← Chapters

နွီဝါ

Vol. 41 Ch. 455

နွီဝါ

Vol. 41 Ch. 455

ကပ်ဘေးပြီးဆုံးတော့မယ်လို့ သိလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ပိုပြီးတော့ တည်ငြိမ်သွားပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် မျှော်လင့်စောင့်စားနေတာက တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးမဲ့ အချိန်ကိုပါ။

တာအိုစက်ကွင်း အဆင့်မြှင့်တင်နေတာက တစ်နှစ် ရှိပါပြီ။ ဒါပေမဲ့ အခုထိ မပြီးသေးပါဘူး။ ဘာပဲဖြစ်ဖြစ် တာအိုစက်ကွင်းရဲ့ အရံအတား အစီအရင်သာ ကောင်းကင်တာအို ပညာရှိအဆင့်ကို ရောက်မယ်ဆိုရင် ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်ရာ စောင့်ရလည်း ကိစ္စမရှိပါဘူး။

အဲဒီနောက် တိတ်ဆိတ်ကျွန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။

ရှစ်နှစ် ကြာပြီးနောက်။

[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ပြီးပါပြီ။ အရံအတား အစီအရင်သည် ကောင်းကင်တာအို ပညာရှိအဆင့်သို့ ‌ရောက်ရှိသွားပြီး တာအိုစက်ကွင်း၏ အတွင်းအာကာသသည်လည်း ပိုမိုကျယ်ပြန့်သွားပါပြီ။]

[တာအိုစက်ကွင်း၏ အင်မော်တယ်ချီသည် ဆယ်ဆ တိုးတက်သွားပြီး ရှန်တျန်ချီသည် ငါးဆ တိုးတက်သွားပါသည်။]

[တာအိုစက်ကွင်းသည် မဟာတာအို တည်ရှိမှုများ၏ ချောင်းကြည့်မှုအား ဟန့်တားနိုင်ပါသည်။]

[စနစ်မှ နောက်ထပ် တာအိုအစောင့်အား ထပ်ပေါင်းထည့်လိုက်ပါပြီ။ ဤတာအိုအစောင့်အတွက် အသွင်တူလက်ရည်စမ်းပွဲထဲမှာ တာအိုပညာရှိအတုအဆင့်ရှိ ကျင့်ကြံသူအား ပုံတူပွားနိုင်ပါသည်။ တာအိုအစောင့်သည် သင့်စကားအား လုံးဝနာခံပြီး တာအိုစက်ကွင်းမှ တစ်နာရီထက် ပိုလွန်၍ ထွက်ခွာမရပါ။ တစ်နာရီထက် ထွက်ခွာမိပါက ချက်ချင်း အရည်ပျော်ကျလိမ့်မည်။]

‘ကောင်းကင်တာအို ပညာရှိအဆင့်... မဟာတာအို တည်ရှိမှုတွေ ချောင်းကြည့်တာကို ဟန့်တားနိုင်တယ်’ ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။

ဟန်ကျွယ်ဟာ ယုံကြည်မှုအပြည့် ဖြစ်သွားပါတယ်။ အနည်းဆုံးတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုအောက်မှာ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိအတုအဆင့်ကို ပွားယူလို့ရတဲ့ တာအိုအစောင့်နေရာအတွက် စနစ်ကို မေးလိုက်ပါတယ် “မဟာအန္တိမခန်းမထဲက တာအိုပညာရှိအတုအဆင့်ရှိတဲ့ ကျင့်ကြံသူတွေထဲမှာ ဘယ်သူက အစွမ်းအထက်ဆုံးလဲ”

[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ရှီတုတောက်: တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်၊ အနန္တဧကရာဇ်၊ မဟာတာအို အမွေခံ။]

ဟန်ကျွယ်ဟာ ရှီတုတောက်ကို မှတ်မိပါတယ်။ ရှီတုတောက်ဟာ ထူဆန်းပြီး စွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းအား တစ်မျိုးကို ပိုင်ဆိုင်ပါတယ်။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားက ရှီတုတောက်နားကို ကပ်သွားတာနဲ့ အလိုလိုလွှင့်ပါး ပျောက်ကွယ်သွားပါတယ်။

အရင်တုန်းက ဟန်ကျွယ်ဟာ ရှီတုတောက်ကို အရမ်းစွမ်းအားကြီးတယ်လို့ ခံစားခဲ့ရပေမဲ့ တာအိုပညာရှိအတုအဆင့်မှာ အစွမ်းအထက်ဆုံးလို့တော့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရှီတုတောက်ကို တတိယ တာအိုအစောင့်အဖြစ် ပုံတူပွားလိုက်ပါတယ်။

[ပုံတူပွားခြင်း စတင်ပါပြီ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ့အနာဂတ်က တောက်ပသွားတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုစက်ကွင်းက ကောင်းကင် တာအိုပညာရှိအဆင့်ကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် တာအိုပညာရှိတစ်ပါးပါးက လာတိုက်ခိုက်မယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အရေး နည်းသွားမှာပါ။ အနည်းဆုံးတော့ ဟန်ကျွယ် ပြင်ဆင်ချိန်ရအောင် အချိန်ဆွဲထားပေးနိုင်မှာပါ။

ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိတွေ ချောင်းကြည့်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။

ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို တွေးမိရုံနဲ့တင် အတော်စိတ်လှုပ်ရှားသွားပါတယ်။

ဒီအချိန်မှာပဲ...

[ဧကရီနွီဝါသည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]

‘ဟင်... နွီဝါက မသေသေးဘူးလား’ ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။ ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “ငါ နွီဝါရဲ့ အိပ်မက်ကို လက်ခံရင် ဘေးအန္တရာယ် တွေ့နိုင်လား”

[သက်တမ်း ၃၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ဘီလီယံ ၃၀... ကောင်းကင်တာအိုပညာရှိကို တွက်ချက်တာထက် ဆယ်ဆတောင် ပိုများနေပါ့လား’

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ထိုက်စုတျန် ပြောခဲ့တဲ့စကားကို ပြန်အမှတ်ရသွားပါတယ်။ ထိုက်စုတျန်ဟာ ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ရဲ့ အိပ်မက်ထဲကို ဝင်လာပြီး နွီဝါက ကောင်းကင်တာအိုပညာရှိ နေရာကို ဟန်ကျွယ်ဆီ ပေးလိုကြောင်း ပြောခဲ့တာပါ။

‘ဒီလိုဆို...’

ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

[တာအိုစက်ကွင်းသည် မဟာတာအို တည်ရှိမှုများ၏ ချောင်းကြည့်မှုကို ဟန့်တားနိုင်သည်။ အိပ်မက်ထဲ၌ မဟာတာအိုပညာရှိသည် သင့်အား မသတ်နိုင်ပါ။]

ဘေးအန္တရာယ် မရှိတဲ့အတွက် ဟန်ကျွယ်ဟာ နွီဝါရဲ့အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားပါတယ်။

ဒီအိပ်မက်နယ်မြေမှာ စိမ်းလန်းစိုပြေတဲ့ တောတောင်တွနဲ့ မြစ်ချောင်းတွေက တသွင်သွင် စီးဆင်းနေပါတယ်။ ဂလက်ဆီနဲ့တူတဲ့ တောင်ထပ်နှစ်ခုကနေ ရေတံခွန်ကြီးတစ်ခု စီးကျနေပြီး နွီဝါကတော့ မြစ်တစ်စင်းဘေးမှာ ရပ်နေပါတယ်။

နွီဝါဟာ ဒဏ္ဍာရီထဲကလို လူသားခန္ဓာကိုယ်နဲ့ မြွေအမြီးရှိပြီး ရောင်စုံတောက်နေတဲ့ ကြာအင်္ကျီကို ဝတ်ဆင်ထားပါတယ်။ နွီဝါဟာ ပြီးပြည့်စုံစွာ ပြုံးလိုက်ပြီး ဟန်ကျွယ်ကို လက်ဝှေ့ယမ်းပြလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ မှင်သက်သွားပြီးနောက် နွီဝါဆီ ချက်ချင်း လျှောက်မသွားဘဲ မေးလိုက်ပါတယ် “ခင်ဗျားက...”

နွီဝါက အပြုံးနဲ့ ပြောလိုက်ပါတယ် “နွီဝါ... ငါ့နာမည်ကို ကြားဖူးတယ်မလား”

“တာအိုပညာရှိ”

ဟန်ကျွယ်ဟာ ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။

နွီဝါဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြုံးလိုက်ပါတယ် “ဟန်ကျွယ်... မင်းကို အိပ်မက်ပေးဖို့က အတော်ခက်တာပဲ”

ဟန်ကျွယ်ဟာ အံဩတဲ့မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ် “တာအိုပညာရှိက အရင်တုန်းကလည်း ကြိုးစားဖူးတာလား၊ ကျွန်တော် ဘာဖြစ်လို့ အခုမှ ခံစားမိတာလဲ မသိဘူး၊ ကြည့်ရတာ ကျွန်တော် အမှောင်တားမြစ်နယ်မြေမှာ ရောက်နေလို့ ဖြစ်မယ်”

နွီဝါဟာ ပြုံးလိုက်ပါတယ် “ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒါက အရေးမကြီးတော့ဘူး၊ ငါ ကွယ်လွန်တယ်ဆိုတဲ့ သတင်းကို မင်း ကြားပြီးပြီလား”

ဟန်ကျွယ်ဟာ အမှန်အတိုင်းပဲ ဖြေလိုက်ပါတယ် “ကျွန်တော် တာအိုပညာရှိတွေဆီက ကြားပြီးပါပြီ”

“သူတို့တွေ ထပ်မစောင့်နိုင်တော့ဘူးပဲ”

နွီဝါစကားကြောင့် ဟန်ကျွယ်ဟာ အတွေးများသွားပါတယ် ‘ဒါက တာအိုပညာရှိတွေရဲ့ အကြံအစည်လား၊ ဒါမှမဟုတ် သူတို့တွေ နွီဝါ လှည့်စားတာကို ခံလိုက်ရတာလား’

“ငါက ကောင်းကင်တာအိုကို ဖြတ်ကျော်ပြီး မဟာတာအိုကို ဝင်ရောက်နိုင်တာ ကြာခဲ့ပြီ၊ ကရုဏာတရားကြီးမားတဲ့ အမွေဆက်ခံသူကို ရှာနေလို့ ဒီအချိန်အထိ စောင့်နေခဲ့ရတာ၊ ဒီကပ်ဘေးမှာ တာအိုပညာရှိတွေရဲ့ ရည်မှန်းချက်က ဗွင်းဗွင်းကြီး ပေါ်လာခဲ့ပြီ၊ ဒါကြောင့် ငါ ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်တာအိုကနေ လွတ်မြောက်အောင် လုပ်လိုက်တာ၊ တခြားတာအိုပညာရှိတွေက ငါ တကယ်ကွယ်လွန်သွားပြီလို့ ထင်နေတာ၊ တကယ်တော့ အဲဒီလို မဟုတ်ဘူး၊ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့”

“ကျွန်တော် မပြောရင်တောင် တခြား တာအိုပညာရှိတွေက သူတို့ဘာသာ မသိနိုင်ဘူးလား”

“ကောင်းကင်တာအိုမှာ ငါရဲ့ အစအန တစ်စမှ မရှိတော့ဘူး၊ တာအိုပညာရှိတွေက ဘဝင်လေဟပ်ပြီး သူတို့ကိုယ်သူတို့ ဒီလောက် ယုံကြည်မှု လွန်ကဲတာ၊ ငါ အသက်ရှင်နေသေးတယ်ဆိုတဲ့ သတင်းကို ကြားရင်တောင် ယုံမှာ မဟုတ်ဘူး”

နွီဝါပြောတာက မမှားပါဘူး။ ကျင့်ကြံမှုအဆင့် ကွာလေလေ အကြောင်းအရာတွေ နားလည်မှုကလည်း ကွာလေလေပါပဲ။

ဟန်ကျွယ်ဟာ အသက်တစ်ချက် ရှိုက်လိုက်ပါတယ် “ဒါဆို ဧကရီက ကျွန်တော့်ကို ကောင်းကင်တာအိုပညာရှိ ဖြစ်စေချင်တာလား၊ ဒါပေမဲ့ ကျွန်တော့်မှာ အဲဒီလိုမျိုး အရည်အချင်း မရှိဘူး၊ ဧကရီရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

‘ဘာလို့ တာအိုပညရှိတွေ အကုန်လုံးက ငါ့ကို ကောင်းကင်တာအိုပညာရှိ ဖြစ်စေချင်နေတာလဲ’ ဟန်ကျွယ်ဟာ ခေါင်းခဲသွားပါတယ်။

“တာအိုပညာရှိ ချုံရှီလိုင်နဲ့ တာအိုပညာရှိ လီမုယဲ့ မင်းကို လာရှာတယ်ဆိုတာက ရုပ်သေးရုပ်အဖြစ် ကြိုးကိုင်ချင်လို့၊ ငါကတော့ အဲဒီလို မဟုတ်ဘူး၊ ငါက ကောင်းကင်တာအိုကို ဖြတ်ကျော်ပြီးပြိ၊ မင်း ကောင်းကင်တာအိုပညာရှိ ဖြစ်လာရင်တောင် ငါ့အတွက် ဘာအကျိုးအမြတ်မှ မရှိဘူး၊ ငါမျှော်လင့်တာက တာအိုဘိုးဘေး ဖန်တီးခဲ့တဲ့ ကောင်းကင်တာအိုမှာ အခွင့်အရေးတစ်ခု ချန်ထားခဲ့ချင်ရုံပဲ”

“ဒီကပ်ဘေးမှာ တာအိုပညာရှိတွေက အချင်းချင်း တိုက်ခိုက်ပုံ ပေါ်ပေမဲ့ တကယ်တော့ သရုပ်ဆောင်နေကြတာ၊ သူတို့ရဲ့ ရည်မှန်းချက်က ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ဖျက်ဆီးပြီး တာအိုဘိုးဘေးရဲ့ နှောင်ကြိုးကနေ လွတ်မြောက်ချင်ကြတာ၊ ဒါကြောင့် တာအိုဘိုးဘေး ဖန်တီးထားတဲ့ လူသားမျိုးနွယ်စုကို ကောင်းကင်တာအို မျိုးနွယ်စုနေရာကနေ ဖြုတ်ချလိုက်တာ၊ သူတို့ရဲ့ အကျိုးအမြတ်အတွက်ဆိုရင် တာအိုပညာရှိတွေက ဘာစည်းမှမရှိဘူး၊ ဒါကြောင့် ငါက ကရုဏာတရားရှိတဲ့လူကို ကောင်းကင်တာအိုပညာရှိအဖြစ် ရွေးချယ်ချင်တာ၊ မင်းက ဒီနေရာအတွင် သင့်တော်တယ်”

“ငါ မင်းကို စောင့်ကြည့်နေတာ ကြာပြီ၊ မင်းမှာ ကံတရား ဆက်စပ်မှု နည်းပါးတယ်ဆိုပေမဲ့ မင်းက မင်းဘေးနားက လူတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားတယ်၊ သေမျိုးကမ္ဘာက ယွီဂျင်ဂိုဏ်းတော်ကြီးက မင်းကို ဘာမှမကူညီနိုင်တော့ပေမဲ့ မင်းက သူတို့ကို အမြဲတမ်း အကူအညီပေးခဲ့တယ်၊ ကောင်းကင်ဧကရာဇ်လည်း အတူတူပဲ၊ မင်း ဘယ်နည်းလမ်းသုံးလဲဆိုတာကို ငါ မသိပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ကပ်ဘေးက မင်းကြောင့် ပြောင်းလဲနေတာ၊ စိတ်မပူပါနဲ့... ဒီကိစ္စက ငါကလွဲပြီး တခြားကောင်းကင်တာအိုပညာရှိတွေ အာရုံမခံမိပါဘူး”

နွီဝါရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ကြောက်ရွံ့တုန်လှုပ်သွားပါတယ် ‘နွီဝါက ဒီအထိတောင် မြင်နိုင်တာလား’

ဘိုးဘေးရှီတျန်ကလည်း ဟန်ကျွယ်ရဲ့ ကံကြမ္မာ ပြောင်းလဲနေတာကို ခံစားမိပါတယ်။ ဒါကြောင့် နွီဝါကလည်း တာအိုဖြတ်ကျော် ဆရာကြီး ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ မချိုပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော်က ပြဿနာတက်မှာ အရမ်းကြောက်တယ်၊ ကျွန်တော်ရဲ့ ရည်မှန်းချက် အေးအေးဆေးဆေး ကျင့်ကြံဖို့ပဲ၊ ဘယ်တာအိုပညာရှိနဲ့မှ မတိုက်ခိုက်ချင်ဘူး၊ ဒီလိုလုပ်ပါလား၊ ကျွန်‌တော့် တပည့်တွေထဲက တစ်ယောက်ယောက်ကို ရွေးလို့မရဘူးလား”

“ဟန်ကျွယ်... တာအိုပညာရှိတွေက ကလေးကစားစရာလို့ ထင်နေတာလား”

နွီဝါရဲ့ မေးခွန်းကြောင့် ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိနေရာကို လုံးဝ လက်မခံရဲပါဘူး။

“ထားလိုက်ပါတော့၊ မင်း တာအိုပညာရှိ ဖြစ်ချင်ရင်တောင် တာအိုပညာရှိအတုအဆင့်ကို ရောက်ဖို့ လိုသေးတယ်၊ နောက်ပြီး လောကဦး ခရမ်းရောင်ချီကိုလည်း လိုအပ်တယ်၊ ကောင်းကင်တာအိုမှာက လောကဦး ခရမ်းရောင်ချီ ကိုးပါး ရှိတယ်၊ ငါရဲ့ လောကဦး ခရမ်းရောင်ချီကို တစ်နေရာမှာ ဖွက်ထားခဲ့တယ်၊ ကောင်းကင်တာအိုပညာရှိတွေက အဲဒါကို လိုက်ရှာနေတုန်းပဲ၊ အချိန်တန်ရင် ငါ မင်းကို ပေးမယ်”

နွီဝါရဲ့စကားကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

[နွီဝါသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters