မင်းရဲ့ဆွေးမြေ့နေတဲ့အရိုးတွေကိုတခြားသူမလိုချင်ပေမယ့် ငါလိုချင်တယ်
Vol. 83 Ch. 1159
အခန်း (၁၁၅၉) မင်းရဲ့ဆွေးမြေ့နေတဲ့အရိုးတွေကိုတခြားသူမလိုချင်ပေမယ့် ငါလိုချင်တယ်
ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကိုကြည့်ရင်း...
“အဲဒီ ကောင်းကင်အမြုတေကျောက်စိမ်းအပိုင်းအစကို သိမ်းထားချင်တယ်ဆိုကတည်းက... အဲဒီပစ္စည်းက အရေးကြီးတယ်ဆိုတာ မင်းသိနေလို့မဟုတ်လား မြေကမ္ဘာထိပ်တန်းအရှင်သခင်”
ဝမ်ကျန်းချန်က ခဏမျှစဉ်းစားလိုက်ပြီးမှ...
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က အဲဒါကိုအရမ်းအလေးထားတယ်ဆိုတော့... အဲဒီပစ္စည်းကို ဘယ်လိုအသုံးပြုရမလဲ မသိပေမယ့် အရေးကြီးတဲ့ရတနာပစ္စည်းတစ်ခု ဖြစ်နိုင်တယ်လေ”
ရန်ကျောက်ကဲက အေးစက်စွာဖြင့်...
“ဒါဖြင့် ယိုးမင်ဧကရာဇ်ရဲ့စကားတွေက အမှန်တွေပဲပေါ့ ၊ သူ့ စကားတွေသာအမှန်ဆိုရင် မင်းရဲ့လုပ်ရပ်တွေက မှားယင်းနေတာ မဟုတ်ဘူးလား ၊ ယိုးမင်ဧကရာဇ်က ကောင်းကင်အမြုတေကျောက်စိမ်းအပိုင်းအစကို ရအောင်ယူနိုင်ခဲ့တာ ၊ သူလုပ်ခဲ့တဲ့အလုပ်ရဲ့ ကောင်းမြတ်မှုက တိုင်းတာလို့မရနိုင်ဘူး”
သူက ဆက်ပြောသည်။
“တကယ်လို့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သာ ကောင်းကင်အမြုတေကျောက်စိမ်းအပိုင်းအစကိုရသွားလို့ ငါတို့ လမ်းမှန်တာအိုက နတ်ဘုရားတွေကိုတောင် သူ့နာမည်ကြားတာနဲ့ ယုံကြည်ခြင်းဝိညာဉ်အလင်းရောင်ထွက်ပေါ်လာအောင် ပြောင်းလဲပစ်နိုင်မယ်ဆိုရင် ယိုးမင်ဧကရာဇ်ရဲ့လုပ်ရပ်က တကယ့်ကို ကောင်းမွန်တဲ့အလုပ်ကြီးတစ်ခုလို့ သတ်မှတ်လို့ရတယ်”
ဝမ်ကျန်းချန် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့... အခုလိုတွေဖြစ်လာတော့... ဖြစ်သမျှကို ရှောင်ရှားလို့ မရနိုင်ဘူး”
“အခြေအနေက လူတွေလုပ်နိုင်တာထက်ပိုပြီး ပြင်းထန်ကုန်တယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ကောင်းကင်အမြုတေကျောက်စိမ်းအပိုင်းအစကို ဆုံးရှုံးသွားတဲ့အတွက် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်တက်ဖို့ အဟန့်အတားဖြစ်ပြီး အရှိန်အဟုန်ကို နှေးကွေးသွားစေတယ်”
ဝမ်ကျန်းချန်က တည်ငြိမ်စွာဖြင့်...
“ငါတို့ လမ်းမှန်တာအိုကျင့်ကြံသူတွေအနေနဲ့ ဆက်လက်ရှင်သန်ချင်တယ်ဆိုရင် အချိန်တစ်ခုယူဖို့ လိုအပ်တယ်”
“ဒါက စိတ်ပျက်စရာဆိုပေမယ့် မင်းဘာမှ တတ်နိုင်မှာ မဟုတ်ဘူး ၊ ငါတို့မှာ လူအင်အားအရမ်းနည်းတယ် ၊ အထက်ဘုံကမ္ဘာတစ်ခုလုံးက လူအင်အားအရမ်းနည်းတယ် ၊ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး”
ဝမ်ကျန်းချန်က ဆက်ပြောသည်။
“တတ်နိုင်သမျှ အချိန်ဆွဲထားနိုင်ဖို့နဲ့ ကိစ္စရပ်တွေ မှန်ကန်လာတဲ့အထိစောင့်ဖို့ ငါတို့တွေ တန်ဖိုးတစ်ခုတော့ ပေးဆပ်ဖို့လိုတာပေါ့”
ရန်ကျောက်ကဲက လက်ထဲမှ မူလဖွင့်လှစ်ဓားကို ပင့်မြှောက်လိုက်ပြီး တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။
“ဒါဖြင့် အဲဒီပေးဆပ်ရမယ့် တန်ဖိုးတစ်ခုက ဘာများလဲဆိုတာ မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို မေးပါရစေ”
ဝမ်ကျန်းချန်က တည်ငြိမ်စွာဖြင့်...
“တန်ကြေးပေးဆပ်ဖို့အတွက် ငါ့အသက်စွန့်လွှတ်ရရင်တောင် ပြဿနာမရှိပါဘူး ၊ ဒါပေမဲ့ စိတ်မကောင်းစရာက အမတခုံရုံးက လိုချင်တာက ငါ့ရဲ့ဆွေးမြေ့နေတဲ့အရိုးတွေကို မဟုတ်ဘူး ၊ မင်းအမေ ရွှယ်ချူးချင်ကို လိုချင်တာပဲ...”
ရန်ကျောက်ကဲက သူ့ကိုယ်သူ လက်ညှိုးညွှန်ပြလိုက်ရင်း...
“ငါ့အမေက ထုန်းမင်ဧကရာဇ်ရဲ့ အဆက်အနွယ်ဖြစ်ပြီး ငါကိုယ်တိုင်ကလည်း ယိုးမင်ဧကရာဇ်ရဲ့ အဆက်အနွယ်အဖြစ် သတ်မှတ်ခံရတယ်”
ဝမ်ကျန်းချန်က...
“ကံဆိုးကံကောင်းဆိုတာ အမြဲဒွန်တွဲနေတာပါ”
ဝမ်ကျန်းချန်က စကားဆက်မပြောခင် ခဏမျှ စဉ်းစားလိုက်ရင်း...
“တစ်ခါတစ်ရံမှာ ကံကောင်းခြင်းနဲ့အတူ ဘေးအန္တရယ်တွေလည်း ပါဝင်လာတတ်တယ် ၊ အရင်တုန်းက မင်း ယိုးမင်ဧကရာဇ်ရဲ့ ရုပ်ကြွင်းအမွေအနှစ်ကို တပ်မက်ခဲ့တာ တကယ်မဖြစ်သင့်တဲ့ကိစ္စပဲ”
ရန်ကျောက်ကဲက အေးစက်စွာဖြင့်...
“မင်း ငါ့အတွက်တွေးပေးစရာမလိုပါဘူး မြေကမ္ဘာထိပ်တန်းအရှင်သခင် ၊ ကိုယ့်အတွက်ကိုယ်သာ တွေးစမ်းပါ...”
သူက တစ်လုံးချင်း စကားဆက်ပြောလိုက်သည်။
“အမတခုံရုံးက မင်းရဲ့ ဆွေးမြေ့နေတဲ့အရိုးတွေကို မလိုချင်ပေမယ့်...”
“ငါကတော့ လိုချင်တယ်...”
စကားသံအဆုံးသတ်သွားသည်နှင့် ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းက ကောင်းကင်ထက်မှ ကျရောက်လာပြီး ယင်ယန် တောင်နှင့်မြစ်ရေကားချပ် မြေလွှာများစွာကို ဖြတ်ကျော်ကာ ဝမ်ကျန်းချန်ဆီသို့ ကျရောက်သွားသည်။
ဝမ်ကျန်းချန်က သေရမည်ကိုထိုင်စောင့်မနေဘဲ ယင်ယန် တောင်နှင့်မြစ်ရေကားချပ်ကို အသုံးပြုကာ ခွန်လွန်တောင်သို့ အလျှင်အမြန်ထွက်ပြေးရန် ကြိုးစားခဲ့သည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်၏ အရံအတားများရှိနေသည့် ချီလင်ကမ်းပါးသို့ အောင်မြင်စွာပြန်နိုင်မည်ဆိုလျှင့် သူ့အတွက် ဘေးကင်းမည် ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ၏ဓားအလင်းတန်းက ထက်ရှသောဓားတစ်လက်အဖြစ်ပြောင်းလဲသွားပြီး ယင်ယန် တောင်နှင့်မြစ်ရေကားချပ်၏ လေးလံထူထဲသော မြေပြင်အလွှာကို ဖြတ်ကျော်သွားသည်။
ထို့နောက် အဖြူရောင်ဓားဝိညာဉ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထို အဖြူရောင်ဓားဝိညာဉ်၏ ကြောက်မက်ဖွယ်ရာရောင်ဝါက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
“နတ်ဘုရားအဆုံးသတ်ဓားသိုင်း... မင်းက တကယ်ပဲ စန့်ချင်အဆက်အနွယ်ဓားသိုင်းကို သင်ယူထားတာပဲ...”
အဖြူရောင်ဓားဝိညာဉ်အောက်တွင် ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာများအားလုံး အက်ကွဲသွားကြောင်း တွေ့ရသည့်အခါ ဝမ်ကျန်းချန် အတော်လေး အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲ ကြုံးဝါးသံတစ်ချက်အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ ဓားအလင်းတန်းက စက်ဝိုင်းသဏ္ဌန်လှည့်ပတ်သွားကာ ယင်ယန်တောင်နှင့်မြစ်ရေကားချပ်အတွင်းမှ ဝမ်ကျန်းချန်ကို အတင်းအကျပ် ခွဲထုတ်လိုက်သည်။
ထို့နောက် သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး မြေကမ္ဘာထိပ်တန်းအရှင်သခင်အား စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ရိုက်ချလိုက်သည်။
ဝမ်ကျန်းချန်က လက်ဖဝါးနှစ်ဖက် အပေါ်သို့ပင့်တင်လိုက်ပြီး ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
သို့သော် ယင်ယန် တောင်နှင့်မြစ်ရေကားချပ်မရှိဘဲ ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို သူ မည်သို့ တားဆီးနိုင်ပါမည်နည်း။
ဝမ်ကျန်းချန် လက်ဝါးရိုက်ချက်ထိမှန်ပြီး နောက်သို့လွင့်စင်ထွက်သွားသည်။
ရန်ကျောက်ကဲက မူလဖွင့်လှစ်ဓားနှင့်တိုက်ခိုက်နေသည့် ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ကို အရေးမစိုက်တော့ဘဲ ဝမ်ကျန်းချန်ရှေ့သို့ ရောက်ရှိလာသည်။
ဝမ်ကျန်းချန်က...
“မင်း ငယ်ရွယ်တုန်းမှာ အရမ်းတော်ပေမယ့် အသက်ကြီးလာရင် နောင်တရလိမ့်မယ်”
စကားပြောရင်း သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး ချောင်းတဟွတ်ဟွတ် ဆိုးလာသည်။ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် လက်မောင်းတစ်ဖက်လည်း ကျိုးသွားပြီ ဖြစ်၏။
သူက ဆက်ပြောသည်။
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားရဲ့ အရည်အချင်းတွေက အဓိပ္ပါယ်မရှိ အလကားဖြစ်သွားပြီပဲ... အား...”
သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲက သူ၏ဝမ်းဗိုက်ဆီသို့ လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
ကြေမွတောက်လောင်လက်သီးသိုင်း၏ ကြောက်မက်ဖွယ်ရာအဖျက်စွမ်းအားက ဝမ်ကျန်းချန်၏ အသွေးအသားများအားလုံးကို ပြိုကျပျက်ဆီးသွားစေသည်။
ရန်ကျောက်ကဲ၏လက်သီးက သူ၏ရင်ဘတ်ထက်တွင် အချွန်ထက်ဆုံးလှံရှည်ပမာ စိုက်ဝင်နေသည်။
ချီလင်ကမ်းပါး၏သိုင်းပညာက အားမန်ပြည့်ဝပြီး လေးလံခိုင်ခန့်သည်ဖြစ်ရာ ဝမ်ကျန်းချန်မှာ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်သွားသည့်တိုင် အသက်ရှင်နေဆဲ ဖြစ်သည်။
သို့သော် သူ၏ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကို မထုတ်ဖော်နိုင်တော့သလို လှုပ်ရှားနိုင်ခြင်းလည်းမရှိတော့ဘဲ သွေးများက ပါးစပ်နှင့်နှာခေါင်းမှ အဆက်မပြတ်စီးကျနေပြီး အသက်ရှူခြင်းကို ဟန့်တားနေသည်။
ရန်ကျောက်ကဲက...
“ငါ့အရည်အချင်း အလကားဖြစ်တာ မဖြစ်တာက ငါ့ပြဿနာပါ ၊ ငါ့အရည်အချင်းတွေ ပျက်ဆီးသွားပြီဆိုရင်တောင်မှ မင်းကြောင့်တော့ မဟုတ်ဘူး ၊ ဒါကြောင့် စိတ်ပူနေစရာမလိုဘူး မြေကမ္ဘာထိပ်တန်းအရှင်သခင်”
ရန်ကျောက်ကဲက ညင်သာစွာဖြင့် ဆက်ပြောသည်။
“ကိုယ့်အတွက်ကိုယ်ပဲ စိတ်ပူစမ်းပါ”
“အခု... မင်းစိတ်ထဲမှာ ဘာမေးစရာရှိနေလဲ”
ဝမ်ကျန်းချန် စကားပြောနိုင်ခြင်းမရှိဘဲ သူ့နှလုံးသားကို ရန်ကျောက်ကဲက ဆုပ်ကိုင်ထားကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
ရန်ကျောက်ကဲ၏လက်သီးက သူ့ရင်ဘတ်သို့ ဖောက်ဝင်သွားသည်ဖြစ်ရာ သူ့အရှေ့ဘက်မြင်ကွင်းတွင် သူ့ရင်ဘတ်ရှေ့တွင်ရှိနေသော ရန်ကျောက်ကဲ၏လက်ကို တွေ့မြင်နေရသည်။
အနောက်ဘက်မှကြည့်မည်ဆိုလျှင် ဝမ်ကျန်းချန်၏ ရင်ဘတ်အခေါင်းပေါက်ထဲမှ နှလုံးသားကို ဆုပ်ကိုင်ထားသော ရန်ကျောက်ကဲ၏လက်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်သည်။
ရန်ကျောက်ကဲက သူ့လက်ချောင်းများကို ပိုပြီးတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည့်အခါ ဖြူဖျော့နေသည့် ဝမ်ကျန်းချန်၏မျက်နှာက ခရမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်...
“မလုပ်နဲ့... ခွင့်လွှတ်ပေးပါ...”
အဝေးမှ အသံတစ်သံထွက်ပေါ်လာပြီး ခွန်လွန်တောင်ဆီမှ လူတစ်ယောက်က သူတို့အနားသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်။
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား... ဒေါသရှေ့မထားပါနဲ့ ၊ ခွင့်လွှတ်ပေးစေချင်ပါတယ်”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် အနားသို့ထပ်မံတိုးကပ်လာချင်သော်လည်း ရန်ကျောက်ကဲက သူ့လက်ချောင်းများကို ထပ်မံဆုပ်ညှစ်လိုက်ရာ ဝမ်ကျန်းချန်၏မျက်နှာက ခရမ်းပြာရောင် ပြောင်းလဲသွားသည်။
လွှမ်းခြုံဧကရာဇ် နေရာမှာပင် ရပ်တန့်လိုက်ပြီး အလောတကြီး စကားဆိုလိုက်သည်။
“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား ၊ စိတ်မြန်လက်မြန် မလုပ်လိုက်ပါနဲ့ ၊ အရာအားလုံး ထိန်းချုပ်လို့မရ ဖြစ်သွားပါလိမ့်မယ်”
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“လွှမ်းခြုံဧကရာဇ် ကြွရောက်လာပေမယ့် ဒီ ‘ရန်’ က တလေးတစား မကြိုဆိုနိုင်တာ တောင်းပန်ပါတယ်”
လွှမ်းခြုံဧကရာဇ်က ထူးဆန်းစွာ တစ်ချက်ပြုံးလိုက်ရင်း အလောတကြီးဖြင့် စကားဆိုလိုက်သည်။
“အခုချိန်မှာ အဲဒါတွေ မလိုဘူး”
သူက ဆက်ပြောသည်။
“လောလောဆယ် မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို လွှတ်ပေးလိုက်စေချင်ပါတယ် ၊ သူ ဒဏ်ရာအပြင်းအထန်ရထားတယ်ဆိုတော့ အချိန်မီ ဆေးကုသခွင့်မရရင် အသက်အန္တရယ် ရှိနိုင်ပါတယ်”
ရန်ကျောက်ကဲက နားမလည်ဟန်ဖြစ်သွားသည့် အမူအရာဖြင့်...
“ကျွန်တော်က သူ့ကို သတ်ပစ်ဖို့ရည်ရွယ်ထားတယ်ဆိုတာ ဧကရာဇ်မင်း မသိဘူးလား...”
လွှမ်းခြုံဧကရာဇ်က နက်ရှိုင်းသည့်အသံဖြင့်...
“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရား... မင်းမှာ အနာဂတ်ကောင်းတွေ ရှိနေပါတယ် ၊ အမှားမလုပ်မိပါစေနဲ့”
သူက ဆက်ပြောသည်။
“ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ငါ သိထားပြီးပါပြီ ၊ ပြီးခဲ့တာတွေကို ပြောင်းလဲလို့ မရနိုင်တော့ပါဘူး ၊ ဒါပေမဲ့ မင်းလက်ထဲမှာ မြေကမ္ဘာထိပ်တန်းအရှင်သခင် သေဆုံးသွားရင် အခြေအနေတွေက ထိန်းချုပ်လို့ရမှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အခု ကျွန်တော့်အမေ အန္တရယ်ကင်းရဲ့လားဆိုတာတောင် မသေချာသေးဘူး”
သူက ဆက်ပြောသည်။
“ကျွန်တော့်အမေ သေသွားခဲ့တယ်ဆိုရင်လည်း အခြေအနေတွေက ထိန်းချုပ်လို့ရနိုင်မှာ မဟုတ်ပါဘူး”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က...
“ဘယ်အရာမဆို ဒီအတိုင်းဆက်ပြီး လည်ပတ်သွားနိုင်ပါတယ် ၊ ဒါပေမဲ့ မင်းလက်ချက်နဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင် သေသွားရင် ကျန့်ဟွမ်ဓားဧကရာဇ်တောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက လွှမ်းခြုံဧကရာဇ်ကို တိတ်ဆိတ်စွာကြည့်နေရင်း နှုတ်ခမ်းထောင့်များတွန့်ကွေးသွားကာ တစ်ချက်ပြုံးလိုက်သည်။
“လွှမ်းခြုံဧကရာဇ်က တကယ်ပဲ စေ့စပ်ညှိနှိုင်းပေးချင်တာလား ၊ ဒါဆိုရင် မြေကမ္ဘာထိပ်တန်းအရှင်သခင်နဲ့ ချင်းယွမ်ဧကရာဇ် စပြီးလှုပ်ရှားကတည်းက သူတို့ကိုဘာလို့ မတားဆီးခဲ့တာလဲ ၊ ကျွန်တော်တို့ကိုတားဆီးပြီး အမေ့အသက်ကိုရအောင်ယူဖို့ သူတို့ ကြိုးစားနေတဲ့အချိန် ဧကရာဇ်မင်း ဘာလုပ်နေပါသလဲ”
ထိုစကားကြားတော့ အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။
ရန်ကျောက်ကဲက အေးဆေးစွာပင် ဆက်ပြောသည်။
“ကျွန်တော်နားလည်ပါတယ်... ၊ ကျွန်တော်နဲ့ကျွန်တော့်အဖေမသိအောင် အမေ့ကို သတ်ပစ်နိုင်မယ်ဆိုရင် ဧကရာဇ်မင်းလည်း ဒီအတိုင်းငြိမ်နေမှာပဲ မဟုတ်လား”
“ပြီးတော့ ကျွန်တော်တို့ ဒီကိစ္စကို အချိန်မီသိသွားပြီး ဝမ်ကျန်းချန်တို့အုပ်စုနဲ့ တိုက်ခိုက်ကြတဲ့အခါ ကျွန်တော်တို့ဘက်က ရှုံးသွားမယ်ဆိုရင်လည်း ဧကရာဇ်မင်း ဝင်စွက်ဖက်မှာ မဟုတ်ဘူးမလား”
လွှမ်းခြုံဧကရာဇ် စကားပြောရန်ဟန်ပြင်လိုက်စဉ် ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဧကရာဇ်မင်းကို ကျေးဇူးတင်ပါတယ် ၊ ဧကရာဇ်မင်းရောက်လာတဲ့အတွက် ကျွန်တော် ကိစ္စတစ်ခု သိလိုက်ရတယ်”
“ဧကရာဇ်မင်း ဒီကိုရောက်လာတဲ့လမ်းကြောင်းကိုကြည့်မယ်ဆိုရင်... ဧကရာဇ်မင်းနေထိုင်ရာနေရာဖြစ်တဲ့ သံသရာတောင်ကုန်းရှိ အသင်္ချေပုံရိပ်ဂူက ထွက်ခွာလာတာ မဟုတ်ဘူး ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နေထိုင်တဲ့ နတ်ဘုရားအနားယူတောင်ကြားက ထွက်ခွာလာခဲ့တာပဲ... ဟုတ်တယ်မလား”
ထိုစကားကြားတော့ အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် အနည်းငယ် မျက်နှာပျက်သွားသည်။
ရန်ကျောက်ကဲက...
“ကြည့်ရတာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူးထင်တယ်”
ထို့နောက် သူက ဝမ်ကျန်းချန်ကိုကြည့်ရင်း အဖြူရောင်သွားများပေါ်လာသည်အထိ ရယ်မောလိုက်သည်။
“ကြည့်ရတာ မင်း ကံမကောင်းတော့ဘူးထင်တယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ၏လက်ငါးချောင်းကို ဆုပ်ညှစ်လိုက်ရာ ဝမ်ကျန်းချန်၏ နှလုံးသားမှာ သွေးဘောလုံးတစ်လုံးပမာ ပေါက်ကွဲထွက်သွားပြီး သွေးမြူမှုံအပိုင်းအစများက ပတ်ဝန်းကျင်တစ်ခွင်သို့ လွင့်စင်သွားသည်။
ပြင်းထန်သောမိုးကြိုးသွားပမာ တန်ခိုးစွမ်းအားတစ်ခုက ဝမ်ကျန်းချန်၏ သွေးကြောများတစ်လျှောက် ဖြတ်ကျော်ဝင်ရောက်လာပြီး ကိုယ်တွင်းအင်္ဂါများအားလုံး အက်ကွဲသွားစေသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အသွေး ၊ အသားနှင့် အရိုးများအားလုံး တစ်စစီအက်ကွဲသွားပြီး__
အဆုံးသတ်မှာတော့ စိတ်ဝိညာဉ်သည်ပင် ပေါက်ကွဲထွက်သွားလေတော့၏။