သတ် မသတ်
Vol. 41 Ch. 457
“ဟမ်... အရိုင်းအစိုင်းကများ...” မာချောင်ဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အချိန်-အာကာသ ဝဲကတော့ထဲကို ပြေးဝင်သွားပါတယ်။
“ဟွန်း... ကောင်ကင်ဘဝဂ် ရွှေအင်မော်တယ်လား၊ ဒီလိုမျိုး အရံအတားရှိတာ မထူးဆန်းတော့ပါဘူး၊ ဒါပေမဲ့ မင်းအစွမ်းနဲ့ ငါ့ကို မတားနိုင်ပါဘူး၊ ဒီနေရာကို ငါ လိုချင်တယ်”
ဝဲကတော့ထဲက ထွက်လာတဲ့ စကားသံကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ရင်ထိတ်သွားကြပါတယ်။ တိတ်ဆိတ်ကျွန်းမှာ ပုန်းတာကြာပြီမို့ သူတို့တွေဟာ နည်းနည်း ကြောက်တက်လာကြပါတယ်။ ဒီအချိန်မှာပဲ ကျောက်ယွင်ဟာ အချိန်-အာကာသ ဝဲကတော့ထဲ ရုတ်တရက် ဝင်လိုက်ပါတယ်။
အသက်ရှူကြိမ်သုံးကြိမ် မပြည့်ခင်မှာပဲ...
“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ မင်းက ဘယ်သူလဲ... တာအိုရောင်းရင်း... ကျုပ် မှားပါပြီ၊ ကျုပ် အခုချက်ချင်း ထွက်သွားပါ့မယ်”
ဒီအသံကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ စိတ်သက်သာရာ ရသွားပြီး ရယ်မောလိုက်ကြပါတယ်။
“ဒီလောက်လေးနဲ့များ... စကားကြီး စကားကျယ်တွေ ပြောရဲသေးတယ်” ငရဲကြက်နက်က ကြိမ်းမောင်းလိုက်ပါတယ်။
ပဋိပက္ခ ကောင်းကင်ခွေးကလည်း အော်ပြောလိုက်ပါတယ် “အစ်ကိုကျောက်ယွင်က အထင်ကြီးဖို့ကောင်းတယ်၊ အခုအချိန်ကစပြီး အစ်ကိုကျောက်ယွင်က ကျွန်တော်ရဲ့ အစ်ကိုကြီးပဲ”
တခြားလူတွေကလည်း အချင်းချင်း တီးတိုး ဆွေးနွေးကြပါတယ်။
ကျောက်ယွင်ဟာ ဆံဖြူအမျိုးသား တစ်ယောက်ကို သယ်ပြီး အချိန်-အာကာသ ဝဲကတော့ထဲကနေ ထွက်လာပါတယ်။ ဆံဖြူအမျိုးသားဟာ မမြင်နိုင်တဲ့ ကြိုးတွေနဲ့ ချည်နှောင်ခံရသလိုမျိုး တစ်ကိုယ်လုံး လှုပ်မရပါဘူး။ မာချောင်ကတော့ ကျောက်ယွင်တို့နှစ်ယောက် နောက်ကနေ ကပ်ပါလာပါတယ်။
ကျောက်ယွင်ဟာ ဆံဖြူအမျိုးသားကို ဖူစန်းသစ်ကိုင်းပေါ် ပစ်တင်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို သုံးပြီး ဆံဖြူအမျိုးသားရဲ့ ကျင့်ကြံမှုကို စစ်ဆေးလိုက်ပါတယ်။
[ဝူတောက်: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်၊ ခြေသလုံးအိမ်တိုင် လူသားကျင့်ကြံသူ။]
‘အင်း... စွမ်းအားကြီး နောက်ခံမရှိဘူးပဲ’ ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။
ဝူတောက်ဟာ ဇုထူကို ပုံတူပွားထားတဲ့ မာချောင်ကို ဖိနှိပ်နိုင်တဲ့အတွက် မခေဘူးလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇုထူက အင်မော်တယ်ကမ္ဘာမှာ အစွမ်းအထက်ဆုံး ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်ခဲ့တာ မဟုတ်ပါလား။
‘ငါ သူ့ကို ဘာလုပ်သင့်လဲ’
ဟန်ကျွယ်ဟာ ဝူတောက်ကို လွှတ်ပေးမှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကို လွှတ်ပေးလိုက်ရင် အချိန်-အာကာသ ဝဲကတော့ တည်နေရာက သူများတွေ သိသွားနိုင်ချေ ရှိလို့ပါပဲ။
ဟန်ကျွယ်ဟာ ကျောက်ယွင်ကို အသံလွှင်ပြီး ပြောလိုက်ပါတယ်။
ကျောက်ယွင်ဟာ ဝူတောက်ကျန့်ကို သတ်ဖြတ်ငွေ့ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တဲ့အခါ ဝူတောက်ဟာ အသေကြောက်သွားပါတယ် “အစ်ကို... ကျွန်တော် မှားပါပြီ၊ ကျွန်တော် သူများလိုက်တာခံရလို့ ရွေးချယ်စရာမရှိဘဲ လုပ်မိလုပ်ရာ လုပ်မိတာပါ၊ ကျွန်တော့်ကို လွှတ်ပေးပါ၊ ကျွန်တော် ဒီကို ဘယ်တော့မှ ပြန်မလာပါဘူး... မလွှတ်ပေးလည်း ရပါတယ်၊ ကျွန်လုပ်ဆို လုပ်ပေးပါ့မယ်၊ ကျွန်တော်ကိုတော့ မသတ်ပါနဲ့”
ကျင့်ကြံသူတွေဟာ ကျင့်ကြံမှု မြင့်မားလေလေ ကိုယ့်အသက်ကို ဂရုစိုက်လေလေပါပဲ။ ဝူတောက်ဟာ အသက်ကယ်ဖို့ နောက်ဆုံးနည်းလမ်းရှိဟန် မတူပါဘူး။ အဲဒါကြောင့် ဒီလောက်ထိ သေလောက်အောင် ကြောက်နေတာ ဖြစ်ပါလိမ့်မယ်။
ကျောက်ယွင်ဟာ ဝူတောက်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဝူတောက်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ထားခဲ့ပြီး ဖူစန်းသစ်ပင်ဆီ တစ်ကိုယ်တည်း ပြန်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဟန်ကျွယ်အတွက် စိုးရိမ်ခြင်းမရှိဘဲ ဝူတောက် အသက်ရှင်မလား သေမလားဆိုတာကို စပြီးတော့ ဆွေးနွေးကြပါတယ်။
လီယောင်က စပြောပါတယ် “နောင် ပြဿနာတွေ မတက်အောင် သူ့ကို သတ်လိုက်တာ အကောင်းဆုံးပဲ”
ချူရှီရန်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် “မင်းက တော်တော် ရက်စက်တာပဲ”
ဝူတောက်ကျန့်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ခုနတုန်းက သူပြောတဲ့ စကားကို မကြားဘူးလား၊ ကျွန်မတို့တွေ သူ့ကို မနိုင်ရင် သူက ကျွန်မတို့ကို အသက်ရှင်ခွင့်ပေးမယ်လို့ ထင်နေတာလား”
“သူက ငါတို့အားလုံးကို သတ်ချင်တယ်လို့ မပြောဘူးလေ”
“သူ့မှာ ပြောချိန်မှ မရလိုက်တာ”
“လူအများကြီး သတ်တာ မကောင်းဘူး၊ သတ်တာများလာရင် သေခြင်းရှင်ခြင်းကို မေ့လျော့သွားလိမ့်မယ်”
ထသတ်တော့မဲ့ အရိပ်အယောင်ကို တွေ့လိုက်ရတာကြောင့် ငရဲနက်နတ်ဆိုးသခင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “အသက်ရှင်တာလည်း ဖြစ်နိုင်တယ်၊ ငါလည်း မနိုင်လို့ အညံခံခဲ့တာ မဟုတ်လား”
“ကျွန်တော်ကတော့ မတူဘူး၊ လူကဲခတ်တော်လို့ ကိုယ့်ဆန္ဒနဲ့ကိုယ် လာခဲ့တာ” ကျောက်ရွှမ်ယွမ်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ တိတ်ဆိတ်ဂိုဏ်းထဲဝင်တာ အတန်ကြာပြီမို့ အတိတ်ကို တွေးမိတိုင်း သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ဖို့ ရွေးချယ်ခဲ့တာက ကျောက်ရွှမ်ယွမ်ရဲ့ ဘဝမှာ အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ပါ။ အတိတ်မှာတုန်းက ကျောက်ရွှမ်ယွမ်ဟာ လူကြီးတွေရဲ့ စကားကိုပဲ နားထောင်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက် ချလေ့ မရှိခဲ့ပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူ။
ဟန်ကျွယ်ဟာ ဝူတောက်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “တရှီကျဲ့ကမ္ဘာမှာ အခြေအနေ ဘယ်လိုရှိလဲ၊ ဘယ်သူက မင်းနောက် လိုက်နေတာလဲ”
ဝူတောက်က ပြန်ဖြေပါတယ် “ဒီအတောအတွင်း တရှီကျဲ့ကမ္ဘာတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေတယ်၊ ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးက မရပ်မနား တိုက်ခိုက်နေကြတယ်၊ တာအိုပညာရှိတွေက အခုထိ ပေါ်မလာသေးဘူး၊ ကျွန်တော်လည်း ရန်သူတွေလိုက်လို့ ထွက်ပြေးရင်း ဒီရောက်လာတာ”
“ကျွန်တော် မှားမှန်းသိပါပြီ၊ ကျွန်တော်ကို ကျေးဇူးပြုပြီး လွှတ်ပေးပါ”
“ငါ မင်းကို လွှတ်ပေးရင် ငါ့ကို မုန်းမှာလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ဘယ်လိုလုပ်ပြီး မုန်းမှာလဲ”
[ဝူတောက်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
ဝူတောက်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဘာယ်လိုလုပ်ပြီး မမုန်းရမှာလဲ’
ဝူတောက်ဟာ တရှီကျဲ့ကမ္ဘာမှာ စွမ်းအားကြီးပုဂ္ဂိုလ်ပါ။ သူ့အချိန်သူအခါတုန်းကဆိုရင် တပည့်တစ်သန်းက သူတာအိုဟောကြားတာကို လာနားထောင်ကြပါတယ်။ ဒီအကြောင်းကို တွေးမိလိုက်တဲ့အခါမှာတော့ ဝူတောက်ဟာ နှလုံးသားတစ်ခုလုံး တဆစ်ဆစ်နာကျင်သွားပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး ဝူတောက်ကို ကြယ်ပင်လယ်ထဲ ဆွဲထည့်ကာ သေမင်းလက်ထဲ အပ်လိုက်ပါတယ်။ ဝူတောက်ဟာ လှုပ်ရှားချိန်တောင် မရလိုက်ဘဲ ကြယ်ပင်လယ်ထဲ ရောက်တာနဲ့ ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တုရဲ့ လက်သီးတစ်ချက်ကြောင့် ဘဝဇာတ်သိမ်းသွားရရှာပါတယ်။
‘မင်းကလည်း ငါ့ကို ပြဿနာလာရှာသေးတယ်၊ ငါက မင်းကို လွှတ်ပေးချင်တာတောင် ငါ့ကို ကျေးဇူးမတင်တဲ့အပြင် မုန်းတီးသေးတယ်၊ ငါက ဘာကိစ္စနဲ့ မင်းကို လွှတ်ပေးရမှာလဲ’
အခုလက်ရှိ တိတ်ဆိတ်ဂိုဏ်းက ထိပ်သီးကျင့်ကြံသူတွေ ထပ်စုဆောင်းဖို့ မလိုအပ်တော့ပါဘူး။ အပြင်ဘက်က လူတွေကို စုဆောင်းမဲ့အစား ဂိုဏ်းထဲကလူတွေကို ပြုစုပြိုးထောင်ပေးတာက ပိုစိတ်ချရပါတယ်။
ဟန်ကျွယ်ရဲ့ တပည့်တွေကလွဲရင် ရှကျဲ့မျိုးနွယ်စု တစ်သောင်းကရဲ့ အရည်အချင်းကလည်း အတော်လေး ကောင်းမွန်ပါတယ်။
ဧကရီဟုတ်ထိုက ရှကျဲ့မျိုးနွယ်စုကို ဟန်ကျွယ်လက်ထဲ အပ်လိုက်တဲ့အချိန်ကစပြီး ရှကျဲ့မျိုးနွယ်စုဟာ ဟန်ကျွယ်ကို သူတို့ရဲ့အဖေလို သဘောထားကြပါတယ်။ ဒါ့အပြင် ရှကျဲ့မျိုးနွယ်စုဟာ သူတို့ရဲ့နယ်မြေမှာ ဟန်ကျွယ်ရုပ်တုလုပ်ပြီး ရှိခိုးပူဇော်ကြပါတယ်။
အခုလက်ရှိမှာ ရှကျဲ့မျိုးနွယ်စုနဲ့ တိတ်ဆိတ်ဂိုဏ်းက ၁၀၀ ရာခိုင်နှုန်းတော့ ပေါင်းစပ်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ မကြာမကြာတော့ တွေ့ဆုံဆက်ဆံကြပါတယ်။ ဒီအထဲမှာ ငရဲကြက်နက်နဲ့ ပဋိပက္ခ ကောင်းကင်ခွေးက ရှကျဲမျိုးနွယ်စုတွေနဲ့ ကစားရတာကို နှစ်သက်ကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထပ်မရွှေ့ပါဘူး။ အချိန်-အာကာသ ဝဲကတော့ရဲ့ အစွန်းတစ်ဖက်က တရှီကျဲ့ကမ္ဘာမှာရှိတာ ဖြစ်တဲ့အတွက် ဟန်ကျွယ် တိတ်ဆိတ်ကျွန်းကို ဘယ်လောက်ရွှေ့ရွှေ့ အသုံးမဝင်ပါဘူး။
လေးငါးလကြာလို့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ဝူတောက် ထွက်မလာတဲ့အခါ ဝူတောက်တစ်ယောက် ဘဝဇာတ်သိမ်းသွားပြီလို့ တိတ်ဆိတ်ဂိုဏ်းသားတွေ သိလိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဝူတောက်ရဲ့ မုန်းတီးမှုကို ဟန်ကျွယ်ကို သိသွားတယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ သွမ့်ဟုန်ချန်နဲ့ စကားပြောဖူးတာမို့ ဟန်ကျွယ်က တခြားသူတွေရဲ့ အတွင်းစိတ်ကို ထိုးဖောက်မြင်နိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။ ဒီခန့်မှန်းချက်က တခြားလူတွေကလည်း လက်ခံကြပါတယ်။
ဟန်ကျွယ်ဟာ မဆိုင်တဲ့သူကို တစ်ခါမှ မသတ်ပါဘူး။ ဒါပေမဲ့ သူ့ကို ခြိမ်းခြောက်လာမယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ မသနားပါဘူး။
ချူရှီရန်ကတော့ များများစားစား မပြောပါဘူး။ ချူရှီရန်ဟာ တခြားသူတွေကို မယုံကြည်ပေမဲ့ ဟန်ကျွယ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်နောက် လိုက်ကတည်းက ချူရှီရန်ဟာ ဘာအန္တရာယ်မှာ မတွေ့တဲ့အပြင် နေ့တိုင်း အေးအေးဆေးဆေး နေရလို့ပါပဲ။ ဗုဒ္ဓဂိုဏ်းမှာတုန်းကတောင် ချူရှီရန်ဟာ ဒီလောက်ထိ အေးအေးချမ်းချမ်း မနေခဲ့ရပါဘူး။
.....
မိုးကြိုးတိမ်တိုက်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်အောက်က မြေပြင်မှာ ဘယ်ကိုကြည့်ကြည့် သွေးအိုင်ချည်းပါပဲ။ တောတောင်တွေ ပြိုလဲပျက်စီးပြီး မြစ်ချောင်းအင်းအိုင်တွေလည်း ခမ်းခြောက်နေပါတယ်။ ဘယ်နေရာမှ အကောင်းပကတိ မရှိပါဘူး။
စုချီဟာ ကျောက်တုံးပဲ့တစ်ခုဟာ မှီပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။
မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ မိုးမြေတစ်ခွင် စုစည်းပြီး စုချီကို ဝန်းရံထားကြပါတယ်။ လူသား၊ နတ်ဆိုး၊ နဂါး၊ ပြဒါးငှက်၊ ချီလင်... ပြောရမယ်ဆိုရင် စုချီကို ဝန်းရံထားတဲ့ ကျင့်ကြံသူတွေထဲမှာ မျိုးနွယ်စု အကုန်လုံးနီးပါး ပါဝင်ပါတယ်။
သက်ရှိအကုန်လုံးဟာ စုချီကို သတ်ဖြတ်ငွေ့တွေ နာကြည်းမုန်းတီးမှုတွေ ဒေါသတွေ ပြည့်လျှံနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြပါတယ်။
စုချီဟာ ကောင်းကင်ရုံးတော်အတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့တာမို့ သူ့ကြမ္မာဆိုးက အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းနီးပါးကို ပျံ့နှံ့ခဲ့ပြီး ရန်သူအများကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခု ကောင်းကင်ရုံးတော်က ရှုံးနိမ့်ပြီး နောက်ဆုတ်ဖို့ ပြင်ဆင်နေတဲ့အတွက် လူတိုင်းဟာ သူတို့ရဲ့ ဒေါသတွေကို စုချီဆီ ပုံချလာကြပါတယ်။
“စုချီ... မင်း ပြေးမလွှတ်တော့ဘူး၊ အင်မော်တယ်တွေလည်း မင်းကို မကယ်နိုင်တော့ဘူး” လူသားကျင့်ကြံသူတစ်ဦး ကျယ်လောင်စွာ ရယ်မောပြီး ဒေါသတကြီး ပြောလိုက်ပါတယ်။ သူ့အသံက မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားတဲ့ တခြားသက်ရှိတွေကိုလည်း ကျိန်ဆဲဖို့ နှိုးဆော်သလို ဖြစ်သွားပါတယ်။
စုချီဟာ ကြမ်းတမ်းတဲ့ စကားမျိုးစုံကို ကြားလိုက်ရပေမဲ့ ဒေါသမထွက်ဘဲ ပြုံးလိုက်ပါတယ်။
“မင်းတို့က ငါ့ကို လက်စားချေချင်တာလား၊ ဒါပေမဲ့ မင်းတို့ ကိုယ်တိုင်ကရော အပြစ်ကင်းလို့လား၊ ကြီးကြီး သေးသေး အပြစ်က အပြစ်ပဲ၊ ငါ လုပ်တာကို ငါဝန်ခံရဲတယ်၊ မင်းတို့ကရော ငါ့လို့ ဝန်ခံရဲလို့လား၊ ငါ့ကို သတ်ချင်ရင် လာတိုက်ချည်၊ စကားအပိုတွေ မပြောနဲ့၊ နားငြီးတယ်”
စုချီဟာ ပြောပြောဆိုဆို လေပေါ်ပျံတက်ပြီး ကြမ္မာဆိုးရောင်ဝါကို ဖြန့်ကျလိုက်ပါတယ်။
ဒီအဖြစ်ကြောင့် သက်ရှိအကုန်လုံး လန့်ဖျပ်သွားပြီး အလျင်စလို နောက်ဆုတ်ကာ စုချီကို ဘယ်သူမှ အရင်စမတိုက်ရဲပါဘူး။
“ဝုန်း... ဝုန်း... ဝုန်း...”
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပြီး ကျယ်လောင်တဲ့ ခြေသံတွေဟာ မိုးကုပ်စက်ဝိုင်းဆီကနေ ထွက်ပေါ်လာပါတယ်။ အသံလာရာဆီကို လူတိုင်း လှည့်ကြည့်လိုက်တဲ့အခါ မိုင် ၂၀ ကျော် မြင့်မားတဲ့ ရုပ်သွင်တစ်ခု လျှောက်လှမ်းလာတာကို တွေ့လိုက်ရပါတယ်။
“စုချီ... မင်း ငါ့မျိုးနွယ်စုကို မျိုးတုံးခဲ့တယ်၊ ဒီနေ့ ငါ မင်းရဲ့ဝိညာဉ်ကို ကျိန်းသေပေါက် ဖျက်ဆီးပြမယ်” ဒေါသတကြီး အော်ဟစ်သံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
စုချီဟာ ဒီအော်ဟစ်သံကြောင့် မျက်မှောင်ကြုတ်သွားပြီး ဖိအားများသွားပါတယ်။
ဒီအချိန်မှာပဲ စုချီဟာ အသံတစ်သံကို သူ့နားထဲမှာ ကြားလိုက်ရပါတယ်။
“မင်း အရာအားလုံးကို အဆုံးသတ်ချင်လား၊ မင်းသာ မင်းရဲ့ ဆန်းကြယ်စွမ်းအားကို အသုံးပြုမယ်ဆိုရင် ကပ်ဘေးကြီး ပြီးဆုံးသွားလိမ့်မယ်၊ ဒီကပ်ဘေးမှာာ ရှင်သန်ကျန်ရစ်တဲ့လူတွေက မင်းကို ကျေးဇူးတင်ကြလိမ့်မယ်၊ မင်းက အနန္တကပ်ဘေးကို ရပ်တန့်လိုက်တဲ့အတွက် ကောင်းကင်တာအို ကုသိုလ်ကံကိုတောင် ရနိုင်တယ်နော်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။