ဟောင်တျန် အညံခံခြင်း၊ ရှေးမိစ္ဆာယင်
Vol. 44 Ch. 481
“ကျွန်တော် မှားပါတယ်”
“ကျွန်တော် မှားပါတယ်”
“ကျွန်တော် မှားပါတယ်”
လုံဟောင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားက တောင်ထိပ်တစ်ခုမှာ ဒူးထောက်ပြီး ဆက်တိုက် ရှိခိုးပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ လုံဟောင်နားကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပါတယ်။ အရံအတား အစီအရင်ရဲ့ ခြားနားမှုကြောင့် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ လုံဟောင်ကို အဝေးကနေပဲ ကြည့်နိုင်ပါတယ်။
ထူလင်းအာဟာ လုံဟောင် အသက်ရှင်နေသေးတာကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားပါတယ်။ ထူလင်းအာဟာ လုံဟောင် ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတာ ဖြစ်တဲ့အတွက် လုံဟောင်ကို သားတစ်ယောက်လို မောင်တစ်ယောက်လို ချစ်ခင်ပါတယ်။
တခြားတပည့်တွေဟာလည် မိတ်ဟောင်းဆွေဟောင်း ဖြစ်တဲ့ လုံဟောင်ကို ပြန်တွေ့လိုက်ရတာကြောင့် ဝမ်းသာ ပျော်ရွှင်သွားကြပါတယ်။
ကျိုးဖန်ကတော့ နှုတ်ခမ်းမဲ့လိုက်ပါတယ် “ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ နဂါးဧကရာဇ်က ရှိခိုးပြီး တောင်းပန်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး”
ဒီစကားကို ထောက်ဆခြင်းအားဖြင့် ကျိုးဖန်နဲ့ လုံဟောင်က ကပ်ဘေးထဲမှာ တွေ့ဆုံဖူးတာ ထင်ရှားပါတယ်။
ငရဲကြက်နက်က အပြုံးနဲ့ ပြောလိုက်ပါတယ် “သူက မင်းရဲ့ ဂိုဏ်းတူအစ်ကိုနော်”
ငရဲကြက်နက်ရဲ့ လှောင်သလို ပြောင်သလို မျက်နှာကြောင့် ကျိုးဖန်ဟာ ပါးစပ်ပိတ်သွားပါတယ်။
ကျောက်ရွှမ်ယွမ်ကတော့ သက်ပြင်းချလိုက်ပါတယ် “လုံဟောင် အသက်ရှင်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ဒီအတိုင်းဆို တိတ်ဆိတ်ဂိုဏ်းက ဒီကပ်ဘေးမှာ အကြီးမားဆုံး အနိုင်ရသူပဲ”
တခြားလူတွေလည်း သူတို့အမြင်ကို ဆွေးနွေးကြပါတယ်။ အခုဆိုရင် တိတ်ဆိတ်ဂိုဏ်းကို ပြန်မရောက်သေးတာက စုချီ၊ ဖန်းလျန်နဲ့ ရန်ထျန်တုန်းတို့ပဲ ရှိပါတော့တယ်။
ရန်ထျန်တုန်းအကြောင်း အရောက်မှာတော့ ပဋိပက္ခကောင်းကင်ခွေးက မနေနိုင်ဘဲ မေးလိုက်ပါတယ် “ရန်ထျန်တုန်း အသက်ရှင်နေသေးတယ်လို့ မင်း ထင်လား”
ပဋိပက္ခကောင်းကင်ခွေး ဒီလိုမေးတာကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ရန်ထျန်တုန်းက ပဋိပက္ခကောင်းကင်ခွေးနဲ့အတူ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ခဲ့သူ မဟုတ်ပါလား။
“ဒီကပ်ဘေးမှာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းက ပြိုလဲသွားတယ်၊ အစ်ကိုရန်သာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ကျသွားရင် သူ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး...” ရွှင်ချန်အန်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ရန်ထျန်တုန်းဟာ တိတ်ဆိတ်ဂိုဏ်းအတွက်တော့ အတော်သနားစရာ ကောင်းတဲ့လူပါ။ နောက်ပြီး ရန်ထျန်တုန်း သေဆုံးမှုက တိတ်ဆိတ်ဂိုဏ်းသားတွေအတွက် သတိပေးချက်တစ်ချက်ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ရန်ထျန်တုန်းက သူများကို စိန်ခေါ်ချင်လို့ အပြင်ထွက်တဲ့အတွက် အသတ်ခံရတာ မဟုတ်ပါလား။
ဝူတောက်ကျန့်က ပြုံးပြီး ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ သခင်မှာ ကျိန်းသေပေါက် နည်းလမ်း ရှိမှာပဲ၊ ကျွန်မတို့တွေက အေးအေးဆေးဆေး ကျင့်ကြံပြီး သခင်စကား နားထောင်ရုံပဲ၊ ရန်ထျန်တုန်းနဲ့ လုံဟောင်က သခင်စကားကို နားမထောင်လို့ နောက်ဆုံးမှာ ဒီလိုဖြစ်ရတာ”
တခြားလူတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ တိတ်ဆိတ်ဂိုဏ်း ဘဝက ပျင်းရိစရာကောင်းတယ် ဆိုပေမဲ့ လုံခြုံတယ် မဟုတ်ပါလား။
လုံဟောင်ဟာ နှစ်တစ်ထောင် ရှိခိုးရမှာ ဖြစ်တဲ့အတွက် တခြားသူတွေရဲ့ မေးခွန်းတွေကို ကြားရင်တောင် ပြန်ဖြေနိုင်စွမ်း မရှိပါဘူး။ နှစ်တွေကြာတဲ့ အခါမှာတော့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ လုံဟောင်ဆီ သွားမလည်ကြတော့ပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်က အချိန်တန်ရင် လုံဟောင်ကို တိတ်ဆိတ်ဂိုဏ်းထဲ ပြန်ဝင်ခွင့်ပြုလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။
ကပ်ဘေးမဖြစ်ခင်တုန်းက နှစ်တစ်ထောင်ဆိုတာ အတော်ရှည်ကြာပါတယ်။ ဒါပေမဲ့ ကပ်ဘေးပြီးသွားတော့ နှစ်တစ်ထောင်ဆိုတာက မျက်စိတစ်မှိတ်ထက် မပိုတော့ပါဘူး။
တစ်ခဏအတွင်းမှာပဲ နှစ်တစ်ထောင် ကုန်ဆုံးသွားပါတဘ်။
လုံဟောင်ဟာ ကြောင်တောင်တောင် ဖြစ်နေပြီး သူ့ဒူးခေါင်းတွေက မြေကြီးမှာ အမြစ်တွယ်နေပြီလို့တောင် ခံစားလိုက်ရပါတယ်။ လုံဟောင်ရဲ့ မြင်ကွင်းတွေဟာ ဝေဝါးသွားပြီး လုံဟောင် ပြန်နိုးလာချိန်မှာတော့ တာအိုဘုံကျောင်းထဲမှာ ဒူးထောက်လျက်သား ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ လုံဟောင်ရဲ့ ရှေ့မှာတော့ ဟန်ကျွယ် ထိုင်နေပါတယ်။
နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်အောက်မှာ ဟန်ကျွယ်ဟာ နတ်ဘုရားတစ်ပါးလိုပါပဲ။
လုံဟောင်ဟာ အလွန်ကြည်ညို လေးစားသွားပြီး ကတုန်ကယင် ရှိခိုးရင်း အော်ပြောလိုက်ပါတယ် “ဆရ... ဆရာသခင်”
လုံဟောင်ဟာ တောင်းပန်ရတာက ဒီလောက်ထိ ဒုက္ခခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး။ ဒီတောင်းပန်မှုက ငရဲခံရတာထက်တောင် ပိုကြောက်ဖို့ ကောင်းလှပါတယ်။ ရှိခိုးတောင်းပန်ရင်းနဲ့ လုံဟောင်ရဲ့ စိတ်ထဲမှာ အတိတ်က အဖြစ်အပျက်တွေဟာ ရုပ်ရှင်ကားလို ဆက်တိုက်ပေါ်လာပါတယ်။ လုံဟောင်ဟာ အတိတ်ကို ပြန်တွေးမိတိုင်း ခံစားချက်မျိုးစုံနဲ့ အတွေ့အကြုံမျိုးစုံဟာ နောင်တတရားအဖြစ် အသွင်ပြောင်းလဲသွားကြပါတယ်။
“ဟောင်တျန် ထွက်လာခဲ့”
ဟန်ကျွယ်ဟာ လုံဟောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်အားကြီးမားတဲ့ ဝိညာဉ်တစ်ခု ရှိနေတာကို ခံစားမိပါတယ်။ ဒီဝိညာဉ်က အပြင်းအထန် ဒဏ်ရာရထားတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပါဘူး။
ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ လုံဟောင်ရဲ့ ခေါင်းပေါ်ကနေ ဝိညာဉ်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီဝိညာဉ်က တခြားသူ မဟုတ်ပါဘူး။ ဟောင်တျန်ပါ။
ဟောင်တျန်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ် “လူငယ်တွေက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ”
အပြင်ပန်းမှာ ဘာမှမဖြစ်ပေမဲ့ စိတ်ထဲမှာတော့ ဟောင်တျန်ဟာ ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို ထိုးဖောက်မမြင်နိုင်ဘဲ တာအိုပညာရှိရှေ့ကို ရောက်နေသလိုမျိုး ခံစားနေရလို့ပါပဲ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ခင်ဗျားနဲ့ ဟောင်အာက တစ်ခုတည်း ဖြစ်နေပြီဆိုတော့ ကျုပ် ဘာမှမလုပ်တော့ဘူး၊ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်မယ်ဆိုရင် အတိတ်ကို မေ့ပစ်လိုက်၊ အခုအချိန်ကစပြီး ထာဝရအသက်အတွက်ပဲ ကျင့်ကြံအားထုတ်ရမယ်၊ ကျုပ်ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ အပြင်ထွက်ခွင့် မရှိဘူး”
ဟောင်တျန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဟောင်တျန်ဟာ မလာခင်ကတည်းက ဒီကိစ္စအတွက် ပြင်ဆင်ပြီးပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ လုံဟောင်နဲ့ ဟောင်တျန်ကို အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဟန်ကျွယ် ထင်တာ မမှားဘူးဆိုရင် ဒီနှစ်ယောက်ကလည်း အရင်လူတွေလိုပဲ အသွင်တူလက်ရည်စမ်းပွဲကို အချိန်အတိုင်းအတာ တစ်ခုအထိ စွဲလန်းသွားမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်က လက်ဝှေ့ယမ်းပြလိုက်တဲ့အတွက် လုံဟောင်နဲ့ ဟောင်တျန်လည်း တာအိုဘုံကျောင်းထဲကနေ ထွက်လာခဲ့ပါတယ်။
အပြင်ရောက်လို့ မကြာခင်မှာပဲ တိတ်ဆိတ်ဂိုဏ်းရဲ့ တခြားတပည့်တွေ အပြေးရောက်လာပြီး လုံဟောင်ကို ဝန်းရံကာ မေးခွန်းမျိုးစုံ မေးပါတော့တယ်။
လုံဟောင်ဟာ လက်ရှိ တိတ်ဆိတ်ဂိုဏ်းကို ကြည့်ပြီး မရင်းနှီးတော့သလို ခံစားလိုက်ရပေမဲ့ စိတ်ပြေလျော့သွားပါတယ်။
‘ဒါက ငါ့ရဲ့ အိမ်အစစ်ပဲ’
တိတ်ဆိတ်ဂိုဏ်း အကြောင်းကို ကြားသိရပြီးတဲ့နောက်မှာတော့ လုံဟောင်ရော ဟောင်တျန်ရော ပါးစပ်မစေ့နိုင်တော့ပါဘူး။
‘တိတ်ဆိတ်ဂိုဏ်းမှာ ရှိတဲ့ အင်မော်တယ်ဧကရာဇ်က ၂၀၀ မဟုတ်ဘဲ ၁၀,၀၀၀ တောင်လား... ဂလု... ဒီအရေအတွက်က တော်တော်ကြောက်ဖို့ကောင်းတဲ့ ပမာဏပဲ’
‘ကောင်းကင်ရုံးတော် ထိပ်ဆုံးရောက်တဲ့အချိန်မှာတောင် အင်မော်တယ်ဧကရာဇ် ဒီလောက်အများကြီး မပိုင်ဆိုင်ခဲ့ဘူး၊ သူ ဘယ်လိုများ လုပ်လိုက်တာလဲ’
“လာ လာ လာ... အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ကစားကြည့်အုန်း၊ မင်းတို့တွေ ပိုအံအားသင့်သွားစေရမယ်လို့ အာမခံတယ်” ငရဲကြက်နက်ဟာ တိတ်ဆိတ်ဂိုဏ်းသားတွေသာ သိနိုင်တဲ့အပြုံးနဲ့ ပြောလိုက်ပါတယ်။
တခြား တိတ်ဆိတ်ဂိုဏ်းသားတွေလည်း ငရဲကြက်နက်စကားကြောင့် မပြုံးဘဲ မနေနိုင်ပါဘူး။ သူတို့အားလုံးဟာ အသွင်တူ လက်ရည်စမ်းပွဲကို တွေ့ကြုံပြီးပြီမို့ လုံဟောင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်လာကြပါတယ်။
သူတို့တွေ ထင်ထားသလိုပဲ လုံဟောင်ဟာ အသွင်တူလက်ရည်စမ်းပွဲကို တစ်ရက်မပြည့်ခင်ပဲ စွဲလန်းသွားပါတယ်။ လုံဟောင်နဲ့ ဟောင်တျန်အတွက် ဒီအသွင်တူ လက်ရည်စမ်းပွဲက ကမ္ဘာတစ်ခု ပွင့်သွားသလိုပါပဲ။
ဟောင်တျန်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ဖို့အတွက် လုံဟောင်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုစရာ မလိုတဲ့အတွက် မခံစားရတာ ကြာပြီဖြစ်တဲ့ တိုက်ပွဲအရသာကို အားပါးတရ ခံစားပါတယ်။ မကြာခင်မှာပဲ ဟောင်တျန်ဟာ တစ်စုံတစ်ယောက်ကို ရှာတွေ့သွားပါတယ်။
‘ဘိုးဘေးရှီတျန်ပါလား... မဖြစ်နိုင်ဘူး’
‘ဟန်ကျွယ်က ဘိုးဘေးရှီတျန်နဲ့တောင် တိုက်ခိုက်ဖူးတာလား’
ဟောင်တျန်ဟာ ဘိုးဘေးရှီတျန်ကို စိန်ခေါ်ပေမဲ့ တစ်ချက်တည်းနဲ့ အမှုန့်တောင်မကျန်ဘဲ ပျောက်ကွယ်သွားရပါတယ်။
‘တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ ဒီဟန်ကျွယ်က ကျိန်းသေပေါက် ဂျူနီယာ မဖြစ်နိုင်ဘူး၊ အမြဲတမ်း သိုသိုသိပ်သိပ်နေတဲ့ ရှေးခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်ရမယ်’
ဒီအတွေးကြောင့် ဟောင်တျန်ရဲ့ စိတ်ထားလည်း ပြောင်းလဲသွားပါတယ်။
[ဟောင်တျန်သည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှုထားလိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ဟောင်တျန်ကို စိတ်ကူးထဲတောင် မထည့်တော့ပါဘူး။
ဟောင်တျန်က အနာဂတ်မှာ တိတ်ဆိတ်ဂိုဏ်းနောက်ကို တကယ်လိုက်မယ်ဆိုရင်လည်း ဟန်ကျွယ်အတွက် ကိစ္စမရှိပါဘူး။ အန္တိမမူလ မဟာတာအို ကျင့်ကြံသူ တစ်ယောက် တိုးလာတာက ဟန်ကျွယ်အတွက် ကောင်းတဲ့ကိစ္စပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပါတယ်။
ဒီအချိန်မှာပဲ ကျယ်ပြောလှတဲ့ ကောင်းကင်တန်ခိုးဟာ အထက်ကနေ ဆင်းသက်လာပါတယ်။
“ငါက ရှေးမိစ္ဆာယင်ပဲ၊ အခုအချိန်ကစပြီး ငါက ရှန်တျန်သက်ရှိတွေနဲ့ ရှေးဟောင်းမျိုးနွယ်စုကို တည်ထောင်မယ်၊ ရှေးဟောင်းမျိုးနွယ်စုကို ဦးဆောင်ပြီး စည်ပင်သာယာ ဝပြောစေရမယ်၊ ကောင်းကင်တာအိုရဲ့ သားရဲကြမ်းတွေကို မောင်းထုတ်ပြီး ကောင်းကင်တာအိုကို ပြန်လည် ငြိမ်းချမ်းစေမယ်”
ရှေးမိစ္ဆာယင်ရဲ့ ကျယ်လောင်တဲ့အသံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ကတော့ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က ဘယ်သူလဲ၊ ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ... ဒီကောင်က တော်တော်လေး အလောင်းအစား ဝါသနာပုံပါပဲ၊ ပထမဆုံး ရှန်တျန်သက်ရှိတွေနဲ့ မျိုးနွယ်စု ထောင်ရဲတယ်၊ တော်တော် အတင့်ရဲတာပဲ’
ဟန်ကျွယ်ဟာ ဒီရှေးမိစ္ဆာယင်က နယ်ရုပ်မှန်း သိနေတာကြောင့် ရှေးမိစ္ဆာယင် ဘယ်သူလဲဆိုတာကို အချိန်ကုန်ခံပြီး တွက်ချက်မနေတော့ပါဘူး။ မိုးကောင်းကင် မျိုးနွယ်စုကလည်း ရှေးဟောင်းမျိုးနွယ်စု အသက်ရှင် မရှင်ကို ဆုံးဖြတ်ထားပြီး လောက်ပါပြီ။
ဟန်ကျွယ်က ဂရုမစိုက်ပေမဲ့ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ တခြားအင်အားစုတွေကိုတော့ အထိတ်တလန့် ဖြစ်သွားကြပါတယ်။
ဖူစန်းသစ်ပင်အောက်မှာ တရားထိုင်နေတဲ့ လုံဟောင်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟောင်တျန်ဟာ လုံဟောင်ဘေးမှာ ပေါ်လာပါတယ် “ဟင်း... ဒီရှေးမိစ္ဆာယင်က အနန္တဧကရာဇ်ပဲ၊ သူက အနန္တကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်ဖူးတာ လေးငါးခါ မကတော့ဘူး၊ သူ ဒီလိုမျိုး ပထမဆုံး လုပ်ရဲလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ ကြည့်ရတာ သူ့မှာ ယုံကြည်ချက်အပြည့် ရှိနေပုံပဲ”
ငရဲကြက်နက်က စပ်စုလိုက်ပါတယ် “အဲဒီကောင်က အတော်စွမ်းလို့လား”
ဟောင်တျန်က ခေါင်းညိတ်လိုက်ပါတယ် “စွမ်းတာပေါ့၊ တာအိုပညာရှိအတုလေ”
ငရဲကြက်နက်ဟာ ဆွံအသွားပါတယ်။ တာအိုပညာရှိအတုက သူနဲ့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။
ဖုန်းဆိုးမြေတစ်ခုမှာ တောင်ထိပ်တစ်ခုဟာ အထီးတည်း တည်ရှိနေပါတယ်။ တောင်ထိပ်ပေါ်မှာ ပုဂ္ဂိုလ်တစ်ယောက် မတ်တတ်ရပ်နေပြီး အစိမ်းရောင် သားရေ ချပ်ဝတ်ကို ဝတ်ဆင်ကာ လက်ထဲမှာလည်း လှံရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားပါတယ်။ သူ့ရဲ့ ဆံပင်တွေကတော့ နက်မှောင်ပြီး ရှုပ်ပွနေပါတယ်။
ဒီပုဂ္ဂိုလ်က တခြားမဟုတ်ပါဘူး။ ရှေးမိစ္ဆာယင်ပါ။
ရှေးမိစ္ဆာယင်ဟာ ဖုန်းဆိုးမြေမှာ ကြိတ်ကြိတ်တိုးနေတဲ့ ရှန်တျန်သက်ရှိတွေကိုကြည့်ပြီး ဝမ်းသာအားရ ဖြစ်သွားပါတယ် ‘ဒါ ငါ့အတွက် တာအိုပညာရှိ ဖြစ်လာဖို့ အခွင့်အရေးပဲ’
ရှေးမိစ္ဆာယင်ဟာ ပြုံးလိုက်ပါတယ်။ ရှေးမိစ္ဆာယင်ဟာ သူ့ရဲ့ကိစ္စကြီးအတွက် စိတ်ထဲမှာ အစီအစဉ် ဆွဲထားပြီးပါပြီ။ ရှေးမိစ္ဆာယင်ရဲ့ အစီအစဉ်က ပထမဆုံး ရှန်တျန်သက်ရှိတွေကို အသွင်ပြောင်းလဲနိုင်အောင် ကူညီဖို့ပါ။
ဒီအချိန်မှာပဲ လိပ်ကြီးတစ်ကောင်နဲ့တူတဲ့ ရှန်တျန်သက်ရှိက ရုတ်တရက် ပြောလိုက်ပါတယ် “ငါတို့က ဘာကိစ္စနဲ့ မင်းကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ရမှာလဲ”
ဒီစကားကြောင့် ရှန်တျန်သက်ရှိတွေဟာ မျက်တောင်ခတ်သွားကြပါတယ်။ တချို့ အသိဉာဏ်ရှိနေပြီ ဖြစ်တဲ့ ရှန်တျန်သက်ရှိတွေကတော့ အတွေးများသွားကြပါတယ်။
ရှေးမိစ္ဆာယင်ဟာ အကြံအစည်ဆိုးရှိတဲ့ ရှန်တျန်သက်ရှိတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘ထူးဆန်းတယ်... သူတို့ရဲ့ အသိဉာဏ်က ဘယ်လိုလုပ်ပြီး ခဏလေးနဲ့ ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ’
ရှန်တျန်သက်ရှိတွေ အသိဉာဏ် တိုးလာတာထက် ပိုကြီးမားတဲ့ ပြဿနာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ရည်မှန်းချက် ကြီးတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။