နတ်မင်းအဆင့် ကျင့်ကြံသူ တစ်သောင်း
Vol. 46 Ch. 503
“ဒီမေးခွန်းကို မစဉ်းစားနဲ့၊ တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က စွမ်းအားအကြီးဆုံးလို့ မင်း မှတ်ထားရင် ရပြီ၊ ပြဿနာမရှာနဲ့၊ ဂိုဏ်းချုပ်က မင်းကို စောင့်ကြည့်နေလိမ့်မယ်”
ပဋိပက္ခမျောက်လေးကောင်က ရက်စက်ကြမ်းကြုတ်တယ်လို့ ကျော်ကြားတဲ့အတွက် လီရွှမ်အောက်က အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလက်ရှည်လူဝံဟာ တိတ်ဆိတ်ဂိုဏ်းထဲ မဝင်ခင် တောင်တစ်တောင်ရဲ့ အရှင်သခင် ဖြစ်ခဲ့ဖူးပြီး ဗိုလ်ကျတက်သူ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှည်လူဝံက သူ့စရိုက် သူမထိန်းနိုင်မှာကို လီရွှမ်အောက် စိုးရိမ်နေတာ ဖြစ်ပါတယ်။
လီရွှမ်အောက်ရဲ့ စကားကြောင့် လက်ရှည်လူဝံဟာ အသည်းအသန် ခေါင်းညိတ်လိုက်ပါတယ်။ လက်ရှည်လူဝံဟာ လီရွှမ်အောက်နဲ့ မတွေ့ခင်ကတည်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အကြောင်းကို ကြားထားပါတယ်။ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်နိုင်တာနဲ့တင် လက်ရှည်လူဝံက အရမ်းပျော်ရွှင်နေတာပါ။
ဒီလိုနဲ့ လီရွှမ်အောက်ဟာ လက်ရှည်လူဝံကို တပည့်အဖြစ် လက်ခံပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို လျှောက်ပြကာ တိတ်ဆိတ်ဂိုဏ်းတပည့်တွေနဲ့ တွေ့ဆုံပေးပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ လက်ရှည်လူဝံကို သိပ်တော့မကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှည်လူဝံက ကြည့်မကောင်းတဲ့အပြင် သူတို့ကိုယ်တိုင်ကလည်း ကျင့်ကြံမှုတွေနဲ့ အလုပ်ရှုပ်နေကြလို့ပါပဲ။
လက်ရှည်လူဝံ ရောက်လာတာက တိတ်ဆိတ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းမှုကို မသက်ရောက်ပါဘူး။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ အရင်အတိုင်း တိတ်ဆိတ်နေတုန်းပါပဲ။
လျှပ်တပြက်အတွင်းမှာပဲ နှစ် ၄၀၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျိုးချွမ်ကို နောက်ထပ်တစ်ရက် ကျိန်စာတိုက်ပြန်ပါတယ်။ အဲဒီနေ့မှာပဲ လျူပေ့ဟာ ဟန်ကျွယ်ဆီ ရုတ်တရက် ရောက်လာပြီး ချီလင်တစ်ကောင်ကိုပါ ခေါ်လာပါတယ်။ ဒီချီလင်နာမည်က ရွှီလင်ဖြစ်ပြီး ချီလင်ဘုရင်သွေးစည်း ရှိပါတယ်။ ရွှီလင်ဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ကို ရောက်နေပါပြီ။
လျူပေ့နဲ့ ရွှီလင်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ရွှီလင်ဟာ အခုထိ အသွင်မပြောင်းရသေးတဲ့အတွက် ကျားတစ်ကောင်လိုပါပဲ။ ဒါပေမဲ့ အရင်ကထက်တော့ အရွယ်အစား နည်းနည်းသေးပါတယ်။ ကြည့်ရတာ ရွှီလင်က သူ့ခန္ဓာကိုယ် အရွယ်အစားကို ထိန်းချုပ်ထားပုံပါပဲ။
ဟန်ကျွယ်ဟာ ချီလင်လေးကို စိုက်ကြည့်လိုက်ပါတယ်။ ဒီအကြည့်ကနေ သယ်ဆောင်လာတဲ့ ဖိအားကြောင့် ရွှီလင်ဟာ ခေါင်းတောင် မမော့ရဲပါဘူး။
လျူပေ့က ပထမဆုံး ပြောလိုက်ပါတယ် “သခင်... နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ”
“မင်း သွားလို့ရပြီ၊ ငါသူ့ကို သင်ပေးစရာ ရှိသေးတယ်”
လျူပေ့ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားတဲ့အတွက် တာအိုဘုံကျောင်းထဲမှာ ဟန်ကျွယ်နဲ့ တုန်ယင်နေတဲ့ ရွှီလင်လေးသာ ကျန်ရှိပါတော့တယ်။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မကြောက်ပါနဲ့၊ ငါ့အနားမှာထိုင်ပြီး အရင်ကျင့်စဉ်အတိုင်း ကျင့်ကြံအားထုတ်ချည်၊ ဒါက စစ်ဆေးတာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ဘေးနားမှာ ဖျာတစ်ချပ် ပေါ်လာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ညာလက်ညိုးနဲ့ ရွှီလင်ကို ညွှန်လိုက်တဲ့အခါ ရွှီလင်ဟာ တစ်ခါတည်း လူသားအသွင် ပြောင်းလဲသွားပါတယ်။
ရွှီလင်ဟာ အံဩမှင်သက်နေတဲ့ သာမန်လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားတာပါ။
ဟန်ကျွယ် မျက်လုံးမှိတ်သွားတာကို တွေ့လိုက်ရတဲ့အတွက် ရွှီလင်ဟာ ပဟေဠိဖြစ်သွားပေမဲ့ ဘာမှမတက်နိုင်ဘဲ ကျင့်ကြံအားထုတ်လိုက်ရပါတယ်။
ပထမတော့ ရွှီလင်ဟာ ရင်တထိတ်ထိတ် ဖြစ်နေပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ဒီမတည်ငြိမ်တဲ့ ခံစားချက်တွေဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။
နှစ်တစ်ရာကြာတဲ့အခါ ရွှီလင်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်လာပါတယ်။ ကောင်းကင်ယံက ဖြာကျလာတဲ့ နေရောင်ကြောင့် ရွှီလင်ဟာ ဘဝသက်တမ်းတစ်ခု ကုန်ဆုံးသွားပြီလို့ ခံစားလိုက်ရပါတယ်။ ရွှီလင်ဟာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
ရွှီလင်ရဲ့ မျက်လုံးတွေဟာ ယုံကြည်မှုတွေ ပြည့်ဝနေပြီး ခါးကိုလည်း မတ်ထားပါတယ် ‘တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လို့ မပြောရဘူး၊ တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ၊ ဒါက မဟာတာအိုများလား’
ရွှီလင်ဟာ စိတ်လှုပ်ရှားသွား သူ့နေရာကို အမြန်ပြန်ကာ ဆက်ကျင့်ကြံဖို့ ပြင်ဆင်ပါတယ်။
ရွှီလင်ထွက်သွားပြီး မကြာခင်မှာပဲ လီရွှမ်အောက်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့ကို ရောက်လာပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်မပေးဘဲ တန်းမေးလိုက်ပါတယ်။
“ဘာကိစ္စလဲ”
“ဂိုဏ်းချုပ်... လက်ရှည်လူဝံကို....”
“သူ့ကို သင်ကြားပေးရမှာ မင်းတာဝန်ပဲ၊ မဟာတာအိုကိုလည်း မင်းဘာသာ သင်ပေးလိုက်”
ဟန်ကျွယ်ရဲ့ စကားသံကြောင့် လီရွှမ်အောက်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ လီရွှမ်အောက်ဟာ လက်ရှည်လူဝံကို အန္တိမမူလ မဟာတာအို သင်ပေးချင်တာကြာင့် ဟန်ကျွယ်ဆီကနေ ခွင့်ပြုချက် လာယူတာပါ။
လိုချင်တဲ့အဖြေ ရတာနဲ့ လီရွှမ်အောက်ဟာ ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကို နတ်အာရုံနဲ့ လွှမ်းမိုးပြီး ရှကျဲ့မျိုးနွယ်စုကို အကဲခတ်လိုက်ပါတယ်။ ရှကျဲ့မျိုးနွယ်စုက တိတ်ဆိတ်ဂိုဏ်းရဲ့ ကြမ်းခင်းလို့ပြောရင် မှားမယ်မထင်ပါဘူး။ သူတို့တွေရဲ့ အရည်အချင်းက မြင့်မားပေမဲ့ ထိပ်တန်းတော့ မဟုတ်ပါဘူး။
အခုအချိန်မှာတော့ ရှဲကျဲ့မျိုးနွယ်စုဝင်တွေဟာ နတ်မင်းအဆင့်ကို စတင်ထိုးဖောက်နေပါပြီ။ သူတို့တွေ အကုန်လုံး နတ်မင်းအဆင့်ကို ရောက်သွားတဲ့အခါကျရင် တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားကလည်း အတော်ကို အားကောင်းသွားမှာပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်တပည့်တွေကို ကြည့်လိုက်ပြီးနောက် ရွှင်ချန်အန်းကို ခေါ်လိုက်ပါတယ်။
ရွှင်ချန်အန်းဟာ ဟန်ကျွယ်ရဲ့ တတိယမြောက်တပည့်ဆိုပေမဲ့ တတိယမျိုးဆက်တပည့်တွေရဲ့ ကျင့်ကြံမှုထက် နိမ့်ပါးနေပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ကြီးမားတဲ့စွမ်းအားကြောင့် ရွှင်ချန်းအန်းဟာ အဓိကအုပ်စုကို မီလောက်ရုံလေးတော့ ရှိပါတယ်။ ဒါပေမဲ့ ရွှင်ချန်အန်းက အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ပဲ ရှိသေးတဲ့အတွက် တော်တော်လေး သနားဖို့ကောင်းပါတယ်။
ရွှင်ချန်အန်းဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ရွှင်ချန်အန်းဟာ ရွှီလင်လိုမျိုး ရင်တထိတ်ထိတ်တော့ မဖြစ်ပါဘူး။ သူတို့တွေ အတူရှိနေခဲ့တာက နှစ် ၂၀,၀၀၀ ကျော်ခဲ့ပြီ မဟုတ်ပါလား။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှုက ကျေနပ်ရဲ့လား”
ရွှင်ချန်အန်းဟာ မျက်မှောင်ကြုတ်သွားပြီး တဒင်္ဂတုံ့ဆိုင်းပြီးမှ အဖြေပြန်ပေးပါတယ် “ကျေနပ်တယ်လို့ ပြောရအောင်လည်း အဲဒီလောက်ကြီး ကျေနပ်တာ မဟုတ်ဘူး၊ မကျေနပ်ဘူး ပြောရအောင်လည်း အဲဒီလောက်ကြီး မကျေနပ်တာ မဟုတ်ဘူး”
‘ခွေးမသား မင်းစကားက မင်းနာမည်လိုပဲ ဆိုးရွားလှချည်လား’ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ရွှင်ချန်အန်းဟာ အရင်လို ရုပ်မဆိုးတော့ဘဲ ချောမောနေပေမဲ့ ရုပ်ဆိုးဘုန်းကြီးဆိုတဲ့ နာမည်ကတော့ အခုထိမပျောက်သေးပါဘူး။
“ရိုးရိုးပြောစမ်းပါ”
ဟန်ကျွယ်ရဲ့ မာန်သံကြောင့် ရွှင်ချန်အန်းဟာ ဇက်ပုသွားပါတယ် “ကျွန်တော် စွမ်းအားကြီးကြီး မကြီးကြီး ကိစ္စမရှိဘူးလေ၊ ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းထဲမှာပဲ အမြဲတမ်းနေမှာ... နောက်ပြီး ဆရာသခင်ရဲ့ ကာကွယ်မှုလည်း ရှိသေးတယ်လေ”
“မင်းက ငါ့ကို မကာကွယ်ချင်တော့ဘူးလား”
“ဆရာသခင်ရယ်... ဆရာသခင်က ဒီလောက်စွမ်းတာ၊ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အမီလိုက်နိုင်မှာလဲ၊ လီတောက်ခုံးတောင် ဆရာသခင်ကို အမီလိုက်ဖို့ ယုံကြည်ချက်ရှိတယ်လို့ မပြောရဲဘူး”
ရွှင်ချန်အန်းရဲ့ စကားက မမှားတဲ့အတွက် ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ရပါတယ်။ တကယ်လည်း ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ ကာကွယ်မှုကို မလိုအပ်ပါဘူး။ ဒါပေမဲ့ သူ့တပည့်တွေကို ဒီအတိုင်း လွှတ်ထားလို့တော့ မဖြစ်ပါဘူး။
“ငါ မင်းတစ်ယောက်တည်းကို တာအိုဟောကြားပေးမယ်၊ နှစ် ၅,၀၀၀ အတွင်း မင်း အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို ရောက်ရမယ်”
ရွှင်ချန်အန်းရဲ့ မျက်နှာဟာ အရုပ်ကြိုးပြတ် ဖြစ်သွားပါတယ် ‘နှစ် ၅,၀၀၀ တည်းနဲ့ အဲဒီလောက် အဆင့်အများကြီးကို ဘယ်လိုဖြတ်ရမှာလဲ... ဒါ လုံးဝမဖြစ်နိုင်ဘူး’
ရွှင်ချန်အန်းဟာ ဧကရာဇ်အဆင့်ထဲရောက်တာ နှစ်တစ်သောင်းကျော်မှ အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ပဲ ရှိသေးတာပါ။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ တာအိုစတင် ဟောကြားပါတယ်။
တောအုပ်တစ်ခုမှာ ကျောက်တုံးမျှော်စင်တစ်ခု ထိုးထိုးထောင်ထောင် တည်ရှိနေပါတယ်။ ဒီမျှော်စင်ထဲမှာ ချီကျွင်းအင်မော်တယ်သုံးပါးဟာ ပျင်းကြောနပ်နေကြပါတယ်။
မြွေခေါင်း အင်မော်တယ်က လူမမာလေသံနဲ့ ပြောလိုက်ပါတယ် “အစ်ကိုကြီး... ကျွန်တော်တို့တွေ ဘယ်အချိန်ထိ စောင့်ရမှာလဲ၊ နောက်မှလာတဲ့ လက်ရှည်လူဝံတောင် တိတ်ဆိတ်ဂိုဏ်းထဲ ရောက်သွားပြီ၊ ကျွန်တော်တို့က ဘယ်အချိန်အထိ ထပ်စောင့်ရအုန်းမှာလဲ”
သိမ်းငှက်ခေါင်း အင်မော်တယ်က နှာမှုတ်ထုတ်လိုက်ပါတယ် “ဆက်စောင့်မယ်၊ ရည်မှန်းချက်ရှိတဲ့လူတွေက အောင်မြင်မှာပဲလို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ငါ့ကို သင်ပေးဖူးတယ်”
တတိယမြောက် အင်မော်တယ်ကတော့ ဘာမှမပြောပါဘူး။
ဒီအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပါတယ် “မင်းတို့သုံးယောက်က ချီကျွင်း အင်မော်တယ်သုံးပါးလား”
အင်မော်တယ်သုံးပါးဟာ ချက်ချင်းထထိုင်လိုက်တဲ့အခါ ဟန်ဇွေတျန်နဲ့ စကားများခဲ့တဲ့ မြေနတ်သားကို တွေ့လိုက်ရပါတယ်။
မြေနတ်သား ခေါင်းမော့ရင်ကော့ပြီး ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ငါက မိုးကောင်းကင်မျိုးနွယ်စု စေလွှတ်လိုက်တဲ့ တမန်တော်ပဲ၊ မင်းတို့ကို့ မြေနတ်ရာထူးပေးဖို့ ရောက်လာတာ၊ ရာထူးကို လက်ခံဖို့ မင်းတို့တွေ ဒူးမထောက်ကြတော့ဘူးလား”
ချီကျွင်း အင်မော်တယ်သုံးပါးဟာ မှင်သက်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
သိမ်းငှက်ခေါင်း အင်မော်တယ်က ပထမဆုံး သတိဝင်လာပါတယ် “ထွက်သွားစမ်း”
တခြားအင်မော်တယ်နှစ်ပါးရဲ့ မျက်နှာဟာလည်း ခက်ထန်သွားပါတယ်။
ဒီအဖြစ်ကြောင့် မြေနတ်သားဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ် “ငါက မင်းတို့ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် မပေးနိုင်ဘူးလို့ ထင်နေတာလား ဒါမှမဟုတ် မင်းတို့တွေ တိတ်ဆိတ်ဂိုဏ်းကို စိုးရိမ်နေတာလား၊ မစိုးရိမ်စိမ်းပါနဲ့... မိုးကောင်းကင်မျိုးနွယ်စုက မကြာခင်လှုပ်ရှားတော့မှာ... အဲဒီအချိန်ကျရင်...”
သိမ်းငှက်ခေါင်း အင်မော်တယ်ဟာ မြေနတ်သားရဲ့ စကားကို ဆုံးအောင် နားမထောင်ဘဲ ဗြုန်းစားကြီး တိုက်ခိုက်လိုက်ပါတယ်။ သိမ်းငှက်ခေါင်း အင်မော်တယ်ရဲ့ ညာလက်ဟာ သိမ်းငှက်လက်သည်းအသွင် ပြောင်းလဲပြီး ရှည်ထွက်သွားတာက မြေနတ်သားရဲ့ လည်ပင်ကို ဖမ်းဆုပ်လိုက်ပါတယ်။
မြေနတ်သားဟာ လန့်ဖျပ်ပြီး တချိုးတည်းနေအောင် ထွက်ပြေးပါတော့တယ်။ ရုတ်ခြည်းဆိုသလိုပဲ မြေနတ်သားဟာ မိုင်ထောင်ချီအကွာအဝေးကို ရောက်ရှိသွားပါတယ်။
အဲဒီနောက် မြေနတ်သားဟာ မြေကြီးထဲကနေ ထွက်လာပြီး ဆဲဆိုလိုက်ပါတယ် “သောက်ရူးသုံးကောင်... ငါက မင်းတို့ကို အခွင့်အရေးပေးတာကို... ယူရကောင်းမှန်း မသိကြဘူး”
ဒီအချိန်မှာ နတ်ဆိုးလေ တိုက်ခိုက်လာပါတယ်။
“ဘယ်ကိုပြေးမလို့လဲ”
“ဒီကောင်ကို သတ်တာက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ကျိန်းသေပေါက် အကျိုးဆောင်တာပဲ”
“ဟားဟားဟား... ဟုတ်တယ်၊ ဒါက ကြုံရခဲတဲ့ ရှားပါးအခွင့်အရေးပဲ”
ချီကျွင်းအင်မော်တယ် သုံးပါးရဲ့ စိတ်လှုပ်ရှားနေတဲ့ စကားသံကြောင့် မြေနတ်သား သွေးအန်သွားပါတယ်။ မြေနတ်သားဟာ ဒီခွေးသုံးကောင်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ မရောက်သေးဘဲ တိတ်ဆိတ်ဂိုဏ်းကို ဘာလို့ ဒီလောက်ထိ သစ္စာရှိနေလဲဆိုတာ နားမလည်နိုင်ပါဘူး။
မြေနတ်သားဟာ ဒီကိစ္စကို ဆက်စဉ်းစားဖို့လည်း အချိန်မရပါဘူး။ ချီကျွင်း အင်မော်တယ်သုံးပါး မမီအောင် ထပ်ပြေးရပြန်ပါတယ်။
‘ငါက မြေနတ်သားပဲ၊ မင်းတို့သုံးယောက်က ငါ့ကို ဖမ်းနိုင်မယ် ထင်နေတာလား’ မြေအောက်ထဲက မြေနတ်သားဟာ ချီကျွင်း အင်မော်တယ်သုံးပါးကို အထင်အမြင်သေးစွာ တွေးပြီး လျင်မြန်စွာ ခရီးဆက်နှင်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ချီကျွင်း အင်မော်တယ်သုံးပါးဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားမှာ ပေါ်လာပါတယ်။ သိမ်းငှက်ခေါင်း အင်မော်တယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ရွှေကြိုးနဲ့ နှောင်ဖွဲ့ခံထားရတဲ့ မြေနတ်သားကို မြေကြီးပေါ် ပစ်ချလိုက်ပါတယ်။ မြေနတ်သားဟာ တစ်ကိုယ်လုံး ဖုန်အလူးလူး ဖြစ်နေပြီး ဆံပင်တွေကလည် ဖွာလန်ကျဲနေပါတယ်။ ငတ်ပြတ်နေတဲ့ သူတောင်းစားကတောင် မြေနတ်သားထက် သာပါအုန်းမယ်။
သိမ်းငှက်ခေါင်း အင်မော်တယ်က အော်ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းက စီနီယာများ... ကျွန်တော်တို့တွေ မိုးကောင်းကင်မျိုးနွယ်စုက စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ကို ဖမ်းမိထားတယ်၊ ဒီသူလျှိုက တိတ်ဆိတ်ဂိုဏ်းကို ဒုက္ခပေးချင်နေတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။