ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်
Vol. 41 Ch. 459
‘မဟုတ်သေးဘူး... ငါ သတိကြီးကြီးထားရမယ်၊ ငါက ဘယ်လိုလုပ်ပြီး တာအိုပညာရှိတွေနဲ့ တိုက်ခိုက်နိုင်မှာလဲ၊ ငါသာ သူတို့ကို တစ်ချက်တည်း မသတ်နိုင်ဘူးဆိုရင် သူတို့နဲ့ အချိန်အကြာကြီး ဆက်တိုက်ရမှာ၊ အဲဒီမတိုင်ခင် ငါ သူတို့နဲ့ တိုက်ခိုက်ချင်တာကို သူတို့တွေ မသိတာ အကောင်းဆုံးပဲ’
‘တာအိုဘိုးဘေးက ငါရဲ့လမ်းပြပုဂ္ဂိုလ်ပဲ၊ သူပေါ်လာတဲ့အချိန်မှာ ပြိုင်ဘက်ကင်းနေသလို ငါ လူရှေ့ထွက်တဲ့အချိန်ကလည်း ပြိုင်ဘက်ကင်း ဖြစ်ရမယ်’ ဟန်ကျွယ်ဟာ သူ့စိတ်ကိုသူ ဆုံးမလိုက်ပါတယ်။
ဟန်ကျွယ် ဒီလိုဖြစ်ရတာက ချုံရှီလိုင်ရဲ့ စကားတွေကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ ဟန်ကျွယ်မို့လို့ပါ။ တခြားသူဆိုရင် ဖြားယောင်ခံရလို့ ဖြားယောင်းခံရမှန်းတောင် သိမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို ပညာရှိတွေကို မဖိနှိပ်နိုင်သေးခင် ကောင်းကင်တာအိုပညာရှိတွေနဲ့ မယှဉ်ဘဲ သိုသိုသိပ်သိပ်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။
လျှပ်တပြက်အတွင်း ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခုဟာ ဝီရိယတောင်ပေါ် ကျလာပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ အားထုတ်နေတဲ့ ဟန်ကျွယ်ကို ဖုံးလွှမ်းသွားပါတယ်။
[ကောင်းကင်တာအို အနန္တကပ်ဘေး ပြီးဆုံးပြီး ကောင်းကင်တာအို ပြန်လည်စတင်ကြောင်း စုံစမ်းမိသည်။ အနန္တဧကရာဇ် ကံတရား အထောက်အပံ့အား သင် ရရှိသောကြောင့် အောက်ပါ ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ အင်မော်တယ်ကမ္ဘာသို့ပြန်၍ အနာဂတ်၌ ဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်လာအောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခုအား နိုးထနိုင်မည့် အခွင့်အရေးတစ်ခု ရရှိပါမည်။]
[၂။ အင်မော်တယ်ကမ္ဘာသို့ ဘယ်သောအခါမှ မပြန်ဘဲ အမှောင်တားမြစ်နယ်မြေတွင် ဆက်လက် နေထိုင်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
‘အနန္တဧကရာဇ်...’
ဟန်ကျွယ်ဟာ လောလောဆယ် မရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး အနန္တဧကရာဇ်ဘွဲ့ကို အာရုံစိုက်လိုက်ပါတယ်။ အနန္တဧကရာဇ်ဘွဲ့က ကပ်ဘေးထဲဝင်ပြီး ရှင်ကျန်ရစ်တဲ့လူတွေပဲ ရနိုင်တာပါ။
“ဒီအနန္တဧကရာဇ် ကံတရား အထောက်အပံ့က ဘာလုပ်လို့ရလဲ”
[အနန္တဧကရာဇ် ကံတရား အထောက်အပံ့သည် ကောင်းကင်တာအို အကုသိုလ်ကံ၏ ဖြားယောင်း သွေးဆောင်မှုအား ခုခံနိုင်ရန် ကူညီပေးသည်။ နောက်အနန္တကပ်ဘေး၌ သင်သည် စိတ်လွတ်ကိုယ်လွတ် ဖြစ်လိမ့်မည် မဟုတ်ပေ။]
‘ဒါပဲလား...’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ အထင်အမြင် သေးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ ကျောက်ရွှမ်ယွမ်၊ တာအိုအရှင်သခင်၊ ကျန်းယီ၊ မုရုံချီ၊ ရှင်းဟုန်ရွှမ်၊ ဖန်းလျန်၊ ဂျိရှင်းရှန်၊ စုချီ၊ ဟွမ်ဇွမ်တျန်နဲ့ တခြားသူတွေလည်း အနန္တဧကရာဇ်ဘွဲ့ ရထားတာကို တွေ့လိုက်ရပါတယ်။
ကပ်ဘေးမှာ ရှင်ကျန်ရစ်တဲ့ သက်ရှိအားလုံးနီးပါး အနန္တဧကရာဇ် ကံတရား အထောက်အပံ့ကို ရရှိကြပါတယ်။
တာအိုစက်ကွင်းမှာပဲ တစ်ချိန်လုံးနေတဲ့ ငရဲကြက်နက်နဲ့ ရွှင်ချန်းအန်းကတော့ အနန္တဧကရာဇ်ဘွဲ့ကို မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကပ်ဘေးစကတည်းက အပြင်မထွက်လို့ပါပဲ။
‘အမှောင်တားမြစ်နယ်မြေက ကောင်းကင်တာအိုအောက်မှာ ရှိတာလည်း မဟုတ်ဘဲနဲ့၊ ဒီကံတရား အထောက်အပံ့က ဘယ်လိုလုပ်ပြီး ငါ့ဆီ ရောက်လာရတာလဲ’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ ထူးဆန်းတဲ့ အရည်အချင်းကြောင့် စိတ်ထဲမှာ အံအားသင့်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး စနစ်ကို ကောက်မေးလိုက်ပါတယ် “အနန္တဧကရာဇ် ကံတရား အထောက်အပံ့က ကောင်းကင်တာအိုကနေ လာတာလား၊ မဟာတာအိုကနေ လာတာလား”
[သက်တမ်း ၅ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မဟာတာအို။]
‘ငါ ထင်တော့ထင်သားပဲ... မဟာတာအိုက နေရာတကာမှာ ရှိနေတာပဲ’
အမှောင်တားမြစ်နယ်မြေဟာ ကောင်းကင်တာအိုနဲ့ အလှမ်းဝေးပေမဲ့ မဟာတာအိုလက်ကနေတော့ မလွတ်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်မေးပါတယ် “ငါ အခုနေ ကောင်းကင်တာအိုဆီ ပြန်ရင် တာအိုပညာရှိ သတ်တာကို ခံရနိုင်လား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်တာအို၏ အာဏာစက်သည် အသက်ပြန်ဝင်သွားပြီး ကောင်းကင်တာအို ပညာရှိများ အပေါ်ရှိ ကန့်သတ်ချက်သည်လည်း ပြန်လည် တင်းကြပ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် တာအိုပညာရှိများသည် အနန္တကမ္ဘာသို့ ခန္ဓာစစ်နှင့် မဝင်ရောက်နိုင်သကဲ့သို့ ကောင်းကင်တာအိုထဲရှိ သက်ရှိများကိုလည်း မသတ်နိုင်ပါ။ ထိုသို့မဟုတ်ဘဲ စိတ်ထင်တိုင်းလုပ်ပါက ကောင်းကင်တာအိုပညာရှိများသည် ကောင်းကင်တာအို၏ တန်ပြန်တိုက်ခိုက်မှုကို ခံရလိမ့်မည်။]
‘တာအိုပညာရှိတွေ ကပ်ဘေးကျမှ လှုပ်ရှားပြီး ကျန်တဲ့အချိန်တွေမှာ ငြိပ်ကုပ်နေတာ အံဩစရာ မရှိတော့ပါဘူး၊ ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက်ကြောင့်ကိုး...’
‘ဒီလိုဆို ငါ ကောင်းကင်တာအို ပညာရှိလုပ်လို့ မဖြစ်ဘူး၊ ကောင်းကင်တာအိုပညာရှိက မသေဘူးဆိုပေမဲ့ လွတ်လပ်မှုကို ဆုံးရှုံးရမှာ’
‘နေပါအုန်း... ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုအောက်မှာ တိုက်ခိုက်လို့ မရဘူးဆိုရင် အမှောင်တားမြစ်နယ်မြေထဲမှာ တိုက်ခိုက်လို့ရတယ်လို့ ပြောချင်တာလား၊ ဒီလိုဆိုရင် အမှောင်တားမြစ်နယ်မြေက ပိုပြီးတော့ အန္တရာယယ်များတာပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ရင် အင်မော်တယ်ကမ္ဘာဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်ကပ်ဘေးမစခင် တာအိုပညာရှိတစ်ပါးသာ ဟန်ကျွယ်ကို သတ်ချင်တယ်ဆိုရင် တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေကိုပဲ အကူအညီတောင်းရမှာပါ။ ဒါပေမဲ့ တာအိုပညာရှိအတုက ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲကို ဝင်နိုင်မှာ မဟုတ်ပါဘူး။
“အားလုံးပဲ၊ မြန်မြန်ဆန်ဆန် ကျင့်ကြံကြ၊ နောက်လေးငါးဆယ်နှစ်မှာ ငါတို့တွေ အင်မော်တယ်ကမ္ဘာကို ပြန်ကြမယ်” ဟန်ကျွယ်ရဲ့အသံဟာ တာအိုစက်ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ တချို့ကတော့ ရင်တုန်သွားကြပါတယ်။
“နောက်ဆုံးတော့ ငါတို့တွေ ပြန်သွားကြတော့မှာပဲ”
“ဒါဆို ကပ်ဘေး ပြီးသွားပြီဆိုတဲ့ သဘောပေါ့”
“ဟုတ်တယ်၊ ငါတောင် ကံတရား အထောက်အပံ့ကို ရလို့ ကပ်ဘေးပြီးမှန်း သိရတာ”
“ဒီကပ်ဘေးက တ်ောတော်မြန်တာပဲ၊ တကယ်ကို မထင်မှတ်ထားစရာပဲ”
“တာအိုပညာရှိတွေ ဝင်ပါလို့ နှစ်နည်းနည်းနဲ့ ပြီးသွားတာ ဖြစ်မယ်”
“တာအိုပညာရှိတွေက စွမ်းအားကြီးလွန်းတာကိုး... သူတို့တွေ ပါလာမှတော့ ကျန်တဲ့သက်ရှိတွေက ဘာလုပ်လို့ရတော့မှာလဲ”
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံစိုက်ပါတယ်။ ဟန်ကျွယ် အဆင့်မတက်တာက နှစ်ငါးရာကျော်ခဲ့ပြီမို့ နောက်တစ်ဆင့် ထိုးဖောက်ဖို့ အတော်လေး နီးကပ်နေပါပြီ။ ကောင်းကင်ဘဝဂ်အဆင့်က ကျင့်ကြံဖို့ တကယ်ခက်တာပါ။
ဟန်ကျွယ်ဟာ တခြားကျင့်ကြံသူတွေက အဆင့်လေးတစ်ဆင့်အတွက် နှစ်သန်းချီကို ဘယ်လိုပြတ်သားတဲ့ စိတ်မျိုးနဲ့ ကျင့်ကြံကြလဲဆိုတာကို မတွေးရဲပါဘူး။
စုချီ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုပြီးနောက်ပိုင်း ဟန်ကျွယ်ရဲ့ စာအိတ်က အတော်လေး တိတ်ဆိတ်သွားပါတယ်။ တစ်နှစ်နေလို့တောင် စာတစ်စောင် ရောက်မလာပါဘူး။ ကပ်ဘေးပြီးစအချိန်က တကယ်ကို သုဿန်တစပြင်လိုပါပဲ။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ၉၇ နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်တစ်ဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ချည်း အချိန် ခြောက်နှစ် ယူလိုက်ရပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၇,၉၀၉/၁၀၀,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
‘ဝိုး... ငါ့သက်တမ်းက ၁၀၀ ကွာဒလီယံတောင် ကျော်သွားပြီပဲ’ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ် ‘ဒီအတိုင်းဆို ငါ့သက်တမ်း တစ်သောင်းမပြည့်ခင် တာအိုပညာရှိအတု ဖြစ်နိုင်မလား မသိဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်မြဲအောင် အားထုတ်ပါတယ်။ ငါးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်မြဲအောင် လုပ်ပြီးသွားတဲ့အတွက် ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်တင်ပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအား အသီးသီးဟာ သူတို့ရဲ့ ကန့်သတ်စည်းဖြစ်တဲ့ တာအိုပညာရှိအတုအဆင့်ကို ရောက်ရှိသွားကြပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မဟာညီညွတ်မှုရုပ်သွင်ကို ဆက်ပြီးတော့ ကျင့်ကြံပါတယ်။
ခြောက်ခုမြောက် နတ်ဘီလူး ဓမ္မရုပ်တုက ရဲရဲတောက် နတ်ဘီလူးဖြစ်ပြီး နေစွမ်းအားကို ပိုင်ဆိုင်ကာ အရာအားလုံးကို လောင်ကျွမ်းနိုင်တဲ့ အစွမ်းရှိပါတယ်။
ခုနစ်ခုမြောက် နတ်ဘီလူး ဓမ္မရုပ်တုကတော့ ရော့ရွှေနတ်ဘီလူးဖြစ်ပြီး အလွန်တရာလေးလံတဲ့ ရေစင်ကို ပိုင်ဆိုင်ပါတယ်။
ရှစ်ခုမြောက် နတ်ဘီလူးကတော့ အမှောင်ထု နတ်ဘီလူးဖြစ်ပြီး အမှောင်ထု မဟာတာအိုကို ပိုင်ဆိုင်ကာ သက်ရှိအားလုံးရဲ့ အာရုံတွေကို အမှောင်ထုနဲ့ ဖုံးလွှမ်းနိုင်တဲ့ အစွမ်းရှိပါတယ်။
၂ နှစ်အတွင်းမှာပဲ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ်တု သုံးခုလုံးကို ကျင့်ကြံနိုင်ခဲ့ပါတယ်။ ကိုးခုမြောက် နတ်ဘီလူးဓမ္မရုပ်တုကို ဘယ်လို ကျင့်ကြံရမလဲဆိုတဲ့ မှတ်ဉာဏ်ကိုတော့ ဟန်ကျွယ် ထပ်မရပါဘူး။ ဒါပေမဲ့ ဒီနတ်ဘီလူးဓမ္မရုပ်တု ရှစ်ခုနဲ့တင် ဟန်ကျွယ်ဟာ သူ့အဆင့်မှာ ပြိုင်ဘက်ကင်းရုံတင်မက တာအိုပညာရှိအတုတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်ပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ တိုက်ခိုက်ကြည့်တဲ့အခါ သူက တာအိုပညာရှိအောက်မှာ ပြိုင်ဘက်ကင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နောက်ဆုံးအဆင့် တာအိုပညာရှိအတုတွေကိုတော့ တစ်ချက်တည်း မသတ်နိုင်သေးပါဘူး။
ဥပမာပေးရရင် ဟန်ကျွယ်ဟာ ရှီတုတောက်ကို ငါးမိနစ်ကျော် တိုက်ခိုက်ပြီးမှ သတ်နိုင်လိုက်ပါတယ်။
ရှီတုတောက်က ဆန်းကြယ်စွမ်းအားကို အကုန်လုံးကို ဝါးမြိုနိုင်ပါတယ်။ သူမဝါးမြိုနိုင်တာက မဟာတာအိုရဲ့ စွမ်းအားပဲ ရှိပါတယ်။ ဒါပေမဲ့ ရှီတုတောက်မှာ ခံစစ် အကောင်းစား ရတနာ ရှိတဲ့အတွက် ပဋိပက္ခနတ်ဘီလူးရှစ်ကောင် ဝိုင်းတိုက်တာကို ငါးမိနစ်ကြာခံနိုင်တာပါ။
လီတောက်ခုံးနဲ့ တခြားသူတွေကတော့ တစ်ချက်တည်းနဲ့ ပွဲသိမ်းသွားပါတယ်။
တာအိုပညာရှိအောက်မှာ ဘယ်သူကမှ ဟန်ကျွယ်ကို သတ်နိုင်တဲ့အစွမ်း မရှိပါဘူး။ ဒါက ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်နဲ့ တိုက်ခိုက်ခဲ့တဲ့လူတွေက မဟာအန္တိမခန်းမမှာ တာအိုလာနားထောင်တဲ့သူတွေချည်း မို့လိုပါ။ ကောင်းကင်တာအိုနဲ့ တခြား ကောင်းကင်တာအိုတွေအောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မပုန်းအောင်းနေဘူးလို့ ပြောလို့မရပါဘူး။
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကျိန်းသေပေါက် ပြန်မှာပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး အင်မော်တယ်ကမ္ဘာဆီ ပျံသန်းလိုက်ပါတယ်။ အမှောင်တားမြစ်နယ်မြေမှာ အာရုံခြောက်ပါးက အသုံးမဝင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ လမ်းခြောက်သွယ် အမှတ်အသားကို အာရုံခံနိုင်ပါတယ်။ ဟန်ကျွယ် အာရုံခံတဲ့ လမ်းခြောက်သွယ် အမှတ်အသား ပိုင်ရှင်တွေက ဖန်းလျန်နဲ့ ဟွမ်ဇွမ်တျန်ပါ။
“ငါ အင်မော်တယ်ကမ္ဘာကို ပြန်ရင် အန္တရာယ်ရှိနိုင်လား” ဟန်ကျွယ်က စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် အန္တရာယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ တွက်မဲ့သာ တွက်ရတာပါ။ ဟန်ကျွယ်နာမည်နဲ့က ရန်သူတွေ မရှိပါဘူး။ အမှောင်သခင်ကြီးနာမည်နဲ့ ရှိတဲ့ရန်သူတွေကလည်း သေကုန်လို့ တာအိုပညာရှိမင်ကျွယ် တစ်ပါးပဲ ကျန်ပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။