တာအိုနဲ့ မိစ္ဆာ နေရာများ မှားနေသလား
Vol. 45 Ch. 497
လူသားမျိုးနွယ်စုကို ရွှေ့လိုက်တဲ့လူက ဟန်ကျွယ်ပါ။ ဟန်ကျွယ်ဟာ လူသားမျိုးနွယ်စုကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ အတော်ဝေးကွာတဲ့နေရာဆီ ရွှေ့ပြောင်းလိုက်တာပါ။
ကျိုးဖန်ဟာ ဒီမြင်ကွင်းကြောင့် မှင်သက်သွားပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကျိုးဖန်ဟာ လူသားမျိုးနွယ်စု မျိုးတုံးတော့မယ်လို့ ကြားရတဲ့အခါ အလိုလို ကရုဏာသက်သွားပါတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်စု အဝေးကို အရွှေ့ခံလိုက်ရတဲ့ အခါမှာတော့ ကျိုးဖန်ဟာ နိုးထသွားပါတယ်။
လူသားမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ် မျိုးတုံးနိုင်မှာလဲ။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်အများစုက လူသားမျိုးနွယ်စုက လာတာ မဟုတ်ပါလား။ တိတ်ဆိတ်ဂိုဏ်း ရှိနေသမျှ လူသားမျိုးနွယ်စုက မျိုးတုံးမှာ မဟုတ်ပါဘူး။
တစ်ချိန်တည်းမှာပဲ ကျိုးဖန်ဟာ ဟန်ကျွယ်ရဲ့အစွမ်းကို မြင်တွေ့လိုက်ရတဲ့အတွက် အတော်လေး အံအားသင့်သွားရပါတယ်။ ကျိုးဖန်ရဲ့ နတ်အာရုံထဲမှာ လူသားမျိုးနွယ်စုကို မတွေ့တော့ပါဘူး။ ဟန်ကျွယ်က တစ်ချက်တည်းနဲ့ လူသားမျိုးနွယ်စုကို အလွန်ဝေးကွာတဲ့နေရာဆီ ရွှေ့လိုက်တာက ကိုယ်တိုင်မတွေ့ရရင် ယုံကြည်ဖွယ်မရှိတဲ့ အရည်အချင်းမျိုး မဟုတ်ပါလား။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ စိတ်မရှည်ပုံ ပေါ်နေပါတယ် “ဒီကောင်တွေက စကားများဖို့ပဲ တက်တယ်၊ ဘယ်တော့မှ ကျေနပ်ရောင်ရဲ့ကြမှာ မဟုတ်ဘူး”
လူသားမျိုးနွယ်စုက တကယ်အန္တရာယ်တွေ့တာ ဒါမှမဟုတ် ဗုဒ္ဓဂိုဏ်းရဲ့ အစီအစဉ်တစ်ခုပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မစုံစမ်းလိုတာကြောင့် အခုလိုမျိုး တစ်ခါတည်း အဝေးရွှေ့လိုက်တာပါ။
ဒီနှစ်တွေမှာ လူသားတွေက မြို့တွေကို အသည်းအသန် တည်ထောင်ကြတဲ့အတွက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကိုတောင် ဝန်းရံလုနီး ဖြစ်နေပါပြီ။ ဒါက တမင်သက်သက်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ လူသားတွေဟာ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းခဲ့ပါတယ်။
အကြွင်းမဲ့စွမ်းအားရှေ့မှာ ဘယ်ထောင်ချောက်မဆို ဘယ်အကြံအစည်မဆို ပြက်လုံးတစ်ခုပဲ ဖြစ်နေမှာပါ။
ဟန်ကျွယ်ဟာ မြေအောက်ကို နတ်အာရုံ ဖြန့်ကျက်လိုက်တဲ့အခါ ချီလင်ဥထောင်ချီရဲ့ ၉၀ ရာခိုင်နှုန်းက အကောင်ပေါက်လာပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒီအချိန်မှာ ရှန်တျန်သက်ရှိတွေက ပေါက်ဖွားဖို့ အချိန်ကြာလေလေ သူတို့ရဲ့ ရုပ်ခန္ဓာအရည်အချင်းက ပိုကောင်းလေလေပါပဲ။
ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အဆင့်မှာ ရုပ်ပိုင်းဆိုင်ရဲ့ အရည်အချင်းက သိပ်ပြီးတော့ အရေးမကြီးတော့ပါဘူး။ ဟန်ကျွယ် ဂရုစိုက်တာက သုံးသပ်နားလည်နိုင်စွမ်းပါ။
လီယောင်ရဲ့ ရုပ်ခန္ဓအရည်အချင်းက ထိပ်တန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လီယောင်ရဲ့ သုံးသပ်နားလည်နိုင်စွမ်းကတော့ အလွန်တရာမှ အားကောင်းလှပါတယ်။ ဒါကြောင့်လည်း လီယောင်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေကို နောက်ကနေ အမီလိုက်နိုင်တာပါ။
ဒီအချိန်မှာပဲ လီတောက်ခုံးက ဟန်ကျွယ်ဆီကို ရုတ်တရက် အလည်ရောက်လာပါတယ်။ ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့ ရောက်လာတာလဲ”
လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာကတည်းက အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နေတာပါ။ ဒီအခြေအနေက ဟန်ကျွယ် ထင်ထားတာထက်တောင် ပိုပါတယ်။ အထူးသဖြင့် လီရွှမ်အောက်ဟာ သူ့ဘက်ကစပြီး တခြားတပည့်တွေနဲ့ မိတ်ဖွဲ့ပါတယ်။
နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို တိတ်ဆိတ်ဂိုဏ်းသားတွေလို့ လက်ခံထားပြီးပါပြီ။
လီတောက်ခုံးက မေးလိုက်ပါတယ် “ ဂိုဏ်းချုပ်... တိတ်ဆိတ်ဂိုဏ်းထဲမှာ ကျွန်တော်တို့က ဘယ်လိုမျိုး အဆင့်အတန်းရှိတယ်ဆိုတာ သိလို့ရမလား”
“ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်က တိတ်ဆိတ်ဂိုဏ်းရဲ့ အစောင့်အရှောက်တွေပဲ၊ မင်းတို့ရဲ့ အဆင့်အတန်းက ဒုတိယမျိုးဆက်တွေနဲ့ အတူတူပဲ၊ မင်းက တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမဆုံး အစောင့်အရှောက် ဖြစ်ပြီးတော့ လီရွှမ်အောက်ကတော့ ဒုတိယ အစောင့်အရှောက်ပဲ၊ ဒါကို ဘယ်လိုသဘောရလဲ...”
လီတောက်ခုံးဟာ ပြုံးလိုက်ပါတယ် “ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
လီတောက်ခုံးဟာ ဟန်ကျွယ်နဲ့ တစ်တန်းတည်းထိုင်ဖို့ စိတ်မကူးရဲပါဘူး။ အခုအချိန်မှာ လီတောက်ခုံးရဲ့ စိတ်နေသဘောထားက ပြောင်းလဲသွားပါပြီ။ လီတောက်ခုံးရဲ့ စိတ်ထဲမှာ ဟန်ကျွယ်က ကောင်းကင်တာအိုပညာရှိတွေထက်တောင် ပိုပြီးတော့ အရေးပါ အရာရောက်နေပါပြီ။
လီတောက်ခုံးဟာ ခပ်ကြာကြာမနေဘဲ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ကျန်းယီကို ခေါ်လိုက်ပါတယ် “အခုအချိန်ကစပြီး မင်းက တိတ်ဆိတ်ဂိုဏ်းရဲ့ အစောင့်အရှောက် တစ်ယောက်ပဲ၊ မင်းအဆင့်အတန်းက ဒုတိယမျိုးဆက် တပည့်နဲ့ အဆင့်အတန်း တူတယ်”
ကျန်းယီဟာ ကျေနပ်အံအားသင့်သွားပြီး ပြန်မေးလိုက်ပါတယ် “အစောင့်အရှောက်က ကျွန်တော် တစ်ယောက်တည်းလား”
“မဟုတ်ဘူး၊ မင်းက တတိယ အစောင့်အရှောက်၊ ပထမနဲ့ ဒုတိယ အစောင့်အရှောက်က လီတောက်ခုံးနဲ့ လီရွှမ်အောက်ပဲ”
“ဟင်...”
ကျန်းယီရဲ့ မျက်နှာပေါ်က အပြုံးဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ လီတောက်ခုံးရှိနေတာက မဆိုးဘူးလို့ ခံစားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် လီတောက်ခုံးကို သူမှ မယှဉ်နိုင်တာ။
ဒီလိုနဲ့ ကျန်းယီဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ တတိယမြောက် အစောင့်အရှောက် ဖြစ်လာပါတယ်။ ကျန်းယီဟာ ဒီသတင်းကို လျှောက်ဖြန့်ပါတယ်။
အစောင့်အရှောက်သုံးပါးက တပည့်လေးယောက်ထက် အင်အားပိုကြီးပုံ ပေါ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ အစောင့်အရှောက်တွေကို နည်းနည်းတော့ မနာလိုဝန်တိုဖြစ်ပြီး အားကျကြပါတယ်။
လီတောက်ခုံး လီရွှမ်အောက်နဲ့ ကျန်းယီတို့ အစောင့်အရှောက် ဖြစ်လာပြီးနောက်ပိုင်း တိတ်ဆိတ်ဂိုဏ်းဟာ ပိုပြီးတော့ ကျစ်လစ်လာပါတယ်။ အရင်တုန်းက တိတ်ဆိတ်ဂိုဏ်းဟာ လျော့ရဲပြန့်ကျဲနေခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟ သူသိတဲ့လူတွေကို အဆင့်အတန်း သတ်မှတ်ပေးလာခဲ့ပါတယ်။ ဒါက တိတ်ဆိတ်ဂိုဏ်းဟာ တဖြည်းဖြည်း ကြီးထွားလာတာကို ပြသနေပါတယ်။ ဘယ်နေရာမှာပဲ စည်းမျဉ်းဆိုတာ လိုအပ်ပါတယ်။ မဟုတ်ရင် ရှုပ်ထွေးမှုတွေကို ရှင်းလင်းနိုင်မှာ မဟုတ်ပါဘူး။
လူသားတွေကို အဝေးဆီ ရွှေ့ပြောင်းလိုက်ပြီးနောက် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က အရင်တုန်းကလို ပြန်လည် အေးချမ်းသွားပါတယ်။ ဟန်ကျွယ်ရဲ့ စွမ်းအားကို မြင်တွေ့ရပြီးနောက်ပိုင်းမှာ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ပိုပြီးတော့ ကြိုးစားကျင့်ကြံကြပါတယ်။ သူတို့တွေဟာ တောတောင် ပင်လယ်မြစ်ချောင်းတွေကို ဟန်ကျွယ်လိုမျိုး ရွှေ့ပြောင်းနိုင်စွမ်း ရှိချင်ကြပါတယ်။
အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး နောက်ထပ် နှစ် ၁,၀၀၀ ကြာသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်မံတိုးတက်လာပြီး တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်နဲ့ တစ်စတစ်စ နီးကပ်လို့လာပါတယ်။ ဟန်ကျွယ်မျက်လုံးထဲမှာ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို မမြင်ဘဲ တာအိုပညာရှိအဆင့်ကိုသာ မြင်ပါတယ်။
ဒါပေမဲ့ တာအိုပညာရှိအဆင့်က စမှတ်ပဲ ရှိပါသေးတယ်။
ဒီနေ့မှာတော့ မြေပြင်နဲ့ တောင်တန်းတွေဟာ သွက်သွက်ခါသွားပါတယ်။ ဒီအဖြစ်က သဘာဝဖြစ်ရပ် မဟုတ်ပါဘူး။ စွမ်းအားကြီးတွေ ပုဂ္ဂိုလ်တွေ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတစ်ခုပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘဝဂ် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ယောက်က ဗုဒ္ဓဖြစ်ပြီး တခြားတစ်ယောက်ကတော့ နတ်ဘုရားရောင်ဝါ ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရင်းနှီးတဲ့ အင်မော်တယ်နတ်ဘုရား ရောင်ဝါနဲ့ ချွတ်စွပ်တူနေတာလည်း မဟုတ်ပြန်ပါဘူး။ ဒါကြောင့် ဒီကောင်းကင်ဘဝဂ် ကျင့်ကြံသူက မိုးကောင်းကင်မျိုးနွယ်စုက ဖြစ်ရလိမ့်မယ်လို့ ဟန်ကျွယ် မှန်းဆလိုက်ပါတယ်။
ဒီကောင်းကင်ဘဝဂ် ကျင့်ကြံသူနှစ်ယောက်ရဲ့ တိုက်ပွဲက အတော်လေး ပြင်းထန်ပါတယ်။ သူတို့နှစ်ယောက်က အချင်းချင်း အသေသတ်ချင်ကြတာလည်း ပါပါတယ်။
ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ပြီးနောက် စိတ်မဝင်စားတော့ပါဘူး။ လူကြီးတစ်ယောက်က လသားအရွယ် ကလေးနှစ်ယောက် ရန်ဖြစ်နေတာကို ဂရုစိုက်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဂိုဏ်းက မိုးကောင်းကင်မျိုးနွယ်စုနဲ့ စတင်တိုက်ခိုက်လာတာ ထင်ရှားပါတယ်။ ကြည့်ရတာ ကောင်းကင်တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်ချင်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို မခြိမ်းခြောက်ရင် ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။
[ဧကရာဇ်ရှောင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘ဧကရာဇ်ရှောင်... မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိလား’
ဟန်ကျွယ်ဟာ သူများပြဿနာထဲ ကြားမဝင်ချင်တာကြောင့် လျစ်လျူရှု ထားလိုက်ပါတယ်။ ဒါပေမဲ့ လေးငါးဆယ်ရက် အကြာမှာတော့ ဧကရာဇ်ရှောင်က နောက်ထပ်အိပ်မက်တစ်ခု ထပ်ပေးပြန်ပါတယ်။ ဟန်ကျွယ်ဟာ ထပ်ပြီးတော့ လျစ်လျူရှုထားလိုက်ပါတယ်။
ဒီလိုနည်းနဲ့ ငါးလကျော် ကုန်ဆုံးသွားပါတယ်။ ဒီအတောအတွင်း ဧကရာဇ်ရှောင်က ဟန်ကျွယ်ဆီ အိပ်မက်တော်တော်လေး ပေးပို့ပါတယ်။ ဒါပေမဲ့ ဧကရာဇ်ရှောင်က ချုံရှီလိုင်လောက်တော့ မျက်နှာပြောင် မတိုက်ပါဘူး။
ကောင်းကင်ဘဝဂ် ကျင့်ကြံသူနှစ်ဦးရဲ့ တိုက်ပွဲက နောက်ဆုံးတော့ ပြီးဆုံးသွားပါပြီ။ နှစ်ဖက်စလုံး အပြင်းအထန် ဒဏ်ရာရသွားပေမဲ့ ဘယ်သူမှ မသေပါဘူး။
[ဧကရာဇ်ရှောင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘လာပြန်ပြီလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စနစ်ကို မေးလိုက်ပါတယ် “ဒီအိပ်မက်ကို လက်ခံရင် ငါ့အတွက် အန္တရာယ် ရှိလာနိုင်လား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။
အိပ်မက်နယ်မြေထဲမှာ ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်ကို တွေ့လိုက်ရပါတယ်။ ဒီအိပ်မက်နယ်မြေက မီးခိုးရောင်မြူခိုးတွေ ဆက်တို ထိုးထွက်နေတဲ့အတွက် ဖရိုဖရဲ ဖြစ်နေပါတယ်။ ဧကရာဇ်ရှောင်ဟာ အမှောင်သခင်ကြီးလိုမျိုး ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။
ဟန်ကျွယ်က သတိထားပြီး မေးလိုက်ပါတယ် “အမှောင်သခင်ကြီးလား...”
ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘယ်က အမှောင်သခင်ကြီးရမှာလဲ၊ ငါက တာအိုပညာရှိ၊ အရေးကြီးကိစ္စရှိလို့ မင်းအိပ်မက်ထဲကို လာလည်ရတာ”
ဟန်ကျွယ်ဟာ ကြောက်ရွံ့စွာ ဦးညွှတ်ပြီး လက်သီးဆုပ်လိုက်ပါတယ် “မင်္ဂလာပါ တာအိုပညာရှိ”
“တာအိုပညာရှိတစ်ပါးပါးက မင်းကို ကောင်းကင်တာအိုပညာရှိ နေရာအတွက် ပြိုင်ဆိုင်ခိုင်းသေးလား”
“ပြိုင်ခိုင်းပါတယ်”
“အဲဒါ အမှန်မဟုတ်ဘူး၊ နွီဝါရဲ့ လောကဦး ခရမ်းရောင်ချီက ပျောက်နေတာ၊ တာအိုပညာရှိတွေက တာအိုပညာရှိအတုတွေကို ထောက်ပံ့ပြီး ကောင်းကင်တာအိုပညာရှိ နေရာအတွက် ယှဉ်ပြိုင်ခိုင်းတာက ထောက်ချောက်ကြီးတစ်ခုပဲ၊ တကယ်တော့ သူတို့တွေက တာအိုပညာရှိအတုတွေကို တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား အသုံးပြုစေဖို့ ကြံစည်နေတာ”
ဧကရာဇ်ရှောင်ဟာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား အကြောင်းကို ဟန်ကျွယ်သိအောင် ရှင်းပြပါတယ်။ ဟန်ကျွယ်ဟာ နားထောင်လေလေ မျက်မှောင်ကြုတ်လေလေပါပဲ။
‘ဒီတာအိုပညာရှိတွေက အတော်ရက်စက်တာပဲ၊ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို ဓားစာခံထားပြီး ထပ်သုံးချင်သေးတယ်’
ပြီးခဲ့တဲ့ ကပ်ဘေးတုန်းက မိုးကောင်းကင်မျိုးနွယ်စုကလွဲရင် ကျန်တဲ့ ကံတရား အထောက်အပံ့ ဂိုဏ်းအားလုံး ကြီးမားစွာ ဆုံးရှုံးခဲ့ပါတယ်။ စုချီ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်တုန်းက တာအိုပညာရှိတွေရဲ့ တပည့်အများစုဟာ အင်မော်တယ်ကမ္ဘာမှာပဲ ရှိနေကြပါသေးတယ်။ ဒါကြောင့် နောက်ဆုံးမှာ ကံတရား အထောက်အပံ့ဂိုဏ်းတွေရဲ့ တပည့်အများစုက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားအောက်မှာ မရဏလမ်း မြန်းခဲ့ရပါတယ်။
ကပ်ဘေးပြီးသွားတဲ့အခါ တာအိုဂိုဏ်းရဲ့ တာအိုပညာရှိတွေကို ဒီကိစ္စကို မကျေနပ်ဘဲ လက်စားပြန်ချေချင်နေကြတာပါ။
ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ် ‘ဒီတာအိုပညာရှိတွေက တာအိုပညာရှိမင်ကျွယ်ကျတော့ ဘာလို့ လက်စားမချေရတာလဲ’
ဧကရာဇ်ရှောင်က ဆက်ပြောပါတယ် “မင်းက တာအိုဘိုးဘေး သတ်မှတ်ထားတဲ့ မသိကိန်းပဲ၊ ကောင်းကင်တာအို အန္တရာယ်တွေ့ရင် မင်းက အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိကောင်း ရှိနိုင်တယ်”
ဟန်ကျွယ်က ကြောက်လန့်တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “ကျွန်တော့်မှာ အဲဒီလိုမျိုး အရည်အချင်း မရှိပါဘူး”
ဧကရာဇ်ရှောင်ဟာ စိတ်မရှည်တော့ပုံ ပေါ်လာပါတယ် “ငါ ပြောသင့်တာတွေ အကုန်လုံး ပြောပြီးပြီ၊ ဒါပဲ” ဧကရာဇ်ရှောင်ဟာ လက်ဝှေ့ယမ်းပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်လည်း ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားပါတယ်။
“ဧကရာဇ်ရှောင်က ငါ့ကို လိမ်ညာနေတာလား”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။
ဆက်တွက်မယ်။
[မလိမ်ပါ။]
‘ဟင်...’ ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘မိစ္ဆာမျိုးနွယ်စုရဲ့ တာအိုပညာရှိက တာအိုဂိုဏ်းရဲ့ တာအိုပညာရှိတွေ လောကကြီး ဖျက်ဆီးချင်တာကို ဘာလို့ တားချင်နေရတာလဲ၊ ဒီလူတွေက နေရာများ မှားနေကြတာလား’
‘နေပါအုန်း... တာအိုဘိုးဘေးက မိစ္ဆာမျိုးနွယ်စုကို အမြစ်ပြတ်မသုတ်သင်ဘဲ တာအိုပညာရှိ ဖြစ်လာတာကို မျက်စိမှိတ် ကြည့်နေခဲ့တာက အကြံအစည်ကြီး တစ်ခုခုများကြောင့်လား...’
ဟန်ကျွယ် နားလည်သလောက် ကောင်းကင်တာအိုပညာရှိတွေက အကုန်လုံး ကောင်းမနေပါဘူး။ သူတို့တွေက ကိုယ်ကျိုးအတွက် ကောင်းကင်တာအိုကို ဆန့်ကျင်ပြီး ကြံစည်နေကြတာပါ။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီကောင်းကင်တာအို ပညာရှိတွေက ဧကရာဇ်ရှောင်လောက်တောင် ကရုဏာတရား မရှိတာ သိသာထင်ရှားလှပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။