အမေနဲ့သားတွေ့ဆုံခြင်း
Vol. 83 Ch. 1161
အခန်း (၁၁၆၁) အမေနဲ့သားတွေ့ဆုံခြင်း
ရန်ကျောက်ကဲ အရှိန်အဟုန်ဖြင့် ခရီးနှင်လာရင်း စိတ်ထဲကလည်း ဘာဆက်လုပ်မည်ကို တွေးတောစဉ်းစားလာသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့သွားရောက်ရန်က ရွေးချယ်မှုတစ်ခု ဖြစ်သည်။
သို့တိုင် မလွှဲမရှောင်သာအခြေအနေမှလွဲပြီး ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သွားရောက်ရန် အစီအစဉ် မရှိပေ။
ထွက်ပြေးခြင်းက အရှက်ရစေသည့်ကိစ္စဟု မဆိုသာသော်လည်း ၊ ဝါဒတောင်ဂိုဏ်းအနေဖြင့် အထက်ဘုံကမ္ဘာတွင် ဂိုဏ်းခွဲများထူထောင်ပြီး မိတ်ဆွေသင်္ဂဟများစွာဖြင့် အခြေကျနေပြီ ဖြစ်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အသစ်ပြန်စရမည်မှာ နှမျောစရာ ဖြစ်၏။
သို့ပေသိ အခြေအနေက ရုတ်တရက်ကြီးဖြစ်သွားလေရာ ရှုထောင့်ပေါင်းစုံမှ စဉ်းစားရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် တစ်စုံတစ်ခုကိုတော့ စွန့်လွှတ်ရမည်ပဲ ဖြစ်သည်။
ထို့ပြင် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ရန်ကျောက်ကဲက ဝမ်ကျန်းချန်နှင့် အနက်ရောင်ပိုးသားဧကရာဇ်ကို ပြတ်ပြတ်သားသား ထိခိုက်ပျက်ဆီးစေရန်အတွက် ကျောက်စိမ်းကျောက်ဆောင်မှ မူလဖွင့်လှစ်ဓားကို ငှားယမ်းခဲ့သည်။ သို့ဖြစ်ရာ ကျောက်စိမ်းကျောက်ဆောင်အနေဖြင့် ဝမ်ကျန်းချန်၏ သေဆုံးမှုအတွက် မလွဲမသွေ တာဝန်ယူရပေမည်။
လက်ရှိ တာအိုဝါဒအခြေအနေအရ ညှိနှိုင်းမရသည့်ပဋိပက္ခများ ဖြစ်မလာဘူးဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့က ကျန့်ဟွမ်ဓားဧကရာဇ်ကို သတ်ဖြတ်ရန် ကြိုးစားမည် မဟုတ်ပေ။
သို့သော် ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်များဖြစ်သော ဝမ်ဖူ ၊ နျဲ့ကျင်းရှန်နှင့် အခြားသူများအတွက် စဉ်းစားပေးရမည် ဖြစ်သည်။
ရန်ကျောက်ကဲသာ ဤအတိုင်းထွက်ပြေးသွားပါက တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့အကြား ပဋိပက္ခများဖြစ်ပေါ်လာမည် ဖြစ်သည်။ ရန်ကျောက်ကဲ၏အပြစ်များအားလုံးက ဓားဧကရာဇ်ထံ ပုံကျသွားနိုင်သည်။
ကျန့်ဟွမ်ဓားဧကရာဇ်က ရွှေစင်ထက်ယံအရှင်သခင်၏တပည့်ဖြစ်သဖြင့် ‘ရန်’ အိမ်တော်ကို ကာကွယ်ပေးရန် တာဝန်ယူထားသော်လည်း ရန်ကျောက်ကဲအနေဖြင့် အသိစိတ်မရှိ တာဝန်မဲ့သည့်လုပ်ရပ်ကို မလုပ်လိုပေ။ ကျန့်ဟွမ်ဓားဧကရာဇ်ထံ အပြစ်အားလုံးပုံချပြီး ထွက်ပြေးရန်မှာ သူ့အတွက် သက်သောင့်သက်သာဖြင့် ထိုက်တန်သည့်အရာဟု မယူဆခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ ရွှယ်ချူးချင်အန္တရယ်ကင်းရေးကို ဦးစွာထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
သို့သော် မိခင်ဖြစ်သူနှင့်တွေ့ဆုံရန် ရန်ကျောက်ကဲ အတော်လေး အူကြောင်ကြောင် ခံစားနေရသည်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် မိခင်ဖြစ်သူက သူ့အတွက် သက်ရှိလူသားတစ်ယောက်ဟုဆိုခြင်းထက် သင်္ကေတတစ်ခုပမာ သို့မဟုတ် ပုံပြင်တစ်ပုဒ်ပမာ တည်ရှိခဲ့သည့်အရာ ဖြစ်သည်။
မိခင်ဖြစ်သူ၏ အလင်းပုံရိပ်ကို တွေ့မြင်ဖူးသောကြောင့်သာ သူမ၏ရုပ်သွင် မည်သို့ရှိကြောင်း သိရှိခဲ့ရသည်။
ငယ်ဘဝအမှတ်တရာများ ရှိခဲ့သည်မှန်သော်လည်း ဝေဝါးနေပြီဖြစ်ပြီး အတိအကျ ဆိုရလျှင် မိခင်ဖြစသူက သူနှင့်တစ်ခါမှ မဆုံဖူးသော လူတစ်ယောက်ပမာသာ ဖြစ်၏။
အခြားသူဆိုလျှင် ကိစ္စမရှိသော်လည်း သူ၏မိခင်ဖြစ်နေသည့်အခါ အတော်လေး အနေရခက်လှသည်။
ရန်ကျောက်ကဲက ရန်တိ ၊ အားဟူ ၊ ယွမ်ကျန်းဖုန်း ၊ ရွှီဖေး ၊ ဖန်ကျွင်း ၊ စစ်ခုန်ချင်း ၊ ဖူအန်းစုတို့နှင့် အလွန်ခင်မင်နက်ရှိုင်းသော ဆက်ဆံရေးရှိသည် အမှန်ပင်။
အကြောင်းမှာ ဤသူများအားလုံးက သူနှင့်အတူ နှစ်ပေါင်းများစွာ ဘဝအနိမ့်အမြင့်အတက်အကျများစွာကို အတူတူ ရင်ဆိုင်ဖြတ်သန်းခဲ့ပြီး နေ့ရောညပါ ကိစ္စရပ်အတော်များများကို မျှဝေခံစားခဲ့ကြသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ‘ရန်ကျောက်ကဲ’ ၏ ရုပ်ခန္ဓာထဲတွင် သူ ပြန်လည်နိုးထလာချိန်တွင် အူကြောင်ကြောင်ဖြစ်မှု ၊ အနေရခက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ရန်တိ ၊ အားဟူတို့နှင့် ပုံမှန်အတိုင်း ဆက်ဆံနိုင်ရန် လဝက်နီးပါး အချိန်ယူခဲ့ရသည်။
ယခုလည်း မိခင်ဖြစ်သူနှင့် ပုံမှန်အတိုင်းဆက်ဆံနိုင်ရန် အချိန်ယူရဦးမည်ပင်။
ရွှယ်ချူးချင်ထွက်ခွာသွားချိန်တွင် ရန်ကျောက်ကဲ အလွန်အသက်ငယ်သေးပြီး ယခုအချိန်ဖြင့်တွက်ကြည့်လျှင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
သွေးက ရေထက်ပိုပျစ်သည်ဟု ပြောစမှတ်ရှိသော်လည်း မှန်ကန်သောမျှခြေကို ဆုပ်ကိုင်ရန် အနည်းငယ် ခက်ခဲသည်ဟု ခံစားမိသည်။
ဤသို့သောအခြေအနေမျိုး သူ တစ်ခါမှ မကြုံဖူးပေ။
နှစ်ပေါင်းများစွာ ကွဲကွာခဲ့သည်ဆိုသော်လည်း သူက မိခင်ဖြစ်သူ ဘေးကင်းရေးအတွက်ဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ထွက်ခွာသွားရန် ရွေးချယ်မည် ဖြစ်၏။
သူ့နေရာတွင် ရန်တိဆိုလျှင်လည်း ထိုသို့ပင် ဆုံးဖြတ်မည် ဖြစ်သည်။
ရန်ကျောက်ကဲက မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့် မရင်းနှီးသော်လည်း ရန်တိကတော့ ထိုသို့မဟုတ်ပေ။ ရန်တိနှင့် ရွှယ်ချူးချင်တို့က နှစ်များတစ်လျှောက် အမှန်တကယ်ပင် နက်ရှိုင်းစွာ မေတ္တာရှိခဲ့ကြသူများ ဖြစ်သည်။
ထို့ကြောင့် ရွှယ်ချူးချင်နှင့် ပြန်လည်ဆုံတွေ့ချိန်တွင် ရန်တိက အနေခက်သလို ခံစားရမည် မဟုတ်ပေ။
“တကယ့်ကို စိတ်ဖိစီးစေတာပဲ ၊ ငါ အမေ့ကိုတွေ့ရင် နှုတ်ဆက်စကားဆိုပြီးတာနဲ့ တခြားကိစ္စမပြောဘဲ အရေးကြီးကိစ္စတွေဘက် စကားလမ်းကြောင်းပြောင်းရမယ်”
ရန်ကျောက်ကဲက သူ၏ညာဘက်လက်ကို ဘယ်လက်ဖြင့်အသာပွတ်သပ်ရင်း တွေးလိုက်သည်။
“အရေးကြီးတဲ့ကိစ္စတွေ အရင်ဖြေရှင်းဖို့ပြောရမယ် ၊ အလာပ သလာပ တွေ ပြောမနေတော့ဘူး ၊ နောက်တော့ အတူတူသွားလာလှုပ်ရှားကြရင်း အမေနဲ့ ရင်းနှီးမှု ရလာမှာပဲ”
ယခင်တစ်ချိန် ဘဝကူးပြောင်းလာစဉ်ကလည်း သူနှင့်ရန်တိ၏ဆက်ဆံရေးကို ဤသို့ပင် ကျော်ဖြတ်ခဲ့သည် မဟုတ်ပါလား။
“ဟုတ်တယ်... အဲဒီအတိုင်းပဲ လုပ်တာပေါ့”
ရန်ကျောက်ကဲက သူ၏ဆုံးဖြတ်ချက်အား အတည်ပြုလိုက်ပြီး ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
ထိုအချိန်...
အဝေးမှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
ထိုဓားအလင်းတန်းရောင်ဝါကို အာရုံခံလိုက်တော့ ရန်တိဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်ရသည်။
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်မှ တိုက်ပွဲအပြီးတွင် ရန်တိသည်လည်း ရန်ကျောက်ကဲနှင့် အတွေးတူညီခဲ့သည်။
ထို့ကြောင့် ရန်ကျောက်ကဲ ဝမ်ကျန်းချန်နောက်သို့လိုက်ပါသွားကြောင်း သတင်းရသည်နှင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ချက်ချင်းလိုက်ပါလာခဲ့သည်။
ရန်ကျောက်ကဲက ရန်တိကိုတွေ့တော့ အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော် ဖခင်ဖြစ်သူမျက်နှာထက်တွင် ဝမ်းနည်းကြေကွဲရိပ်များ ရှိမနေဘဲ ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်မှုများကို တွေ့မြင်လိုက်သည့်အခါ သူ စိတ်သက်သာရာ ရသွားသည်။
“အဖေ့ကို ကြည့်ရတာ...”
အတွေးနှင့်အတူ ရန်ကျောက်ကဲက ရန်တိကို နှုတ်ဆက်စကားဆိုလိုက်သည်။
“အမေ ဘယ်လိုနေလဲ ၊ အဆင်ပြေရဲ့လား”
ရန်တိက ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ပြီး ဒဏ်ရာရထားခြင်းမရှိကြောင်း သေချာတော့မှ တစ်ချက်ပြုံးလိုက်ရင်း...
“မင်းအမေ အဆင်ပြေပါတယ် ၊ ငါ အချိန်မီရောက်လာပြီး တာအိုဆရာထျန်းယိကို သတ်ပစ်လိုက်တယ်လေ”
ရန်တိထံမှ ရှားရှားပါးပါး ရွှင်မြူးနေသည့်အရိပ်အယောင်ကိုတွေ့ရသဖြင့် ရန်ကျောက်ကဲ အံ့အားသင့်နေမိသည်။
ရန်တိ မနေနိုင်ဘဲ ရယ်မောလိုက်ရင်း...
“မင်းအမေက...”
သူက ရယ်မောလိုက်ပြီးမှ စကားဆက်ပြောသည်။
“သူ အခု အိမ်ပြန်ရောက်နေပြီ ၊ ဒါပေမဲ့ မင်းကို ဘယ်လိုရင်ဆိုင်ရမှန်းမသိ ဖြစ်နေတယ်”
သူ့စကားမဆုံးခင် လေထုထဲတွင် မိန်းကလေးအသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ရှင် ဘာတွေလျှောက်ပြောနေတာလဲ ၊ လောလောဆယ် အခြေအနေတွေက ရှုတ်ထွေးနေတယ် ၊ ဖြစ်လာမယ့်ကိစ္စတွေကိုရင်ဆိုင်ဖို့ ဗျူဟာဆွဲဖို့လိုတယ် မဟုတ်ဘူးလား”
ထိုစကားလုံးများနှင့်အတွေးအမြင်များက အလွန်ရင်းနှီးနေသည်ဖြစ်ရာ ရန်ကျောက်ကဲ မှာ အံ့အားသင့်သွားရတော့သည်။
ဟုတ်ပေ၏။
ထိုစကားလုံးများက မိခင်ဖြစ်သူနှင့် တွေ့ဆုံသည့်အခါ အနေရမခက်စေရန် ပြောဆိုမည်ဟု ရည်ရွယ်ထားသော သူ၏စကားလုံးများဖြစ်နေသည် မဟုတ်ပါလား။
ထိုအချိန် ရန်တိ၏ဦးခေါင်းထက်ရှိ ထိုက်ယိဟွာတိမ်တိုက်က ကြာပန်းတစ်ပွင့်ပမာ ပွင့်အာလာပြီး ကြာပန်းပွင့်ချပ်များအလယ်မှ မိန်းကလေးတစ်ယောက် ပျံသန်းထွက်ပေါ်လာကာ ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲ သေသေချာချာကြည့်လိုက်တော့ အလွန်တရာချောမောလှပပြီး မာနကြီးဟန်ရှိသော အသက် (၃၀)ခန့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
အလင်းပုံရိပ်တွင် ရန်ကျောက်ကဲ ကြိမ်ဖန်များစွာတွေ့မြင်ဖူးသည့် ရွှယ်ချူးချင်း၏အသွင်အပြင် အတိအကျပင် ဖြစ်တော့၏။
သို့သော် ပုံထဲက ရွှယ်ချူးချင်က အသက် (၂၀)ခန့်သာရှိပုံရသည်ဖြစ်ရာ ယခုပုံစံက ပိုမိုရင့်ကျက်လာသည်ဟု ဆိုနိုင်သည်။
ပုံထဲကနှင့်ယှဉ်လျှင် အပြင်မှ ရွှယ်ချူးချင်က ပိုမိုကြော့ရှင်းလှပပြီး မျက်ဝန်းများက ထက်ရှသလို ဉာဏ်ပညာကြီးမားဟန်လည်း ရှိသည်။ တည်ငြိမ်ပြီး သွေးအေးသည့်ပုံလည်း ပေါ်သည်။
“... အမေ...”
ရန်ကျောက်ကဲ ကျည်ဆံကိုက်ပြီး အူကြောင်ကြောင်ဖြင့် ခေါ်လိုက်သည်။
ရွှယ်ချူးချင်က အလွန်တရာချောမောလှပပြီး ဟန်ပန်အပြည့်ရှိသူဖြစ်သော်လည်း ရန်ကျောက်ကဲကို ခိုးပြီး အကဲခတ်နေမိသည်။
ထို့နောက် သူမက အံ့သြဝမ်းသာဟန်ဖြင့်...
“မင်းတောင် အရွယ်ရောက်လာပြီပဲ ကျောက်ကဲ...”
အရွယ်ရောက်နေပြီဖြစ်သော သားဖြစ်သူကို မည်သို့ရင်ဆိုင်ရမည်ကို သူမ ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။
သူမ ထွက်ခွာသွားစဉ်က ရန်ကျောက်ကဲက (၃)နှစ်သားလေးသာ ရှိသေးသည်။
လွန်ခဲ့သည့်နှစ်များအတွင်း သူမ ပုန်းအောင်းရှောင်တိမ်းနေရပြီး အရပ်ရပ်သို့လှည့်ပတ်သွားလာနေထိုင်စဉ် မိန်းကလေးငယ်တစ်ယောက်ပမာသာ ပြုမူနေထိုင်ခဲ့သည်။
ယခု အရွယ်ရောက်ပြီးဖြစ်သော သားငယ်ကို ရုတ်တရက် တွေ့ရှိရပြီဖြစ်ရာ လိုက်လျောညီထွေဖြစ်ရန် အချိန်တစ်ခု လိုအပ်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အအတွင်း သားဖြစ်သူ ရန်ကျောက်ကဲ၏သတင်းများ ကြားသိရတိုင်း သူမ ပျော်ရွှင်ဂုဏ်ယူမိသည် အမှန်ပင်။
သို့သော် တကယ်တမ်း သားဖြစ်သူနှင့် မျက်နှာချင်းဆိုင်တွေ့ရသည့်အခါ ရွှယ်ချူးချင်အနေဖြင့် အနည်းငယ် အူကြောင်ကြောင်ဖြစ်မိသလို ခံစားရသည်။
ပြီးတော့ အပြစ်ရှိသလိုလည်း ခံစားရသည်။
သားဖြစ်သူအသက်ငယ်စဉ်ကပင် သူမနှင့်ကွဲကွာသွားခဲ့ပြီး ယခု အချိန်အတန်အရွယ်ရောက်လာသည့်အချိန်အထိ သူမအနေဖြင့် မိခင်ဝတ္တရားမကျေပွန်ခဲ့သဖြင့် သားငယ်အတွက် သနားမိသလို အားနာသလိုလည်း ခံစားရ၏။
စိတ်ထဲတွင် အတွေးပေါင်းများစွာ ရှိနေသည့်တိုင် ရွှယ်ချူးချင်မျက်နှာက ပုံမှန်အတိုင်းပင် ရှိနေသည်။
အထက်ဘုံကမ္ဘာနှင့် အမတခုံရုံး၏အန္တရယ်မှ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသဖြင့် သူမက အတွေ့အကြုံ အလွန်ရင့်ကျက်သူ ဖြစ်သည်။
သို့တိုင် ယခု ရန်ကျောက်ကဲနှင့်ရင်ဆိုင်ရသည့်အခါ တကယ်ပင် အနေရခက်နေခဲ့သည်ပင်။
ရန်ကျောက်ကဲသည်လည်း အနည်းနှင့်အများ သူမကဲ့သို့ပင် ခံစားနေခဲ့သည်သာ ဖြစ်၏။
သူက စီစဉ်ထားသည့်အတိုင်း ဆက်လက် စကားပြောဆိုလိုက်သည်။
“ဒါနဲ့... တခြားကိစ္စတွေ နောက်မှ ပြောကြရအောင်”
“ကျွန်တော်က မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကို သတ်လိုက်ပြီဆိုတော့... နောက်ဆက်တွဲပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အမြန်ဆုံး စဉ်းစားရမယ်”
သို့သော် သူ စကားဆိုလိုက်သည့်တစ်ချိန်တည်းပင် ရွှယ်ချူးချင်ကလည်း စကားပြောလုက်လေသည်။
“ငါတို့တွေ နောက်မှ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့ ၊ အခု ရန်သူတွေက ငါတို့ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး ၊ နောက်ထပ် ဖြစ်လာနိုင်ခြေတွေအတွက် ကြိုတင်ပြင်ဆင်ကြရမယ်”
လမ်းတစ်ဝက်တွင် အမေရော သားပါ စကားဆက်မပြောတော့ဘဲ တစ်ယောက်မျက်နှာတစ်ယောက် စူးစိုက်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်ကိုကြည့်ရင်း ဘေးနားမှ ရန်တိက ဝါးလုံးကွဲ ရယ်ချလိုက်လေတော့၏။