ပြီးပြည့်စုံသော တာအိုပညာရှိ၊ တာအိုရယူရန် အကောင်းဆုံး နည်းလမ်း
Vol. 45 Ch. 500
“မိုးကောင်းကင် ဘိုးဘေး... မိစ္ဆာမျိုးနွယ်စုအကြောင်းကို ဘာဖြစ်လို့ ပြောရတာလဲ” ဆံပင်တွေ ဖြူဖွေးနေတဲ့ အဘိုးအိုတစ်ဦးက မတ်တတ်ရပ်ပြီး မေးလိုက်ပါတယ်။
အဘိုးအိုရဲ့ မေးခွန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး မိုးကောင်းကင်မျိုးနွယ်စုက တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။ မိစ္ဆာမျိုးနွယ်စုဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါမှာ အကုန်လုံးနီးပါး အံကြိတ် လက်သီးဆုပ် ဖြစ်ကုန်ကြပါတယ်။
ဂျိရှင်းရှန်ဟာ ဒါကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ညီလာခံတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်ပြီး ဂျိရှင်းရှန်ကလွဲရင် လူတိုင်းက မိစ္ဆာမျိုးနွယ်စုရဲ့ အပြစ်တွေကို ထုတ်ဖော် ပြောဆိုကြပါတယ်။
အတော်ကြာမှာပဲ အကုန်လုံး ပြန်တိတ်ဆိတ်သွားပါတယ်။ ဒီတော့မှ ဂျိရှင်းရှန်က တစ်လုံးချင်း မေးလိုက်ပါတယ် “ငါ မင်းတို့အကုန်လုံးကို မေးချင်တယ်၊ မင်းတို့နဲ့ မိစ္ဆာမျိုးနွယ်စုကြားမှာ ဘာရန်ငြိုးရန်စရှိလဲ၊ ရှေးဟောင်း ဒဏ္ဍာရီတွေကို ထည့်မပြောနဲ့၊ မင်းတို့အကြောင်းပဲ ပြော...”
မိုးကောင်းကင်မျိုးနွယ်စုက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဂျိရှင်းရှန်စကားကို စိတ်ထဲမထည့်ဘဲ သံသယဝင်သွားကြပါတယ် ‘မိုးကောင်းကင် ဘိုးဘေးကို မိစ္ဆာမျိုးနွယ်စုက ခန္ဓာသိမ်းသွားပြီလား၊ ဒါမှမဟုတ် တာအိုနှလုံးသား လိမ်ညာခံလိုက်ရတာလား...’
ကောင်းကင်နတ်ဘုရား စစ်သူကြီးတောင် ဂျိရှင်းရှန်ကို အေးစက်တဲ့မျက်နှာနဲ့ ကြည့်နေပါတယ်။
နောက်လိုက်တွေရဲ့ သံသယအကြည့်ကြောင့် ဂျိရှင်းရှန်ဟာ သေလောက်အောင် ဒေါသထွက်သွားပါတယ် ‘ဒီကောင်တွေက စကားအကောင်း ပြောလို့မရဘူးဘဲ...’
ဂျိရှင်းရှန်ဟာ ဒေါသကို ထိန်းချုပ်ပြီး ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် လူတိုင်းကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။
နှစ် ၃၀ ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
လီတောက်ခုံးရဲ့ ခပ်ကြမ်းကြမ်း တိုက်ခိုက်မှုအောက်မှာ လောကဦး ခရမ်းရောင်ချီ လိုချင်တဲ့ သက်ရှိတွေ အကုန်လုံး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ မောင်းထုတ်ခံလိုက်ရပါတယ်။ အဲဒါကြောင့် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ အဆင့်နိမ့်တဲ့ သက်ရှိတွေနဲ့ အကြံဆိုးမရှိတဲ့ သက်ရှိတွေသာ ကျန်ရှိပါတော့တယ်။
ဒီတိုက်ပွဲကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ ဂုဏ်သတင်းဟာ အင်မော်တယ်ကမ္ဘာကို ထပ်ပြီးတော့ ပျံ့နှံ့သွားပါတယ်။ လီတောက်ခုံး တိတ်ဆိတ်ဂိုဏ်းထဲ ရောက်နေတဲ့ သတင်းက အင်မော်တယ်ကမ္ဘာမှာ တောမီးလို အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားပါတယ်။
ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်အနေနဲ့ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်သွားတဲ့အတွက် အင်မော်တယ်ကမ္ဘာတစ်ခုလုံး နီးပါးက လီတောက်ခုံးကို ပြစ်တင်ပြောဆိုကြပါတယ်။
ဒါပေမဲ့ ဒီကိစ္စကြောင့်ပဲ တိတ်ဆိတ်ဂိုဏ်းဟာ နာမည်ပိုကျော်ကြားသွားပြီး အင်မော်တယ်ကမ္ဘာရဲ့ ပထမတန်းစား အင်အားစုတစ်စု ဖြစ်လာပါတော့တယ်။ ပထမတန်းစား အင်အားစုဆိုတာက နာမည်ကျော်ကြားမှုအပေါ် အခြေခံပြီး ပြောတာပါ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ပြီးခါစ ဖြစ်ပေမဲ့ အရင်လို သက်တမ်းအများကြီးသုံးပြီး ကျိန်စာမတိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဖူရှီနဲ့ တိုက်ခိုက်ပြီးနောက် တာအိုပညာရှိကို သေအောင်ကျိန်စာတိုက်ဆိုတာ မဖြစ်နိုင်မှန်း သိနေလို့ပါပဲ။
သေအောင် ကျိန်စာမတိုက်နိုင်ပေမဲ့ ဒုက္ခပေးနိုင်လည်း မဆိုးပါဘူး။
ဟန်ကျွယ်ဟာ တာအိုရရှိဖိုနဲ့ သိပ်မဝေးတော့ပါဘူး။ အဲဒီအချိန်ရောက်ရင် ဟန်ကျွယ်ဟာ တာအိုပညာရှိမင်ကျွယ်ကို ကိုယ်တိုင်သတ်နိုင်သွားမှာပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ထူးဆန်းဟာ ပြေးဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ရပ်လိုက်ပါတယ်။ နတ်ထူးဆန်းဟာ ဟန်ကျွယ်နားမှာ လှည့်ပတ်ပါတယ်။ ကြည့်ရတာ အလျင်လိုနေပုံပါပဲ။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းနဲ့ ဆက်သွယ်လိုက်ပါတယ်။
“မင်းက အပြင်ထွက်ချင်တာလား” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
နတ်ထူးဆန်းက ခေါင်းညိတ်ပါတယ်။ နတ်ထူးဆန်းဟာ စကားမပြောနိုင်ပေမဲ့ အမူအရာမျိုးစုံကိုတော့ ကျွမ်းကျွင်ပါတယ်။ နတ်ထူးဆန်းဟာ အလွန်သနားစရာကောင်းတဲ့ မျက်နှာမျိုး လုပ်ပြနေပါတယ်။
ဟန်ကျွယ်ဟာ ငြင်းပယ်ချင်ပေမဲ့လည်း နတ်ထူးဆန်းက ဒီလိုမျိုး တောင်းဆိုတာ ရှားပါးတဲ့အပြင် တခြားသူတွေကလည်း သူ့ကို မတွေ့နိုင်တာကြောင့် ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လီတောက်ခုံးတောင် နတ်ထူးဆန်းကို မမြင်တွေ့နိုင်ဘူး မဟုတ်ပါလား။
“မင်းက အပြင် ဘာသွားလုပ်မှာလဲ”
နတ်ထူးဆန်းရဲ့ လက်တွေဟာ ဆက်တိုက်ဆိုသလို လှုပ်ခါသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နားမလည်နိုင်တဲ့အတွက် စိတ်ချင်းဆက်သွယ်မှုအပေါ်ပဲ မှီခိုရပါတယ်။ ဟန်ကျွယ်နဲ့ နတ်ထူးဆန်းက တစ်သားတည်းဖြစ်သွားတာ ကြာခဲ့ပြီ မဟုတ်ပါလား။
နတ်ထူးဆန်းဟာ အပြင်ဘက်က တစ်စုံတစ်ခုကို သွားကြည့်ချင်နေတာပါ။ ကြည့်ရတာ အပြင်ဘက်က အရာတစ်ခုက နတ်ထူးဆန်းအတွက် အလွန်တရာ စွဲဆောင်ဖို့ကောင်းနေပုံပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “နတ်ထူးဆန်းကို ဘယ်ဟာက ဆွဲဆောင်နေတာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကြမ္မာဆိုး၊ ရန်ငြိုး၊ သတ်ဖြတ်ငွေ့နှင့် အကုသိုလ်ကံတရားများ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဆက်မေးလိုက်ပါတယ် “တာအိုပညာရှိတစ်ပါးပါးက တစ်ခုခုကြံစည်နေတာလား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မဟုတ်ပါ။]
ဟန်ကျွယ်ဟာ သက်သာရာ ရသွားပြီး နတ်ထူးဆန်းကို ပြန်ကြည့်ကာ ပြောလိုက်ပါတယ် “မြန်မြန် ပြန်လာခဲ့ချည်၊ သက်ရှိတွေကို မထိခိုက်စေနဲ့”
နတ်ထူးဆန်းဟာ အသည်းအသန် ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး နတ်ထူးဆန်းကို အပြင်ဘက် ပို့လိုက်ပါတယ်။
နတ်ထူးဆန်းဟာ အင်အားကြီးမားလာဖို့ သူ့နည်းလမ်းနဲ့ သူရှိပါတယ်။ ဟန်ကျွယ်ကို မှီခိုနေတာကလွဲရင် ကျင့်ကြံအားထုတ်နေစရာ မလိုပါဘူး။ ဒါကြောင့်လည်း မကျင့်ကြံတာ နေပါလိမ့်မယ်။
နတ်ထူးဆန်း ထွက်သွားတာက တိတ်ဆိတ်ဂိုဏ်းကို ဘာသက်ရောက်မှုမှ မဖြစ်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်ထူးဆန်းကို ဟန်ကျွယ်ကလွဲရင် တခြားဘယ်သူမှ မမြင်တွေ့နိုင်လို့ပါပဲ။
အကြောဆန့်ပြီးနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ် ပြန်ထိုင်ကာ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကျင့်စဉ်ကို ဆန်းစစ်သုံးသပ်ပါတယ်။
လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုမှာ တာအိုကိုရယူနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ အဆိုးဆုံးနည်းလမ်းကတော့ လောကဦး ခရမ်းရောင်ချီနဲ့ တာအိုကို ရယူတာပါ။ လောကဦး ခရမ်းရောင်ချီက ကောင်းကင်တာအိုရဲ့ သော့ချက်ဖြစ်တဲ့အတွက် ဒီသော့ကို ရမှသာ ကောင်းကင်တာအိုကို ဖွင့်လှစ်ပြီး ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို ရယူနိုင်မှာပါ။
ကောင်းကင်တာအိုရဲ့ စွမ်းအားကို မှီခိုပြီး တာအိုပညာရှိ ဖြစ်တဲ့လူက ကောင်းကင်တာအို မပျက်သုဉ်းမချင်း သေဖို့ခဲယဉ်းပါတယ်။ အနန္တကပ်ဘေးထဲ ဝင်ပါရင်တော့ တစ်မျိုးပေါ့။
ဟန်ကျွယ်ဟာ ဒီလမ်းကို မလျှောက်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းက သူ့ဘဝကို ကောင်းကင်တာအိုနဲ့ ချည်နှောင်ရမှာမို့လို့ပါပဲ။ ဟန်ကျွယ် လျှောက်ချင်တာက အကောင်းဆုံးနည်းလမ်းနဲ့ တာအိုကို ရယူချင်တာပါ။
အဲဒီအကောင်းဆုံး နည်းလမ်းကတော့ အင်အားကို အသုံးပြုပြီး တာအိုကို ရယူတာပါ။ တစ်နည်းအားဖြင့် ကျယ်ပြောလှတဲ့ ဓမ္မစွမ်းအားကို မှီခိုပြီး အဆင့်ထိုးဖောက်တာပါ။ ဒီနည်းလမ်းက မဟာတာအိုကို ကျင့်ကြံတာဆိုရင်လည်း မမှားပါဘူး။
ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအိုက မဟာတာအိုသုံးထောင် စုစည်းနေသလိုပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ အင်အားသုံးပြီး တာအိုကို အရယူနိုင်မယ်ဆိုရင် တာအိုပညာရှိတွေထဲမှာ အပြီးအပြည့်ဆုံး အင်အားအကြီးဆုံး တာအိုပညာရှိ ဖြစ်သွားမှာပါ။
အခုဟန်ကျွယ် လုပ်ရမှာက အန္တိမမူလ မဟာတာအိုနဲ့ သူ့ရုပ်နာမ်နှစ်ပါးကို ပေါင်းစပ်ဖို့ပါ။ ဒီလိုဆိုရင် ဟန်ကျွယ်က မဟာတာအိုရဲ့ စွမ်းအားကိုပဲ ထိန်းချုပ်တာ မဟုတ်တော့ဘဲ ကိုယ်တိုင် မဟာတာအိုဖြစ်သွားမှာပါ။
သီအိုရီအရ ဒီကိစ္စက ရိုးရှင်းလွန်းပါတယ်။ ရိုးရှင်းလို့ လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ အလွန်တရာမှ ခက်ခဲပါတယ်။ သာမန်ခန္ဓာကိုယ်က မဟာတာအို စွမ်းအားကို တောင့်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဆီမှာ လောကဦးကြယ်တာရာ ခန္ဓာကိုယ် ရှိနေပါတယ်။
ဟန်ကျွယ်ဟာ သူ ဘယ်အချိန် တာအိုကို ရယူနိုင်မလဲဆိုတော့ လောလောဆယ် မပြောတက်သေးပါဘူး။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုကတော့ တာအိုကို ကျိန်းသေပေါက် ရရှိမှာပါ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အစွန်နားက တောင်ခြေတစ်ခုမှာ ဟန်ဇွေတျန်တစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူနဲ့ ခြေဆယ်လှမ်းအကွာမှာတော့ အင်မော်တယ်သုံးပါး မတ်တတ်ရပ်နေကြပါတယ်။ ဒီခြေဆယ်လှမ်း အကွာအဝေးက တာအိုစက်ကွင်းရဲ့ အရံအတားပါ။ ဒီတာအိုစက်ကွင်း အရံအတားက အရောင်မရှိ အနံ့မရှိ မမြင်ရဘူးဆိုပေမဲ့ အမှန်စစ်စစ် တည်ရှိနေပါတယ်။
သိမ်းငှက်ခေါင်းနဲ့ အင်မော်တယ်က တလေးတစား ပြောလိုက်ပါတယ် “စီနီယာ... ကျွန်တော်တို့တွေ စီနီယာခိုင်းထားတဲ့ကိစ္စကို စုံစမ်းပြီးပြီ၊ ဒီနားပတ်ဝန်းကျင်မှာ အရည်အချင်း အရှိဆုံးက လက်ရှည်လူဝံပဲ၊ ဒီလက်ရှည်လူဝံက ပဋိပက္ခမျောက်လေးကောင်ထဲမှာ ပါတယ်၊ ပြောကြတာတော့ လောကဦးခေတ်မှာ ပဋိပက္ခမျောက်လေးကောင်က သာမန်မဟုတ်တဲ့ တည်ရှိမှုတဲ့၊ အရင်တုန်းကလည်း တာအိုပညာရှိတောင် လေးစားရတဲ့ လက်ရှည်လူဝံတစ်ကောင် ရှိခဲ့ဖူးတယ်”
ဟန်ဇွေတျန်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “အဲဒီကောင်ရဲ့ ကျင့်ကြံမှုအဆင့်ကရော...”
“ဧကရာဇ်အဆင့်ပါ”
“ငါ့ကိုယ်စား သူ့ကို သိမ်းသွင်းပေးချည်၊ မင်းတို့တွေ ငါခိုင်းတာကို ကောင်းကောင်းမွန်မွန် လုပ်မယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်း တပည့်သစ်လက်ခံတာနဲ့ ငါ မင်းတို့အတွက် ပြောပေးမယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ” အင်မော်တယ်တယ်သုံးပါးဟာ အံအားသင့်သွားပြီး ချက်ချင်း ဒူးထောက်ကာ ဟန်ဇွေတျန်ကို ရှိခိုးပါတယ်။
ဟန်ဇွေတျန်ဟာ ဘာမထီတဲ့မျက်နှာနဲ့ လက်ဝှေ့ယမ်းပြီး ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ အင်မော်တယ်သုံးပါးလည်း ချက်ချင်း ထွက်ခွာသွားပါတယ်။ ဟန်ဇွေတျန်ဟာ အင်မော်တယ်သုံးပါး ထွက်ခွာသွားတာကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။
“ဟင်း... ငါ ကြိုးစားသရုပ်ဆောင်တာတောင် ဆရာဘိုးဘိုးကို မမီနိုင်သေးဘူး၊ ငါ့အနောက်မှာ အလင်းရောင် မရှိလို့များလား...” ဟန်ဇွေတျန်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ဟန်ဇွေတျန်ဟာ ဟန်ကျွယ်နောက်က နေလယင်ယန် အကာအကွယ်လိုမျိုး အလင်းရောင်တောက်ပတဲ့ ရတနာကို လိုချင်နေတာ ကြာပါပြီ။
ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုကို အခုထိ မမြင်ဖူးသေးပါဘူး။ အဲဒီနောက် ဟန်ဇွေတျန်ဟာ သူ့နေရာပြန်ဖို့ ပြင်လိုက်ပါတယ်။
“မိတ်ဆွေလေး...”
အိုမင်းတဲ့ အသံတစ်သံကြောင့် ဟန်ဇွေတျန် လှည့်ကြည့်လိုက်တဲ့အခါ မြေကြီးထဲက ထွက်ပေါ်လာတဲ့ ဆံပင်တွေဖြူဖွေးပြီး ငယ်ရွယ်တဲ့မျက်နှာရှိတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီအဘိုးအိုဟာ တောင်ဝှေးကိုင်ထားပြီး သနားကြင်နာတက်ပုံပါပဲ။
ဟန်ဇွေတျန်ဟာ တစ်ဖက်လူက မြေကြီးထဲက ထွက်လာတဲ့အတွက် အနည်းငယ် အံအားသင့်သွားပါတယ်။
အဘိုးအိုက အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ မြေနတ်ပဲ၊ ငါ့ကို မိုးကောင်းကင်မျိုးနွယ်စုက စေလွှတ်လိုက်တာ၊ တိတ်ဆိတ်ဂိုဏ်း ဂိုဏ်းချုပ်နဲ့ ငါ့ကို မိတ်ဆက်ပေးပါလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။