ကပ်ဘေးပြီးဆုံးခြင်း
Vol. 41 Ch. 458
တာအိုပညာရှိ မင်ကျွယ်ရဲ့ သွေးဆောင်စကားကြောင့် စုချီဟာ မျက်မှောင်ကြုတ်သွားပါတယ်။ စုချီဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် ဒီဟာက ထောင်ချောက်မှန်း သိနေပါပြီ။
စုချီ မော့ကြည့်လိုက်တဲ့အခါ အလွန်ကြီးမားတဲ့ရုပ်သွင်တစ်ခု မိုးကုပ်စက်ဝိုင်းအောက်မှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်တွေက အနည်းဆုံး နတ်မင်းအဆင့်မှာ ရှိပါတယ်။
ဒီအချိန်မှာ စုချီဟာ ဝမ်းနည်းမှုကို ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေက အစုအဖွဲ့နဲ့ အမြဲတမ်း တိုက်ခိုက်ကြပြီး သူ့ဘဝမှာတော့ သူ့အတွက်ပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်အတွက်ပဲ ဖြစ်ဖြစ် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ အမြဲတမ်း တစ်ကိုယ်တော်ချည်း မိုလို့ပါ။
စုချီဟာ ဖိတ်ခေါ်ပညာရပ်ကို အသုံးပြုပြီး သူ့ဆရာသခင်ကို ဆင့်ခေါ်ရင် ကောင်းမလားလို့တောင် တွေးမိလိုက်ပါတယ် ‘မဖြစ်ဘူး... ဆရာသခင်ကို ငါ့ကို အများကြီး ကူညီခဲ့ပြီးပြီ၊ ငါ ဆရာသခင်ကို ဒီကပ်ဘေးထဲ ဆွဲထည့်လို့ မဖြစ်ဘူး’
စုချီရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ် ‘မတက်နိုင်ဘူး... စွန့်စားရမှာပဲ၊ အများဆုံး သေရုံပေါ့၊ ဒီဘဝမှာ ငါ ကောင်းကောင်းကြီး ရှင်သန်ခဲ့ပြီးပြီပဲ’
စုချီဟာ ညလက်မြှောက်ပြီး အေးစက်စွာ ရယ်မောလိုက်ပါတယ် “ဟားဟား... ဒီနေ့ ငါ့ကို ဘယ်သူ သတ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
စုချီရဲ့ စကားကြောင့် သက်ရှိအားလုံးဟာ ယမ်းပုံမီးကျ ဖြစ်သွားပြီး စုချီဆီကို တဟုန်ထိုး ပျံသန်းသွားကြပါတယ်။ သက်ရှိများစွာ ဝန်းရံခံထားရတဲ့ စုချီဟာ လူအုပ်ကြားထဲက ပုရွက်ဆိတ်လေးလို အချိန်မရွေး တက်နင်းခံရနိုင်ချေ ရှိနေပါတယ်။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဟန်ကျွယ် ဝူတောက်ကို သတ်ပြီးပြီလို့ နောက်ထပ် နှစ် ၄၀ ကြာသွားပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ စိတ်လေးလာပါတယ်။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်က အကြောင်းအရင်းမရှိဘဲ ခံစားချက်တွေ မဖြစ်ပေါ်ပါဘူး။ ဒါကြောင့် တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် စုချီသည် တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်သောကြောင့် ကံတရား အထောက်အပံ များစွာ ကျဆင်းသွား၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
[သင့်မိတ်ဆွေ ရွှမ်ချင်းကျွင်းသည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကို ခံရသော်လည်း မိုးကောင်းကင်မျိုးနွယ်စု ကံတရား အထောက်အပံ့၏ ကာကွယ်မှုကြောင့် ဘာမှမဖြစ်ပေ။]
[သင့်မိတ်ဆွေ မီးလျှံဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကို ခံရသော်လည်း မိုးကောင်းကင်မျိုးနွယ်စု ကံတရား အထောက်အပံ့၏ ကာကွယ်မှုကြောင့် ဘာမှမဖြစ်ပေ။]
[သင့်မိတ်ဆွေ ဟန်မင်သည် လျှို့ဝှက်ဆန်းကြယ် အင်အားတစ်ခု၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
[သင့်မိတ်ဆွေ ဟန်မင်သည် တာအိုပညာရှိတစ်ပါး၏ ကူညီမှုကြောင့် နောက်ဆုံး ဝိညာဉ်အငွေ့အသက်မှ ပြန်လည် ရှင်သန်လာ၏။]
ဆက်ဖတ်လေလေ သေတဲ့သတင်းတွေ များလေလေပါပဲ။ ကောင်းကင်ရုံးတော်က လူတိုင်းနီးပါး သေဆုံးသွားကြပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘စုချီက ငါ သတိပေးရဲ့သားနဲ့ ဘာလို့ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးသေးတာလဲ’
ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “စုချီကြောင့် သေသွားတဲ့သက်ရှိက ဘယ်လောက်ရှိလဲ”
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သက်ရှိအားလုံး၏ ၉၀ ရာခိုင်နှုန်း သေဆုံးသွားပြီး အရေအတွက်ကား အသေင်္ချတည်း။]
ဟန်ကျွယ်ဟာ ဒီအဖြေကိုကြည့်ပြီး ပါးစပ်ပိတ်သွားပါတယ် ‘များလှချည်လား’
ဟန်ကျွယ်ဟာ စုချီရဲ့ ကျင့်ကြံမှုကို စစ်ဆေးလိုက်တဲ့အခါ အင်မော်တယ်ဧကရာဇ် ပထမအဆင့်မှာ ရှိနေတာကို တွေ့လိုက်ရပါတယ်။ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုလိုက်လို့ အဆင့်ကြီးတစ်ဆင့် လျော့ကျသွားတာကိုပါ ထည့်တွက်မယ်ဆိုရင် စုချီရဲ့ ကျင့်ကြံမှုက နတ်မင်းအဆင့်ကို ရောက်ခဲ့တာ ထင်ရှားပါတယ်။
‘တော်တော် ရက်စက်တာပဲ... ဒါက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားလား’
‘ဒီဆန်းကြယ်စွမ်းအားကို တာအိုပညာရှိသာ သုံးရင် ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအကုန်လုံး သေသွားမလား မသိဘူး’
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ချုံရှီလိုင်က တော်တော်လေး စိတ်မရှည်နိုင် ဖြစ်နေပုံပါပဲ။
လက်ခံမယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားပါတယ်။ အိပ်မက်နယ်မြေက ဟန်ကျွယ် ရင်းနှီးတဲ့ အရင်ခန်းမနဲ့ အရင် ရွှေရောင်ရုပ်တုပါပဲ။
ချုံရှီလိုင်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “မင်းတပည့်စုချီက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးပြီး သက်ရှိအားလုံးကို သတ်လိုက်လို့ အနန္တကပ်ဘေးက ပြီးဆုံးသွားပြီ”
ဟန်ကျွယ်ဟာ လန့်ဖျပ်သွားပြီး ပြန်မေးလိုက်ပါတယ် “တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား... အဲဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ၊ စုချီက အဲဒီလောက်တောင် အစွမ်းထက်နေပြီလား”
ဟန်ကျွယ်ရဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ မျက်နှာဟာ ချုံရှီလိုင်ကို ကောင်းကောင်းကြီး အရူးလုပ်နိုင်လိုက်ပါတယ်။
ချုံရှီလိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာတင် မဟုတ်ဘူး၊ တခြား သေမျိုးကမ္ဘာတွေလည်း အတူတူပဲ၊ အကုန်လုံး သုဿန်တစပြင်လို ဖြစ်နေပြီ၊ မင်းတပည့်က ဘဝဇာတ်သိမ်းသွားပြီ၊ ငါလည်း သူ့ကို မကယ်နိုင်တော့ဘူး၊
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ချုံရှီလိုင်က စကားလမ်းကြောင်း လွှဲလိုက်ပါတယ် “သူ သေမှရလိမ့်မယ်၊ မဟုတ်ရင် တခြားတာအိုပညာရှိတွေက ကျေနပ်မှာ မဟုတ်ဘူး၊ ပြီးတော့ ကောင်းကင်တာအိုကိုလည်း ဖြေရှင်းချက် ပေးနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ သူ့ရဲ့ ဝိညာဉ်အငွေ့အသက်ကို ချန်ထားဖို့တော့ ကူညီပေးနိုင်တယ်၊ နောက်ကျရင် ငါ သူ့ဝိညာဉ်အငွေ့အသက်ကို မင်းဆီ ပေးမယ်၊ အခုအချိန်ကစပြီး ကောင်းကင်တာအိုထဲမှာ သူ ပေါ်လာလို့မရဘူး၊ မဟုတ်ရင် ရုပ်ခန္ဓာနှစ်ပါးစလုံး ဖျက်ဆီးခံရလိမ့်မယ်”
ဟန်ကျွယ်ဟာ ဒီဟာက အကောင်းဆုံးရလဒ်မှန်း သိတာကြောင့် ချုံရှီလိုင်ကို ကျေးဇူးတင်စကား အမြန်ဆိုပြီး စပ်စုလိုက်ပါတယ် “ကျွန်တော်တပည့်က ဒီလောက် စွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းအားကို ဘယ်ကနေ တက်လာတာလဲ”
“ဟင်း... ဒီတာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တာအိုဘိုးဘေးက တာအိုပညာရှိတွေကို သင်ပေးခဲ့တာ၊ မင်းတပည့်က တာအိုပညာရှိတစ်ပါးပါး အသုံးချတာကို ခံလိုက်ရတာ၊ ဘယ်သူလုပ်တာလဲ ဆိုတာတော့ လောလောဆယ်မှာ ငါ မင်းကို ပြောလို့မရသေးဘူး၊ တာအိုပညာရှိနဲ့ ကံတရား ဆက်စပ်တာကို မင်း မခံနိုင်သေးဘူး၊ ငါက မင်းကောင်းဖို့အတွက် မပြောတာပါ”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ဒီနှစ်ယောက်က တစ်ဖွဲ့တည်းများလား၊ ငါ ပြန်သွားရင် တွက်ချက်ကြည့်အုန်းမှာပဲ’
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ချုံရှီလိုင်နဲ့ နွီဝါကို လုံးဝမယုံကြည်ပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာ လုံလောက်တဲ့ စွမ်းအား မရှိတဲ့အတွက် ဟန်ကျွယ်ဟာ သူတို့ကို ယုံကြည်တယ်လို့ပဲ ဟန်ဆောင်နေရပါတယ်။
“ကပ်ဘေးက ပြီးဆုံးသွားပြီလို့ ယူဆလို့ရတယ်၊ နှစ်အနည်းငယ်အတွင်း တာအိုပညာရှိတွေက လောကကြီးမှာရှိတဲ့ အကုသိုလ်ကံတွေကို ရှင်းလင်းလိမ့်မယ်၊ အဲဒါပြီးရင် မင်း အင်မော်တယ်ကမ္ဘာကို အချိန်မရွေး ပြန်လာလို့ရပြီ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာက ဘယ်အချိန်မှာ သက်ရှိတွေနဲ့ ပြန်ပြည့်မှာလဲ”
“သက်ရှိမျိုးစုံက သဘာဝအလျောက် မွေးဖွားလာလိမ့်မယ်၊ မင်း ဒီအခွင့်အရေးကို အသုံးချပြီး တာအိုဟောကြားတာတော့ ဂိုဏ်းထောင်တာတို့ လုပ်လို့ရတယ်၊ နှစ်ဆယ်သန်းကြာရင် မင်းက သက်ရှိအများစု ယုံကြည်ကိုးစားရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်၊ အရင်ဗုဒ္ဓ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်တို့လိုမျိုးပေါ့”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘အနန္တကပ်ဘေးက သေမင်းကပ်ဘေးပဲ၊ လက်တစ်ဆုပ်စာ လူတွေပဲ လွတ်မြောက်နိုင်ကြတယ်’
ဒီကပ်ဘေးကို လွတ်မြောက်တဲ့လူတွေက နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်မှာပါ။ အချိန်များစွာ ကျင့်ကြံအားထုတ်နိုင်တာ ဖြစ်တဲ့အတွက် မကြာခင်မှာ မွေးဖွားလာမဲ့ သက်ရှိတွေထက် အများကြီး ရှေ့ပိုရောက်နေမှာပါ။ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့လူက သာမန်လူဆိုရင် စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်ပါတယ်။
“ကပ်ဘေးပြီးတာနဲ့ တာအိုပညာရှိတွေက ကောင်းကင်တာအိုအောက်မှာ တိုက်ခိုက်လို့မရတော့ဘူး၊ ဒါကိုတော့ မင်း စိတ်ချလို့ရတယ်၊ အဲဒီအချိန်မှာ သက်ရှိအကုန်လုံးကို ထိန်းချုပ်မှာက မိုးကောင်းကင်မျိုးနွယ်စုပဲ၊ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ခေါင်းဆောင်က မင်းရဲ့ မိတ်ဆွေဟောင်းပဲ၊ နောက်ကျရင် မင်း သိလာပါလိမ့်မယ်၊ အတိုချုပ်ပြောရရင် အင်မော်တယ်ကမ္ဘာကို မင်း စိတ်ချလက်ချ ပြန်လာလို့ရတယ်၊ ဘာအန္တရာယ်မှ မရှိဘူး”
အဲဒီနောက် အိပ်မက်တစ်ခုလုံး ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်တာနဲ့ စနစ်ကို မေးလိုက်ပါတယ် “ချုံရှီလိုင် ခုနက ပြောသွားတာတွေက အမှန်တွေလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး ဆက်မေးလိုက်ပါတယ် “ချုံရှီလိုင်နဲ့ တာအိုပညာရှိမင်ကျွယ်က ဘယ်လိုပတ်သက်လဲ”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မျက်နှာသာပေးမှု အဆင့်အတန်းအရ သူတို့နှစ်ယောက်၏ ရင်းနှီးမှုသည် ကြယ်သုံးပွင့် ဖြစ်သည်။]
‘ကြယ်သုံးပွင့်... ဒီလိုဆို ဒီနှစ်ကောင်က လောလောဆယ်မှာ တစ်လှေတည်းစီးနေပေမဲ့ အကျိုးအမြတ်အတွက်ဆိုရင် ထသတ်နိုင်တဲ့ အနေအထား ရှိတယ်၊ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ငါ ဒီကောင်ကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်တာ အကောင်းဆုံးပဲ’
ဟန်ကျွယ်ဟာ အနန္တကပ်ဘေး ပြီးဆုံးပြီး ကောင်းကင်တာအို ပြန်စမှာကို တွေးမိလိုက်တာကြောင့် သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ‘တော်သေးတယ်၊ ငါ ထုန်ကျန့်ကမ္ဘာကို ကြယ်ပင်လယ်ထဲ ရွှေ့လိုက်လို့၊ မဟုတ်ရင် သူလည်း ဒီကပ်ဘေးကနေ လွတ်မှာမဟုတ်ဘူး’
‘နေပါအုန်း... အခုထုန်ကျန့်ကမ္ဘာက ဘာမှမဖြစ်ဘူးဆိုတော့ ထုန်ကျန့်ကမ္ဘာက ကောင်းကင်တာအိုအောက်မှာ မရှိတော့ဘူးဆိုတဲ့ သဘောပဲ၊ ဒီလိုဆိုရင်...’
ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပြီး ဆက်မတွေးရဲတော့ပါဘူး။ ဟန်ကျွယ်ဟာ အဆုံးမဲ့တဲ့အင်အားနဲ့ အကျိုးအမြတ်တွေကို မျက်စိထဲ မြင်ယောင်လာပါတယ်။ ဟန်ကျွယ်သာ နည်းနည်း ကြိုးစားလိုက်တာနဲ့ တာအိုပညာရှိတွေအောက်မှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာမှာပါ။ ကောင်းကင်ဧကရာဇ်၊ ဇုထူ၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ တခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေတောင် ဟန်ကျွယ်ကို လိုက်မီမှာ မဟုတ်ပါဘူး။
‘မဟုတ်သေးဘူး... တစ်ခုခုမှားနေပြီ၊ ဒါ ကျိန်းသေပေါက် ထောင်ချောက်တစ်ခုပဲ၊ လူတစ်ယောက်ကို ဖျက်ဆီးချင်ရင် အဲဒီလူကို လောဘကြီးလာအောင် အရင်ဆုံးလုပ်ပေးရတယ်လို့ ဆိုရိုးရှိတာပဲ’
‘ငါ လူရှ့သူရှေ့ထွက်လို့ လုံးဝမဖြစ်ဘူး၊ ဒါပေမဲ့ ငါ့တပည့်တွေကို နောက်ကနေ ပံ့ပို့ပေးလို့ရတာပဲ၊ နောက်ကပ်ဘေး မတိုင်ခင်သာ ငါ တာအိုပညာရှိ ဖြစ်လာခဲ့ရင် ဘယ်ကောင်းကင်တာအိုပညာရှိမှ ငါကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ဒီလိုဆို...’
ဟန်ကျွယ်ဟာ ဆက်တွေးလေလေ နှလုံးခုန်မြန်လေလေပါပဲ။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ ထိန်းချုပ်တာ ခံရတာကို စိတ်ပျက်တာ အတော်ကြာပါပြီ။ ဒါပေမဲ့ မတက်နိုင်လို့ ငြိမ်ခံနေရတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။