံနေရခြင်းမှာ... ရူးနေသော လုပ်ရပ်မဟုတ်လျှင် မည်သည့်လုပ်ရပ်ပေနည်း။

သို့တိုင်အောင် အစောင့်အထပ်ထပ် ချထားသည့် ကျောက်စိမ်းမြို့တော်လည်း ဒေါသအမျက်တချောင်းချောင်း ထွက်နေသော မြေအောက်ဘုံအရှင်သခင်ကို မတားနိုင်ကြပေ။ ကျောက်စိမ်းမြို့တော်၏ ဂိတ်တံခါး ပွင့်ထွက်သွား၍ နတ်ဘုရားများ ကြောက်အားလန့်အား အော်ဟစ်ကာ ထွက်ပြေးကုန်ကြသည်။

မြေအောက်ဘုံအရှင်သခင်က ထွက်‌ပြေးနေသော နတ်ဘုရားများကို အဖက်မလုပ်ဘဲ ကျောက်စိမ်းမြို့တော်ထဲ ဝင်လာသည်။ သူ့အနောက်တွင် ကောင်းကင်နတ်ဘုံ၏ တစ်ဝက်ခန့်မှာ ယိုတုမိစ္ဆာနတ်ဆိုးချီများဖြင့် ဖုံးလွှမ်းခံထားရပြီး ဖြစ်ချေသည်။

ထို့အပြင် မိစ္ဆာချီအမှောင်ထုထဲ သံကြိုးများ ဆန့်ထွက်နေပြီး သူ့ခန္ဓာကိုယ်ကို ထိုးချိတ်ထားသည်။ သံကြိုးများမှာ ဆွဲအားကြောင့် တင်းနေကြပြီး မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်မှ သွေးများ တရစပ် စီးကျနေ၏။ သွေးတို့ မြေပေါ် ခသည့်အခါ ယိုတုမိစ္ဆာမီးလျှံများအဖြစ် ဖွဲ့တည်သွားသည်။

မြေအောက်ဘုံအရှင်သခင်က ခေါင်းမာမာဖြင့် နှစ်ဆင့်ဂုဏ်ထည်နန်းဆောင်နှင့် နဂါးပုန်းခန်းမဆီသို့ ဆက်လျှောက်နေဆဲပင်။

နှစ်ဆင့်ဂုဏ်ထည်နန်းဆောင်နှင့် နဂါးပုန်းခန်းမသည် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုအနက် ပါဝင်၏။ မင်းသား၊ မင်းသမီးများ စံမြန်းသော နန်းဆောင်များ ဖြစ်ချေသည်။ ထိုနေရာတွင် ကောင်းကင်နတ်ဧကရာဇ်၏ သားတော်၊ သမီးတော်များ နေကြသည်။

မြေအောက်ဘုံအရှင်သခင်၏ ရည်ရွယ်ချက်က အလွန်ထင်ရှားသည်။ သူသည် ထိုနေရာဆီသို့ သွား၍ ဖျက်စီးပစ်ချင်နေ၏။

သားသတ်ဒယ်အိုး၏ စွမ်းအားမှာ အားကောင်းပြင်းထန်လျက် ရှိသေးသည်။ ဤဒယ်အိုးသည် ကောင်းကင်နတ်ဘုံ၏ အန္တရာယ်အများဆုံး လက်နက်၊ နတ်ဘုရားစီရင်ရာဓားမမှတစ်ဆင့် ဖွဲ့တည်လာခြင်း မဟုတ်ပါ၏လော။ မြေအောက်ဘုံအရှင်သခင်၏ သားသတ်ဒယ်အိုး ဖြစ်လာသည့်အခါ ရှေးဟောင်းနတ်ဘုရားဖြစ်စေ၊ နတ်ဘုရားတစ်ပိုင်းဖြစ်စေ ဒယ်အိုးလက်မှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။

ဤဒယ်အိုးကြီးက နတ်ဘုရားများ၏ စွမ်းအားအလုံးစုံကို စုပ်ယူရင်း အားကောင်းသည်ထက် အားကောင်းလာနေသည်။

နဂါးပုန်းခန်းမနှင့် နှစ်ဆင့်ဂုဏ်ထည်နန်းဆောင်က အရှေ့တွင် ရှိနေသော်လည်း မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားမှာလည်း နောက်ဆုံးအတိုင်းအတာသို့ ရောက်နေပြီဖြစ်၏။

သူက ဒေါသတကြီး ဟိန်းဟောက်ရင်း ရှေ့ဆက်တိုးနေသော်လည်း ယိုတု၏စည်းမျဉ်းများမှ မရုန်းထွက်နိုင်ပေ။

မြေအောက်ဘုံအရှင်သခင်မှာ နှလုံးအသည်းများ ပဲ့ကြွေကျနေသကဲ့သို့ အော်ဟစ်လိုက်ပြီး သားသတ်ဒယ်အိုးကို ခန်းမနှင့် နန်းဆောင်ဆီ ပစ်လွှတ်လိုက်သည်။ ဒယ်အိုးကြီးသည် ကောင်းကင်နတ်ဘုံကို ချေမှုန်းပစ်နိုင်သော စွမ်းအားတစ်ရပ် ထုတ်ဖော်လျက် တဝီးဝီး လည်ကာ ကျဆင်းနေ၏။

ဤသည်မှာ အမျက်ဒေါသပြည့်နေသော တိုက်ခိုက်မှုနှင့် အားချို၏ ကလဲ့စားချေလိုစိတ် ဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်၏ သားသမီးများပင် ဖြစ်စေကာမူ၊ သူ့ပြစ်မှုများ မည်မျှကြီးထွားလာစေကာမူ ထိုနေရာရှိ သတ္တဝါများအား သူ ဖျက်စီးပစ်ချင်သည်။

သို့သော် လက်တစ်ဖက်က စွမ်းအားများ ပြည့်သျှံနေသော သားသတ်ဒယ်အိုးကို တည်ငြိမ်အေးဆေးစွာ ဖမ်းလိုက်ပြီး ကြီးမားပြင်းထန်လှသည့် အားလှိုင်းများကို ဖိနှိပ်လိုက်သည်။

“အဆွေတော် ဒီနေရာအထိ တိုက်ခိုက်လာခဲ့ပြီးမှတော့ ဒေါသပြေသင့်ပါပြီ... ဟုတ်တယ်မလား”

ကောင်းကင်နတ်ဧကရာဇ်က နတ်ကောင်းကင်ခန်းမ၏ အရှေ့တွင် ရပ်၍ လက်တစ်ဖက်ဖြင့် သားသတ်ဒယ်အိုးအား ဖမ်းဆုပ်ထားသည်။ သူက မြေအောက်ဘုံအရှင်သခင်ကို ကြည့်နေ၏။ “ငါ အဆွေတော်ကို မတားခဲ့တဲ့ အကြောင်းရင်းက သူတို့ အမှားလုပ်ခဲ့မှန်း သိလို့ပဲ... ဒါကြောင့် အဆွေတော်လည်း ဒီအထိ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်... အဆွေတော်အနေနဲ့  စိတ်တိုင်းကျ ဒေါသဖြေနိုင်ပါတယ်... ဒါပေမဲ့ ဘာကြောင့် ငါ့ရဲ့ ကလေးတွေကို သတ်ချင်နေတာလဲ”

သူ့အ‌နောက်၌ ရှေးဟောင်းနတ်ဘုရားများစွာ ပေါ်လာပြီး တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် သန်မာအားကောင်းသော ဖြစ်တည်မှုများ ဖြစ်ကြ၏။

မြေအောက်ဘုံအရှင်သခင်မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရပြီး သွေးများက သံကြိုးများတစ်လျှောက် စီးဆင်းနေသည်။ မိစ္ဆာမီးလျှံများသည် နေရာတိုင်းတွင် ဟဲဟဲထ တောက်လောင်နေ၏။

ကောင်းကင်နတ်ဧကရာဇ်က သက်ပြင်းတစ်ချက်  ချသည်။ “အဲဒီနတ်ဘုရားတွေက သေသင့်တာမှန်ပေမယ့် အဆွေတော်ဟာ ဒေါသစိတ်ကြောင့် စုံလုံးကန်းနေပြီ... ဒါက အဆွေတော်ရဲ့ လူဝင်စားပါ... အဆွေတော်အနေနဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး တာအိုနှလုံးသားလည်း ဆုံးရှုံးလိုက်ရပြီးပြီ... ကိုယ့်ကိုယ်ကို မှန်တယ် ထင်နေပေမယ့် တာအိုနှလုံးသား ယိုတုကို ပြန်ရောက်သွားရင် ဒီနေ့ ဘယ်လောက်လွန်ကျူးခဲ့မိသလဲ သိပါလိမ့်မယ်... မိတ်ဆွေဆက်ဆံရေးကို ထောက်ထားပြီး ငါ ပြဿနာမရှာတော့ပါဘူး... ပြန်သွားပါတော့”

မြေအောက်ဘုံအရှင်သခင်က သံကြိုးများမှ ရုန်းရင်း မောဟိုက်စွာ အသက်ရှူနေသည်။ သူ့နှာခေါင်းမှ မီးတန်းများက နဂါးများလို ထွက်လာနေပြီး သူ့မျက်လုံးသုံးလုံးမှ သွေးများသည် မီးတို့နှင့် ရောလျက် စီးကျနေ၏။

ကောင်းကင်နတ်ဧကရာဇ်က သက်ပြင်းချ၍ နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ဘဝပြန်ဝင်စားတယ်ဆိုတာ ဝိညာဉ်အတွက် လေ့ကျင့်ရေးလေးတစ်ခုပါပဲ... ဒါပေမဲ့ အဆွေတော်ဟာ နစ်မွန်းသွားခဲ့တယ်... ငါ အဆွေတော့်ကို ယိုတုဆီ ပြန်ပို့ပေးပါရစေ”

သူက အင်္ကျီလက်အိုးများကို လှုပ်ယမ်းလိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်မှာ ကောင်းကင်နတ်ဘုံ၌ ငြိမ်သက်စွာ မရပ်နိုင်တော့ပေ။ သံကြိုးများက သူ့ကို အမှောင်ထုထဲ ဆွဲသွင်းသွားပြီး သူ့အနောက်ရှိ အမှောင်ထုလည်း ယိုတုဆီသို့ ပြန်လည်ဆုတ်ခွာသွားသည်။

ယိုတုတွင် မြေအောက်ဘုံအရှင်သခင်၏ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော မူလခန္ဓာကိုယ်သည် နိုးထလာ၏။ သူ၏မျက်လုံးသုံးလုံးက တစ်လုံးချင်းစီ ပွင့်လာကာ အမှောင်ထဲမှနေ၍ ကောင်းကင်နတ်ဘုံဆီသို့ မော့ကြည့်လိုက်သည်။

အားချိုဖြစ်ခဲ့သော မြေအောက်ဘုံအရှင်သခင်မှာ သံကြိုးများ၏ ဆွဲချမှုကြောင့် ယိုတုမြေပြင်နှင့်အတူ ပြုတ်ကျလာသည်။ သူသည် အမှောင်ထု၏ အနက်ရှိုင်းဆုံးသို့ ကျဆင်းနေပြီး မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်ဘေးသို့ ကျသွား၏။

သံကြိုးများက သူ့ကို ရစ်ပတ်ချုပ်နှောင်ကာ ထိုနေရာတွင် ချုပ်ထားလိုက်သည်။

များမကြာခင် ဤမြေပြင်ထက်တွင် မဟူရာကျောက်သားဖြင့် ထုဆစ်ထားသော မြို့တစ်မြို့ ဖွဲ့တည်လာလိမ့်မည်။ နာမည်က ကျောက်စိမ်းအကျဉ်း‌ထောင်တံခါးဟု အမည်တွင်လာပြီး ပြစ်မှုကြီးသော ငရဲသားများကို ဖိနှိပ်ထားလိမ့်မည်။

မြေအောက်ဘုံအရှင်သခင်၏လူဝင်စားက ဤအကျဉ်း‌ထောင်ငရဲ၏ ပထမဆုံးအကျဉ်းသား ဖြစ်လေသည်။

“အဆွေတော်”

ကောင်းကင်နတ်ဘုံအထက်တွင် ကောင်းကင်နတ်ဧကရာဇ်၏ အကြည့်က ယခုလေးတင် နိုးထလာသည့် မြေအောက်ဘုံအရှင်သခင်၏အကြည့်နှင့် ဆုံသွားသည်။ ကောင်းကင်နတ်ဧကရာဇ်၏အသံသည် အထက်ကောင်းကင်ကိုးဆင့်မှ ပျံ့လွင့်လာ၏။ “နိုးလာပြီလား... ငါ ပြောတာမှန်တယ် ထင်လား အဆွေတော်... အခု ယိုတုဆီ ပြန်ရောက်သွားပြီး တာအိုနှလုံးသားလည်း နိုးထလာပြီဆိုတော့ အဆွေတော်ရဲ့ လုပ်ရပ်တွေ ဘယ်လောက်ရယ်စရာကောင်းခဲ့မှန်း သိသင့်ပါပြီ”

ဧရာမမြေအောက်ဘုံအရှင်သခင်၏ အကြည့်က အားချို၏ပခုံးပေါ်သို့ ငုံ့ကြည့်လိုက်သည်။

အားချို၏ပခုံးတွင် ဗလာကျင်းနေသည်။

သူ့အကြည့်က အပေါ်ရှိ ကောင်းကင်နတ်ဘုံသို့ ပြန်ကြည့်လိုက်၏။

သူ ယိုတုထဲသို့ ရိုက်ထုတ်ခံခဲ့ရတုန်းက သူ့ပခုံးပေါ်ရှိ မွေးကင်းစကလေးမလေးမှာ ပြုတ်ကျသွားပြီး ကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲသို့ ဆင်းသက်သွားခဲ့လေသည်။

“ကျွန်တော်မျိုး လောကီခံစားချက်တွေကြောင့် စုံလုံးကန်းသွားခဲ့ပါတယ်... ထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” မြေအောက်ဘုံအရှင်သခင်က ပြောလိုက်သည်။

ကောင်းကင်နတ်ဧကရာဇ်က ပြုံး၍ မိန့်တော်မူသည်။ “သတိပြန်ကပ်ပြီဆိုတော့ စိတ်အေးရပါပြီ... အရှင်မင်းကြီးလို့ ခေါ်စရာမလိုပါဘူး... ငါတို့ မိတ်ဆွေဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမဟုတ်လား... အဆွေတော်က ငါ့နောက် အနည်းငယ် နောက်ကျပြီး မွေးလာခဲ့ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ကို အဆွေတော်လို့ ခေါ်ခဲ့ကြတာပဲ... ငါ နန်းတက်သွားတာကြောင့်နဲ့ စိမ်းကားစရာမလိုပါဘူး”

“မခေါ်ဝံ့ပါဘူး”

မြေအောက်ဘုံအရှင်သခင်က ခေါင်းငုံ့သွား၏။ “အတိတ်တုန်းက ကောင်းကောင်းမသိခဲ့ပေမယ့် အခု သိသွားပါပြီ... ဘုရင်နဲ့ ဝန်မင်းတွေကြားမှာ ကွာခြားမှုတစ်ခု ရှိပါသေးတယ်...အရှင်မင်းကြီးက အဆင့်ပိုမြင့်မားပြီး ကျွန်တော်မျိုး ကိုယ့်နေရာကိုယ်မသိဘဲ ပြုမူခဲ့မိတယ်”

ကောင်းကင်နတ်ဧကရာဇ်က သက်ပြင်းချသည်။ “အဆွေတော်က စိမ်းကားနေပြန်ပြီ... ရော့ အဆွေတော်ရဲ့ ဒယ်အိုး”

သူက သားသတ်ဒယ်အိုးကို ယိုတုထဲသို့ ပစ်ချလိုက်သည်။

မြေအောက်ဘုံအရှင်သခင်က မဖမ်းဘဲ ဒယ်အိုးကို သူ့ခြေထောက်အနားသို့ ကျလာစေလိုက်သည်။ “ဒီသားသတ်ဒယ်အိုးက အသက်ပေါင်းများစွာ နုတ်ယူခဲ့ပါတယ်... လက်မခံဝံ့ပါဘူး”

“ဝန်မင်းတစ်ပါးက ဘုရင်လက်ဆောင်ပေးတဲ့ အရာကို လက်မခံဘဲ ပယ်ရှားဝံ့သလား”

ကောင်းကင်နတ်ဧကရာဇ်က ပြုံးလိုက်သည်။ “ဒါပေမဲ့ ဒီဒယ်အိုးကို အဆွေတော်နဲ့ ထားလိုက်ရင် အသုံးမတည့်ဘဲ နေလိမ့်မယ်... ငါ ယိုတုဆီ နတ်ဘုရားတချို့ လွှတ်ပြီး အဆွေတော်အတွက် ဒီဒယ်အိုးကို စောင့်ရှောက်ခိုင်းလိုက်ရင် ဘယ်လိုလဲ”

မြေ‌အောက်ဘုံအရှင်သခင်က နာခံလိုက်သည်။ “အရှင်မင်းကြီး အမိန့်တော်အတိုင်းပါ”

သူ့အကြည့်သည် ကောင်းကင်နတ်ဧကရာဇ်၏ လက်ထဲရှိ ကလေးမလေးအပေါ် ကျရောက်သွား၏။ ကောင်းကင်နတ်ဧကရာဇ်က မွေးကင်းစကလေးကို သူ့ဘေးရှိ ရှေးဟောင်းနတ်ဘုရားတစ်ပါးအား ချီခိုင်းလိုက်သည်။ “အဆွေတော် သံယောဇဉ်မပြတ်သေးဘူးပဲ”

မြေအောက်ဘုံအရှင်သခင် မျက်လုံးများပိတ်လိုက်၍ ချင်မူ၏မြင်ကွင်းလည်း အမှောင်ဖုံးသွားသည်။

“သားသတ်ဒယ်အိုးရဲ့ မှတ်ဉာဏ် အဆုံးသတ်သွားပြီ”

ချင်မူ ငေးငိုင်သွားသည်။ သားသတ်ဒယ်အိုးထဲမှ မိစ္ဆာနတ်ဆိုးချီများ သူ့ကိုယ်ထဲသို့ စီးဝင်လာရောက်လာတုန်းက သူ့မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရပြီး ရုတ်တရက် မြေအောက်ဘုံအရှင်သခင်အားချို ဖြစ်သွားကာ အားချို၏ ရှုထောင့်မှ သူ့ဘဝကို မြင်ခဲ့ရသည်။

“တကယ်တော့ မြေအောက်ဘုံအရှင်သခင် ဒေါသကြောင့် နိုးထလာခဲ့တဲ့အချိန်မှာ အားချို သေသွားပြီ”

ချင်မူ သူ့မျက်နှာသူ ထိကြည့်လိုက်သည့်အခါ မျက်ရည်များစိုစွတ်နေကြောင်း တွေ့လိုက်ရသည်။

ထိုစဉ်တုန်းက အားချိုသည် သေဆုံးသွားပြီဖြစ်ပြီး ကလဲ့စားချေချင်နေသော မြေအောက်ဘုံအရှင်သခင်သာ ကျန်ခဲ့၏။

အားချို၏ကလေး၊ ထိုမွေးကင်းစ ကလေးမလေးမှာ မြေအောက်ဘုံအရှင်သခင်၏ အားနည်းချက်၊ ကောင်းကင်နတ်ဘုံအတွက် ဓားစာခံ ဖြစ်သွားခဲ့သည်။

‘သူ ကောင်းကောင်းမွန်မွန် နေရမှာပါ... ကောင်းကင်နတ်ဘုံက သူ့ကို အန္တရာယ်မပြုလောက်ဘူး... မြေအောက်ဘုံအရှင်သခင်ရဲ့ သွေးသား အသက်ဆက်ရှင်နေမှာပါ’

ချင်မူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘မြေအောက်ဘုံအရှင်သခင် သူ့ကို ပြန်တွေ့ရသေးလား မသိဘူး... ကောင်းကင်နတ်ဧကရာဇ်ရဲ့ အစွမ်းအစက သိပ်အင်အားကြီးတာပဲ... ကောင်းကင်နတ်အရှင်ယွင် သူ့ကို အနိုင်မယူနိုင်ခဲ့သလို၊ ကောင်းကင်နတ်အရှင်ဟောင်လည်း အနိုင်မယူနိုင်လောက်ဘူး... အဲဒါဆို ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်က သူများလား’

ချင်မူမှာ အတွေးထဲ မျောနေတော့သည်။

သားသတ်ဒယ်အိုးအတွင်းတွင် မိစ္ဆာနတ်ဆိုးချီများ စီးမျောနေခြင်း မရှိတော့၍ အလွန်တိတ်ဆိတ်ငြိမ်သက်လာသည်။ ချင်မူ့ပတ်ပတ်လည်ရှိ အမှောင်ထုထဲ၌ ဧရာမမျက်နှာကြီးများ လွင့်မျောနေကြပြီး ချင်မူ့ကို ကြည့်နေကြသည်။ သူတို့က တိတ်ဆိတ်စွာ လှည့်ပတ်နေကြရာ အ‌တော်လေး ချောက်ချားစရာ ကောင်းပေသည်။

“အားချို —“

ရုတ်တရက် မျက်နှာတစ်ခုသည် သူ့မျက်နှာဆီ ပျံသန်းလာပြီး ထူးဆန်းစွာ အော်၏။

ကျန်မျက်နှာများလည်း ပူဆွေးနေသော အော်သံကြီးများဖြင့် ထအော်ကြသည်။ “အားချို —“

ချင်မူ နှာခေါင်းရှုံ့လိုက်မိသည်။ “ငါက အားချိုမဟုတ်ဘူး... မြေအောက်ဘုံအရှင်သခင်အားချိုက သေသွားမှ ယိုတုစွမ်းအားကို အသက်သွင်းနိုင်ခဲ့တာ.... ငါက အဲဒီလိုလုပ်ဖို့ မလိုဘူး.... သူ့မှာ အတားအဆီး၊ အချုပ်အနှောင်တွေ အများကြီးရှိတယ်... ငါ့မှာတော့ မရှိဘူး”

“အားချို” မျက်နှာများက ဆက်အော်နေကြသည်။

“ငါက အားချိုထက် အများကြီး ချောတယ်ကွ”

ချင်မူက နီရဲနေသော မျက်နှာဖြင့် မျက်နှာများကို ရှင်းပြနေသည်။ “ကြည့် ငါ့မှာ ကျွဲချိုပါလို့လား... ငါ့မျက်နှာမှာ ကျားအစင်းတွေ ရှိလို့လား”

“ညီလေး၊ ဘာတွေ ပွစိပွစိ ပြောနေတာတုန်း”

ချင်ဖုန်းကျင့်က နိုးလာပြီး ချင်မူ မျက်နှာများဆီသို့ စကားပြောနေသည်ကို မြင်လျှင် အံ့အားသင့်သွားသည်။ “မင်း ရူးသွားတာလား”

သူက ပျော်လာတော့သည်။ “မင်း ရူးသွားပြီဆို ငါ့ကို စားခွင့်ပေး”

ချင်မူ နှာခေါင်းရှုံ့လိုက်၏။ “ဒီမျက်နှာတွေက ငါ့ကို အားချိုလို့ ခေါ်ပြီး မြေအောက်ဘုံအရှင်သခင်လို ဆက်ဆံနေကြတယ်လေ... အဲဒါကြောင့် သူတို့ကို ရှင်းပြနေတာ... သားသတ်ဒယ်အိုးက ငါတို့ကို အားချိုလို့ ထင်နေတာဆိုတော့ သတ်မှာမဟုတ်ဘူး.. ဒီသားသတ်ဒယ်အိုးစွမ်းအားနဲ့ အပြင်ထွက်လို့ ရလောက်တယ်...”

သူ အပေါ် ပျံတက်နေစဉ် အမှောင်ထုထဲရှိ မျက်နှာများက သူတို့ကို ကြည့်ရင်း အော်နေသည်။

“အားချို”

ချင်မူ့မျက်နှာမှာ မီးသွေးတုံးပမာ မည်းခြစ်နေတော့သည်။ ချင်ဖုန်းကျင့်က မျက်နှာများကို စပ်စပ်စုစု ကြည့်နေရာမှ မနေနိုင်တော့ဘဲ မျက်နှာတစ်ခု လှမ်းဆွဲကာ ပါးစပ်ထဲ ထည့်လိုက်၏။ နှစ်ခါ ဝါးကြည့်ပြီးသော် ထွေးထုတ်လေသည်။ “ဒါကြီးတွေက စားလို့မရဘူးကွ... အရသာတစ်စက်မှကို မရှိဘူး... မြေကြီးထက်တောင် အရသာဆိုးသေးတယ်”

ချင်မူ စပ်စုကြည့်လိုက်သည်။ “အစ်ကိုကြီး၊ မြေကြီး စားဖူးလို့လား”

“စားဖူးတာပေါ့ စားမကောင်းဘူး” ခေါင်းကြီးကြီးကလေးကြီးက ပြန်ဖြေသည်။

“ထူးဆန်းတယ်...  သားသတ်ဒယ်အိုးက ဘာလို့ ရုတ်တရက်ကြီး တိတ်ဆိတ်သွားတာပါလိမ့်”

ချင်မူ ကောင်းကင်ထဲရှိ နဂါးငွေ့တန်းဆီသို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ပိုက်ကွန်မှာ ထူးဆန်းစွာ ငြိမ်သက်နေပြီး စွမ်းအားရှိမနေချေ။

ဒယ်အိုး၏အပြင်တွင်

လုလီတို့ ရပ်ပြီး ဒယ်အိုးကို ကြည့်နေကြသည်။ ဒယ်အိုး တိတ်ဆိတ်နေကြောင်း မြင်သည့်အခါမှ စိတ်သက်သာရာရသွားကြ၏။

“ယိုတုသားတော်က နတ်ဘုရားသားတော်ဆိုတဲ့အတိုင်း မသေခင် တော်တော်ခံနိုင်ခဲ့တာပဲ”

ယန်ချန်းကျောင်းက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “သူ မလှုပ်တော့တာ အတော်ကြာပြီ... ငါတို့ သားသတ်ဒယ်အိုးကို အခု ဖွင့်သင့်ပြီထင်တယ်”

ကောင်းကင်နတ်မင်းကောင်း၏ အကြည့် လှုပ်ခတ်လှုပ်ခတ် ဖြစ်သွား၏။ “ယိုတုသားတော်ကို ဘယ်သူယူရမလဲ အရင်ပြောသင့်တယ် ထင်တယ်”

လုလီနှင့် ဘုရင်ခံသုံးပါး စိုးရိမ်လာကြသည်။ ရုတ်တရက် လုလီ သတ်ချင်စိတ်ပေါက်လာသည်။ ‘ဒီသောက်ဘိုးတော်ကြီးတွေက ငါနဲ့ ဆက်တိုက် တိုက်ခိုက်ချင်နေကြတယ်... သူတို့ အဖုံးဖွင့်နေတဲ့အချိန်မှာ သူတို့ကိုလည်း အသေသတ်လိုက်ရင် ကောင်းမလား... ဒါဆို အဆင်ပြေမယ်’

ဤအခိုက်အတန့်တွင် မြေကြီးသည် မြောက်တက်လာပြီး မုခ်ဝတစ်ခု ပေါ်လာ၏။ မုခ်ဝ ပွင့်သွားသည့်အခါ နူးညံ့ပျော့ပျောင်းသော ရယ်သံ ထွက်လာသည်။ “မင်းတို့ ယိုတုသားတော်ကို ငါ့ဆီ ပေးသင့်တယ်”

ဘုန်း—

အမှောင်ပင်လယ်တစ်စင်းက အောက်သို့ ဆင်းသက်လာကာ ယိုတု၏အာဏာပိုင်အားလုံးအပေါ် ဖိချလိုက်သည်။

ပင်လယ်ထဲတွင် တစ္ဆေအလင်းတန်းများ ကူးလူးဖြတ်ပြေးသွားပြီး ကောင်းကင်နတ်မင်းကောင်း၊ ယန်ချန်းကျောင်းနှင့် ကျန်ရှိသူများကို လျင်မြန်စွာ သတ်ပစ်လိုက်၏။

လုလီတို့မှာ အမှောင်ပင်လယ်အောက်၌ ပိသွားသဖြင့် အရိုးများ ကျိုးကြေကုန်ကြသည်။ တစ္ဆေအလင်းတန်းများ ယိုတု၏အာဏာပိုင်များကို သတ်ဖြတ်၍ မူလဝိညာဉ်များအား ထာဝရဖျက်စီးလိုက်သည်ကို မြင်လျှင် သူတို့အသည်းထဲ အေးသွားကြသည်။ မူလဝိညာဉ်တို့မှာ ပျက်စီးသွားသည်နှင့် အမှုန်များဖြစ်သွားပြီး ပင်လယ်အား ပြန့်ကားလာစေတော့သည်။

ဝှစ်

ပင်လယ်က မုခ်ဝထဲ ဝင်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ထိုအချိန်တွင် တစ္ဆေအလင်းတန်းက လုလီတို့ကို ဝိုက်လှည့်နေသော်လည်း မသတ်ပေ။

“မင်းတို့တွေက အရှင်မင်းကြီး ယိုတုမှာ စခန်းချခိုင်းထားတဲ့ ဘုရင်ခံတွေမလား... မင်းတို့ကို သတ်လိုက်ရင် ငါ ပုန်ကန်ရာ ရောက်သွားလိမ့်မယ်”

မုခ်ဝထဲမှ အလွန်‌ချောမောလှပသော လူတစ်ယောက်သည် ကျောနောက်လက်ပစ်လျက် ထွက်လာ၏။ လုလီတို့ အမူအရာများ ပြောင်းလဲသွားကြသည်။ “ကောင်းကင်ယင်သားတော်”

ကောင်းကင်ယင်သားတော်က သားသတ်ဒယ်အိုးဆီသို့ စိတ်လှုပ်ရှားစွာ‌ လျှောက်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြော၏။ “နောက်ဆုံးတော့ ယိုတုသားတော်က ငါ့အပိုင် ဖြစ်တော့မှာပေါ့လေ... မြေအောက်ဘုံအရှင်သခင်ရဲ့ အာဏာက ငါ့အာဏာ ဖြစ်လာတော့မယ်”

သူ့လက်သည် ကောင်းကင်ပိုက်ကွန်အဖုံးအပေါ် ကျရောက်သွားပြီး အဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

All Chapters