← Chapters

ရှေးဟောင်းမျိုးနွယ်စု သင်းကွဲခြင်း၊ တာအိုပညာရှိများ ဝရုန်းသုန်းကား ဖြစ်ခြင်း

Vol. 44 Ch. 490

ရှေးဟောင်းမျိုးနွယ်စု သင်းကွဲခြင်း၊ တာအိုပညာရှိများ ဝရုန်းသုန်းကား ဖြစ်ခြင်း

Vol. 44 Ch. 490

ဟန်ကျွယ်ဟာ တာအိုပညာရှိကိုတောင် ကျိန်စာတိုက်တာ ဖြစ်တဲ့အတွက် ရှေးမိစ္ဆာယင်လောက်တော့ စာမဖွဲ့ပါဘူး။

ရှေးမိစ္ဆာယင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အပြင်းအထန် ဒဏ်ရာရပြီးကတည်းက ကိုယ့်ကိုကိုယ် ပြန်ကုသနေတာပါ။ ရှေးဟောင်းမျိုးနွယ်စုရဲ့ သက်ရှိတွေက ရှေးမိစ္ဆာယင် သေသွားပြီလို့ ထင်ကြတဲ့အတွက် အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး ဘုရင်မျိုးစုံ ပေါ်လာပါတယ်။ အင်မော်တယ်ကမ္ဘာလည်း ထပ်ပြီးတော့ ဖရိုဖရဲ ဖြစ်လာပါတယ်။

ရှေးမိစ္ဆာယင်ကို ကျိန်စာတိုက်ဖို့ ဟန်ကျွယ်ဟာ သက်တမ်း ၁ ထရီလီယံပဲ သုံးလိုက်ရပါတယ်။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ ရှေးမိစ္ဆာယင်သည် အတွင်းနတ်ဆိုးများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ဓမ္မစွမ်းအား အုံကြွကာ တာအိုအသီး ကွဲကြေ၍ ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုဉ်းသွား၏။]

‘ငါ့ရန်သူတွေထဲမှာ တစ်ခါတည်း သေအောင် ကျိန်စာတိုက်ခံရတာ မင်းက ပထမဆုံးပဲ၊ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်’ ဟန်ကျွယ်ဟာ သိပ်တော့ မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်လို ဆယ်နှစ်တစ်ကြိမ် ကျိန်စာတိုက်တိုင်း အသိပေးချက် ရောက်လာတဲ့ ခံစားချက်တွေကို ပြန်မရတော့လို့ပါပဲ။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ် ပြန်သိမ်းပြီး နတ်ထူးဆန်းကို လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် မျက်စိမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်၊ မဟာအန္တိမခန်းမ။

လီမုယဲ့၊ ဖူရှီ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ တာအိုပညာရှိကျင်းအန်းနဲ့ ဧကရာဇ်ရှောင်တို့ဟာ ခန်းမထဲမှာ ဒူးထောက်နေကြပါတယ်။ သူတို့ရှေ့မှာတော့ ဘိုးဘေးရှီတျန်က မျက်နှာသေနဲ့ ထိုင်နေပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က မော့ကြည့်ပြီး မေးလိုက်ပါတယ် “ဘိုးဘေး... ဒီကိစ္စကို ဘယ်လိုထင်လဲ”

တခြားတာအိုပညာရှိတွေလည်း ဘိုးဘေးရှီတျန်ကို ဝိုင်းကြည့်လိုက်ကြပါတယ်။

ဘိုးဘေးရှီတျန်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ ကောင်းကင်တာအို ကိစ္စတွေမှာ ဝင်မပါဘူးလို့ ပြောပြီးပြီလေ”

“တာအိုပညာရှိမင်ကျွယ်က ရူးသွားပြီ၊ ဒီကိစ္စက ကောင်းကင်တာအိုကိစ္စ မဟုတ်တော့ဘူး” ချုံရှီလိုင်က တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ စကားကို ဖြည့်စွက်ပြောလိုက်ပါတယ်။

တာအိုပညာရှိမင်ကျွယ်က ကောင်းကင်တာအိုပညာရှိတွေထဲမှာ အစွမ်းအထက်ဆုံးပါ။ ဒီလို အစွမ်းအထက်ဆုံး တာအိုပညာရှိက ရူးသွပ်သွားတဲ့အတွက် ကျန်တဲ့တာအိုပညာရှိတွေက ဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ် နေနိုင်တော့မှာလဲ။

ကျန်တဲ့ တာအိုပညာရှိတွေဟာ ကိုယ့်အလှည့် ဘယ်တော့ ရောက်လာမလဲကို တွေးရင်း တုန်လှုပ်ချောက်ချားလာကြပါတယ်။

တာအိုပညာရှိ ကျင်းအန်းကလည်း ဖြည့်စွက်ပြီး ပြောလိုက်ပါသေးတယ် “တာအိုပညာရှိမင်ကျွယ်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်မြောက်ထားတယ်၊ သူသာ အဲဒီဆန်းကြယ်စွမ်းအားကို ထပ်သုံးလိုက်ရင် ကပ်ဘေးပြီးခါစ အားနည်းနေတဲ့ ကောင်းကင်တာအိုကို ပြိုလဲသွားစေနိုင်တယ်၊ ဘိုးဘေးကလည်း ကျွန်တော်တို့ ကောင်းကင်တာအိုကပဲလေ၊ ကောင်းကင်တာအို ပျက်စီးမှာကို ကြည့်ရက်လို့လား”

တခြားတာအိုပညာရှိတွေရဲ့ မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေ အထင်းသား ပေါ်လာပါတယ်။

တာအိုပညာရှိမင်ကျွယ်သာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်ရင် သူတို့ရဲ့မျိုးဆက်တွေ အကုန်လုံး ပွဲသိမ်းသွားမှာပါ။

ကံကောင်းတာတစ်ခုက ရူးသွပ်သွားတဲ့ တာအိုပညာရှိမင်ကျွယ်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ မေ့နေပုံပါပဲ။ ဒါကြောင့်လည်း နေရာတကာ လျှောက်သွားပြီး ပြဿနာရှာနေတာ ဖြစ်နိုင်ပါတယ်။

ဘိုးဘေးရှီတျန်က တစ်လုံးချင်း ပြောလိုက်ပါတယ် “မင်းတို့တွေက တာအိုပညာရှိဆိုပေမဲ့ ကောင်းကင်တာအိုကို အထင်မသေးကြနဲ့၊ ကောင်းကင်တာအိုက မင်းတို့ကို လိုအပ်တယ်ဆိုပေမဲ့ မရှိမဖြစ် လိုအပ်နေတာ မဟုတ်ဘူး၊ တာအိုပညာရှိမင်ကျွယ် ဒီလိုဖြစ်ရတာကလည်း သူ လုပ်ခဲ့တာတွေကြောင့်ပဲ၊ သူ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို အသုံးပြုရင်တောင် ငါ ဝင်မပါဘူး”

“ကောင်းကင်တာအိုနဲ့ ငါကြားက ကံတရား ဆက်စပ်မှုကို ငါ ပေးဆပ်ပြီးတာ ကြာပြီ၊ ဒီရှည်ကြာတဲ့နှစ်တွေမှာ ငါ မင်းတို့ကို သင်ပေးခဲ့တဲ့ တာအိုသင်ခန်းစာတွေကို မင်းတို့တွေ မေ့သွားကြပြီလား”

ဘိုးဘေးရှိတျန်ရဲ့ စကားကြောင့် တာအိုပညာရှိတွေရဲ့ မျက်နှာဟာ ဘီလူးမ သံပရာသီး ကိုက်ထားသလို ရှုံ့တွသွားပြီး ဘာပြောရမှန်းမသိ ဖြစ်ကုန်ပါတယ်။

ဘိုးဘေးရှီတျန်ဟာ အဓိပ္ပာယ်ပါပါ ထပ်ပြောလိုက်ပါတယ် “မင်းတို့တွေက တာအိုဘိုးဘေးရဲ့ ထိန်းချုပ်မှုကနေ အမြဲတမ်း လွတ်မြောက်ချင်ကြတယ်၊ ဒါပေမဲ့ ပြဿနာလည်းတွေ့ရော စွမ်းအားကြီးတဲ့ လူတွေဆီကနေ အကူအညီ အမြဲတမ်းတောင်းတယ်၊ တာအိုဘိုးဘေးက အတိတ်မှာ ကိုယ့်အားကိုယ်ကိုးခဲ့တယ်ဆိုတာ မင်းတို့ သိလား”

တာအိုပညာရှိတွေဟာ ရှက်ရွံ့သွားပြီး ထပ်မမေးရဲတော့ပါဘူး။

အတန်ကြာတဲ့အခါမှာတော့ တာအိုပညာရှိတွေဟာ မဟာအန္တိမခန်းမကနေထွက်ပြီး တခြားနေရာမှာ စုဝေးကြပါတယ်။ ဒီနေရာက လီမုယဲ့ရဲ့ တာအိုစက်ကွင်းပါ။

ဂိုဏ်းချုပ်တျန်ကျွယ်က ပြောလိုက်ပါတယ် “ဘိုးဘေးရှီတျန်က မကူညီချင်ဘူးဆိုတော့ ငါတို့တွေ ကိုယ့်အားကိုယ်ကိုး ရလိမ့်မယ်”

ဖူရှီဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုပညာရှိ မင်ကျွယ်ထက်စာရင် အမှောင်သခင်ကြီးက ဘယ်သူလဲဆိုတာကို ငါတို့တွေ အရင်ဆုံး ရှာဖွေသင့်တယ်၊ မဟုတ်ရင် သူ့လက်ချက်နဲ့ နောက်ထပ် တာအိုပညာရှိတစ်ပါး ရူးသွားလိမ့်မယ်”

တာအိုပညာရှိတွေ အကုန်လုံး မျက်မှောင်ကြုတ်သွားပါတယ်။

ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “တာအိုပညာရှိမင်ကျွယ် ကျိန်စာတိုက်ခံရတုန်းက ငါ သူ့ဘေးနားမှာ ရှိတယ်၊ အဲဒါကြောင့် တာအိုပညာရှိမင်ကျွယ်က အမှောင်သခင်ကြီး မဟုတ်ဘူဆိုတာကို ငါ သက်သေခံနိုင်တယ်”

ဧကရာဇ်ရှောင်ဟာ တခြားတာအိုပညာရှိတွေကို အကဲခတ်လိုက်ပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က သရော်သံနဲ့ ပြောလိုက်ပါတယ် “အဲဒါဆိုရင် မင်းက သံသယဝင်ဖို့ အကောင်းဆုံး မဟုတ်ဘူးလား”

ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် ဧကရာဇ်ရှောင်နဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ တစ်ယောက်ကို တစ်ယောက် စကားနာ ထိုးပါတော့တယ်။

လီမုယဲ့ဟာ သူတို့နှစ်ယောက်ကိုကြည်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ လီမုယဲ့ဟာ တာအိုပညာရှိတွေက သူတို့ရဲ့လိုအင်ဆန္ဒတွေအတွက် စကားများနေတာကို ကြည့်ပြီး ဒီနေရာကနေ ထထွက်သွားချင်စိတ်တောင် ပေါက်ကသွားပါတယ်။

လီမုယဲ့က ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို စွန့်ပစ်ပြီး ကိုယ်ပိုင် ကောင်းကင်တာအို လောကငယ်လေး ဖန်တီးခဲ့တာကလည်း ဒီကြောင်းတွေကြောင့်ပါ။

အဲဒီနောက် တာအိုပညာရှိတွေဟာ တစ်ယောက်ကို တစ်ယောက် သံသယဝင်ကြပါတော့တယ်။

ချုံရှီလိုင်ကတော့ သံသယဝင်စရာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိမင်ကျွယ် ရူးသွားရင် တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးနိုင်တဲ့လူက သူတစ်ယောက်တည်း ရှိတာမို့လို့ပါ။

ဒီကိစ္စက ချုံရှီလိုင်က အတော်လေး စိတ်ဒုက္ခပေးပါတယ်။ ချုံရှီလိုင် ကိုယ်တိုင်လည်း အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ခံနေရတာ မဟုတ်ပါလား။

အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ရှေးမိစ္ဆာယင် သေဆုံးတဲ့အချိန်က စရေတွက်ရင် နှစ် ၅၀ ရှိပါပြီ။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် တာအိုပညာရှိအတု၏ နတ်လက်မောင်းကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်၏ ဝိညာဉ်သည် လောကဦးခေတ်သို့ ရွှေ့ပြောင်း ရောက်ရှိသွား၏။]

[သင့်တပည့် ကျိုးဖန်သည် ရှေးဟောင်းမျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၀၂၂၃

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေ ကျန်းတုကူး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ကျန်းတုကူးသည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် ချိပ်ပိတ်စည်းအား ဖောက်ထွက်ပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာ၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် မှော်မျိုးနွယ်စုအား ပြန်ဖန်တီးလိုက်သည်။]

[သင့်မိတ်ဆွေ နွီဝါသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုအကြောင်း ဆွေးနွေးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

စာစောင်တွေက တဖန် ပြန်စည်ကားလာပါပြီ။ ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ ဝိညာဉ်က လောကဦးခေတ်ဆီ ရွှေ့ပြောင်းရောက်ရှိတာကို မြင်ရလို့ မအံဩတော့ပါဘူး။ သူ့ကို လာမထိရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်တာကတော့ ဧကရီဟုတ်ထိုက မှော်မျိုးနွယ်စုကို ပြန်ဖန်တီးလိုက်တဲ့ ကိစ္စပါ။ ဒီကိစ္စကို ထောက်ဆခြင်းအားဖြင့် ဧကရီဟုတ်ထိုရဲ့ ရည်မှန်းချက်က မသေးဘူးဆိုတာကို သိနိုင်ပါတယ်။ ကြည့်ရတာ ရှကျဲ့မျိုးနွယ်စုက ဧကရီဟုတ်ထိုကို စိတ်ခွန်အားပေးလိုက်ပုံပါပဲ။

ဟန်ကျွယ်ဟာ ဒီကိစ္စကို ကောင်းတဲ့ကိစ္စလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး ဧကရီဟုတ်ထိုက ရှကျဲ့မျိုးနွယ်စုကို ထပ်ပြီးတော့ ဂရုစိုက်မှာ မဟုတ်တော့လို့ပါပဲ။ တစ်ခဏတွေးတောပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုခေါင်းဆောင် ဟန်ယိုကို ခေါ်လိုက်ပါတယ်။

မကြာခင်မှာပဲ ဟန်ယိုရောက်လာပြိး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပထမဆုံး ရှကျဲ့မျိုးနွယ်စုရဲ့ အခြေအနေကို မေးလိုက်ပါတယ်။ အဲဒီနောက် ဟန်ယို စိတ်ပြေလက်ပျောက် ဖြစ်လာတော့မှ ဟန်ကျွယ်ဟာ သူမေးချင်တာကို စမေးပါတယ် “မင်း ရှကျဲ့မျိုးနွယ်စုကို ဖန်တီးတဲ့ ဧကရီဟုတ်ထိုကို မှတ်မိသေးလား”

ဟန်ယိုဟာ မှင်သက်သွားပါတယ် “ကျွန်တော် မှတ်မိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှတ်ဉာဏ်တွေက သိပ်မသဲကွဲတော့ဘူး”

ဧကရီဟုတ်ထိုက ရှကျဲ့မျိုးနွယ်စုကို ဖန်တီးပြီး မကြာခင်မှာပဲ ဟန်ကျွယ် လက်ထဲ အပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အချိန်ကြာလာတာနဲ့အမျှ ဟန်ယိုက ဧကရီဟုတ်ထိုကို မေ့လာတာပါ။

“ငါ ရှကျဲ့မျိုးနွယ်စုကို ဧကရီဟုတ်ထိုဆီ ပြန်ပေးလိုက်ရင် ကောင်းမလား” ဟန်ကျွယ် ခပ်တည်တည်နဲ့ မေးလိုက်ပါတယ်။

ဟန်ယိုရဲ့ မျက်နှာသာ လူမမာလို သွေးဆုတ်သွားပါတယ် “ဂိုဏ်းချုပ်... ကျွန်တော်တို့တွေ ဘာအမှား လုပ်မိလို့ပါလဲ”

ဟန်ယိုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ လုံးဝ ထွက်မသွားချင်ပါဘူး။ တိတိကျကျ ပြောရရင်တော့ ဟန်ကျွယ် ဘေးနားကနေ မခွာချင်တာပါ။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကို သူ့အိမ်လို့ သဘောထားခဲ့တာ ကြာပါပြီ။ ဒါကလည်း ဟန်ယိုတစ်ယောက်တည်း မဟုတ်ပါဘူး။ ရှကျဲ့မျိုးနွယ်စု အကုန်လုံးက တာအိုစက်ကွင်းကို သူတို့အိမ်လို့ သဘောထားကြတာပါ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါက ဒီအတိုင်းပဲ မေးလိုက်တာပါ၊ ငါလည်း မင်းတို့ ထွက်သွားတာကို မမြင်ချင်ပါဘူး”

ဟန်ယိုဟာ ချက်ချင်း နားလည်သွားပါတယ် “ရှကျဲ့မျိုးနွယ်စုကိုယ်စား ကျွန်တော်က ကတိပေးပါတယ်၊ ကျွန်တော်တို့တွေ ဂိုဏ်းချုပ်ဆီမှာ ထာဝရ အမှုထမ်းမှာပဲ၊ ကျွန်တော်တို့ဆီမှာ တခြားဘာအကြံအစည်မှ မရှိပါဘူး”

ဟန်ကျွယ်ဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ယိုရဲ့ ဟန်ကျွယ်ပေါ်ထားရှိတဲ့ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့် ဖြစ်နေပါပြီ။

အဲဒီနောက် ဟန်ကျွယ်နဲ့ ဟန်ယိုဟာ အတန်ကြာအောင် စကားပြောဆိုကြပါတယ်။ ဟန်ယိုထွက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို ခေါ်လိုက်ပါတယ်။

ဟန်ဇွေတျန် အသွင်ပြောင်းပြီးကတည်းက ပထမဦးဆုံးအကြိမ် ဟန်ကျွယ်ကို တစ်ယောက်တည်း ရင်ဆိုင်ရတာပါ။ ဒါကြောင့် ဟန်ဇွေတျန်ဟာ ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာရှိဲ့ ရှန်တျန်သက်ရှိတွေ ဘယ်လိုနေလဲ၊ မင်း ထပ်လိုချင်သေးလား”

ဇုထူလက်ဝါး ဖျက်ဆီးခံရပြီးနောက်မှာ ရှန်တျန်သက်ရှိတွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးမှာ ထပ်ပြီးတော့ စုစည်းလာကြပါတယ်။

ဟန်ဇွေတျန်ဟာ အံအားသင့်သွားပါတယ် “များလေ ကောင်းလေပါပဲ၊ သူတို့တွေ ပိုပိုများလေ ကျွန်တော်တို့တွေ အေးအေးချမ်းချမ်း ကျင့်ကြံနိုင်လေလေပဲ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ဝေယျာဝေစ္စကိစ္စတွေကို ရှန်တျန်သက်ရှိတွေလက်ထဲ အပ်ထားလို့ရတယ်၊ နောင်တစ်ချိန်ကျလို့ တိတ်ဆိတ်ဂိုဏ်း လောကမှာပေါ်လာရင် ဒီသက်ရှိတွေက ဂိုဏ်းအကြီးအကဲတွေကို ကူညီနိုင်တာပေါ့”

“ကောင်းပြီလေ၊ ငါ ရှန်တျန်သက်ရှိ အချို့ကို ရွှေ့ပြောင်းပေးမယ်၊ ရှန်တျန်သက်ရှိတွေကိုပဲ စည်းရုံးမနေနဲ့၊ မင်းကျင့်ကြံမှုကိုလည်း ဂရုစိုက်အုန်း၊ မဟုတ်ရင် သူတို့တွေက မင်းကို ကျော်တက်သွားလိမ့်မယ်”

ဟန်ဇွေတျန်ဟာ သူ့ကျင့်ကြံမှုကို မနှောင့်နှေးစေရပါဘူးလိူ့ ချက်ချင်းပဲ ကတိပေးလိုက်ပါတယ်။

ဟန်ဇွေတျန် ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ စတွေးလိုက်ပါတယ် ‘ငါ ဒီရှန်တျန်သက်ရှိတွေကို လက်ခံချင်ရင် သူတို့ကို နာမည်တော့ ပေးသင့်တယ်... တိတ်ဆိတ်ဂိုဏ်း စစ်သား.... ဒါမှမဟုတ် အမည်ခံ တပည့်ဆိုရင်ရော...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters