နာမည်ကျော်ခြင်း
Vol. 44 Ch. 485
[ရှေးမိစ္ဆာယင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က အသက်ရှင်နေတုန်းလား၊ ကြည့်ရတာ ဒီကောင်က သူ့ဝိညာဉ်အပိုင်းအစကို တစ်နေရာရာမှာ ဖွက်ထားခဲ့ပုံပဲ’
ဒါပေမဲ့ ရှေးမိစ္ဆာယင် အသက်ရှင်နေတာက ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်ပါဘူး။
ရှေးဟောင်းမျိုးနွယ်စုရဲ့ ရှန်တျန်သက်ရှိ အများစုဟာ အသိဉာဏ် ရှိကြပါတယ်။ သူတို့တွေဟာ အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ကြတဲ့အတွက် ဒီသတင်းကို ဖြန့်ကျက်မှာ ကျိန်းသေပါတယ်။
ကျန်းတုကူး ရောက်လာပြီးကတည်းက တခြားလူတွေဟာ တာအိုစက်ကွင်းကို ထိုးဖောက်ဖို့ ကြိုးစားလာကြပါတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က အေးချမ်းတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သိုသိုသိပ်သိပ် နေချင်တယ်ဆိုပေမဲ့ အခုအချိန်မှာ တခြားသူတွေ ရှာတွေ့သွားမှာကို မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသာ တာအိုစက်ကွင်းထဲမှာ နေနေရင် ဘာမှမဖြစ်နိုင်တာ ကျိန်းသေနေလို့ပါပဲ။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး မျက်လုံးမှိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှေးမိစ္ဆာယင်ကို ကျိန်စာတိုက်ဖို့ အလျင်မလိုပါဘူး။ အခုအချိန်မှာ ရှေးမိစ္ဆာယင်ကို ကျိန်စာတိုက်ရင် ရှေးမိစ္ဆာယင်က သူ့ကို ဘယ်သူ ကျိန်စာတိုက်လဲဆိုတာ အလွယ်လေး ခန့်မှန်းနိုင်မှာပါ။
ဒါကြောင့် ဟန်ကျွယ်ဟာ ရှေးမိစ္ဆာယင်ကို နှစ်သုံးလေးထောင်လောက် ကြာမှ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ဇွေတျန်ဟာ တောင်ကုန်းပေါ်မှာရပ်ပြီး ဘဝင်ခိုက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မြင်ပြီလား၊ ဒါက ငါတို့တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားပဲ၊ မင်းတို့တွေက တပည့်အဆင့်တောင် မရှိသေးဘူး၊ ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံဖို့ လိုတယ်၊ မင်းတို့တွေက လောကကြီးရဲ့ အင်အားအကြီးဆုံးဂိုဏ်းထဲကို ရောက်နေတာ၊ ဒါပေမဲ့ မင်းတို့ရဲ့ ကျင့်ကြံမှုက မလုံလောက်ဘူးဆိုရင် မောင်းထုတ်ခံရပြီးတာနဲ့ ပြန်လာဖို့ အခွင့်အရေး လုံးဝမရှိတော့ဘူး”
တောင်ခြေက အသွင်ပြောင်းပြီး ဖြစ်တဲ့ ရှန်တျန်သက်ရှိတွေဟာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြပါတယ်။
သူတို့တွေဟာ ဟန်ကျွယ် ပေါ်လာတာကို မမြင်ကြပါဘူး။ ရှေးမိစ္ဆာယင် လွှင့်စဉ်ထွက်သွားတာနဲ့ အရိပ်ကြီးတစ်ခုပေါ်လာပြီး ရှေးမိစ္ဆာယင်ရဲ့ ခန္ဓာကိုယ်ကို သွေးမြူဖြစ်အောင် ဖျက်ဆီးလိုက်တာကိုပဲ မြင်လိုက်ကြပါတယ်။
ဒီရှန်တျန်သက်ရှိတွေနဲ့ယှဉ်ရင် တိတ်ဆိတ်ဂိုဏ်းသားတွေနဲ့ ရှကျဲမျိုးနွယ်စုဟာ အတော်ကို တည်ငြိမ်လှပါတယ်။ သူတို့တွေဟာ မဟာတာအိုကိုပဲ လိုချင်တဲ့လူတွေ ဖြစ်ပြီး ရှေးမိစ္ဆာယင်လိုမျိုး လောကထဲဝင်ပြီး အာဏာအတွက် တိုက်ခိုက်မှာ မဟုတ်ပါဘူး။
အဲဒီနောက်ပိုင်း ရှေးမိစ္ဆာယင် သေဆုံးတဲ့သတင်းဟာ တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ အချိန်ကြာလေလေ ဒီသတင်းက ပိုကျယ်ပြန့်လေလေပါပဲ။
အပြင်းအထန် ဒဏ်ရာရထားတဲ့ ရှေးမိစ္ဆာယင်ဟာ အချိန်တိုအတွင်း ခန္ဓာအသစ်ကို မတည်ဆောက်နိုင်ပါဘူး။ နောက်ပြီး ရန်သူတွေကလည်း အများကြီးရှိတဲ့အတွက် ရှေးမိစ္ဆာယင်ဟာ လူရှေ့မထွက်ရဲပါဘူး။ ဒီအကြောင်းတွေကြောင့် ရှေးမိစ္ဆာယင် စုစည်းထားခဲ့တဲ့ ရှေးဟောင်းမျိုးနွယ်စုဟာ တစ်ခဏချင်း အကွဲကွဲအပြားပြား ဖြစ်ကုန်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ နာမည်တွေဟာလည်း အင်မော်တယ်ကမ္ဘာမှာ စပြီးတော့ ကျော်ကြားလာပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက ရှန်တျန်သက်ရှိတွေဟာ အပြင်ဘက်က ရှန်တျန်သက်ရှိတွေနဲ့ ဆက်သွယ်ပြောဆိုတာကြောင့် တိတ်ဆိတ်ဂိုဏ်းနဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆိုတဲ့ နာမည်နှစ်ခုကို အပြင်ဘက်က ရှန်တျန်သက်ရှိတွေ သိသွားကြပါတယ်။ အပြင်ဘက်က ရှန်တျန်သက်ရှိတွေကလည်း အချင်းချင်း သတင်းပေးကြပါတယ်။
ဒီလိုနဲ့ ကံတရား အထောက်အပံ့ ဂိုဏ်းအသီးသီးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ တိတ်ဆိတ်ဂိုဏ်တို့ရဲ့ တည်ရှိမှုကို သိရှိသွားကြပါတယ်။ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းကို မိုးကောင်းကင် မျိုးနွယ်စု စားသောက်ပွဲတော်မှာ မြင်တွေ့ခဲ့ရပေမဲ့ အခုလိုမျိုး ရှေးမိစ္ဆာယင်ကို အသာအယာ သတ်ဖြတ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
အင်မော်တယ်ဧကရာဇ်နှစ်ရာနဲ့ ပြိုင်ဘက်ကင်းတဲ့ တာအိုပညာရှိ။
ကျန်းယီနဲ့ တာအိုအရှင်သခင်လိုမျိုး ပါရမီရှင်တွေ။
ဒီအင်အားက ကိုယ်တိုင်မတွေ့ကြုံရရင် ယုံနိုင်စရာကို မရှိတာပါ။ ဒီထက်ပိုပြီး အရေးကြီးတာက အင်အားစုအသီးသီးဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ နောက်ခံကို မသိကြတာပါ။
၄၃၂ နှစ် ကြာပြီးနောက်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဧည့်သည်တချို့ ရောက်လာပါတယ်။
“ကျုပ်က ကျယ်ကျောင်းတော် ဂိုဏ်းချုပ် ကျင်းတျန်ကုန်းပဲ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို တွေ့ချင်လို့ ဒီနေရာအထိ တကူးတက လာခဲ့တာ၊ ဂိုဏ်းချုပ်နဲ့ တွေ့လို့ရမလား”
တာအိုစက်ကွင်းထဲ ဝင်လာတဲ့ ကျင်းတျန်ကုန်းရဲ့ အသံကြောင့် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ ယုံကြည်သူကိုတော့ သတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထွက်တွေ့ဖို့ကလည်း အဆင်မပြေပါဘူး။
တာအိုဂိုဏ်း ကျောင်းတော်သုံးကျောင်းရဲ့ ဆက်ဆံရေးက ထိလွယ်ရှလွယ်ပါတယ်။ အပြင်ကနေ ကြည့်ရင် ဒီကျောင်းတော်သုံးကျောင်းက စည်းလုံးနေတယ်လို့ ထင်ရပေမဲ့ အတွင်းပိုင်းမှာတော့ အမြဲတမ်း တိုက်ခိုက်နေကြတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျယ်ကျောင်းတော်နဲ့ ဆက်ဆံရေးကောင်း ရှိသွားမယ်ဆိုရင် ကျန်ကျောင်းတော်နှစ်ခုကို ရန်စမိသလို ဖြစ်သွားမှာပါ။
တစ်ချိန်တုန်းက ကောင်းကင်ရုံးတော်ဟာလည်း တာအိုဂိုဏ်းကို ပြန်တည်ထောင်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကျယ်ကျောင်းတော်ဂိုဏ်းချုပ်... ကျုပ်တို့တွေ့ဖို့က အဆင်မပြေဘူး၊ ကျုပ်တို့တိတ်ဆိတ်ဂိုဏ်းက အာဏာအတွက် မတိုက်ခိုင်ချင်တာကြောင့် တခြားအင်အားစုတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ စိတ်ကူးမရှိဘူး၊ ကျုပ်တို့ လိုချင်တာက အေးအေးဆေးဆေး ကျင့်ကြံရုံပဲ”
ဒီစကားကြောင့် ကျင်းတျန်ကုန်းဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ကျင်းတျန်ကုန်းနဲ့ ပါလာတဲ့ နောက်လိုက် တပည့်တွေကတော့ ဟန်ကျွယ်က သူတို့ကို မျက်နှာသာမပေးတဲ့အတွက် ဒေါသထွက်သွားကြပါတယ်။
ဒါပေမဲ့ သူတို့ဟာ ကျင်းတျန်ကုန်း ရှိနေတာကြောင့် မလှုပ်ရှားရဲပါဘူး။
ကျင်းတျန်ကုန်းက အပြုံးနဲ့ မေးလိုက်ပါတယ် “ဒီလိုဆိုရင် တာအိုရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား”
“ဘာမှမဟုတ်တဲ့ ဟန်ကျွယ်ပါ”
“ဟန်ကျွယ်...”
ကျင်းတျန်ကုန်းဟာ မျက်စိကိုကျဉ်းမြောင်းလိုက်ပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။
“ဟင်..”
ကျင်းတျန်ကုန်းဟာ တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပြီး ထူဆန်းစွာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... နောက်ကျလို့ ကျယ်ကျောင်းတော်ကို ဖြတ်သွားရင် ကျုပ်ဆီ ဝင်လည်ဖို့ မမေ့ပါနဲ့၊ ရောင်းရင်းဟန်က နှောင့်ယှက်ခံရတာ မကြိုက်ပေမဲ့ ကျုပ်ကတော့ နှောင့်ယှက်ခံရတာကို အရမ်းကြိုက်တယ်”
အဲဒီနောက် ကျင်းတျန်ကုန်းဟာ ကျယ်ကျောင်းတော် တပည့်တွေနဲ့အတူ ထွက်ခွာသွားပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်လာပါတယ်။ ကျင်းတျန်ကုန်း နှောင့်ယှက်တာကို ခံလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံလိုစိတ်မရှိတော့ပါဘူး။ ဒါကြောင့် စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် အပြင်ထွက်ပြီး လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို မြေအောက်လိုဏ်ဂူထဲက ချီလင်ဥတွေကို တွေးမိသွားပါတယ်။
နှစ်ထောင်ချီ ကြာသွားပေမဲ့ ချီလင်ဥ အများစုက အကောင်မပေါက်သေးပါဘူး။ ဆယ်ကောင်ကျော်လောက်ပဲ အကောင်ပေါက်လာပါသေးတယ်။ တခြားချီလင်ဥတွေကတော့ ဆက်ပြီးတော့ ချီစွမ်းအင်ကို စုပ်ယူနေတုန်းပါ။
မြေအောက်လိုဏ်ဂူကို ရောက်သွားပြီးနောက် ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွား လျူပေ့ဆီ လျှောက်သွားပါတယ်။ လျူပေ့ဟာ မျက်လုံးပွင့်လာပြီး ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်ကာ ခါးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဥမင်ထဲက အိပ်ပျော်နေတဲ့ ချီလင်တစ်ကောင်ကို ကြည့်လိုက်ပါတယ်။ ဒီချီလင်ဟာ ဆင်တစ်ကောင်စာရှိပြီး ကြက်သွေးနီရောင် ကြေးခွံတွေ ရှိပါတယ်။ ဒါ့အပြင် အသက်ရှုလိုက်တိုင်းမှာလည်း သူ့နှာခေါင်းကနေ ပူပြင်းတဲ့ရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။
“ဒီကောင်လေးရဲ့ အရည်အချင်းက မဆိုးဘူး၊ မဟာညီညွတ်မှု အင်မော်တယ်စစ်တောင် ဖြစ်နေပြီ”
ဟန်ကျွယ်ဟာ ကြက်သွေးရောင် ချီလင်ကို ချီးကျူးစကားဆိုပြီးနောက် လိုဏ်ဂူထဲကို ဝှေ့ကြည့်လိုက်တဲ့အခါ တခြားချီလင်တွေကိုလည်း တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဒီချီလင်တွေရဲ့ ကျင့်ကြံမှုက ကြက်သွေးရောင် ချီလင်ထက် အတော်လေး နိမ့်ပါးပါတယ်။
လျူပေ့က ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ သူ့အရည်အချင်းက တကယ်ကို မဆိုးတာ၊ ချီလင်မျိုးနွယ်စုရဲ့ ဘုရင်လို့တောင် ပြောလို့ရတယ်၊ တခြားချီလင်တွေက သူ့ကို အရမ်းကြောက်တယ်၊ ကြည့်ရတာ သူ့မှာ ချီလင်မျိုးနွယ်စုရဲ့ တော်ဝင်သွေးပါပုံပဲ”
“ဒါနဲ့ သူ့နာမည်က ရွှီလင်၊ ကျွန်တော့်ဘာသာ နာမည်ပေးထားတာဆိုတော့ ဂိုဏ်းချုပ်မကြိုက်ရင် နာမည်သစ် ပြောင်းလိုက်လို့ရပါတယ်”
“ရတယ်၊ ပြောင်းစရာ မလိုပါဘူး၊ ဒီကောင်လေး မဟာညီညွတ်မှု ရွှေအင်မော်တယ်ဖြစ်ရင် သူ့ကို ငါ့တာအိုဘုံကျောင်းဆီ လာပို့ချည်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
လျူပေ့ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တကယ်တော့ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ သဘောထားကို စမ်းသပ်လိုက်တာပါ။ အခုဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် လျူပေ့ဟာ ချီလင်မျိုးနွယ်စုကို ထိန်းချုပ်လို့ရသွားပါပြီ။ ချီလင်မျိုးနွယ်စုကို ထိန်းချုပ်နိုင်တာနဲ့ တိတ်ဆိတ်ဂိုဏ်းထဲမှာ လျူပေ့ရဲ့ အဆင့်အတန်းကလည်း တိုးတက်သွားမှာပါ။
ဒါပေမဲ့ လျူပေ့ဟာ ချီလင်မျိုးနွယ်စုရဲ့ တကယ်သခင်က ဟန်ကျွယ်ဆိုတာကိုတော့ မေ့မှာ မဟုတ်ပါဘူး။
အင်မော်တယ်ကမ္ဘာ၊ ပင်လယ်ရပ်ခြား။
အနန္တကပ်ဘေးရဲ့ လက်ကျန်အကုသိုလ်ကံ တချို့ဟာ ပင်လယ်ပေါ်မှာ မြူခိုးနက်လို ပေါလောမျောနေပါတယ်။
ကျွန်းတစ်ကျွန်းပေါ်မှာ ကျင်းတျန်ကုန်းနဲ့ ဟွမ်ဇွမ်တျန်ဟာ တောင်ထိပ်ပေါ်မှာရပ်ပြီး အဝေးတစ်နေရာကို ကြည့်နေကြပါတယ်။
“မင်း ဟန်ကျွယ်ကို သိလား” ကျင်းတျန်ကုန်းက ရုတ်တရက် ကောက်မေးလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ တစ်ခဏတွေးတောပြီး ဖြေလိုက်ပါတယ် “နာမည်က ရင်းနှီးနေသလိုပဲ၊ ကျွန်တော် စဉ်းစားကြည့်အုန်းမယ်... ကျွန်တော် ဟန်ကျွယ်လို့ခေါ်တဲ့ လူဆယ်ယောက်ကျော်ကို တွေ့ဖူးတယ်၊ အဲဒီထဲကမှ ကျွန်တော် အမှတ်မိဆုံးကတော့ အရှေ့နဂါးဒေသက ဟန်ကျွယ်နဲ့ သေမျိုးကမ္ဘာက ဟန်ကျွယ်ပဲ”
“အရှေ့နဂါးဒေသရဲ့ ဟန်ကျွယ်က ဘယ်အင်အားစုထဲကိုမှ မဝင်ထားတဲ့ ကျင့်ကြံသူတစ်ဦး၊ သူ အသက်ရှင်နေသေးလားတော့ ကျွန်တော်လည်း မသိဘူး၊ သေမျိုးကမ္ဘာရဲ့ ဟန်ကျွယ်ကတော့ အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာ၊ ကျွန်တော် သေမျိုးဘဝမှာ ရှိနေတုန်းက သူ့လက်ချက်နဲ့ အတော်လေး ခံစားရဖူးတယ်”
ဟွမ်ဇွမ်ျန်ဟာ အတိတ်က အဖြစ်အပျက်ကို ပြန်တွေးမိပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။
ကျင်းတျန်ကုန်းက မေးလိုက်ပါတယ် “မင်းနဲ့ သေမျိုးကမ္ဘာရဲ့ ဟန်ကျွယ်က ဆက်ဆံရေး ဘယ်လိုရှိလဲ၊ ရန်သူတွေလား”
“ရန်ငြိုးရန်စ ရှိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲဒါတွေက သေမျိုးဘဝမှာ ဖြစ်ပျက်ခဲ့တာလေ၊ အခုက အင်မော်တယ် ဖြစ်နေပြီဆိုတော့ ဒီအဖြစ်အပျက်တွေက ပမွှားလေးတွေ ဖြစ်သွားပြီ”
အဲဒီနောက် ဟွမ်ဇွမ်တျန်က အံအားသင့်တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော်ကို ဘာလို့ ဟန်ကျွယ်အကြောင်း မေးနေရတာလဲ၊ ဂိုဏ်းချုပ် ဟန်ကျွယ်နဲ့ တွေ့ခဲ့လို့လား၊ မဖြစ်နိုင်ဘူး... သူက ဘယ်လိုလုပ်ပြီး ကပ်ဘေးကို ဖြတ်ကျော်နိုင်မှာလဲ”
ကျင်းတျန်ကုန်းဟာ ဟွမ်ဇွမ်တျန်ကို စိုက်ကြည့်ပြီး ပြုံးလိုက်ပါတယ် “ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း မေးကြည့်တာပဲ၊ ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာမှာ ဟန်ကျွယ်လို့ခေါ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပေါ်လာတယ်”
“ဟုတ်လား... ကျွန်တော့်ကို အသေးစိတ် ပြောပြပါလား” ဟွမ်ဇွမ်တျန်ရဲ့ အမူအရာက အသစ်အဆန်းကို တွေ့လိုက်ရတဲ့ ကလေးငယ်လိုပါပဲ။
ကျင်းတျန်ကုန်းဟာ ဟွမ်ဇွမ်တျန်ကို တိတ်ဆိတ်ဂိုဏ်းအကြောင်း ပြောပြလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဟန်ကျွယ်လို့ ခေါ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားဘူး၊ နေပါအုန်း... သူက ကျွန်တော်တို့ သေမျိုးကမ္ဘာရဲ့ ဟန်ကျွယ်လား”
ဟွမ်ဇွမ်တျန်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ပြီးနောက် မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော် တွက်ချက်လို့ မရပါလား၊ စွမ်းအားကြီးပုဂ္ဂိုလ်လို့ မပြောရဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။