← Chapters

ကျောက်ယွင်

Vol. 41 Ch. 456

ကျောက်ယွင်

Vol. 41 Ch. 456

“ဧကရီရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ကောင်းကင်တာအိုပညာရှိ နေရာကို ဆက်ခံဖို့ ကျိန်းသေပေါက် လူကောင်းတစ်ယောက်ကို ရွေးချယ်ပေးပါ့မယ်” ဟန်ကျွယ်ဟာ လက်သီးဆုပ်ပြီး စိတ်ထဲကလာတဲ့အသံနဲ့ ပြောလိုက်ပါတယ်။

နွီဝါဟာ တစ်ချက်ရယ်လိုက်ပါတယ် “အခုတော့ ဒီလောက်ပဲ၊ အနာဂတ်ကျရင် ကောင်းကင်တာအိုမှာ နွီဝါဆိုတာ လုံးဝ မရှိတော့ဘူး၊ မင်းကိုယ်မင်းပဲ မှီခိုရလိမ့်မယ်၊ ငါ ကောင်းကင်တာအို ကိစ္စတွေကို ဝင်စွက်ဖက်လို့ မရဘူး၊ ဒီကိစ္စက မဟာတာအိုကို ဆန့်ကျင်နေတယ်”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် ဧကရီကို ပြဿနာ မပေးရဲပါဘူး”

နွီဝါ လက်ဝှေ့ယမ်းလိုက်တဲ့အခါ အိပ်မက်တစ်ခုလုံး ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ရဲ့ သိစိတ်လည်း အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။

တာအိုပညာရှိတွေက ကြံစည်တဲ့နေရာမှာ လက်ဖျားခါလောက်ပါတယ်။ နွီဝါ အသက်ရှင်နေလိမ့်မယ်လို့ ဘယ်သူမှ တွေးထင်မိမှာ မဟုတ်ပါဘူး။ တာအိုပညာရှိတွေတောင် နွီဝါ ကစားတောင် ခံလိုက်ရပါတယ်။

‘ဘာပဲဖြစ်ဖြစ် ငါ နွီဝါကို ရန်မစမိသလို ကောင်းကင်တာအိုပညာရှိ နေရာကိုလည်း လက်မခံလိုက်ဘူးဆိုတော့ ဒီတစ်ခေါက်ကိစ္စက အောင်မြင်တယ်လို့ ပြောလို့ရတယ်’

အခုအချိန်အထိ ဟန်ကျွယ်ဟာ ဘယ်တာအိုပညာရှိကိုမှ ရန်မစမိသေးပါဘူး။ တာအိုပညာရှိမင်ကျွယ်ကို ရန်စမိတာက အမှောင်သခင်ကြီး ဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ လားလားမှ မဆိုင်ပါဘူး။

ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် လုပ်ချင်တာက ဆက်လက် ကျင့်ကြံအားထုတ်ပြီး အင်မော်တယ်ကမ္ဘာကို မပြန်ခင် တာအိုပညာရှိအောက်မှာ ပြိုင်ဘက်ကင်းဖြစ်ချင်တာပါ။ ဒီလိုမဖြစ်လည်း ကိစ္စတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုစက်ကွင်းကို ကောင်းကင်တာအိုပညာရှိတွေ မထိုးဖောက်နိုင်လို့ပါပဲ။

‘ဘာပဲဖြစ်ဖြစ် ငါ သတိကြီးကြီးထာတာ အကောင်းဆုံးပဲ’

“တာအိုစက်ကွင်းရဲ့ အရံအတားက ကောင်းကင်တာအိုပညာရှိတွေ ကျူးကျော်တာကို ဟန့်တားနိုင်လား” ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ်။

[ကောင်းကင်တာအို ပညာရှိ အများအပြား ကျူးကျော်ခြင်းကို မဟန့်တားနိုင်ပါ။]

ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ် ‘မလုံခြုံသေးဘူးပဲ... ဒီအတိုင်းဆို ငါ တာအိုပညာရှိတွေကို ရန်မစမိအောင်နေတာ အကောင်းဆုံးပဲ’

ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

နွီဝါ ကွယ်လွန်သွားတာက ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအားလုံးကို ပိုမိုရူးသွပ်သွားစေပါတယ်။ သက်ရှိတွေဟာ တာအိုပညာရှိတွေက ထာဝရ မတည်တံ့နိုင်ဘူးလို့ သိလာရတဲ့အတွက် ပိုပိုပြီးတော့ ရဲတင်းလာပါတယ်။ သူတို့တွေဟာ ကပ်ဘေးထဲမှာ ကံတရား အထောက်အပံ့ကို စုဆောင်းပြီး တာအိုပညာရှိတောင် ဖြစ်ချင်လာကြပါတယ်။

ကောင်းကင်ရုံးတော်နဲ့ လူသားမျိုးနွယ်စုရဲ့ စစ်ပွဲကတော့ ရပ်တန့်သွားပါပြီ။ ဒါပေမဲ့ ကောင်းကင်ရုံးတော်နဲ့ လူသားမျိုးနွယ်စုကို ထောက်ပံ့ခဲ့တဲ့ အင်အားစုအသီးသီးဟာ စပြီးတော့ အရူးအမူး တိုက်ခိုက်လာကြပါတယ်။ ရန်ငြိုးရန်စရှိသူတွေဟာ လက်စားပြန်ချေကြပြီး ရင်းမြစ်မရှိသူတွေကလည်း ရင်းမြစ်တွေကို လုယူလာကြပါတယ်။ ဒါကြောင့် အင်မော်တယ်ကမ္ဘာဟာ ပိုပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာပါတယ်။

အရင်တုန်းက ပုန်းအောင်းနေတဲ့ အင်အားစုတွေဟာလည်း လူရှေ့ထွက်လာကြပြီး စွမ်းအားကြီး ပုဂ္ဂိုလ်တွေကလည်း ပိုပိုကျော်ဇော လာကြပါတယ်။ ကောင်းကင်မျိုးနွယ်စုကတော့ အခုအချိန်အထိ ဘာအရိပ်အယောင်မှ မရှိသေးပါဘူး။

ဟန်ကျွယ် ပုန်းနေတဲ့ အမှောင်တားမြစ်နယ်မြေကလည်း ပိုပိုပြီးတော့ ဂနာမငြိမ် ဖြစ်လာပါတယ်။ ၄၅ နှစ်ကြာတဲ့အခါမှာ တိတ်ဆိတ်ကျွန်းဟာ နောက်ထပ် မကောင်းဆိုးဝါးနတ် တိုက်ခိုက်တာကို ထပ်ခံရပါတယ်။

ဟန်ကျွယ်ဟာ မကောင်းဆိုးဝါးနတ်ကို တိတ်ဆိတ်ကျွန်းထဲ ဝင်ခွင့်ပြုလိုက်ပြီး ကျောက်ယွင်နဲ့ လွှတ်ပေးလိုက်ပါတယ်။ ကျောက်ယွင်ဟာ ရှီတုတောက်ကို ပုံတူပွားထားတဲ့ တတိယမြောက် တာအိုအစောင့်ပါ။ ဒီတိုက်ပွဲဟာ ကျောက်ယွင်ရဲ့ ပထမဆုံးတိုက်ပွဲ ဖြစ်ပါတယ်။

ကျောက်ယွင် လက်တစ်ချက် မြှောက်လိုက်တယ်ဆိုရင်ပဲ မကောင်းဆိုးဝါးနတ်ကို ဖိနှိပ်ပြီးသား ဖြစ်သွားပါတယ်။ ဒီအဖြစ်ကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။

‘ဒီလူက လွီပုနဲ့ မာချောင်ထက် စွမ်းအား ပိုကြီးတာပဲ’

မကောင်းဆိုးဝါးနတ်ကို ကျောက်ယွင် ဖိနှိပ်ပြီးတာနဲ့ နတ်ထူးဆန်းဟာ မကောင်းဆိုးဝါးနတ်ကို ချက်ချင်း ဝါးမြိုလိုက်ပါတယ်။

တိတ်ဆိတ်ဂိုဏ်းသားတွေဟာ နတ်ထူးဆန်ကို မမြင်နိုင်တာကြောင့် မကောင်းဆိုးဝါးနတ်က ကျောက်ယွင်ရဲ့ ဆန်းကြယ်စွမ်းအားအောက်မှာ တစ်ခါတည်း ဖျက်ဆီးခံလိုက်ရတယ်လို့ တွေးထင်သွားကြပါတယ်။

မကောင်းဆိုးဝါးနတ်ကို ရှင်းပြီးတဲ့နောက် ကျောက်ယွင်ဟာ ဖူစန်းသစ်ပင်ကို ပြန်သွားပြီး ခံစားကင်းမဲ့တဲ့ မျက်နှာနဲ့ အချိန်-အာကာသ ဝဲကတော့ကို ဆက်ပြီးတော့ စောင့်ကြပ်ပါတယ်။

ရှီတုတောက်က ဇုထူလိုမျိုး အထင်ကြီးစရာ အသွင်အပြင်မရှိတဲ့အပြင် အနည်းငယ်ပိန်တဲ့အတွက် အားနည်းတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ရှီတုတောက်ရဲ့ မျက်လုံးတွေက အလွန်တရာမှ အေးစက်ပြီး စူးရှလွန်းတဲ့အတွက် သူ့မျက်လုံးတွေကို ရင်ဆိုင်ကြည့်ရဲဖို့က အတော်ခက်ခဲပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ စိုးရိမ်စိတ်ဝင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခေါက် မကောင်းဆိုးဝါးနတ်ကို အရင်တစ်ခေါက် မကောင်းဆိုးဝါးနတ်ထက် ပိုစွမ်းအားကြီးတယ်လို့ ခံစားလိုက်ရလို့ပါပဲ။ ဒီအတိုင်းသာ ဆက်သွာမယ်ဆိုရင် အမှောင်တားမြစ်နယ်မြေက မကောင်းဆိုးဝါးနတ်တွေရဲ့ ပိုင်နက် ဖြစ်လာမှာပါ။

တစ်နေ့ကျလို့ ကောင်းကင်တာအိုပညာရှိအဆင့်ထက် သာလွန်တဲ့ မကောင်းဆိုးဝါးနတ်သာ ပေါ်လာမယ်ဆိုရင် ဟန်ကျွယ် ဒုက္ခရောက်မှာပါ။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး နေရာထပ်ရွှေ့ပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ရပ်တန့်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

အင်မော်တယ်ကမ္ဘာရဲ့ ပင်လယ်စပ်က ချောက်ကမ်းစွန်းတစ်ခုမှာ လူနှစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူတို့နှစ်ယောက်ကတော့ ကျိုးဖန်နဲ့ စုချီ ဖြစ်ပါတယ်။

ကျိုးဖန်ဟာ ဝတ်ရုံနက်ကို ဝင်ဆင်ထားပြီး အနက်ရောင် မြွေနဂါကျောက်စိမ်း သရဖူကို ခေါင်းမှာ ဆောင်းထားပါတယ်။ လက်ထဲမှာလည်း ဆေးအိုးတစ်လုံးကိုင်ထားပြီး မျက်လုံးကနေ သတ်ဖြတ်ငွေ့တွေ လျှံထွက်နေပါတယ်။

စုချီကလည်း ကျိုးဖန်လို ဝတ်ရုံနက်ကို ဝတ်ဆင်ထားပေမဲ့ ဆံပင်တွေ ရှုပ်ပွနေပြီး မျက်လုံးတွေက မည်းနက်နေပါတယ်။ ထူးဆန်းတဲ့ သင်္ကေတတွေကလည်း စုချီရဲ့ နဖူးမှာ ပေါ်လာပါတယ်။

ကျိုးဖန်နဲ့ စုချီဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး အတော်ကြာတဲ့အထိ စကားမပြောဖြစ်ပါဘူး။

ကျိုးဖန်က စကားစလိုက်ပါတယ် “ငါရဲ့ နောက်ဆုံးပြိုင်ဘက်က မင်းဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ လူအများစုက ကပ်ဘေးသခင်တွေ ဖြစ်လာလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး” စုချီကလည်း ပြန်ပြောလိုက်ပါတယ်။

“ငါတို့နှစ်ယောက် တိုက်ခိုက်နေတာကို ဟန်ကျွယ်သိရင် ဘယ်လိုတွေးမယ်လို့ ထင်လဲ”

“သက်ပြင်းချကောင်း ချနိုင်တယ်၊ ဒါပေမဲ့ သူ့တာအိုနှလုံးသားကိုတော့ သက်ရောက်စေမှာ မဟုတ်ဘူး၊ ငါတို့တိုက်ခိုက်တာက သူ့မျက်လုံးထဲမှာ ကလေးတွေ ရန်ဖြစ်နေသလိုပဲ”

“ဟုတ်တယ်၊ သူက အခုလောက်ဆို ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်တော့မယ်နဲ့ တူတယ်”

“အဲဒီထက်တောင် ပိုနိုင်တယ်၊ ငါ့ဆရာသခင်ရဲ့ အရည်အချင်းက လောကကြီးမှာ ပြိုင်ဘက်ကင်းပဲ”

“လောကကြီးမှာ ပြိုင်ဘက်ကင်းတယ်လို့ မင်း ပြောလိုက်တာလား... မင်း ပဋိပက္ခရုပ်ခန္ဓာကို သိလို့လား”

“သိတယ်၊ မင်းက ပဋိပက္ခရုပ်ခန္ဓာကိုယ်ကို ပိုင်ထားတာမလား”

“ဟားဟား...” ကျိုးဖန်ဟာ ကျယ်‌လောင်စွာ ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဆေးအိုးထဲက အဝါရောင်ချီတွေဟာ ကျိုးဖန်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီး ကျိုးဖန်ရဲ့ ရောင်ဝါဟာ ပိုအားကောင်းလာပါတယ်။

စုချီရဲ့ ဝတ်ရုံဟာလည်း လေထဲမှာ လူးလွန့်သွားပြီး ကြမ္မာဆိုးရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။

ကျိုးဖန်ဟာ ကောင်းကင်ကို ဆန့်ကျင်ဖို့အတွက် အနန္တကုသိုလ်ကံတွေ လိုအပ်သလို စုချီကလည်း သူ့ကြမ္မာဆိုးကို သန့်ရှင်းဖို့အတွက် အလွန်များပြားတဲ့ မဟာကံတရား အထောက်အပံ့ကို လိုအပ်ပါတယ်။

စုချီနဲ့ ကျိုးဖန်ဟာ ဒီတိုက်ပွဲကို မရှောင်လွှဲချင်ကြပါဘူး။ နောက်ပြီး သူတို့နှစ်ယောက်က အများကြီးရင်းနှီးကြတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ကိုပဲ သိကြတာပါ။ ဒါကြောင့် တစ်ယောက်ကို တစ်ယောက် အလွတ်ပေးမှာ မဟုတ်ပါဘူး။

၁၀ နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ ချုံရှီလိုင်၏ နှင်ထုတ်မှုကြောင့် အဆုံးသတ်အပျက်စီး နတ်ဘုံသို့ ဝင်ရောက်သွားသည်။]

[သင့်မိတ်ဆွေ ထိုက်စုတျန်သည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မိုးကောင်းကင် မျိုးနွယ်စုသို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်တပည့် စုချီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့်စုချီသည် သင့်မိတ်ဆွေ ကျိးဖန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ မော့ကျူသည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် အနန္တကျင့်စဉ်ပညာရပ်အား တတ်မြောက်သွားသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ကျန်းတုကူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

ကောင်းကင်ဧကရာဇ်ရဲ့ အခြေအနေကို သိလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ချုံရှီလိုင်က တကယ်ပဲ သူ့ကတိကို တည်ခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ် အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံကို သွားတာက အင်မော်တယ်ကမ္ဘာမှာထက် ပိုပြီးတော့ အန္တရာယ်များမှာ ကျိန်းသေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မော့ကျူကို သတိထားမိသွားပါတယ်။ မော့ကျူဟာ ဟန်ကျွယ်နဲ့ ရှိခဲ့တဲ့ ဆက်ဆံရေးကြောင့် ရွမ်လိန့်ကျောင်းတော် ဂိုဏ်းချုပ် လီမုယဲ့ရဲ့ တပည့်ဖြစ်သွားခဲ့ပါတယ်။ အခုလည်းထပ်ပြီးတော့ အနန္တကျင့်စဉ်ပညာရပ်ကို လေ့လာခွင့်ရသွားပြန်ပါပြီ။

လီမုယဲ့က ဟန်ကျွယ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်တာကြောင့်သာ မဟုတ်ရင် ဒီကပ်ဘေးမှ မော့ကျူ သေဆုံးဖို့က ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။

ဟန်ကျွယ်ဟာ မော့ကျူတစ်ယောက် ကောင်းကောင်းမွန်မွန် အသက်ဆက်ရှင်ဖို့ မျှော်လင့်ပေမဲ့ စိတ်ထဲမှာတော့ သိပ်ပြီး အလေးမထားပါဘူး။ အရင်တုန်းက ဟန်ကျွယ်ဟာ မော့ကျူကို သူနဲ့ဆက်နေဖို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ မော့ကျူက ထွက်သွားဖို့ ရွေးချယ်ခဲ့တဲ့အတွက် အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ အကုန်လုံးကို မော့ကျူ တာဝန်ယူရမှာပါ။

အချိန်ဟာ အရာအားလုံးကို ဖျက်ဆီးနိုင်သလို အရာအားလုံးကိုလည်း သက်သေပြနိုင်ပါတယ်။

ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်ဘေးမှာ တာအိုပညာရှိ ရှိလား”

[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ရှိပါသည်။]

ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျသွားပါတယ် ‘ဒီတာအိုပညာရှိတွေနဲ့ကို မလွတ်ပါလား၊ သူတို့တွေကို ကောင်းကင်ဧကရာဇ်နောက်ကို တကောက်‌ကောက် လိုက်နေကြတာများလား... ထားလိုက်ပါတော့ နောက်မှပဲ သွားလည်ပါတော့မယ်’

ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ အားကောင်းတဲ့ ရောင်ဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဒီရောင်ဝါက ဖူစန်းသစ်ပင်ကနေ လာတာပါ။

အချိန်-အာကာသ ဝဲကတော့။

တစ်ချိန်တည်းမှာပဲ ဖူစန်းသစ်ပင်ပေါ်က ကျောက်ယွင်နဲ့ မာချောင်ဟာ ပြိုင်တူကောက်ထလိုက်ပြီး အချိန်-အာကာသ ဝဲကတော့ကို ပိတ်ရပ်လိုက်ပါတယ်။ ဝဲကတော့ထဲမှာ အေးစက်တဲ့ မျက်လုံးတစ်စုံ ပေါ်လာပါတယ်။

“အချိန်-အာကာသ အရံအတားကို မတော်တဆ ရှာတွေ့မိလိမ့်မယ်လို့ ထင်မထားဘူး၊ ဒီနေရာက ငါ့တာအိုစက်ကွင်း ပြန်တည်ဆောက်ဖို့ နေရာကောင်းပဲ”

အေးစက်တဲ့ရယ်သံဟာ အချိန်-အာကာသ ဝဲကတော့ထဲကနေ ထွက်ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters