လက်ထဲမှာဓားကိုင်ထားရင် နတ်ဘုရားတောင်ကြောက်လို့ထွက်ပြေးတယ်
Vol. 83 Ch. 1157
အခန်း (၁၁၅၇) လက်ထဲမှာဓားကိုင်ထားရင် နတ်ဘုရားတောင်ကြောက်လို့ထွက်ပြေးတယ်
ဗလာနယ်လေထုထဲတွင် ပြင်းထန်လှသည့် သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် မရဏချီစွမ်းအားများကို ခံစားလိုက်ရပြီးနောက် ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင်၏ မျက်တန်းများ တုန်ခါသွားသည်။
ဗလာနယ် ပိုင်းခြားထားသော နယ်နိမိတ်ကိုကြည့်ရင်း တဖြည်းဖြည်းမှိန်ဖျော့သွားသည့် ဓားအလင်းတန်းနှင့်အတူ ကုန်ဆုံးသွားသည့် အသက်ဓာတ်စွမ်းအားတစ်ခုကိုလည်း အာရုံခံမိသည်ဖြစ်ရာ ဝမ်ကျန်းချန် အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားမိသည်။
ရန်ကျောက်ကဲ၏စကားများက ဝါကြွားပြောဆိုရုံသက်သက်မဟုတ်ကြောင်း မြေကမ္ဘာထိပ်တန်းအရှင်သခင် သဘောပေါက်သည်ပင်။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ’ကျွမ်းရှန်’ ပြီးသည့်နောက် ၊ နောက်ထပ် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရန်တိ သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။
ဝမ်ကျန်းချန်က စောစောကပင် ရန်တိနှင့် တိုက်ခိုက်ခဲ့သည်ဖြစ်ရာ ဤမျှခမ်းနားပြီး ရက်စက်ကြမ်းတမ်းသောဓားအလင်းတန်းကို သေချာပေါက် မှတ်မိနေသည်ပင်။
ထို တစ်ဖက်သွားဓားရှည်အလင်းတန်းနှင့်အတူ ကိစ္စရပ်များသည်ပင် ထိရောက်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ကျန်းချန်၏ အစီအစဉ် အောင်မြင်ခဲ့သည်လား ၊ မအောင်မြင်ခဲ့ဘူးလား။
ရွှယ်ချူးချင်ကို မသတ်ဖြတ်ခင် ဇနီးဖြစ်သူကိုကယ်တင်ရန် ရန်တိ ရောက်လာနိုင်ခဲ့သည်လား။
ဒါမှမဟုတ်...
ရွှယ်ချူးချင်သေဆုံးသွားပြီးနောက် ခြေတစ်လှမ်းနောက်ကျပြီးမှ ရန်တိရောက်ရှိသွားခဲ့ပြီး သူ၏ဒေါသဖြေဖျောက်ရန် လူသတ်ခဲ့သည်လား။
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“အဲဒီလူက အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ’ထျန်းယိ’ ပဲဖြစ်ရမယ် ၊ ဟုတ်တယ်မလား...”
“ဒီလောက်သိပ်သည်းပြီး စွမ်းအားမြင့်မားတဲ့ အသက်ဓာတ်စွမ်းအားကိုပိုင်ဆိုင်တဲ့သူက အထက်ရပ် ‘ချန်’ ၊ ပြီးတော့ အကြီးအကဲ’ဝမ်’ ဆိုတဲ့ခင်ဗျားကိုယ်တိုင်နဲ့ ချန်စန်းသိုင်းပညာကို ကျင့်ကြံထားတဲ့ တာအိုဆရာ ‘ထျန်းယိ’ ပဲ ရှိနိုင်တာလေ...”
သူက ဝမ်ကျန်းချန်ကိုကြည့်ရင်း...
“ပြီးတော့ တာအိုဆရာ ‘ထျန်းယိ’ ကြောင့်ပဲ ငါ့အမေရဲ့ဆရာလည်း အသက်ဆုံးခဲ့ရတာ... ဟုတ်တယ်မလား...”
ဝမ်ကျန်းချန်၏အကြည့်များက ရန်ကျောက်ကဲနှင့် အထက်ဘုံကမ္ဘာတစ်နေရာသို့ ရွေ့လျားသွားပြီး မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ခဏကြာမှ သူက ရိုးရှင်းစွာ ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
ကိစ္စရပ်များက ဆုံးဖြတ်ပြီးသွားပြီဖြစ်ရာ သူ့အနေဖြင့် ရန်ကျောက်ကဲနှင့် ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။
တာအိုဆရာ’ထျန်းယိ’ သေဆုံးသွားပြီဖြစ်ပြီး ရွှမ်ချူးချင် အသက်ရှင်သည်လား သေသည်လား မသိရသည့်တိုင် ရန်တိက ထိုနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ လိုက်သွားလျှင်တောင်မှ ရန်တိ၏ဓားနှင့်ရင်ဆိုင်ရန် ဝမ်ကျန်းချန် ယုံကြည်ချက်အပြည့် မရှိပေ။
အနက်ရောင်ပိုးသားဧကရာဇ် သူ့ကို ကူညီခဲ့သည်က အစောပိုင်း သဘောတူထားသည့်ကိစ္စရှိနေပြီး ၊ သူကိုယ်တိုင်ကလည်း ရန်ကျောက်ကဲ၏ ထိုက်ယိလက်သီးသိုင်းကို တွေ့မြင်လိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ပိုးသားဧကရာဇ်က ရန်ကျောက်ကဲမှလွဲပြီး အခြားမည်သူနှင့်မှ တိုက်ခိုက်ပေးမည် မဟုတ်ပေ။
တိုက်ပွဲကို ရှေးရိုးဆန်လွန်းစွာ တိုက်ခိုက်ခဲ့မိသဖြင့် ဝမ်ကျန်းချန် အတော်လေး နောင်တရနေမိသည်။ ရန်တိကို ကြားဖြတ်ဟန့်တားရာတွင် သူက တည်ငြိမ်မှုကိုဦးစားပေးခဲ့ပြီး အလွန်ပျော့ပြောင်းခဲ့မိသည်။
ချန်ချန်းဟွာက သူ၏အမတမှော်ဝင်ပစ္စည်းဖြစ်သော ထျန်းရှင်းပေတံကို အသုံးမပြုခဲ့သော်လည်း ဝမ်ကျန်းချန်တ်ွင် ယင်ယန် တောင်နှင့်မြစ်ရေကားချပ် ရှိနေပေသည်။ သို့ဖြစ်ရာ သူသာ ချန်ချန်းဟွာနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့လျှင် ရန်တိကို သေချာပေါက် ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
သို့ပေသိ သူက ရန်တိကို နှောင့်နှေးစေရုံမျှသာ တားဆီးလိုသည်ဖြစ်ရာ တစ်ယောက်ချင်းတိုက်ခိုက်ရန် ရွေးချယ်ခဲ့သဖြင့် အခွင့်အရေး အလွန်နည်းပါးသွားခဲ့ရသည်။
အမှန်တော့ ချန်ချန်းဟွာရောက်လာသည်နှင့် သူနှင့် ချန်ချန်းဟွာ ခံစစ်တိုက်စစ်ပူးပေါင်းပြီး ရန်တိကို တိုက်ခိုက်သင့်ခဲ့သည်။
ချန်ချန်းဟွာ၏ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် အခြေခံအုတ်မြစ်တန်ခိုးစွမ်းအားက ရန်တိ၏ဓားသွားကို ပိတ်ဆို့ရန်မလွယ်ကူသည့်တိုင် အနည်းငယ် အချိန်ဆွဲထားပေးနိုင်မည် ဖြစ်၏။ ထိုအချိန်ကို အခွင့်ကောင်းယူကာ ဝမ်ကျန်းချန်က ရန်တိကိုတိုက်ခိုက်ခဲ့မည်ဆိုလျှင် ဤသို့သောအဖြစ်မျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။
စိတ်မကောင်းစရာမှာ ဝမ်ကျန်းချန်၏နည်းလမ်းက အလွန်ရှေးရိုးဆန်သွားပြီး နောင်မှ နောင်တရခြင်းပင် ဖြစ်သည်။
ထို့ပြင် ချန်ချန်းဟွာနှင့်ပတ်သက်ပြီး သူ၏နားလည်နိုင်စွမ်းက လုံလောက်ခြင်း မရှိခဲ့ပေ။ ချန်ချန်းဟွာအနေဖြင့် သူ၏ အမတမှော်ဝင်ပစ္စည်းဖြစ်သော ထျန်းရှင်းပေတံကို အသုံးမပြုဘဲ ဤအတိုင်းလှည့်ထွက်သွားမည်ဟု ဝမ်ကျန်းချန် ထင်မထားခဲ့မိပေ။
တိုက်ပွဲကိုပြန်လည်သုံးသပ်ပြီးသည့်နောက် သူက ချန်ချန်းဟွာဘက်မှကူညီပြီး ရန်တိကို တိုက်ခိုက်မည်ဆိုလျှင် အထက်ရပ်ထိပ်တန်းအရှင်သခင်အနေဖြင့် စိတ်ခုစရာအကြောင်းမရှိဟုလည်း ခံစားလိုက်မိသည်။
သို့ပေသိ ယခုမှနားလည်သွားသည်ဖြစ်ရာ ဝမ်ကျန်းချန်အနေဖြင့် နောင်တရရုံသာ တတ်နိုင်သည်။ စိတ်ထဲတွင် မည်သို့တွေးတောမိပါစေ ယခုအချိန်မှာတော့ မည်သို့မှမတတ်နိုင်တော့ပေ။
အနက်ရောင်ပိုးသားဧကရာဇ် တစ်ချက်စဉ်းစားလိုက်ပြီးနောက် ဝမ်ကျန်းချန်၏ရည်ရွယ်ချက်နှင့် အခြေအနေအရပ်ရပ်ကို နားလည်သွားသည်။
ထို့နောက် သူဘာလုပ်ရမည်ကို အလျှင်အမြန်စဉ်းစားလိုက်၏။
ထိုအချိန်မှာပင်...
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ၏ အဝေးတစ်နေရာမှ ပြင်းထန်သော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
ထိုဓားအလင်းတန်းက သူတို့ (၃)ယောက် တိုက်ခိုက်နေသည့်နေရာသို့ လွင့်ပျံလာပြီး အာကာသနယ်နိမိတ်များကိုဖြတ်ကျော်ကာ ပြင်ပဗလာနယ်ထဲသို့ ရောက်ရှိလာသည်။
ထိုဓားအလင်းတန်းကို တွေ့မြင်လိုက်သည်နှင့် အနက်ရောင်ပိုးသားဧကရာဇ်နှင့် ဝမ်ကျန်းချန်တို့၏မျက်လုံးများ တုန်ခါသွားကြသည်။
အထက်ဘုံကမ္ဘာမှ ဗလာနယ်ကိုဖြတ်ကျော်ရောက်ရှိလာသော ထိုဓားအလင်းတန်းက အသစ်သောကမ္ဘာများစွာကို ဆောင်ကြဉ်းပေးနိုင်သည့် တန်ခိုးစွမ်းအားများစွာ ပါဝင်နေသည်။
ဓားအလင်းတန်းဖြတ်သန်းသွားသည့်နေရာ အာကာသထဲတွင် ကမ္ဘာငယ်များ တစ်ခုပြီးတစ်ခု မွေးဖွားလာခဲ့သည်။
ဆပ်ပြာပူဖောင်းများနှင့်ဆင်တူသည့် သေးငယ်သောကမ္ဘာငယ်များစွာက ရန်ကျောက်ကဲတို့ (၃)ယောက်ရှိရာသို့ မျဉ်းကြောင်းတစ်ခုပမာ စီးတန်းဖြစ်ပေါ်လာသည်။
ထို သေးငယ်သောကမ္ဘာငယ်လေးများက အလွန်ရှေးကျပြီး ကြမ်းတမ်းသောပုံကြမ်းတစ်ခုဖြစ်သည့်တိုင် အချိန်အတိုင်းအတာတစ်ခုသို့ရောက်ရှိလျှင် တောင် ၊ ရေကန်နှင့် မြစ်များကို သဘာဝအတိုင်းမွေးဖွားပြီး ကိုယ်ပိုင်ဥပဒေသများပိုင်ဆိုင်သည့် ကမ္ဘာလောကများ ဖြစ်ပေါ်လာပေလိမ့်မည်။
ရန်ကျောက်ကဲအနေဖြင့် ထိုဓားအလင်းတန်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သော်လည်း ၎င်း၏ဇာစ်မြစ်ကို ချက်ချင်းသိရှိလိုက်သည်။
ထိုဓားက ယခင်အချိန်က ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ အသုံးပြုခဲ့သော ပြီးပြည့်စုံသည့် အမတမှော်ဝင်ဓားတစ်လက်ဖြစ်သည့် ‘မူလဖွင့်လှစ်ဓား’ ပင် ဖြစ်သည်။
ဝမ်ဖူက ထိုဓားကို ရန်ကျောက်ကဲထံသို့ အမှန်တကယ်ပင် ပေးအပ်ခဲ့လေသည်။
အနက်ရောင်ပိုးသားဧကရာဇ်၏ ခန္ဓာကိုယ်က ရိပ်ခနဲ တစ်ချက်လှုပ်ရှားသွားပြီး ဓားအလင်းတန်းအနားသို့ရောက်ရှိသွားကာ ကြားဖြတ်တားဆီးလိုက်သည်။
ကြိုတင်ချိတ်ဆက်ထားခြင်းမရှိသော်လည်း မြေကမ္ဘာထိပ်တန်းအရှင်သခင်က ရန်ကျောက်ကဲကိုပိတ်ဆို့ရန် ချက်ချင်း လှုပ်ရှားလိုက်သည်။
ယင်ယန်တောင်နှင့်မြစ်ရေကားချပ်မှ ဝိညာဉ်စွမ်းအားများ အမြင့်ဆုံးထွက်ပေါ်လာပြီး ဝမ်ကျန်းချန် ထုတ်လွှတ်နိုင်သည့် အကန့်အသတ်အထိ ရောက်ရှိသွားသည်။
ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာ၏ များပြားလှစွာသော မြေလွှာများစုဝေးပြီး အဆုံးမဲ့တောင်တန်းများအဖြစ် ပြောင်းလဲသွားသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင်တစ်ခုလုံး ဤ အာကာသဗလာနယ်ထဲသို့ ပြောင်းလဲရောက်ရှိလာသည့်အလား ထင်မှတ်ရသည်။
စောစောက တိုက်ပွဲတွင် ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကို သူတို့အားလုံး တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။
မူလဖွင့်လှစ်ဓားသာ ရန်ကျောက်ကဲလက်ထဲသို့ ရောက်ရှိသွားပါက အနှီလူငယ်သည် တုနှိုင်းမရသည့် ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ရန်ကျောက်ကဲက ကျောက်စိမ်းကျောက်ဆောင်မှ တပည့်တစ်ယောက်မဟုတ်သော်လည်း သူ့လက်ထဲတွင် မူလဖွင့်လှစ်ဓား ကိုင်ဆောင်လိုက်ပါက သူ၏ ကျင့်ကြံခြင်းအဆင့် ၊ ဓားသိုင်းအောင်မြင်မှုများနှင့်ပေါင်းစပ်လိုက်လျှင် အနက်ရောင်ပိုးသားဧကရာဇ်ရော ဝမ်ကျန်းချန်ပါ အခြေအနေဆိုးရွားသွားနိုင်သည်။
ထို့ကြောင့် သူတို့အနေဖြင့် မူလဖွင့်လှစ်ဓားကို ကြားဖြတ်ယူရမည်ဖြစ်ပြီး ထိုဓားကို သူတို့ကိုယ်တိုင် အသုံးမပြုဘူးဆိုလျှင်တောင်မှ ရန်ကျောက်ကဲလက်ထဲရောက်ရှိသည်ထက် ပိုမိုးကောင်းမွန်ပေမည်။
မူလဖွင့်လှစ်ဓား၏ ဓားအလင်းတန်းကို တွေ့မြင်သည်နှင့် ရန်ကျောက်ကဲက ထိုနေရာသို့သွားရောက်ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။
သို့သော် သူက ဝမ်ကျန်းချန်၏တားဆီးမှုအား ရှောင်လွှဲရန် မကြိုးစားခဲ့ပေ။
သူ၏မျက်ဝန်းများအတွင်းမှ စူးရှသောမိုးကြိုးသံတစ်ချက်ထွက်ပေါ်လာပြီး ခရမ်းရောင်လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာသည်။
ပကတိမိုးကြိုးစွမ်းအား။
ထိုမိုးကြိုးစွမ်းအား ထွက်ပေါ်လာသည်နှင့် ဗလာနယ်ထဲမှ အလင်းရောင်များအားလုံး မှေးမှိန်သွားသည်။
ထိုခဏတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော ထိတ်လန့်ဖွယ်ရာ မိုးကြိုးစွမ်းအားသာလျှင် တည်ရှိနေသည်။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က လျှပ်စီးကြောင်းအဖြစ်ပြောင်းလဲသွားပြီး သူ့ကိုဟန့်တားထားသော ကြီးမားကျယ်ပြန့်သည့် မြေပြင်တောင်တန်းများကို ထိုးဖောက်ထွက်သွားသည်။
သူက အရှိန်အဟုန်မပျက်ပင် အနက်ရောင်ပိုးသားဧကရာဇ်နောက်သို့ လိုက်ပါလာသည်။
အနက်ရောင်ပိုးသားဧကရာဇ်က ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ တန်ခိုးစွမ်းအား အသုံးပြုလိုက်ပြီး ဗလာနယ်လှည့်ပြောင်းကာ မူလဖွင့်လှစ်ဓား၏ ဘေးနားသို့ ရောက်ရှိလာသည်။
သူ၏ ယိုစိမ့်ခြင်းမရှိ နတ်ဘုရားခန္ဓာ တန်ခိုးစွမ်းအားကို အသုံးပြုကာ မူလဖွင့်လှစ်ဓားကို ယူငင်ရန် လက်လှမ်းလိုက်စဉ် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုက ကျရောက်လာသည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် အနီရောင်အလင်းတန်းတစ်ချက် တောက်ပသွားပြီး နတ်ဘုရားထောင်ချောက်ဓားသိုင်း၏ လျှို့ဝှက်တန်ခိုးစွမ်းအားကိုအသုံးပြုကာ အနက်ရောင်ပိုးသားဧကရာဇ်အနားသို့ ရောက်ရှိလာသည်။
ထို့နောက် သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် အနက်ရောင်ပိုးသားဧကရာဇ် နောက်သို့လွင့်ထွက်သွားအောင် ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲက လေထုထဲတွင် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး လက်ဖြင့်ဆုပ်ကိုင်သည့် အသွင်သဏ္ဌန် ပြုလုပ်လိုက်သည်။
ထိုအခါ ရှေးဆန်ပြီး သန့်စင်သောအဖြူရောင်ရှိသည့်တိုင် မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများတောက်ပနေသော ဓားတစ်လက်က ရန်ကျောက်ကဲ လက်ဖဝါးထက်သို့ ကျရောက်လာသည်။
ရန်ကျောက်ကဲလက်ထဲ ‘မူလဖွင့်လှစ်ဓား’ ရောက်ရှိသွားကြောင်း တွေ့မြင်လိုက်သည်နှင့် အနက်ရောင်ပိုးသားဧကရာဇ် တုန်လှုပ်သွားပြီး ချက်ချင်းပင် လှည့်ထွက်ပြေးသွားလေသည်။
သို့ပေသိ ရန်ကျောက်ကဲက ဓားကို နှေးကွေးစွာတစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ့အရှေ့မှ လေထုအက်ကွဲသွားပြီး ဓားအလင်းတန်းက ဖြတ်ကျော်ပျံသန်းသွားသည်။
“ငါ့ဓားချက်မြည်းကြည့်လိုက်စမ်း အနက်ရောင်ပိုးသားဧကရာဇ်...”
စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကြောင့်ထွက်ပေါ်လာသော စိမ်းပြာရောင်နဂါးကြီးက အနက်ရောင်ပိုးသားဧကရာဇ်နောက်သို့ လိုက်ပါသွားပြီး ပြင်ပဗလာနယ်ထဲအထိ ရောက်ရှိသွားသည်။
လမ်းတစ်လျှောက်တွင် စိမ်းပြာနဂါးခန္ဓာကိုယ်ကြီးက ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသည့်အငွေ့အသက်က မိုးမြေတစ်ခုလုံးတုန်လှုပ်သွားစေကာ အဆုံးမရှိသော သွေးနီရောင်အလင်းတန်းများ တောက်ပသွားလေသည်။