ယနေ့တိုက်ပွဲက အစမျှသာ
Vol. 83 Ch. 1160
အခန်း (၁၁၆၀) ယနေ့တိုက်ပွဲက အစမျှသာ
ရန်ကျောက်ကဲက တန်ခိုးစွမ်းအားအမြင့်ဆုံးသုံးပြီး လက်ငါးချောင်းဖြင့်ဆုပ်ညှစ်လိုက်ရာ ပြင်းထန်သောစွမ်းအားက ဝမ်ကျန်းချန်၏နှလုံးသားကို ပေါက်ကွဲသွားစေပြီး အခြားသောကိုယ်တွင်းအင်္ဂါများကိုပါ အက်ကွဲသွားစေသည်။
တန်ခိုးစွမ်းအားက သွေးကြောများတစ်လျှောက် ပျံ့နှံ့သွားပြီး အစိတ်စိတ်အမွှာမွှာအက်ကွဲသွားစေကာ ဝမ်ကျန်းချန်၏ခန္ဓာကိုယ်မှ အရိုးများနှင့် သွေးကြောဆုံချက်များအားလုံးကို ကြေမွသွားစေသည်။
အိုမင်းလှပြီဖြစ်သော ဝမ်ကျန်းချန်၏ခန္ဓာကိုယ်က ထိုခဏမှာပင် ဆွေးမြေ့ပျက်ဆီးသွားပြီး လေထဲတွင် ပြာမှုန့်များပမာ လွင့်ပျံပျောက်ကွယ်သွားသည်။
သူ၏ရုပ်ခန္ဓာနှင့်အတူ သူ၏စိတ်ဝိညာဉ်သည်ပါ ပျက်ဆီးသွားလေသည်။
အထက်ဘုံကမ္ဘာ စတင်တည်ထောင်ပြီးကတည်းက အသက်အရွယ်အကြီးဆုံနှင့် တန်ခိုးစွမ်းအား အမြင့်မားဆုံးသော မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်သည် ယခုတော့ ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ ကြွေလွင့်ပျက်သုဉ်းသွားပြီ ဖြစ်၏။
ရန်ကျောက်ကဲ သူ၏လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
သို့သော် သူ့လက်ချောင်းများက သန့်စင်နေပြီး မည်သည့်သွေးမှစွန်းထင်းနေခြင်း မရှိပေ။
သူ့အရှေ့မှ ဝမ်ကျန်းချန်၏ ခန္ဓာကိုယ်သာလျှင် သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
အဝေးတွင် အချင်းချင်းတိုက်ခိုက်နေကြသော ယင်ယန်တောင်နှင့်မြစ်ရေကားချပ်နှင့် မူလဖွင့်လှစ်ဓားတို့ တပြိုင်နက်တည်း လှုပ်ခါသွားကြသည်။
ယင်ယန်တောင်နှင့်မြစ်ရေကားချပ်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ခွန်လွန်တောင်၏ မြင့်မားသော တောင်ထွတ်တစ်ခုဆီသို့ လွင့်ပျံထွက်ခွာသွားချိန် မူလဖွင့်လှစ်ဓားက တစ်ချက်တုန်ခါသွားပြီး မကြုံစဖူး အားကောင်းသော ရောင်ဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
ယင်ယန်တောင်နှင့်မြစ်ရေကားချပ်က ကမ္ဘာမြေထိပ်တန်းအရှင်သခင်နှင့် သက်ဆိုင်လေသည်။ ယခု လက်ရှိပိုင်ရှင် ဝမ်ကျန်းချန် ကွယ်လွန်သွားပြီဖြစ်ရာ ထိုအမတမှော်ဝင်ပစ္စည်း၏ ပင်ကိုယ်သိစိတ်က မူရင်းဌာနေသို့ပြန်ရန် အလိုအလျှောက် အသက်ဝင်လာခဲ့သည်။
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် မူလဖွင့်လှစ်ဓားကို ပြန်လည်ရယူလိုက်ပြီး အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်အား လှည့်ကြည့်လိုက်သည်။
ဤဧကရာဇ်က အနက်ရောင်ပိုးသားဧကရာဇ်ကဲ့သို့ အနည်းငယ်အားနည်းနေသည့် ဧကရာဇ်တစ်ပါး မဟုတ်ပေ။
ပြီးတော့ သူ့တွင် အမတမှော်ဝင်ပစ္စည်းတစ်ခုလည်း ရှိနေသည်။
ရန်ကျောက်ကဲဘက်မှသာ လက်ဦးမှုရယူပြီး ဝမ်ကျန်းချန်အား မသတ်နိုင်ခဲ့ပါက အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ဝင်ရောက်တားဆီးသည့်အခါ ဝမ်ကျန်းချန် အသက်ရှင်သန်ခွင့် ရသွားနိုင်သည်။
သို့ပေသိ မျက်စိရှေ့တွင် ဝမ်ကျန်းချန် အသတ်ခံလိုက်ရသည့်တိုင် လွှမ်းခြုံဧကရာဇ်က ဒေါသမထွက်ဘဲ စိတ်ပျက်လက်ပျက်သာ ဖြစ်သွားဟန် ရှိသည်။
သူ့မျက်နှာထက် အံ့အားသင့်သည့်အမူအရာတစ်ခုရှိနေပြီး ဝမ်ကျန်းချန်ကို ကယ်တင်လိုသည့်တိုင် အချိန်နှောင်းသွားခဲ့ပေပြီ။
ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေသည့် လွှမ်းခြုံဧကရာဇ်၏မျက်ဝန်းများတွင် စိတ်ရှုတ်ထွေးမှုများ ပြည့်နက်နေသည်။
အတန်ကြာမှ သူက ဖြည်းညင်းသည့်လေသံဖြင့်...
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား... မင်းတော့ ဒီတစ်ခါ ပြဿနာအကြီးကြီး ရှာလိုက်ပြီပဲ”
လွှမ်းခြုံဧကရာဇ်က နက်ရှိုင်းသည့်အသံဖြင့် စကားဆက်ပြောသည်။
“ကျန့်ဟွမ်ဓားဧကရာဇ်က မင်းတို့သားအဖကို ကာကွယ်ဖို့အတွက် တခြားဧကရာဇ် (၂)ပါးကို ဆန့်ကျင်တိုက်ခိုက်မယ်ဆိုရင်တောင် ဖိအားဒဏ်ကို သူခံနိုင်မှာ မဟုတ်ဘူး”
“တိဟွမ်မြေကမ္ဘာဧကရာဇ်က ဧကရာဇ် (၃)ပါးမှာ ခေါင်းဆောင်လို့ ပြောစမှတ်ရှိတယ် ၊ အဲဒီလို ပြောစမှတ်ပြုတာက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ့ကို အမြဲတမ်းထောက်ခံနေတာကြောင့်လည်း မဟုတ်သလို သူက အသက်အကြီးဆုံးနဲ့ အတွေ့အကြုံအရှိဆုံးဖြစ်လို့လည်း မဟုတ်ဘူး”
“အရေးကြီးဆုံး အကြောင်းရင်းကတော့ သူက ဧကရာဇ် (၃)ပါးမှာ တန်ခိုးစွမ်းအားအမြင့်မားဆုံးနဲ့ အခိုင်မာဆုံး ဖြစ်လို့ပဲ ၊ သူက လက်ရှိအထက်ဘုံကမ္ဘာမှာ လောကပထမ ပြိုင်ဘက်ကင်းပဲ ၊ ခွန်လွန်အထင်ကရကိုးပါးမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တောင်မှ တန်ခိုးစွမ်းအားအရာမှာ သူ့ကို မယှဉ်နိုင်ဘူး”
“မင်းအဘိုးလည်း ခွန်လွန်အထင်ကရကိုးပါးထဲမှာ တစ်ယောက်အပါအဝင်ပဲ မဟုတ်လား ၊ ဒါပေမဲ့ သူတို့အချင်းချင်းကြားမှာလည်း ကွဲပြားတဲ့ဆက်ဆံရေးတွေ ရှိတယ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်တို့ရဲ့ ဆက်ဆံရေးက မင်းအဘိုးနဲ့ သူ့ရဲ့ ဆက်ဆံရေးထက် အဆပေါင်းများစွာ သာလွန်တယ်”
လွှမ်းခြုံဧကရာဇ်က သက်ပြင်းချရင်း...
“ဒါကြောင့် ပဋိပက္ခတစ်ခုခု ဖြစ်လာမယ်ဆိုရင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်ဘက်ကပဲ ထောက်ခံမယ်ဆိုတာ အသေအချာပါပဲ”
“တကယ်လို့ မင်းသား မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို မသတ်ခဲ့ဘူးဆိုရင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ဘက်မလိုက်ဘဲ ကြားနေချင်နေနိုင်သေးတယ် ၊ ဒါပေမဲ့ အခု မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို သတ်လိုက်ပြီဆိုတော့... တိဟွမ်မြေကမ္ဘာဧကရာဇ်က မင်းကို ဒုက္ခပေးမယ်ဆိုရင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သေချာပေါက် ထောက်ခံမှာပဲ”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲအား ကူရဦကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
“ဧကရာဇ်တွေကြားက အခြေခံဆက်ဆံရေးတွေကို မင်း နားလည်မယ်လို့ ငါ ထင်ခဲ့မိတာ ၊ နှစ်ပေါင်းများစွာ မင်းကို ငါ လေ့လာကြည့်နေခဲ့တာ ၊ တစ်ခါတစ်လေမှာ မင်းက မဆင်မခြင်လုပ်တတ်ပေမယ့် ကိုယ့်လုပ်ရပ်အပေါ် အမြဲတမ်း နားလည်နေခဲ့တယ် ၊ ဒါပေမဲ့ ဒီနေ့တော့ တကယ်ပဲ....”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဧကရာဇ်တွေကြားက ဆက်နွယ်မှုတွေကို ကျွန်တော် သိပါတယ်”
သူက ဆက်ပြောသည်။
“ပြီးတော့ တိဟွမ်မြေကမ္ဘာဧကရာဇ်ရော ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ရော သူတို့အဆင့်အတန်းနဲ့ သင့်တော်ကိုက်ညီတဲ့ အမတမှော်ဝင်ပစ္စည်းတွေ ရှိနေတယ်ဆိုတာလည်း ကျွန်တော် သိတယ်”
တာအိုဝါဒနှင့် ဗုဒ္ဓဘာသာက လောကတွင် မတူညီသောအယူအဆ (၂)ခုအဖြစ် ရပ်တည်ကြသည်။
အထက်ဘုံကမ္ဘာဆိုသည်က တာအိုဝါဒကျင့်ကြံသူများ အေးဆေးစွာနေထိုင်သည့် နယ်မြေတစ်ခုဖြစ်သည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲက ရေကိုမွှေနှောက်ပြီး ပြဿနာရှာလိုက်ခြင်းအတွက် လွှမ်းခြုံဧကရာဇ် အတော်လေး စိတ်အနှောက်အယှက် ဖြစ်ရသည်။
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က သက်ပြင်းချရင်း...
“ဒါဆို ငါ ပိုလို့တောင် နားမလည်နိုင်တော့ဘူး...”
သူက ဆက်ပြောသည်။
“ဟုတ်တယ်... အခုလောလောဆယ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံရာက ထွက်မလာသေးဘူး ၊ တိဟွမ်မြေကမ္ဘာဧကရာဇ်ကလည်း ပြင်ပဗလာနယ်ထဲမှာ ရောက်နေတယ် ၊ မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်က မင်းကို အခက်တွေ့အောင်လုပ်မှာမဟုတ်သလို ငါကလည်း မင်းတို့သားအဖရဲ့ကိစ္စတွေမှာ ကြားဝင်နှောက်ယှက်ဖို့ အစီအစဉ် မရှိဘူး”
“ဒါပေမဲ့ အချိန်တန်ရင် တိဟွမ်မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာကိုပြန်ရောက်လာပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်လည်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာလိမ့်မယ် ၊ ဒါဆို မင်းဘာလုပ်မလဲ ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား...”
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပြေးမှာလား...”
အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲအား စိတ်ရှုတ်ထွေးသည့်မျက်လုံးများဖြင့် ကြည့်နေသည်။
ပုဂ္ဂိုလ်ရေးအရ ပြောရမည်ဆိုလျှင် ရန်ကျောက်ကဲတို့သားအဖကဲ့သို့ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ အထက်ဘုံကမ္ဘာမှထွက်ခွာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သွားရောက်မည်ကို မလိုလားပေ။
ယိုးမင်ဂမ္ဘီရစက်ဝန်းကြောင့် ရန်ကျောက်ကဲက ယိုးမင်ဧကရာဇ်၏ အဆက်အနွယ်ဖြစ်လာခဲ့ခြင်းနှင့် ရန်တိ၏ဇနီးက ရွှယ်ချူးချင်ဖြစ်နေခြင်းကတော့ ကံကြမ္မာ၏လှည့်စားမှုသာ ဖြစ်သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံလား...”
လွှမ်းခြုံဧကရာဇ်က ဖြည်းညင်းစွာဖြင့်...
“တကယ်လို့ မင်းတို့ဝါဒတောင်ဂိုဏ်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ရွှေ့ပြောင်းသွားမယ်ဆိုရင် သူတို့ဘက်က မင်းတို့ကို ကြိုဆိုမှာ အမှန်ပါပဲ ၊ ဒါပေမဲ့ ကျန့်ဟွမ်ဓားဧကရာဇ်က အဲဒီနေရာကို မင်းတို့နဲ့အတူ လိုက်သွားလို့ မရနိုင်ဘူး”
သူက ဆက်ပြောသည်။
“အရင်တုန်းက ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ ဓားချက်အောက်မှာ စန့်ချင်အဆက်အနွယ်တွေအများကြီး အသက်ပျောက်ခဲ့ရဖူးတယ် ၊ အဲဒီထဲမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဘိုးဘေးဆရာသခင်ကြီးရဲ့ အဖိုးတန်တပည့်တစ်ယောက်တောင် ပါသွားခဲ့တယ်”
“ရွှမ်ဟွမ်ဧကရီနဲ့ လုန်ချွမ်ဧကရာဇ်က ဒီကိစ္စကို လျစ်လျူရှုနိုင်ပေမယ့် စန့်ချင်အဆက်အနွယ်က တခြားကျင့်ကြံသူတွေ ၊ ပြီးတော့ သူတို့ရဲ့ ဘိုးဘေးဆရာသခင်ကြီးက အဲဒီကိစ္စကို မေ့ပျောက်ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး”
လွှမ်းခြုံဧကရာဇ်က ခေါင်းတစ်ချက်ခါယမ်းရင်း...
“ရွှမ်ဟွမ်ဧကရီက တန်ခိုးစွမ်းအားမြင့်မားတာမှန်ပေမယ့်... သူက ဘိုးဘေးဆရာသခင်ကြီးရဲ့ တပည့်ရင်း ဖြစ်နေတယ် ၊ ပြီးတော့ ကျန့်ဟွမ်ဓားဧကရာဇ်လက်ချက်နဲ့သေသွားတဲ့သူကလည်း သူ့ရဲ့ ဂိုဏ်းတူမောင်နှမပဲလေ...”
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက မင်းတို့ဝါဒတောင်ကိုလက်ခံနိုင်ပေမယ့် ကျောက်စိမ်းကျောက်ဆောင်ကိုတော့ ဘယ်တော့မှ လက်ခံနိုင်မှာ မဟုတ်ဘူး ၊ မင်းက ကျောက်စိမ်းကျောက်ဆောင်နဲ့လည်း ဆက်နွယ်နေမယ် ၊ ပြီးတော့ အထက်ဘုံကမ္ဘာကိုတိုက်ခိုက်ဖို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့လည်း ပူးပေါင်းမယ်ဆိုရင်... အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရော ကျောက်စိမ်းကျောက်ဆောင်ပါ အခက်တွေ့မှာကို စိုးရိမ်မိတယ်”
“မင်းက မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို သတ်ဖြတ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပြေးတာက ကိစ္စမရှိဘူး ၊ ဒါပေမဲ့ ကျန့်ဟွမ်ဓားဧကရာဇ်က ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ”
လွှမ်းခြုံဧကရာဇ်က သက်ပြင်းချရင်း...
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား... ဒီတစ်ခါတော့ မင်း တကယ့်ကို စိတ်မြန်လက်မြန်လုပ်လိုက်တာပဲကွာ...”
ရန်ကျောက်ကဲက အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်၏စကားများကို အေးဆေးစွာနားထောင်နေပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။
“စိတ်ပူပေးတာကျေးဇူးတင်ပါတယ် လွှမ်းခြုံဧကရာဇ် ၊ အခုတော့ အမေ့အခြေအနေဘယ်လိုရှိလဲ သွားကြည့်လိုက်ပါဦးမယ် ၊ ကျွန်တော့်ကို ခွင့်ပြုပါဦး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လွှမ်းခြုံဧကရာဇ်အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုပြီး မူလဖွင့်လှစ်ဓားကိုယူဆောင်ကာ အရှေ့ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။
လွှမ်းခြုံဧကရာဇ် ကူရာကယ်ရာမဲ့စွာပင် ရန်ကျောက်ကဲထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။
“ငါက သူ့ကိုခြောက်လှန့်တယ်လို့များ ဒီကောင်လေးက ထင်နေလားမသိဘူး ၊ တကယ်ဆို သူ အလေးအနက်ထားပြီး စဉ်းစားသင့်တာ”
“နှစ်ထောင်ပေါင်းများစွာ ငြိမ်သက်အေးချမ်းနေတဲ့ အထက်ဘုံကမ္ဘာမှာ အခုတော့ အခြေအနေတွေရှုတ်ထွေးကုန်ပြီပဲ ၊ ဒီပြဿနာ ဘယ်တော့မှ အဆုံးသတ်မလဲ တွေးမိတယ်”
***
လွှမ်းခြုံဧကရာဇ်ကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ အမြန်ထွက်ခွာလာခဲ့သည်။
ရန်တိက တာအိုဆရာထျန်းယိအား သတ်ဖြတ်လိုက်သည့်တိုင် မိခင်ဖြစ်သူကို အချိန်မီကယ်တင်နိုင်ပါရဲ့လား ရန်ကျောက်ကဲ မသိရသေးပေ။
ထို့ကြောင့် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက အခြားကိစ္စများကို ဘေးဖယ်ထားပြီး အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။
ခရီးသွားရင်း သူ့စိတ်ထဲတွင် လွှမ်းခြုံဧကရာဇ်၏စကားများကို စဉ်းစားလာခဲ့သည်။
အချို့သော အသေးစိတ်အချက်အလက်များကို မသေချာသော်လည်း ဝမ်ကျန်းချန်ကိုသတ်လိုက်ပါက မည်သို့သော အကျိုးဆက်များဖြစ်လာမည်ကို ရန်ကျောက်ကဲ သိရှိပြီးသားပင်။
သို့ပေသိ အကျိုးဆက်များသိရှိသည့်တိုင် ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို အလွတ်ပေးမည်ဟု မဆိုသာသလို သူ့လုပ်ရပ်အတွက်လည်း နောင်တရခြင်း မရှိပေ။
သို့သော် မကောင်းသောသြဇာလွှမ်းမိုးမှုများ ရှိနေလေရာ နောက်ဆက်တွဲဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာရမည် ဖြစ်၏။
သူရှာဖွေသည့်နည်းလမ်းက ထိရောက်သည်ဖြစ်စေ မထိရောက်သည်ဖြစ်စေ သေခြင်းတရားကို ထိုင်စောင့်နေမည့်အစား အကောင်းဆုံးကြိုးစားရမည် ဖြစ်သည်။
ယနေ့တိုက်ပွဲက အစမျှသာ ရှိသေးသည်။
“ငါ အကြည့်မမှားဘူးလို့ပဲ မျှော်လင့်ရတာပဲ”
ရန်ကျောက်ကဲ ရေရွတ်လိုက်၏။
ထို့နောက် ယခင်အချိန်က သူ၏မိခင်ဖြစ်သူ ရွှယ်ချူးချင် ခွန်လွန်တောင်တွင် သွားရောက်ခဲ့သော နေရာများကို ဆွဲမှတ်ရေးသားထားသည့် မြေပုံကို သူ့စိတ်အာရုံထဲတွင် ပြန်လည် အာရုံခံပုံဖော်ကြည့်လိုက်လေသည်။