တာအိုအရှင်သခင် အကူအညီတောင်းပြန်ခြင်း
Vol. 40 Ch. 441
တိတ်ဆိတ်ကျွန်းဟာ တာအိုပညာရှိတွေရဲ့ တိုက်ပွဲကနေ ပျံထွက်ရင်း ဖူရှီနဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ အချက်အလက်တွေကို ပုံတူကူးလိုက်ပါတယ်။ ဘိုးဘေးရှီတျန်က အစွမ်းထက်လွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်နဲ့ တိုက်ခိုက်လို့ ဘာအတွေ့အကြုံမှ မရပါဘူး။
မကြာခင်မှာပဲ တိတ်ဆိတ်ကျွန်းဟာ တာအိုပညာရှိတွေရဲ့ တိုက်ပွဲစက်ကွင်းကနေ လွတ်သွားလို့ ပြန်ငြိမ်သွားပါတယ်။ ပထမတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ နောက်ကနေ လိုက်လာမှာကို စိုးရိမ်နေပါသေးတယ်။ ဒါပေမဲ့ ဘယ်တာအိုပညာရှိမှ ဟန်ကျွယ်နောက် လိုက်မလာပါဘူး။
“ဖူရှီနဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်က ဘာလို့ တိုက်ခိုက်နေရတာလဲ” ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက ဟန်ဆောင်တိုက်ခိုက်နေတယ်လို့ သံသယရှိတဲ့အတွက် စနစ်ကို အခုလိုမေးလိုက်တာပါ။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ယောက်စလုံးတွင် သတ်ဖြတ်ငွေ့များ လျှံထွက်နေသည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒါဆို ဒီတာအိုပညာရှိနှစ်ပါးက တကယ်ကြီး တိုက်နေကြတာပေါ့’
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက နောက်ထပ် အကြံအစည်တစ်ခုကို ကြံနေပြီလို့ ထင်ထားခဲ့တာပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ခုနစ်လရှစ်လကျော် ပျံသန်းပြီးမှပဲ ရပ်တန့်လိုက်ပါတယ်။
“တိတ်ဆိတ်ကျွန်းကို တိတ်ဆိတ်ကျွန်းပေါ်မှာ နေတဲ့လူတွေကလွဲရင် တခြားသက်ရှိတွေ ရှာတွေ့သွားသေးလား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မည်သူမျှ မသိပါ။]
ဟန်ကျွယ်ဟာ စိတ်လုံးဝချသွားပြီး ပြုံးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို လာနှိပ်ပေးဖို့ ပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ နတ်ထူးဆန်းဟာ ဟန်ကျွယ်နောက်ဘက်ကို ရောက်လာပြီး နှိပ်ပေးပါတယ်။
အချိန်တွေ ကြာလာပြီဖြစ်တဲ့အတွက် နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို နှိပ်ပေးရတာက လုပ်ပေးရမဲ့အရာတစ်ခုလို့ သဘောထားလာပါပြီ။ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ရေရွတ်လိုက်ပါတယ် “မင်း ဘယ်တော့များမှ ကြီးထွားလာမှာလဲ”
နတ်ထူးဆန်းဟာ ဘာမှပြန်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အသိဉာဏ်က ဒီလောက်အချိန်ကြာပေမဲ့ နည်းနည်းလေးပဲ တိုးတက်သေးတဲ့အတွက် ဟန်ကျွယ်စကားကို နားလည်နိုင်စွမ်း မရှိတာကြောင့် ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ။
ဒါကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အပြင်မထွက်အောင် ဦးနှောက်ထဲ ရိုက်သွင်းပေးစရာ မလိုတော့ပါဘူး။
အဲဒီနောက်ပိုင်း တာအိုပညာရှိတွေ ထပ်ရောက်လာမှာကို ကြောက်တဲ့အတွက် ဟန်ကျွယ်ဟာ မကြာခဏဆိုသလို ပတ်ဝန်းကျင်ကို စစ်ဆေးပါတယ်။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။ တာအိုပညာရှိတွေဟာ တိတ်ဆိတ်ကျွန်းရဲ့ တာအိုစက်ကွင်းဘေးနားမှာ လုံးဝပေါ်မလာတော့ပါဘူး။
ဟန်ကျွယ် အဆင့်ထိုးဖောက်ပြီးတာက စရေတွက်ရင် နှစ် ၅၀၀ ကုန်ဆုံးသွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် နောက်ဆုံးအဆင့်ကို မထိုးဖောက်နိုင်သေးပါဘူး။ အခုအတိုင်းဆိုရင် ဟန်ကျွယ်အနေနဲ့ ကောင်းကင်ဘဝဂ်အဆင့်ကို နှစ် ၂,၀၀၀ နဲ့ ကျော်ဖြတ်ဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး။
မကြာသေးခင်ကပဲ တိတ်ဆိတ်ကျွန်းရဲ့ နှစ်တစ်ရာပြိုင်ပွဲ ပြီးဆုံးသွားပါတယ်။ ကျောက်ရွှမ်ယွမ်က နတ်မင်းအဆင့် ရောက်နေတဲ့ တစ်ဦးတည်းလူမို့လို့ ဟန်ကျွယ်ဟာ တခြာတပည့်တွေနဲ့ မတိုက်ခိုက်စေဘဲ လွီပုနဲ့ မာချောင်ကို တိုက်ခိုက်စေပါတယ်။
တိုက်ပွဲရလဒ်ကတော့ ကျောက်ရွှမ်ယွမ် စိတ်ဓာတ်ကျတာနဲ့ အဆုံးသတ်သွားပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်ရဲ့ လက်အောက်ငယ်သား အစောင့်နှစ်ယောက်ကိုတောင် အနိုင်မယူနိုင်တဲ့အတွက် အရူးအမူးကျင့်ကြံပါတော့တယ်။ ကျောက်ရွှမ်ယွမ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတောကို ဘယ်သူကိုမှ ပြန်မပြောပြပါဘူး။ ဒါပေမဲ့ ကျောက်ရွှမ်ယွမ်ရဲ့ အရူးအမူး ကျင့်ကြံမှုကြောင့် တခြားလူတွေလည်း ဖိအားများလာပြီး ပိုကြိုးစားလာကြပါတယ်။
ဒါကြောင့် အချိန်တစ်ခုအထိ တိတ်ဆိတ်ကျွန်းရဲ့ တိုက်ခိုက်လိုစိတ် ပြင်းပြတဲ့ အခြေအနေဟာ ပိုပို ပြင်းထန်လာပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်နေပါတယ်။
တာအိုညာရှိတွေက ပိုပိုလှုပ်ရှားလာပြီး ချုံရှီလိုင်တောင် တိုက်ခိုက်ခံရလာပါတယ်။ အကျဉ်းချုပ်ရရင် လောကတစ်ခုလုံး ပဋိပက္ခတွေချည်းပါပဲ။ ဒီအချိန်မှာပဲ ပဋိပက္ခနယ်မြေကနေ တစ်စုံတစ်ယောက် ဆင့်ခေါ်နေတာကို ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဒီတစ်ခါကတော့ တာအိုအရှင်သခင် ဖြစ်ဖို့ များပါတယ်။
ဟန်ကျွယ်ဟာ ဘာမှလုပ်စရာမရှိတာကြောင့် ပဋိပက္ခနယ်မြေထဲကို ချက်ချင်း ခုန်ဝင်လိုက်ပါတယ်။ ပဋိပက္ခနယ်မြေထဲကို ရောက်တာနဲ့ ဟန်ကျွယ်ဟာ အသင့်စောင့်နေတဲ့ တာအိုအရှင်သခင်နဲ့ ကျိုးဖန်ကို တွေ့လိုက်ရပါတယ်။
တာအိုအရှင်သခင်က ဟန်ကျွယ်ကို တွေ့တာနဲ့ တန်းပြောပါတယ် “အစ်ကို... ကျွန်တော်တို့ကို ကယ်ပါအုန်း”
ဟန်ကျွယ်က အများကြီး မပြောပါဘူး “နေရာ၊ ရန်သူ”
“ကောင်းကင်ကိုးဘုံ ပန်းဆွဲတောင်၊ ဗုဒ္ဓဂိုဏ်း တာအိုပညာရှိ ချုံရှီလိုင်”
“သေမှာ ထိုင်စောင့်နေလိုက်”
“မလုပ်ပါနဲ့ အစ်ကိုရယ်”
“ဒါဆိုရင် ငါ့ကိုပြောစမ်းပါ၊ ငါ ဘယ်သူ့ကို သွားရှာရမလဲ”
“ဖူရှီကိုရှာ”
“ဘယ်လိုရှာရမှာလဲ”
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘ဒီကောင် ရူးသွားပြီနဲ့တူတယ်’
ကျိုးဖန်က ပြောလိုက်ပါတယ် “ဖူရှီကိုရှာဖို့ ကောင်းကင်ဧကရာဇ်ဖန်ကို ပြောလို့ရတယ်၊ အခုအချိန်မှာ လူသားတွေနဲ့ ကောင်းကင်ရုံးတော်က တာအိုပညာရှိတွေရဲ့ ဖိအားအောက်မှာ ပြားပြားဝပ်နေရတာ၊ ရန်သူတူတာဆိုတော့ ကူညီနိုင်ချေ ရှိတယ်”
ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားပါတယ် “လူသားတွေနဲ့ ကောင်းကင်ရုံးတော်က ဘယ်လိုလုပ်ပြီး ရန်သူတူရမှာလဲ၊ သူတို့တွေ ပူးပေါင်းရင်တောင် တာအိုပညာရှိရှေ့မှာ နယ်ရုပ်သာသာပဲရှိမှာ”
ကျိုးဖန်က ပြန်ဖြေပါတယ် “တာအိုပညာရှိတစ်ပါးက လောကကြီးမှာရှိတဲ့ သက်ရှိအကုန်လုံးကို ဖျက်ဆီးပစ်မယ်လို့ သတင်းထွက်နေတယ်၊ အဲဒီလိုသာ တကယ်ဖြစ်လာခဲ့ရင် တာအိုပညာရှိအောက်က သက်ရှိအားလုံး သေလိမ့်မယ်၊ အဲဒါကြောင့် လူသားတွေနဲ့ ကောင်းကင်ရုံးတော်က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အလိုလို ပူးပေါင်းသွားကြလိမ့်မယ်”
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ် ‘ဒီဟာက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားနဲ့ ဆင်တူနေသလိုပဲ... ဒါဆို တာအိုပညာရှိတွေကလည်း တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်မြောက်ထားတာများလား’
ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ကောင်းကင်တာအိုပညာရှိတွေထဲမှာ ဘယ်တာအိုပညာရှိက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်ထားတာလဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအိုပညာရှိများတွင် ချုံရှီလိုင်နှင့် မင်ကျွယ်သာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်မြောက်ထားသည်။]
‘တကယ် တက်ထားတာပဲ’ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပါတယ် ‘ခွီးတဲ့မှပဲ... ဒီလိုဆို တာအိုပညာရှိတစ်ပါးက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်ရင် ငါလည်း သေမှာလား၊ ငါ သက်ရှိအားလုံးကို သုံးသပ်တုန်းက ဒီအကြောင်းကို ဘာလို့ မတွေးမိရပါလိမ့်’
ဟန်ကျွယ်ဟာ ဆက်တွေးလေ စိတ်လေးလေ ဖြစ်လာပါတယ်။
ဒီအချိန်မှာပဲ ကျိုးဖန်က မေးလိုက်ပါတယ် “အစ်ကို... ကျွန်တော်တို့ကို ကူညီမှာလား”
“မင်းတို့ကို ကူညီရင် ငါ ဘာရမှာလဲ”
“ဒီကိစ္စပြီးရင် ကျွန်တော်လည်း အစ်ကိုဆီလာခဲ့မယ်၊ ကျောက်ရွှမ်ယွမ်လိုမျိုး အစ်ကိုဂိုဏ်းထဲ ဝင်မယ်” တာအိုအရှင်သခင်က ပြောလိုက်တာပါ။
“ကောင်းပြီလေ” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပဋိပက္ခနယ်မြေထဲက ထွက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်သွားပေမဲ့ စိတ်လေးတာကို ပျောက်မသွားပါဘူး ‘ခွီးတဲ့မှပဲ... ဒီတာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားက သူများလက်ထဲမှာ တော်တော် ကြောက်ဖို့ကောင်းတာပဲ’
ဟန်ကျွယ်ဟာ အရင်တုန်းက သက်ရှိအားလုံးကို အသုံးမဝင်ဘူးလို့ ထင်ထားခဲ့ပေမဲ့ အခုတော့ အတော်လေး ကြောက်နေပါပြီ။
‘ဒါပေမဲ့ တာအိုပညာရှိတွေက ဒီဆန်းကြယ်စွမ်းအားကို အလောတဆယ် သုံးရဲမှာမဟုတ်ဘူး၊ ဘယ်တာအိုပညာရှိကများ တာအိုပညာရှိအဆင့်ကနေ လျှောကျချင်မှာလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
တာအိုပညာရှိတစ်ပါးသာ တာအိုပညာရှိအဆင့်ကို အဆုံးရှုံးခံပြီး တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးခဲ့မယ်ဆိုရင် ကျန်တဲ့ တာအိုပညာရှိတွေကို ရန်စမိမှာပါ။ တာအိုပညာရှိတွေရဲ့ သင်ကြားမှုတွေ မျိုးဆက်တွေက အင်မော်တယ်ကမ္ဘာမှာ ရှိနေတာ မဟုတ်ပါလား။
အဲဒီအချိန်ကျရင် တာအိုပညာရှိအဆင့်ကနေ လျှောကျသွားတဲ့လူက သေတွင်းထဲ ခုန်ချင်တာကမှ သက်သာတဲ့ အခြေအနေကို ရောက်သွားမှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ စိတ်မချနိုင်သေးတာကြောင့် စနစ်ကို မေးလိုက်ပါတယ် “တာအိုပညာရှိ တစ်ပါးပါး တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုရင် ငါ သေမှာလား”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မသေပါ။ တာအိုစက်ကွင်းသည် ကောင်းကင်တာအိုနှင့် ဝေးရာတွင် တည်ရှိသောကြောင့် တာအိုစက်ကွင်းထဲရှိ သက်ရှိအားလုံး မသေပါ။]
ဒီအဖြေကို မြင်မှာပဲ ဟန်ကျွယ်ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
‘ဒီလိုဆို ချုံရှီလိုင်နဲ့ မင်ကျွယ် နှစ်ယောက်ထဲက တစ်ယောက်က ပြဿနာရှာချင်နေတာ ဖြစ်ရမယ်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်၊ စုချီ၊ ရွှမ်ချင်းကျွင်း၊ ဖန်းလျန်၊ ကျိုးဖန်နဲ့ တခြားလူတွေကို တွေးမိတဲ့အခါမှာ ချီတုံချတုံ ဖြစ်သွားပါတယ်။
‘ငါ တစ်ခုခု လုပ်သင့်လား၊ ထားလိုက်ပါတော့၊ စောင့်ကြည့်တာပဲ ကောင်းပါတယ်၊ အခုအချိန်မှာ ငါ တာအိုပညာရှိကို ရန်မစတာ အကောင်းဆုံးပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “ချုံရှီလိုင်နဲ့ မင်ကျွယ်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို ထုတ်သုံးဖို့ စိတ်ကူးရှိလား”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ်တွင် တာအိုပညာရှိနှစ်ပါးစလုံး ထုတ်သုံးရန် စိတ်ကူးမရှိပါ။]
ဟန်ကျွယ်ဟာ ထပ်ပြုံးမိသွားပါတယ် ‘ဒီလိုဆို ငါ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား သုံးသပ်တာက တာအိုပညာရှိတွေက အာရုံခံမိသွားတာလား၊ ဒါ ဖြစ်နိုင်တယ်’
‘ဒါလည်း ကောင်းတာပဲ၊ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားက လူသတ်စက်ပဲ၊ နောက်ကျလို့ တစ်ယောက်ယောက်က ငါ့ကို ပြေးပေါက်မရှိအောင်လုပ်ရင် သက်ရှိအားလုံးကို သုံးမယ်ဆိုပြီး ခြိမ်းခြောက်လို့၇တယ်၊ သူတို့ရဲ့မျိုးဆက်တွေ ဖျက်ဆီးတာကို မခံချင်ရင် ငါကို ကျိန်းသေပေါက် ရန်လာစရဲမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားနဲ့ တာအိုပညာရှိတွေကို ခြိမ်းခြောက်ဖို့ တွေးလိုက်ပေမဲ့ ထုတ်ပြဖို့ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက အမှောင်သခင်ကြီးထက် ပိုပြီးတော့ လူမုန်းခံရမှာမို့လို့ပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ဖန်းလျန်ကို ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ဆက်သွယ်မိသွားတာကြောင့် ဟန်ကျွယ်က မေးလိုက်ပါတယ် “ငါ မင်းကို လုပ်ခိုင်းစရာတစ်ခု ရှိတယ်”
ဖန်းလျန်က ပြန်မဖြေတာကြောင့် ဟန်ကျွယ်ဟာ တစ်ခုခုမှားနေပြီလို့ သိလိုက်ပါတယ် “မင်း ရှိသေးလား”
“ရှိတယ်” နက်နဲတဲ့အသံတစ်သံကို ဟန်ကျွယ် ကြားလိုက်ရပါတယ်။
‘သေစမ်း..’
ဟန်ကျွယ်ဟာ နတ်အာရုံကို ချက်ချင်း ဖြတ်တောက်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသံက ဖန်းလျန်အသံ လုံးဝ မဟုတ်လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။