လက်ရှည်လူဝံမျိုးနွယ်စု
Vol. 46 Ch. 501
“မြေနတ်သား... မိုးကောင်ကင်မျိုးနွယ်စုကလား” ဟန်ဇွေတျန်ဟာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်ပါတယ်။
အဘိုးအိုဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ငါက မိုးကောင်းကင်မျိုးနွယ်စု ခန့််အပ်လိုက်တဲ့ မြေနတ်ပဲ၊ ငါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လာတာက မင်းတို့အတွက် ကံကောင်းမှုတစ်ခုပဲ”
‘ကံကောင်းမှု...’ ဟွမ်ဇွေတျန်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ် “သွားစမ်းပါ၊ ခင်ဗျားနဲ့ တန်လို့လား”
ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ဆီကနေ ဘာသာစကားကို အမွေရခဲ့တာမို့ သူစကားပြောပုံကလည်း ဟန်ကျွယ်နဲ့ ဆင်တူလှပါတယ်။ စောစောက ဟွမ်ဇွေတျန် မြေနတ်ကို စိတ်ဝင်စားသွားတာက မိုးကောင်းကင်မျိုးနွယ်စုကို တစ်ခါမှ မကြားဖူးလို့ပါ။
သက်ရှိအများစုဟာ မိုးကောင်းကင်မျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေကို မသိကြပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းထဲမှာ သိတဲ့လူတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုသိတဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေနဲ့ ဟန်ဇွေတျန်က ဝါကွာခြားလွန်းပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေက အင်မော်တယ်ကမ္ဘာကိုတောင် ဂရုမစိုက်တာ။ ဘယ်လိုလုပ်ပြီး မိုးကောင်းကင်မျိုးနွယ်စုကို စကားထဲ ထည့်ပြောမှာလဲ။
မြေနတ်သားဟာ ဟန်ဇွေတျန်က ရုတ်တရက်အပြောင်းလဲကြီး ပြောင်းလဲသွားတဲ့အတွက် ကြက်သေသေသွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားပါတယ်။ မြေနတ်သားဟာ လက်ညိုးငေါက်ငေါက်ထိုးပြီး ဒေါသသံနဲ့ ပြောလိုက်ပါတယ် “မင်း... တော်တော် ရိုင်းစိုင်းတာပဲ”
“သွားစမ်းပါ... ခင်ဗျားက တိတ်ဆိတ်ဂိုဏ်းကို ကောင်းချီးပေးဖို့ အရည်အချင်း ရှိလို့လား၊ ခင်ဗျား ထွက်မသွားသေးဘူးဆိုရင် ကျုပ်အခုပဲ အကူအညီ လှမ်းတောင်းလိုက်မယ်”
မြေနတ်သားဟာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်တက်သွားပါတယ်။ ဒါပေမဲ့ မြေနတ်သားဟာ ဟန်ဇွေတျန်ဟာ အကူအညီ လှမ်းတောင်းမှာကိုတော့ ကြောက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ ကြမ်းတမ်းမှုနဲ့ နာမည်ကျော်ပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် မြေနတ်သားဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို မလာရဲပါဘူး။
မြေနတ်သားဟာ ခြေဆောင့်ပြီး မြေကြီးထဲ လျှိုဝင်ကာ ပျောက်ကွယ်သွားပါတယ်။
ဟန်ဇွေတျန်ဟာ နှာခေါင်းရှုံလိုက်ပါတယ်။ ဟွမ်ဇွေတျန်ဟာ မြေနတ်သားအကြောင်းကို လျှောက်မပြောတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းတပည့်တွေလည်း ဒီအကြောင်းကို တစ်ယောက်မှ မသိကြပါဘူး။
ဟန်ကျွယ်ကတော့ ဂူအောင်းကျင့်ကြံနေတုန်းပါ။ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်ပြီးကတည်းက ဟန်ကျွယ်ဟာ ကျင့်ကြံရတာကို စိတ်လှုပ်ရှားနေပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိ ဖြစ်ချင်လှပါပြီ။
အချိန်ရဲ့ တိုက်စားမှုအောက်မှာ အရာအားလုံး ပြောင်းလဲကုန်ပါတယ်။ အတိတ်ကို ပြန်တွေးကြည့်မယ်ဆိုရင် ဖြစ်ပျက်ခဲ့တာတွေက တဒင်္ဂလိုပါပဲ။
နှစ် ၁,၅၀၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုရယူဖို့ လိုသေးပေမဲ့ အရင်ကထက်တော့ အများကြီး ပိုစွမ်းလာပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းကို မဟာတာအို ထပ်ဟောကြားပါတယ်။
တပည့်အသစ်လက်မခံဘဲ ရှိနေတဲ့တပည့်တွေကိုသာ အကြိမ်များစွာ တာအိုဟောကြားတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ အန္တိမမူလ မဟာတာအိုလမ်းကို လျှောက်လှမ်းလာကြပါပြီ။
အန္တိမမူလ မဟာတာအိုမှာ အလွန်တရာ ကြီးမားကျယ်ပြောတဲ့ စွမ်းအားတွေ ပါဝင်နေပါတယ်။ တာအိုပညာရှိအတု ဖြစ်နေပြီဖြစ်တဲ့ လီတောက်ခုံးတောင် တာအို သုံးသပ်နားလည်တဲ့ အခြေအနေကို တစ်ခဏအတွင်း ဝင်ရောက်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်မှုကြောင့် လီတောက်ခုံးရဲ့ တာအိုအသီးဟာ အန္တိမမူလ မဟာတာအိုရဲ့ တာအိုအသီးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
တပည့်တွေထဲမှာ ဟန်ကျွယ် အမျှော်လင့်ဆုံးက လီတောက်ခုံးပါ။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို တာအိုအရှင်သခင်၊ လီယောင်၊ ကျောက်ရွှမ်ယွမ်နဲ့ တခြားသူတွေထက် ပိုမျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအကြောင်းကို စိတ်ထဲမှာပဲ ထားပါတယ်။ အပြင်ကို ထုတ်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ကိုယ်တိုင်က တပည့်တိုင်းကို အများကြီး မျှော်လင့်ထားလို့ပါပဲ။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ခါနီးမှာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး တာအိုစက်ကွင်း အပြင်ဘက်က နတ်ထူးဆန်းကို ဆင့်ခေါ်လိုက်ပါတယ်။
နှစ်တွေကြာပြီဖြစ်တဲ့အတွက် နတ်ထူးဆန်းဟာ အရင်ကထက် စွမ်းအားပိုကြီးလာပါတယ်။ နတ်ထူးဆန်းမှာ ရှိနေတဲ့ စွမ်းအားက သာမန်တာအိုပညာရှိအတုကို အကြွင်းမဲ့ဖျက်ဆီးဖို့ လုံလောက်တယ်ဆိုတာကို ဟန်ကျွယ် ခံစားမိပါတယ်။
‘ဒီကောင် ဘာတွေများ လုပ်လာတာလဲ’
နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို ပြန်တွေ့ရတဲ့အတွက် အတော်လေး စိတ်လှုပ်ရှားနေပုံ ပေါ်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ကို တွယ်ကပ်ပြီး ပွတ်သီးပွတ်သပ် လုပ်ပါတော့တယ်။
ဟန်ကျွယ်ဟာ နတ်ထူးဆန်းနဲ့ တစ်ခဏကစားပြီး လျှောက်သွားခွင့် ပြုလိုက်ပါတယ်။ အခုအချိန်မှာ နတ်ထူးဆန်းဟာ သူ့စွမ်းအားကို ထိန်းချုပ်နိုင်နေပြီမို့ တိတ်ဆိတ်ဂိုဏ်းသားတွေ ထိခိုက်မှာကို ဟန်ကျွယ် စိုးရိမ်စရာ မလိုတော့ပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကို ပြန်ရောက်တယ်ဆိုရင်ပဲ တာအိုပညာရှိတစ်ပါးက ဟန်ကျွယ်ကို အိပ်မက်ပေးပါတော့တယ်။
[ဂိုဏ်းချုပ်တျန်ကျွယ်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ လျစ်လျူရှုထားလိုက်ပါတယ် ‘ဒီကောင်က ဧကရာဇ်ရှောင်နဲ့ ချုံရှီလိုင်လိုမျိုး စိတ်လောနေလားဆိုတာ စောင့်ကြည့်ရမယ်’ ဟန်ကျွယ်ဟာ တွေးရင်းနဲ့ တရားထိုင်လိုက်ပါတယ်။
ဒါပေမဲ့ တာအိုပညာရှိအကုန်လုံးက ချုံရှီလိုင်လောက် မျက်နှာပြောင် မတိုက်ပါဘူး။ တစ်ခါ မအောင်မြင်တာနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟန်ကျွယ်ကို အိပ်မက် ထပ်မပေးတော့ပါဘူး။
လေးငါးခြောက်လ အကြာမှာတော့...
[ဖန်းလျန်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
‘ဖန်းလျန်...’ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ဒီကောင်လေးက ဘယ်ကနေဘယ်လို အိပ်မက်ပေးနိုင်သွားရတာလဲ’
ဟန်ကျွယ် တွေးလည်းတွေးချင်စရာပါ။ အခုထိ ဟန်ကျွယ်ကို အိပ်မက်ပေးတဲ့လူက တာအိုပညာရှိတွေပဲ ရှိသေးတာ မဟုတ်ပါလား။ စဉ်းစားတွေးတောပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ဖန်းလျန် အိပ်မက်ပေးတာကို လက်ခံလိုက်ပါတယ်။
အိပ်မက်နယ်မြေထဲ ရောက်တဲ့အခါ ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေရဲ့ တည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရပါတယ်။ တာအိုပညာရှိတွေရဲ့ အိပ်မက်နဲ့စာရင် ဖန်းလျန် တည်ဆောက်ထားတဲ့ အိပ်မက်က အတော်လေး အားနည်းလွန်းလှပါတယ်။ ဟန်ကျွယ်ဟာ ဒီအိပ်မက်ကို အတွေးတစ်ချက်နဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်။
ဖန်းလျန်ဟာ အလွန်အားနည်းနေသေးတယ် မဟုတ်ပါလား။
အိပ်မက်နယ်မြေက စိတ်ဝိညာဉ်နန်းတော်ပါ။ ဖန်းလျန်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ဟန်ကျွယ်ဆီ ချက်ချင်း လျှောက်လာပြီး ခါးညွှတ်လိုက်ပါတယ်။
နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်ကြောင့် ဖန်းလျန်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာကို မမြင်တွေ့နိုင်ပါဘူး။
ဖန်းလျန်က ပြောလိုက်ပါတယ် “ကျွန်တော် ဆရာဘိုးဘိုးကို ခွင့်မတောင်းဘဲ နှောင့်ယှက်ရတာက အရေးကြီးကိစ္စရှိလို့ပါ”
“အင်း... ဘာကိစ္စလဲ”
“ဂျိရှင်းရှန် ဖိနှိပ်ခံလိုက်ရပြီ၊ မိုးကောင်းကင်မျိုးနွယ်စုက သခင်ပြောင်းသွားပြီ၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က မြေနတ်သားတစ်ပါးကို မိုးကောင်းကင်မျိုးနွယ်စုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ စေလွှတ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ သူက အစော်ကားခံလိုက်ရတယ်၊ ဒီအတောအတွင်း မိုးကောင်းကင်မျိုးနွယ်စုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်၊ ဂျိရှင်းရှန်ကို ဒီအကြောင်းကို ဆရာဘိုးဘိုးဆီ အကြောင်းကြားခိုင်းလိုက်လို့ပါ”
“ဒါပဲလား...”
ဟန်ကျွယ်ဟာ ဒီကိစ္စကို အချိန်ကုန်ခံပြီး စိတ်ထဲ ထည့်မနေပါဘူး။ တာအိုပညာရှိကိုတောင် ရန်သူလို့ သတ်မှတ်ထားပြီး ဖြစ်တဲ့အတွက် မိုးကောင်းကင်မျိုးနွယ်စုက ပမွှားလေးပါ။ ဒါက ဟန်ကျွယ် မောက်မာတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်က အစွမ်းထက်လွန်းနေတာပါ။
ဖန်းလျန်က ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... သတိမလွတ်ပါနဲ့၊ မိုးကောင်းကင်မျိုးနွယ်စုမှာက လူမျိုးစုံနဲ့ အင်အားစုမျိုးစုံ ရောထွေးနေတာ၊ ဒါတင်မကသေးဘူး၊ လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူတချို့ကလည်း တိတ်ဆိတ်ဂိုဏ်းက လူသားမျိုးနွယ်စုကို ဒုက္ခပေးဖူးလို့ တိတ်ဆိတ်ဂိုဏ်းက မိစ္ဆာမျိုးနွယ်စုဆိုပြီးတော့ သတင်းတွေ ဖြန့်နေတယ်”
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းကို မင်းစိုးရိမ်စရာ မလိုဘူး၊ တိတ်ဆိတ်ဂိုဏ်းမှာ မင်းမရှိတာ အတော်ကြာပြီပဲ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ အခြေအနေကို မင်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဖန်းလျန်က ဂရုတစိုက် မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... တိတ်ဆိတ်ဂိုဏ်းမှာ နတ်မင်းအဆင့် ကျင့်ကြံသူ ဘယ်နှယောက်ရှိလဲဆိုတာ သိလို့ရမလား”
အခုအချိန်မှာ ဖန်းလျန်ဟာ နတ်မင်းအဆင့် ကျင့်ကြံသူ ဖြစ်နေပါပြီ။ ကောင်းကင်ရုံးတော်သာ အနန္တကပ်ဘေးမှာ မရှုံးနိမ့်ခဲ့ရင် ဖန်းလျန်ရဲ့ ကျင့်ကြံမှုက ဒီထက်မြင့်မားနေမှာပါ။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနဲ့ ပြန်ဖြေလိုက်ပါတယ် “မင်း ထင်ထားတာထက် ပိုများတယ်”
ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်းသား ဖြစ်တဲ့အပြင် တိတ်ဆိတ်ဂိုဏ်းက တပည့်တွေကိုလည်း ကောင်းကင်ရုံးတော်မှာ အကြိမ်များစွာ ကူညီပေးခဲ့တဲ့အတွက် ဟန်ကျွယ်ဟာ ဖန်းလျန်ဟာ ပြန်လာပြီး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ဖို့ကို မျှော်လင့်နေပါသေးတယ်။
ဖန်းလျန်က တာအိုဘိုးဘေးရဲ့ အမွေဆက်ခံသူ ဆိုပေမဲ့ ကျိုးဖန်က ခုနစ်ပါးတာအိုပညာရှိရဲ့ ဓမ္မကိုယ်ပွားပါ။ ဟန်ကျွယ်ဟာ နောက်ခံကြီးရှိတဲ့လူတွေ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာတာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။
တာအိုပညာရှိရဲ့ ခန္ဓာစစ်မဟုတ်ရင် အရာအားလုံး အဆင်ပြေပါတယ်။
ဖန်းလျန်ဟာ တိတ်ဆိတ်သွားပြီး အင်္ကျီလက်စထဲက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်းဆီ ပြန်လာပြီး ကျင့်ကြံအားထုတ်မယ်လို့ ပြောချင်ပေမဲ့ စကားလုံးတွေက လည်ချောင်းဝမှာ တစ်နေပြီး ရှေ့ဆက်မသွားတော့ပါဘူး။
ဟန်ကျွယ်ဟာ ဖန်းလျန် ဘာကိုစိုးရိမ်နေတာဆိုတာ နားမလည်တဲ့အတွက် အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “မင်းပြန်လာချင်ရင် အချိန်မရွေး ပြန်လာနိုင်တယ်၊ ဘာပြဿနာကိုမှ စိုးရိမ်စရာ မလိုဘူး၊ တိတ်ဆိတ်ဂိုဏ်းရဲ့ တခြားဘက်မှာ ရပ်မိတဲ့အချိန်ကို စောင့်မနေနဲ့၊ အဲဒီအချိန်ကျရင် ငါက သနားကြင်နာနေမှာ မဟုတ်ဘူး”
ဖန်းလျန်ဟာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပါတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်က နောက်ပြောနေတာ မဟုတ်မှန်း သိပါတယ်။ ဟန်ကျွယ်က ရန်သူတိုင်းကို အသေသတ်ခဲ့တာ မဟုတ်ပါလား။
သေမျိုးကမ္ဘာမှာတုန်းက ဟန်ကျွယ်ဟာ သေမျိုးတစ်ယောက်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်တုန်းကတောင် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို စိတ်ခေါ်ရဲပါတယ်။ အခုလက်ရှိ ဟန်ကျွယ်ကလည်း တာအိုပညာရှိကို မကြောက်ပါဘူး။
ဖန်းလျန်ဟာ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး အိပ်မက်ကို ဖြိုခွဲကာ စကားတစ်ခွန်း ချန်ထားခဲ့ပါတယ် “မင်း အခုပြန်မလာရင် တိတ်ဆိတ်ဂိုဏ်းသားတွေက မင်းကို မှတ်မိမှာ မဟုတ်တော့ဘူး”
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ တာအိုဘုံကျောင်းထဲကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ မိုးကောင်းကင်မျိုးနွယ်စုကိစ္စကို အများကြီးမတွေးဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပါတယ်။
ဖန်းလျန် ပြန်လာ မလာကတော့ ဖန်းလျန်အပေါ်ပဲ မူတည်ပါတယ်။ ဟန်ကျွယ်အနေနဲ့ တက်နိုင်သလောက် လုပ်ပေးပြီးပါပြီ။ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ပြန်လာအောင် ဖိအားပေးမှာ မဟုတ်ပါဘူး။
အဲဒီနေ့မှာပဲ လီရွှမ်အောက်ဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။
လီရွှမ်အောက်ဟာ ဟန်ကျွယ်ရှေ့လျှောက်လာပြီး ခါးညွှတ်လိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် တပည့်တစ်ယောက် လက်ခံချင်တယ်၊ အဲဒီတပည့်က ပဋိပက္ခမျောက်လေးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ လက်ရှည်လူဝံပဲ၊ သူက အရည်အချင်းရှိတဲ့အတွက် ကျွန်တော် သူ့ကို ကောင်းကင်ဘဝဂ်အဆင့် ဒါမှမဟုတ် ဒီထက် မြင့်မားတဲ့အဆင့်ရောက်အောင် သင်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်”
“ဒါနဲ့ ဂိုဏ်းချုပ် လက်ရှည်လူဝံတွေက မျိုးနွယ်စုတစ်စု ဖြစ်လောက်တယ်၊ အဲဒီအတွက် ကျွန်တော်မှာ အကြံကြီးတစ်ခုတော့ ရှိတယ်”
‘လက်ရှည်လူဝံ...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး အနောက်အရပ်သို့ ခရီးသွားခြင်းထဲက စွန်းဝူခုံးကို တွေးမိလိုက်ပါတယ်။ ဒီမျောက်က အနောက်အရပ်သို့ ခရီးသွားခြင်းထဲမှာ ပါတာ မဟုတ်ပါဘူး။ ကျိုးမင်းဆက်တည်ထောင်တဲ့ ဒဏ္ဍာရီထဲမှာလည်း ပါပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။