ရူးသွပ်သွားသော တာအိုပညာရှိ၊ လူသားမျိုးနွယ်စု
Vol. 44 Ch. 489
‘ဟင်... တာအိုပညာရှိမင်ကျွယ်က တခြားတာအိုပညာရှိတစ်ပါးကို အကူအညီ တောင်းလိုက်တာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ ကျိန်စာတိုက်တာကိုတော့ မရပ်ပါဘူး။ ဟန်ကျွယ်ရဲ့ သက်တမ်းကုန်ဆုံးနှုန်းကလည်း ပိုပိုမြန်လာပါတယ်။
၂၅ ထရီလီယံ။
၃၀ ထရီလီယံ။
၄၀ ထရီလီယံ။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာမတိုက်ချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်တမ်းအများကြီးကုန်ပြီး ဘာမှအကျိုးမရှိလို့ပါပဲ။
ဒီအချိန်မှာပဲ...
[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိမင်ကျွယ်သည် ချီဖောက်လွဲဖောက်ပြန်ဖြစ်ပြီး တာအိုပညာရှိအရူး ဖြစ်သွား၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တစ်ကိုယ်လုံး နေသာထိုင်သာ ရှိသွားပါတယ်။
ဒီရလဒ်က မဆိုးပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်လည်း တာအိုပညာရှိတစ်ပါးကို တစ်ခါတည်းနဲ့ သေအောင် ကျိန်စာတိုက်နိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး။ ဒါပေမဲ့ တာအိုပညာရှိမင်ကျွယ်က တာအိုပညာရှိအရူး ဖြစ်လာတဲ့အတွက် သေဖို့ သိပ်မဝေးတော့ဘူးလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး တပည့်တွေကို တာအိုဟောကြားဖို့အတွက် ထိုင်ရာကနေ ထလိုက်ပါတယ်။
ကောင်းကင်ဘုံ ၁၃ ဘုံမြောက်၊ မိုးကောင်းကင်မျိုးနွယ်စု နန်းတော်။
ဖန်းလျန်က ဂျိရှင်းရှန်ဆီ လာလည်တာပါ။ ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ တည်ကြည်လေးနက်နေပါတယ် “ကောင်းကင်ဘုံ ၃၃ ဘုံမှာ ဝရုန်းသုန်းကား ဖြစ်နေပြီ”
မှင်သက်သွားတဲ့ ဖန်းလျန်ဟာ ချက်ချင်း ပြန်မေးလိုက်ပါတယ် “မင်းစကားက ဘာကြီးတုန်း”
“တာအိုပညာရှိတစ်ပါး ရူးသွားပြီ”
“ဘာ...”
“အမှောင်သခင်ကြီးရဲ့ ကျိန်စာကြောင့် ရူးသွားတာလို့ ပြောတယ်”
ဖန်းလျန်ဟာ ဂျိရှင်းရှန်စကားကြောင့် မျက်လုံးပြူးသွားပါတယ်။ ဖန်းလျန်ဟာ အမှောင်သခင်ကြီးဆိုတဲ့ နာမည်နဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ အမှောင်သခင်ကြီးက အနန္တကပ်ဘေးကို ကျော်ဖြတ်ပြီး တာအိုပညာရှိကိုတောင် ရူးတဲ့အထိ ကျိန်စာတိုက်နိုင်လိမ့်မယ်လို့ ဖန်းလျန် ဘယ်တုန်းက မထင်ထားခဲ့ပါဘူး။
ဒီထက်ပိုပြီး အရေးကြီးတာ အမှောင်သခင်ကြီး အောင်မြင်သွားတာပါ။
ဖန်းလျန်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒီကိစ္စက ငါတို့နဲ့ ဘာဆိုင်လို့လဲ”
“တာအိုပညာရှိတွေ ဝရုန်းသုန်းကား ဖြစ်နေမှာတော့ သူတို့အာရုံလည်း နေရာပြောင်းသွားလိမ့်မယ်၊ မင်း အမှောင်သခင်ကြီးကို ဘယ်လိုထင်လဲ၊ ပြီးခဲ့တဲ့ ကပ်ဘေးတုန်းက ကောင်းကင်ရုံးတော်ကို အမှောင်သခင်ကြီးက ကူညီခဲ့တယ်လို့ ငါ ကြားထားတယ်”
ဖန်းလျန်ဟာ မချိုပြုံးပြုံးလိုက်ပါတယ် “အဲဒါ ကောလဟာလတွေ၊ နောက်ဆုံး ကောင်းကင်ရုံးတော် ဘာဖြစ်သွားလဲဆိုတာ မင်းမသိတာ ကျနေတာပဲ”
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အမှောင်သခင်ကြီး ရုတ်တရက်ပေါ်လာတာကို ဂျိရှင်းရှန်ကို အတော်လေး စိတ်အနှောင့်အယှက် ပေးနေပါတယ်။
အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်ကြည့်ရင် အမှောင်သခင်ကြီးက အစွမ်းအထက်ဆုံးကို ပစ်မှတ်ထားတာ ထင်ရှားပါတယ်။ အခုအချိန် အင်မော်တယ်ကမ္ဘာမှာ အင်အားအကြီးဆုံးက မိုးကောင်းကင်မျိုးနွယ်စု မဟုတ်ပါလား။
“မစိုးရိမ်စမ်းပါနဲ့၊ အမှောင်သခင်ကြီးက ငါတို့ကို ကျိန်စာတိုက်မှာ မဟုတ်ဘူး၊ တကယ်လို့ တိုက်ခဲ့ရင်လည်း တာအိုပညာရှိတွေတောင် ဘာမှမလုပ်နိုင်တာ ငါတို့က ဘာလုပ်နိုင်မှာလဲ၊ သေဖို့ ထိုင်စောင့်နေရမှာပဲ မဟုတ်ဘူးလား” ဖန်းလျန်က လက်နှစ်ဖက်ဖြန့်ပြီး ပြောလိုက်ပါတယ်။
ဖန်းလျန်ဟာ ဒီအတောအတွင်း ကျောချမ်းနေတာပါ။ ဒါကြောင့် တခြားသူတွေနဲ့ တိုက်လည်း မတိုက်သလို ရင်းမြစ်တွေကိုလည်း မလုယူပါဘူး။ အဲဒီအစား အနားယူ အပန်းဖြေပါတယ်။ လက်ရှိမှာ ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်တွေက ဟန်ပြပဲ ရှိတော့တာပါ။
နေရာတကာမှာ တာအိုဟောကြားပြီး ယုံကြည်မှုတွေ လိုက်စုဆောင်းနေတာက မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ်တွေပါ။ သူတို့တွေက တော်တော်လေးကို ရည်မှန်းချက် ကြီးကြပါတယ်။
ဂျိရှင်းရှန်ရဲ့ ဝီရိယကောင်းပုံကိုကြည့်ပြီး ဖန်းလျန်ဟာ အတိတ်ကို ပြန်တွေးမိလိုက်ပါတယ်။ အတိတ်မှာတုန်းက ဖန်းလျန်လည်း ဒီလိုပဲ ဝီရိယကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မသိမသာနဲ့ ကံတရားရဲ့ နှောင်ဖွဲ့ခြင်းကို ခံလိုက်ရပါတယ်။
ဂျိရှင်းရှန်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဒီအကြောင်းတွေ မပြောဘဲနေရအောင်၊ ငါ မင်းကို အရေးကြီးကိစ္စတစ်ခု ပြောစရာရှိတယ်၊ လူသားမျိုးနွယ်စု ပြန်ပေါ်လာပြီ၊ ကောင်းကင်ရုံးတော်က ဒီလူသားမျိုးနွယ်စုကို စည်းရုံးသိမ်းသွင်းသင့်တယ်၊ အနာဂတ်မှာ ငါတို့တွေ လူသားမျိုးနွယ်စုရဲ့ အင်အားကို ငှားသုံးလို့ရတာပေါ့”
ဖန်းလျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “လူသားမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာတာလဲ”
“လီတောက်ခုံးကြောင့်လေ၊ ကပ်ဘေး မပြီးဆုံးခင်မှာ လီတောက်ခုံးက လူသားမျိုးနွယ်စု တချို့ကို ရွှေ့ပြောင်းခဲ့တယ်၊ အခုဆို သူတို့ ပြန်ပေါ်လာတာ နှစ် ၂,၀၀၀ ရှိနေပြီ၊ ဒီအတောအတွင်း လူသားမျိုးနွယ်စုရဲ့ လူဦးရေက တဟုန်ထိုး တိုးတက်လာတယ်၊ ငါတို့တွေ ဒီအတိုင်း ထိုင်ကြည့်နေရင် ရှေးဟောင်းမျိုးနွယ်စုတောင် သူတို့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး၊ အခုလောလောဆယ်မှာ လူသားမျိုးနွယ်စုက ခေါင်းဆောင်မဲ့ပြီး အင်အားနည်းနေသေးတယ်၊ ငါတို့တွေ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး”
“လီတောက်ခုံးကရော...”
“သူလား... သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး လူသားမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်နိုင်မှာလဲ” ဂျိရှင်းရှန်ဟာ ဖန်းလျန်က သတိထားလွန်းနေတယ်လို့ ခံစားလိုက်ရပါတယ်။
ဖန်းလျန်ဟာ သေချာတွေးတော ကြည့်လိုက်ပါတယ်။ ဂျိရှင်းရှန် ပြောတာလည်း မမှားပါဘူး။ လီတောက်ခုံးက အုပ်ချုပ်တာကို စိတ်ဝင်စားတဲ့လူ မဟုတ်ပါဘူး။ လူသားမျိုးနွယ်စုကို ကယ်လိုက်တာကလည်း ရွမ်လိန့်ကျောင်းတော်ရဲ့ အုတ်မြစ်ကို ဆက်ထိန်းထားချင်လို့ ဖြစ်နိုင်ပါတယ်။
“ကောင်းပြီလေ... ငါ ကြိုးစားကြည့်မယ်”
ဖန်းလျန်ဟာ ကတိပေးလိုက်ပေမဲ့ ရင်ထဲမှာ အမျိုးအမည် မခွဲခြားနိုင်တဲ့ လေးလံမှုတစ်ခုကို ခံစားလိုက်ရပါတယ်။
နှစ်တစ်ရာ တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ အကျိုးအမြတ်များစွာ ရရှိသွားကြပါတယ်။ ရှန်တျန်သက်ရှိတွေကလွဲရင် ရှကျဲ့မျိုးနွယ်စုဝင်အားလုံး အန္တိမမူလမဟာတာအိုကို ကျင့်ကြံလာကြပါပြီ။
ဒီမဟာတာအိုက သူတို့ရဲ့ ကျင့်စဉ်တွေထက် အများကြီး ပိုစွမ်းပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ ကျင့်ကြံမှုအလျင်က နဂိုကထက် များစွာ တိုးတက်လာပါတယ်။
ရှန်တျန်သက်ရှိတွေရဲ့ အခြေခံက အားနည်းလွန်းတဲ့အတွက် အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်နိုင်တဲ့ အဆင့်အထိ မရောက်သေးပါဘူး။
ပြောစရာရှိတာဆိုလို့ အင်အားတစ်ခုက အဝေးတစ်နေရာက ဆင့်ခေါ်နေတာကို ဟန်ကျွယ်ဟာ ခံစားမိလိုက်ပါတယ်။
အန္တိမမူလ မဟာတာအို။
‘ငါ ဖန်တီးလိုက်တဲ့ အန္တိမမူလ မဟာတာအိုက တခြားလျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုမှာ ပေါ်လာတာလား’
ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပေမဲ့ အဖြေပြန်မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုကိုယ်တိုင်က စနစ်ရဲ့ လက်ရှိကန့်သတ်ချက်ကို ကျော်လွန်နေလို့ပါပဲ။
‘ဒီအစုတ်ပလုတ်စနစ်ကို မဟာတာအိုကို ဖန်တီးပြီးတာတောင် မဟာတာအိုကို မတွက်ချက်နိုင်ဘူးတဲ့လား’
ဟန်ကျွယ်လည်း ဘာမှမတက်နိုင်တဲ့အတွက် ဒီကိစ္စကို ဘေးဖယ်ထားလိုက်ရပါတယ်။
တာအိုဘုံကျောင်းကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ကို အာရုံစိုက်ပါတယ်။ နှစ်ထောင်ပေါင်းမျာစွာ ကုန်လွန်ခဲ့ပြီ ဖြစ်တဲ့အတွက် ထုန်ကျန့်ကမ္ဘာဟာ အရင်ထုန့်ကျန်ကမ္ဘာနဲ့ လုံးဝ မတူတော့ပါဘူး။ အင်မော်တယ်ဧကရာဇ် ဆယ်ပါးကျော် ထွက်ပေါ်လာပြီး ဒေသအသီးသီးကို အုပ်ချုပ်နေကြပါတယ်။
ထုန်ကျန့်ကမ္ဘာကို လောကဦးချီတွေက ဝန်းရံထားတာကြောင့် အပြင်ပျံထွက်တဲ့ အင်မော်တယ်ဧကရာဇ်မှန်သမျှ ဘာမှမတက်နိုင်ဘဲ ထုန်ကျန့်ကမ္ဘာကို ပြန်သွားရတာချည်းပါပဲ။
ဝတ်ရုံဖြူဗုဒ္ဓကတော့ လုံးဝထိပ်ဆုံးမှာ ရှိနေတုန်းပါပဲ။ အင်မော်တယ်ကမ္ဘာရဲ့ တာအိုပညာရှိလိုမျိုးပေါ့။
ဒါ့အပြင် ထုန်ကျန့်ကမ္ဘာနဲ့ သိပ်မဝေးတဲ့ ကြယ်တစ်လုံးဟာ စတင်အသွင်ပြောင်းလာပါတယ်။ အဲဒီကြယ်မှာ တောတောင်မြစ်ချောင်းတွေနဲ့ လေ မီးတွေ ပေါ်ပေါက်လာပြီး စိတ်ဝိညာဉ်ချီကို စတင်ထုတ်လွှတ်လာပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီကြယ်က သက်ရှိတွေနေထိုင်လို့ရတဲ့ ကြယ်တစ်လုံးဖြစ်လာမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ဟာ သူ့ကြယ်ပင်လယ် တိုးတက်ဖွံ့ဖြိုးလာတာကို ကြည့်ပြီး နှစ်ထောင်းအားရဖြစ်သွားပါတယ်။ တဖြည်းဖြည်းနဲ့ ဟန်ကျွယ်ရဲ့ ကြယ်ပင်လယ်ဟာ ကောင်းကင်တာအိုဖြစ်ဖို့ နီးကပ်လာပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ဘီလူးချီတွေကို ကြည့်လိုက်ပါတယ်။ တာအိုဟောကြားတဲ့ နှစ်တစ်ရာအတွင်းမှာ ဟန်ကျွယ်ဟာ နတ်ဘီလူးချီ ၁၂ လုံးကို ခဲနိုင်ခဲ့ပါတယ်။ နတ်ဘီလူးချီတွေက တိုးတက်ဖွံ့ဖြိုးနေတုန်းဖြစ်ပြီး ဘယ်အချိန်ကျမှ ပဋိပက္ခနတ်ဘီလူး ဖြစ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ တစ်ခုခုလိုနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် တာအိုပညာရှိ ဖြစ်သွားရင် ဒီနတ်ဘီလူးချီတွေကလည်း အပြောင်းလဲကြီး ပြောင်းလဲသွားနိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကြယ်ပင်လယ်ကို ကြည့်တာ ရပ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နတ်ထူးဆန်းဟာ တာအိုဘုံကျောင်းဆီ ပြန်လာပြီး ဟန်ကျွယ်ခန္ဓာကိုယ်ကို ပွတ်သပ်ပြန်ပါတယ်။ နတ်ထူးဆန်းရဲ့ အသိဉာဏ်က ဆက်တိုးမလာပေမဲ့ သူ့စွမ်းအားကတော့ ပုံမှန် တိုးတက်လာပါတယ်။ ကြည့်ရတာ နတ်ထူးဆန်းက ကျင့်ကြံစရာမလိုဘူး ထင်ပါတယ်။
နတ်ထူးဆန်း ဒီလိုဖြစ်ရတာက သူနဲ့ပေါင်းစပ်ထားတာကြောင့် ဖြစ်ရလိမ့်မယ်လို့ ဟန်ကျွယ်က ကောက်ချက်ချလိုက်ပါတယ်။ ဒါကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ နတ်ထူးဆန်းကို တခြားသူတွေ မမြင်ရတဲ့အတွက် အနာဂတ်ကျရင် ဟန်ကျွယ်ရဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်လာမှာပါ။
သိပ်မကြာခင်မှာပဲ တပည့်တစ်ယောက်က ဟန်ကျွယ်ကို တွေ့ခွင့်တောင်းပါတယ်။
“ဝင်လာခဲ့”
တာအိုဘုံကျောင်းရဲ့ တံခါးဟာ ပွင့်သွားပြီး ကျိုးဖန် ဝင်လာပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပါတယ် “ဆရာသခင်... ကျွန်တော့်မှာ တောင်းဆိုစရာ ရှိပါတယ်”
“ဘာတောင်းဆိုချင်တာလဲ”
“လွန်ခဲ့နှစ် ၂,၀၀၀ က လူသားမျိုးနွယ်စု ပြန်ပေါ်လာတာကို ကျွန်တော် ခံစားမိခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမဲ့ ဒီအတောအတွင်း လူသားမျိုးနွယ်စုက ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရလို့ ထင်ပါတယ်၊ ကျွန်တော့်ကို ဆင့်ခေါ်နေတယ်၊ ကျွန်တော် လူသားမျိုးနွယ်စုကို ကူညီချင်တယ်”
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ အင်မော်တယ်ကမ္ဘာမှာ လူသားတွေ ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒီလူသားတွေက နည်းနည်းနောနော မဟုတ်ပါဘူး။ တစ်သန်းကျော်နေပါပြီ။ ဒီလူသားတွေရဲ့ နေရာက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ အတော်ကို ဝေးကွာလွန်းပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တွက်ချက်ကြည့်တဲ့အခါ ရှေးဟောင်းမျိုးနွယ်စုက လူသားမျိုးနွယ်စုကို ဒုက္ခပေးနေတာ တွေ့လိုက်ရပါတယ်။ ရှေးဟောင်းမျိုးနွယ်စုက လူသားတွေကို တိရစ္ဆာန်မွေးသလို မွေးပြီး ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ ကံတရား အထောက်အပံ့ကို ဝါးမြိုချင်နေတာပါ။ လူသားတွေဟာ မျှော်လင့်ချက် ကင်းမဲ့လာတဲ့အတွက် လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး လူသားသွေးစည်းရှိတဲ့ ထိပ်သီးကျင့်ကြံသူတွေကို ဆင့်ခေါ်လိုက်တာပါ။
ဟန်ကျွယ် ကိုယ်တိုင်ကလည်း လူသားတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးမိစ္ဆာယင်ကြောင့် ဟန်ကျွယ်ဟာ ရှေးဟောင်းမျိုးနွယ်စုကို မုန်းတီးပါတယ်။
“သွားလေ...”
ဟန်ကျွယ်ရဲ့ ခွင့်ပြုချက်ကြောင့် ကျိုးဖန်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်ကို အမြန်ကျေးဇူးတင်ပြီး ဟန်ကျွယ် စိတ်မပြောင်းခင် တာအိုဘုံကျောင်းထဲကနေ အလျင်စလို ထွက်ခွာသွားပါတယ်။
ကျိုးဖန် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ကမ္ဘာဖျက်ကြာနက်ထဲ ထည့်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရှေးမိစ္ဆာယင်ကို ကျိန်စာတိုက်ဖို့ ပြင်ဆင်ပါတယ်။
ရန်ငြိုးတွေကို ဖြေရှင်းဖို့ အချိန်ကျပြီ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။