ကျိုးဖန်နှင့် လူသားမျိုးနွယ်စု ပါလာခြင်း
Vol. 45 Ch. 491
သုံးလေးရက် တွေးတောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
“အခုချိန်ကစပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကလွဲရင် ကျန်တဲ့ ရှန်တျန်သက်ရှိအားလုံးက အမည်ခံတပည့်ပဲ၊ အနာဂတ်မှာ သူတို့တွေက တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာနိုင်တယ်၊ ရှကျဲ့မျိုးနွယ်စုကတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ ရှကျဲ့ဘဝဂ်ပဲ၊ သူတို့တွေက တိတ်ဆိတ်ဂိုဏ်းရဲ့ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတွေ ဖြစ်လာရမယ်၊ ရှကျဲ့မျိုးနွယ်စုဝင် အားလုံးက တိတ်ဆိတ်ဂိုဏ်း တပည့်တွေနဲ့ အဆင့်အတန်း တူတူပဲ၊ ရှကျဲ့မျိုးနွယ်စု ခေါင်းဆောင် ဟန်ယိုကတော့ ဒုတိယမျိုးဆက် တပည့်နဲ့ အဆင့်အတန်း တူတယ်”
ဟန်ကျွယ်ရဲ့ အသံဟာ တာအိုစက်ကွင်းထဲမှာ ပဲ့တင်ထပ်သွားပြီး ကြားရတဲ့ သက်ရှိအားလုံးက အလွန်တရာမှ စိတ်လှုပ်ရှားသွားစေပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တွေက ရွှင်ချန်အန်း၊ ထူလင်းအား၊ လုံဟောင်နဲ့ တခြားသူတွေ ဖြစ်ကြပါတယ်။ ပထမမျိုးဆက်ကတော့ တပည့်တွေအတွက် မဟုတ်ပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်ပါ။
အချိန်တစ်ခုအထိ တိတ်ဆိတ်ဂိုဏ်းဟာ ပြန်ပြီးတော့ စည်ကားသက်ဝင်လာပါတယ်။ မရေရာ မသဲကွဲခဲ့တဲ့ ရာထူးအဆင့်အတန်းတွေက အခုတော့ အတည်ဖြစ်လာခဲ့ပါပြီ။
ရှန်တျန်သက်ရှိတွေပဲ စိတ်လှုပ်ရှားတာ မဟုတ်ပါဘူး။ ရှကျဲ့မျိုးနွယ်စုလည်း အလွန်တရာမှ စိတ်လှုပ်ရှားနေကြပါတယ်။ အရင်တုန်းက သူတို့တွေမှာ ဘာအဆင့်အတန်းမှ မရှိတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေကို တွေ့တိုင်း ကိုယ့်ကိုကိုယ် နှိမ့်ချပြီး ဆက်ဆံခဲ့ရပါတယ်။
ဒါပေမဲ့ အခုတော့ ဟန်ယိုက ဟန်ကျွယ်ရဲ့ တပည့်နဲ့ ညီမျှတဲ့ အဆင့်အတန်းရှိသွားတဲ့အတွက် ဟန်ကျွယ်ရှေ့မှာ စကားပြောလို့ဆိုလို့ ရသွားပါပြီ။ ဒါ့အပြင် ရှကျဲ့မျိုးနွယ်စု တစ်ခုလုံးကလည်း တိတ်ဆိတ်ဂိုဏ်းသားတွေနဲ့ အဆင့်အတန်း တူသွားပါပြီ။
အပြင်ဘက် ပျော်ရွှင်သံတွေကိုကြားပြီး ဟန်ကျွယ်လည်း ပျော်ရွှင်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်နေတဲ့အတွက် အရာတော်တော်များများကို လျစ်လျူရှုမိခဲ့ပါတယ်။ တစ်ခါတစ်လေမှာ ဟန်ကျွယ်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကို လူအများကြီးကို ပြောင်းလဲစေနိုင်ပါတယ်။
ရုတ်တရက် ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို တွေးမိသွားပါတယ် ‘ငါ ဟန်ဇွေတျန်ကို ဂိုဏ်းအတွင်းရေးတွေ စီစဉ်ခိုင်းရင် ကောင်းမလား၊ မုရုံချီကလည်း စီစဉ်နေတယ်ဆိုပေမဲ့ သူတစ်ယောက်တည်း ဒီလောက် အလုပ်အများကြီး နိုင်မယ် မထင်ဘူး’
‘ဟုတ်ပြီ... အဆင့်တစ်ခုမှာ ကြန့်ကြာနေတဲ့လူတွေကို ဂိုဏ်းအတွင်းရေး စီစဉ်ခိုင်းရမယ်’ ဟန်ကျွယ်ရဲ အတွေးတွေဟာ ရှင်းလင်းပြတ်သားလာပါတယ်။
တိတ်ဆိတ်ဂိုဏ်း ကြီးထွားလာတာနဲ့အမျှ တပည့်တွေ ပိုပိုများလာမှာဖြစ်တဲ့အတွက် အရှုပ်အရှင်းတွေ ပြဿနာတွေကလည်း အလိုလိုပေါ်လာမှာပါ။ ဒါကြောင့် တစ်စုံတစ်ယောက်က စောင်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ တပည့်တွေက အမည်ခံတပည့်တွေကို တပည့်အဖြစ် လက်ခံလိုက်ရင် ဒီဂိုဏ်းအတွင်းရင်းကလည်း ပေါ့ပါးသွားမှာပါ။ ဒါပေမဲ့ ဒီကိစ္စက လောလောဆယ်တော့ ဖြစ်လာအုန်းမှာ မဟုတ်သေးပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် တကယ်ဂရုစိုက်တာက တာအိုကို ရရှိဖို့ပါ။
နှစ်သုံးရာ ကြာတဲ့အခါမှာတော့ ကျိုးဖန် ပြန်လာပါတယ်။ ဒါပေမဲ့ ကျိုးဖန်တစ်ယောက်တည်း မဟုတ်ပါဘူဂ။ လူသားမျိုးနွယ်စု ထောင်သောင်းချီ ပါလာပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ တာအိုစက်ကွင်း အရံအတားရှေ့ကို ရောက်တဲ့အခါမှာတော့ ကျိုးဖန်ဟာ အားကောင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်လိုက်တဲ့အတွက် ရှန်တျန်သက်ရှိတွေ အနားမကပ်ရဲတော့ပါဘူး။
“ဆရာသခင်... ကျွန်တော် ပြန်လာပြီ” ကျိုးဖန်က အော်ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျိုးဖန်နဲ့ပါလာတဲ့ လူသားတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီလူသားတွေကို တာအိုစက်ကွင်းထဲ ဆွဲမထည့်ပါဘူး။ ကျိုးဖန် ခေါ်လာတာက လူနည်းနည်းလေးဆိုရင် ကိစ္စမရှိပေမဲ့ ဒီလောက်အများကြီးကို တာအိုစက်ကွင်းထဲသာ ဆွဲထည့်လိုက်ရင် ကံတရားဆက်စပ်မှုက အတော်ကို ကြီးထွားသွားမှာပါ။
ဒါ့အပြင် လူများရင် အရှုပ်အရှင်းတွေ ပိုပေါ်လာမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ဒီလူသားတွေကို လက်ခံလိုက်တာနဲ့ အနာဂတ်မှာ မပြီးဆုံးနိုင်တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ဖြေရှင်းရမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ရဲ့အသံဟာ ကျိုးဖန်ဆီ ရောက်သွားပါတယ် “ဘာဖြစ်လို့ ဒီလောက် လူအများကြီး ခေါ်လာတာလဲ”
ကျိုးဖန်က ပြန်ဖြေလိုက်ပါတယ် “ဆရာသခင်... မစိုးရိမ်ပါနဲ့၊ ကျွန်တော် သူတို့ကို တိတ်ဆိတ်ဂိုဏ်းထဲ ခေါ်လာဖို့ စိတ်ကူးမရှိပါဘူး၊ ကျွန်တော် သူတို့ကို နှစ်ရာချီ သင်ကြားပေးပြီးပြီ၊ သူတို့ကို ဒီမှာ ခဏနေခိုင်းပြီး သူတို့မှာ လုံလောက်တဲ့အစွမ်းရှိတာနဲ့ ဒီနေရာကနေ ထွက်သွားခိုင်းမှာပါ”
ဟန်ကျွယ်ရဲ့ မျက်မှောင်ဟာ ပြေလျော့သွားပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ကျိုးဖန်က သူတော်စင် မဟုတ်တာ ထင်ရှားပါတယ်။ ဒါကလည်း ကျိုးဖန်ကို အပြစ်ပြောလို့ မရပါဘူး။ ကျိုးဖန်ကိုယ်တိုင်က ကံကောင်းတဲ့ ဇာတ်လိုက်မဟုတ်ဘဲ အမုန်းတရားတွေကို ထမ်းဆောင်ထားရတဲ့ ဇာတ်လိုက်တစ်ယောက် ဖြစ်နေတာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျိုးဖန်ကို အထဲရွှေ့လိုက်ပါတယ်။
ကျိုးဖန်ဟာ တာအိုဘုံကျောင်းဆီ အလျင်စလို ရောက်လာပြီး ဒီနှစ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ သူ့အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြပါတယ်။
လူသားမျိုးနွယ်က အခက်အခဲ တော်တော်များများကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ သူတို့အင်အားက ရှန်တျန်သက်ရှိတွေ သားရဲကြမ်းတွေထက် နိမ့်ကျနေပါတယ်။ ရှင်းအောင်ပြောရရင် လက်ရှိ အင်မော်တယ်ကမ္ဘာမှာ လူသားမျိုးနွယ်စုက အားအနည်းဆုံး အင်အားစုပါ။ ကျိုးဖန်လည်း ဒီလူသားမျိုးနွယ်စုကို ကာကွယ်ဖို့အတွက် အကြိမ်များစွာ ဒဏ်ရာရခဲ့ပါတယ်။
ကျိုးဖန်က ပြောလိုက်ပါတယ် “ရှေးဟောင်းမျိုးနွယ်စုက သူတို့ကိုယ်သူတို့ အရမ်းစွမ်းအားကြီးတယ်လို့ ခံယူထားတယ်၊ ဒါပေမဲ့ ညီညွတ်မှုမရှိတော့ အရင်နတ်ဆိုးတွေလိုမျိုး ဘုရင်မျိုးစုံ ပေါ်လာတယ်”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “သူတို့က ဘယ်သူက ဂရုစိုက်မှာလဲ၊ ကျင့်ကြံမှုကို ပြန်အာရုံစိုက်၊ ငါ မင်းကို လူသားတပည့်တချို့လက်ခံဖို့ ခွင့်ပြုတယ်၊ ဒါပေမဲ့ လူသားမျိုးနွယ်စုတစ်စုလုံးတော့ မရဘူး”
“သူတို့တွေက အခုအချိန်မှာ အရမ်းရိုးရှင်းပြီး ညီညွတ်နေတယ်ဆိုပေမဲ့ သူတို့ရဲ့ ကျင့်ကြံမှုတွေ မြင့်မားလာပြီး လူဦးရေကလည်း တိုးလာမယ်ဆိုရင် အကုန်လုံး ပြောင်းလဲသွားနိုင်တယ်၊ အဲဒီအချိန်ကျရင် ငါက လုပ်စရာရှိတာကို လုပ်မှာပဲ၊ မင်းစိတ်ကို ကြိုတင်ပြင်ဆင်ထားပါ”
ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ကျိုးဖန် ခံစားခဲ့ရတဲ့ ဒုက္ခအများစုက လူသားတွေဆီကနေ လာတာပါ။
ကျိုးဖန်ဟာ တာအိုဘုံကျောင်းထဲကနေ မထွက်ခွာခင် ဟန်ကျွယ်နဲ့ အတန်ကြာ စကားပြောဖြစ်ခဲ့ပါသေးတယ်။
အဲဒီနေ့မှာပဲ လူသားမျိုးနွယ်စုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဘေးမှာ အခြေချပါတယ်။ ရှန်တျန်သက်ရှိတွေဟာ ကျိုးဖန်ရဲ့ သတိပေးချက်ကြောင့် လူသားတွေကို ပြဿနာမရှာရဲပါဘူး။
လူသားတွေ ပေါ်လာတာက တိတ်ဆိတ်ဂိုဏ်းကို ဘာသက်ရောက်မှုမှ မဖြစ်စေပါဘူး။
ကျိုးဖန်ရဲ့ အတွေ့အကြုံတွေကနေ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ သူတို့ချည်းပဲ ကျားကုတ်ကျားခဲ ကျင့်ကြံနေတာ မဟုတ်ဘူးဆိုတာကို သိလိုက်ရပါတယ်။ ကျိုးဖန် လူသားမျိုးနွယ်စုကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ခေါ်လာတဲ့ လမ်းတစ်လျှောက်မှာ ကျင့်ကြံခြင်းလိုဏ်ဂူများစွာ တွေ့ခဲ့ရပြီး တချို့အားကောင်းတဲ့ ရောင်ဝါတွေက ကျိုးဖန်ကိုတောင် ကျောချမ်းစေပါတယ်။
အနန္တကပ်ဘေးအပြီးမှာ သက်ရှိတွေရဲ့ ၉၀ ရာခိုင်နှုန်းက သေဆုံးသွားပါတယ်။ ဒါပေမဲ့ ကျန်နေခဲ့တဲ့ ၁၀ ရာခိုင်နှုန်းက သာမန်လူတွေ မဟုတ်ပါဘူး။ အများစုက အနန္တဧကရာဇ်တွေ ဖြစ်ပြီး ပြိုင်ဆိုင်တဲ့ ဖိအားတွေ မရှိတာကြောင့် ကြိုးကြိုးစားစား ကျင့်ကြံကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံမှုတွေက ပုံမှန်တိုးတက်နေတယ်လို့ ပြောလို့ရပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာလည်း နောက်ကောက် မကျန်ချင်တဲ့အတွက် အားထပ်စိုက်ပြီး ကျင့်ကြံအားထုတ်ကြပါတယ်။
ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေတဲ့အတွက် နှစ်တစ်ထောင်က မနေ့တစ်နေ့ကလိုပဲ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မတ်တတ်ရပ်ကာ အကြောဆန့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါ လူသားမျိုးနွယ်စုရဲ့ လူဦးရေ ဆယ်သန်းကျော်နေတာကို တွေ့လိုက်ရပါတယ်။
နှစ်တစ်ထောင်တည်းဆိုပေမဲ့ ဘာအန္တရာယ်မှ မရှိတဲ့အတွက် လူသားမျိုးနွယ်စုရဲ့ လူဦးရေက အခုလို အများအပြား တိုးတက်လာတာပါ။ ဒါတင် မကေသေးပါဘူး။ လူသားတွေက မြို့တစ်မြို့ကိုလည်း တည်ဆောက်ထားပါသေးတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်တွေက ထွက်သွားဖို့ အစီအစဉ် မရှိဘူးလား’
လူသားတွေဟာ သူတို့မြို့ကို သာမန်ကာလျှံကာ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ စနစ်တကျ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် အားအတော်လေးစိုက်ထုတ်ရမှာ ကျိန်းသေပါတယ်။ နောက်ပြီး လူသားမျိုးနွယ်စုရဲ့ အတွင်းရေးဟာလည်း စနစ်တကျ ဖြစ်သွားပါပြီ။ ဒါ့အပြင် မြိုထဲက လမ်းတွေပေါ်မှာလည်း ဈေးဆိုင်တွေ ပေါ်လာပါတယ်။
ကြည့်ရတာ လူသားမျိုးနွယ်စုထဲက တချို့ဟာ ကပ်ဘေးမတိုင်ခင်တုန်းက မှတ်ဉာဏ်တွေ ရှိနေပုံပါပဲ။ မဟုတ်ရင် ဒီလိုမျိုး စနစ်ကျတဲ့ မြို့တစ်မြို့ကို ကောင်းကင်တာအို ကနဦး ကာလမှာ တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်ရဲ့ မျက်မှောင်ဟာ ခပ်မြန်မြန်ပဲ ပြေလျော့သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဒီလူသားမျိုးနွယ်စုကို ဂရုမစိုက်ပါဘူး။ တာအိုစက်ကွင်း အရံအတားကို ဟန်ကျွယ် မပိတ်သိမ်းသမျှ ကာလပတ်လုံး ဒီလူသားတွေ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲကို ဝင်လာနိုင်မှာ မဟုတ်ပါဘူး။
“ဝုန်း...”
မြေကြီးဟာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ကြောက်မက်ဖွယ်ရောင်ဝါတစ်ခုဟာ အဝေးတစ်နေရာကနေ ထွက်ပေါ်လာပါတယ်။ ဒီရောင်ဝါက ရှေးမိစ္ဆာယင်ထက်တောင် ပိုအားကောင်းပါသေးတယ်။
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ဒီရောင်ဝါက အင်မော်တယ်ကမ္ဘာရဲ့ တခြားတစ်ဖက်မှာဖြစ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ အလွန်တရာ အလှမ်းဝေးတာကို သိလိုက်ပါတယ် ‘အရည်အချင်းရှိသူတွေက မျိုးဆက်တိုင်းမှာ ပေါ်လာစမြဲပါလား’
ဒီပုဂ္ဂိုလ်က သူ့ဖိအားကို ဒီလိုထုတ်လွှတ်နေတာ သက်ရှိတွေကို ခြိမ်းခြောက်ချင်လို့ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။ ဒီရောင်ဝါက အားကောင်းတယ်ဆိုပေမဲ့ ဟန်ကျွယ်အတွက်တော့ ကလေးကစားစရာ အဆင့်တောင် မရှိပါဘူး။
ဒီအချိန်မှာပဲ နောက်ထပ် အားကောင်းတဲ့ ရောင်ဝါတစ်ခုဟာ တခြားတစ်ဖက်ကနေ ပေါ်လာပြီး အရင်ရှိနှင့်နေတဲ့ ရောင်ဝါကို တိုတ်ခိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဒီအကြောင်းကို စဆွေးနွေးကြပြီး ဒီရောင်ဝါနှစ်ခုကို ဘယ်သူတွေ ပိုင်ဆိုင်လဲဆိုတာ သိချင်သွားကြပါတယ်။
၇ နှစ်ကြာပြီးနောက်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ဧည့်သည်တွေ ရောက်လာပါတယ်။ ဒီတစ်ခါရောက်လာတဲ့ ဧည့်သည်တွေက တခြား မဟုတ်ပါဘူး။
လီတောက်ခုံးနဲ့ လီရွှမ်အောက်ပါ။
ဟန်ကျွယ်ဟာ သက်တမ်း ၄ ဘီလီယံ အကုန်ခံ တွက်ချက်ကြည့်ပြီး အန္တရာမရှိဘူးဆိုတာ သေချာတော့မှ လီတောက်ခုံးနဲ့ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ခေါ်လိုက်ပါတယ်။
လီတောက်ခုံးဟာ လက်သီးဆုပ်ပြီး အပြုံးနဲ့ နှုတ်ဆက်ပါတယ် “မတွေ့တာ ကြာပြီ၊ မင်းက အရင်ကထက် ပိုစွမ်းအားကြီးလာသလိုပဲ”
လီရွှမ်အောက်ကလည်း ဟန်ကျွယ်ကို အကဲခတ်လိုက်ပါတယ်။ အကြောင်းရင်း တချို့ကြောင့် လီရွှမ်အောက်ဟာ ဟန်ကျွယ်ကို တရင်းတနှီး ရှိနေတယ်လို့ ခံစားနေရပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ တွေ့ဖူးတယ်ဆိုတာကို စဉ်းစားလို့ မရပါဘူး။
ဟန်ကျွယ်က အပြုံးနဲ့ ပြန်မေးလိုက်ပါတယ် “တာအိုရောင်းရင်းလီက ကျုပ်ဆီကို ဘာကိစ္စနဲ့ လုပ်တာလဲ၊ ရွမ်လိန့်ကျောင်းတော် အသစ်ထဲဝင်ဖို့ လာဖိတ်တာလား”
လီရွှမ်အောက်ဟာ နှာမှုတ်သံ ပြုလိုက်ပါတယ်။
လီတောက်ခုံးကတော့ ဟန်ကျွယ် မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်ပါတယ် “မင်း တာအိုပညာရှိကို ဆန့်ကျင်ရဲလား”
“မဆန်ကျင့်ရဲဘူး”
“မင်း... အဲဒါဆို ငါတို့ကို ဘယ်လိုလုပ်ပြီး တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့ ပြောရဲတာလဲ” လီရွှမ်အောက်က ဒေါသတကြီး ပြန်ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နဂိုကတည်းက လီရွှမ်အောက်ကို အမြင်မကြည်တာပါ “ဘာလဲ... မင်းတို့တွေ တာအိုပညာရှိကို ရန်စလာလို့လား”
“ဟုတ်တယ်၊ ငါတို့တွေ ဆရာသခင်နဲ့ ပြဿနာတက်ပြီး ရွမ်လိန့်ကျောင်းတော်ကနေ နှင်ထုတ်ခံလိုက်ရတယ်” လီတောက်ခုံးက တည်ငြိမ်တဲ့လေသံနဲ့ ဖြေလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။