← Chapters

စိတ်အခြေအနေ လိုအပ်ခြင်း

Vol. 47 Ch. 513

စိတ်အခြေအနေ လိုအပ်ခြင်း

Vol. 47 Ch. 513

‘လက်ရှည်လူဝံ...’

ဟွမ်ဂျိဟောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟွမ်ဂျိဟောင်ဟာ ဒီနာမည်ကို အရင်တုန်းက ကြားဖူးပါတယ်။ ဒါပေမဲ့ အမှတ်တမဲ့မို့ ဦးနှောက်ထဲမှာ ရေးတေးတေးတောင် မထင်ချင်ပါဘူး။

‘တိတ်ဆိတ်ဂိုဏ်းထဲမှာ လက်ရှည်လူဝံတစ်ကောင် ပုန်းနေလို့လား...’

လီရွှမ်အောက်က ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ပြီးရင် ပြဿနာမရှာနဲ့၊ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်ချည်၊ ဒီနေရာက အင်မော်တယ်ချီကို မင်းလည်း ခံစားမိမှာပါ၊ ဒီနေရာမှာရှိတဲ့ အင်မော်တယ်ချီက အင်မော်တယ်ကမ္ဘာရဲ့ ဘယ်နေရာထက်မဆို ပိုသိပ်သည်းတယ်၊ ဒီနေရာ ကျင့်ကြံဖို့အတွက် အကောင်းဆုံးနေရာပဲ”

ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်စကားကြောင့် ပတ်ဝန်းကျင်က စွမ်းအင်တွေကို သေချာ အာရုံခံကြည့်လိုက်တဲ့အခါ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပါတယ်။

‘တော်တော်သိပ်သည်းတဲ့ အင်မော်တယ်ချီနဲ့ ရှန်တျန်ချီပါလား... ဒီနေရာက မိုးကောင်းကင်မျိုးနွယ်စုရဲ့ မြင့်မြတ်နယ်မြေနဲ့ တာအိုပညာရှိရဲ့ တာအိုစက်ကွင်းထက်တောင် ပိုကြမ်းနေပါ့လား... ငါသာ ဒီနေရာမှာ ကျင့်ကြံအားထုတ်ရင်...’

ဟွမ်ဂျိဟောင်ဟာ နှလုံးခုန်မြန်သွားပြီး တိတ်ဆိတ်ဂိုဏ်းဆီ လာမိတာကို ဝမ်းသာသွားပါတယ်။ အဲဒီနောက် ဟွမ်ဂျိဟောင်ဟာ စပ်စုလိုက်ပါတယ် “ဆရာသခင်... တိတ်ဆိတ်ဂိုဏ်းရဲ့ အရှင်သခင်က...”

လီရွှမ်အောက်ဟာ ဟွမ်ဂျိဟောင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး အသံနှိမ့်ကာ ပြောလိုက်ပါတယ် “မမေးသင့်တာကို မမေးနဲ့”

ဟန်ကျွယ်ဟာ နေလ ယင်ယန် အကာအကွယ်ကို အမြဲတမ်း ဝတ်ဆင်ထားတာကြောင့် အမည်ခံတပည့် အများစုဟာ ဟန်ကျွယ်ရဲ့ မျက်နှာအစစ်ကို မမြင်ဖူးကြပါဘူး။ လီရွှမ်အောက်ဟာ ဟန်ကျွယ်က သူ့သရုပ်မှန်ကို ဖုံးကွယ်ချင်တယ်လို့ တွေးထင်မိတဲ့အတွက် ဟွမ်ဂျိဟောင်ကို မပြောပြတာပါ။

ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက် သတိပေးတာကို ခံရပြီးတဲ့နောက် တိတ်ဆိတ်ဂိုဏ်းချုပ်ကို ပိုလို့တောင် စိတ်ဝင်စားသွားပါတယ်။ မသိစေချင်လေလေ ပိုသိချင်တာက လူသားတွေရဲ့ သဘာဝပဲ မဟုတ်ပါလား။

‘ဟန်ကျွယ်နေရာကို ဘယ်သူ့ ရောက်လာတာလဲ...’

တိတ်ဆိတ်ဂိုဏ်းထဲ ဟွမ်ဂျိဟောင် ရောက်လာတာက သမုဒ္ဒရာထဲ ရေတစ်စက် ကျလာသလိုပါပဲ။ ဘာမှ ထူခြားနားမသွားပါဘူး။ တပည့်သစ်တွေ မပြောနဲ့ တပည့်ဟောင်းတွေတောင် ဟွမ်ဂျိဟောင်ကို သတိမရကြပါဘူး။

ဘယ်သူကများ လွန်ခဲ့တဲ့ နှစ် ၃၀,၀၀၀ ကျော်လောက်က ရန်ငြိုးရန်စလေးတွေကို သတိရနိုင်ကြမှာလဲ။ ဟန်ကျွယ် ဟွမ်ဂျိဟောင်ကို မှတ်မိတာကလည်း စာစောင်တွေထဲမှာ မကြာခဏပါလာလို့ပါ။

အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ တာအိုရရှိဖို့ပဲ အာရုံစိုက်နေတဲ့အတွက် အချိန်ကို မေ့သွားပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ နောက်ထပ် နှစ်တစ်ရာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေထွက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ လျှောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အန္တိမမူလ မဟာတာအို နားလည်မှုက အတော်လေး နက်ရှိုင်းနေပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ရှေ့ကို ထပ်မတိုးတော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုရရှိဖို့ ခြေတစ်လှမ်း လိုနေပါသေးတယ်။

အဲဒီခြေလှမ်းက ဘာခြေလှမ်းလဲ ဆိုတာတော့ ဟန်ကျွယ် တွေးမရသေးပါဘူး။ ဒီခြေလှမ်းအတွက် အနားယူသင့်တယ်လို့ ဟန်ကျွယ် ခံစားရပါတယ်။

နေလ ယင်ယန် အကာအကွယ်က ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တောက်ပနေတာကြောင့် လမ်းမှာတွေ့တဲ့ တပည့်တိုင်း ဒူးထောက်ပြီး ဦးညွှတ်ကြပါတယ်။ ဟန်ကျွယ်ဟာ တပည့်တွေနဲ့ စကားမပြောဘဲ ဆက်ပြီးတော့ ရှေ့ဆက်သွားပါတယ်။

ဟန်ကျွယ်ရဲ့ နောက်မှာ ကျန်နေခဲ့တဲ့ အမည်ခံတပည့်တွေကတော့ ထွက်ခွာသွားတဲ့ ဟန်ကျွယ်ရဲ့ ကျောပြင်ကို ကြည်ညိုလေးစားစွာကြည့်ရင် ဟန်ကျွယ်လိုမျိုး ဖြစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာကြပါတယ်။

ဟန်ကျွယ်ကြောင့် တာအိုပညာရှိတွေတောင် မခြိမ်းခြောက်နိုင်တဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ကျင့်ကြံဖို့နေရာတစ်ခု ရှိနေတာ မဟုတ်ပါလား။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ လျှောက်သွားပြီးနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို နားလည်သွားပါတယ်။ ဒီခံစားချက်က စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး။

‘တာအိုပညာရှိဆိုတာက ဘာလဲ၊ ဓမ္မစွမ်းအားက အဲဒီလောက်တောင် စွမ်းအားကြီးတာလား’

ဟန်ကျွယ်ဟာ တွေးတောစဉ်းစားရင်း ဓမ္မစွမ်းအားအပြင် စိတ်အခြေအနေလည်း အဆင့်တစ်ခုကိုရောက်ဖို့ လိုအပ်မှန်း နားလည်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ဘဝမှာ အတွေ့အကြုံ တော်တော်လေး နည်းပါးပါတယ်။ သာမန်သေမျိုးတစ်ယောက်လောက်တောင် ဘဝအတွေ့အကြုံ မရှိပါဘူး။

‘ကြည့်ရတာ ငါ အပြင်ထွက်သွားသင့်ပြီ’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တစ်ဖန် ပြန်လေးနက်သွားပါတယ်။

“အခုအချိန်မှာ ငါ တာအိုစက်ကွင်း အပြင်ထွက်ပြီး အင်မော်တယ်ကမ္ဘာကို ခရီးသွားရင် အန္တရာယ် တွေ့နိုင်လား”

[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး တာအိုဘုံကျောင်းကိုပြန်ကာ ကောင်းကင်ရုပ်သေးရုပ် တစ်ရုပ် ဖန်တီးပါတယ်။ ဟန်ကျွယ်ဟာ ဘာစိုးရိမ်သောကမှ မရှိဘဲ ခရီးနှင်ချင်တဲ့အတွက် ကိုယ်ပွားတစ်ခု ချန်ထားခဲ့ရတာပါ။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဘယ်သူ့ကိုမှ သတိမပေးဘဲ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို အဆုံးစွန်ထိ ဖိနှိပ်ပြီး ဓမ္မစွမ်းအားကို အသုံးပြုကာ ရတနာတွေကို ဖုံးကွယ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သာမန်ဝတ်ရုံဖြူ လူငယ်တစ်ယောက်အသွင် ပြောင်းလဲလိုက်ပါတယ်။

နှစ်ပေါင်း ၃၀,၀၀၀ ကျော်အတွင်းမှာ ဒါဟာ ဟန်ကျွယ်အနေနဲ့ ပထမဆုံး အင်မော်တယ်ကမ္ဘာကို ခရီးနှင်တာပါ။ ဟန်ကျွယ်ဟာ ဘာအန္တရာယ်မှ မရှိဘူး သိပေမဲ့လည်း ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ရင်ထဲမှာ နည်းနည်းတော့ ထိတ်သလို လန့်သလိုလို ဖြစ်နေပါတယ်။

ဒါပေမဲ့ အချိန်ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နေသားကျသွားပါတယ်။

ဟန်ကျွယ်ဟာ ပျံသန်ခြင်းမပြုဘဲ ဘယ်လောက်ပဲ အန္တရာယ်များပါစေ ခြေလျင် ဖြတ်သန်းပါတယ်။ ဟန်ကျွယ်ဟာ မကုန်ဆုံးနိုင်တဲ့ အလွန်တရာ ကျယ်ပြောလှတဲ့ အစိမ်းရောင် ရေအိုင်တွေ၊ နဂါးအော်သံလို ရှိလှတဲ့ လေပြင်းတိုက်ခိုက်သံတွေ ပြင်းထန်စွာ ရွာကျလာတဲ့ မိုးရေတွေကို တွေ့ကြုံ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ရှေ့ဆက်သွားလေလေ ပိုတွေ့ကြုံလေလေ အန္တိမမူလ မဟတာအိုကို နားလည်မှု ပိုနက်ရှိုင်းလေလေပါပဲ။ အန္တိမမူလ မဟာတာအိုက အရာအားလုံး ပေါင်းစပ်ပါဝင်နေတဲ့ မဟာတာအိုတစ်ခု ဖြစ်ပါတယ်။ ဘယ်တည်ရှိမှုမရှိ မဟာတာအို ဖြစ်လာနိုင်ပါတယ်။

ဒီလိုနဲ့ နှစ် ၈၀ ကုန်ဆုံးသွားပါတယ်။

နေ့အလင်းရောင် ကုန်ဆုံးလို့ ညအမှောင်ထု ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ ရေအိုင်တစ်အိုင်ဘေးမှာ ရပ်တန့်လိုက်ပြီး တရားထိုင်လိုက်ပါတယ်။ အဲဒီနောက် ဒီနှစ်တွေမှာ ခံစားခဲ့ရတဲ့ ခံစားချက်တွေကို ပြန်တွေးလိုက်ပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ ဘယ်သက်ရှိနဲ့မှ မပတ်သက်ခဲ့ပါဘူး။ တစ်ကိုယ်တော် ခရီးနှင်ခဲ့တာပါ။

အေးချမ်းသာယာတဲ့ လရောင်အောက်မှာ ကန်ရေပြင်ဟာ ငွေရောင်လဲ့လဲ့သမ်းနေပါတယ်။ ဘေးနားက တောအုပ်ဟာလည်း တသုန်သုန် တိုက်ခိုက်နေတဲ့လေကြောင့် သစ်ရွက်လှုပ်ရှားသံတွေက မကြာမကြာ ကြားနေရပါတယ်။ ဟန်ကျွယ်ရဲ့ နားထဲမှာတော့ လေတိုက်သံ သစ်ရွက်ချင်း ထိခိုက်သံ ပုစဉ်းအော်မြည်သံတွေက စည်းချက်ကျနတဲ့ သံစဉ်တစ်ပုဒ်လိုပါပဲ။

“ဝှစ်...”

ဟန်ကျွယ်နောက်က မြက်ဖုတ်ကနေ အသံထွက်လာတာပါ။ ဟန်ကျွယ်နဲ့ မလှမ်းမကမ်းမှာ အိမ်မွေးကြောင် ခပ်သာသာရှိတဲ့ မြေခွေးနီလေးတစ်ကောင် ပေါ်လာပါတယ်။ မြေခွေးနီလေးဟာ သူ့ရဲ့အရည်ရွှဲလဲတဲ့ မျက်လုံးကြီးတွေကို တဖျပ်ဖျပ်ခတ်ရင်း ဟန်ကျွယ်ကို စိုက်ကြည့်နေပါတယ်။

အတန်ကြာ တုံ့ဆိုင်းနေပြီး နောက်မှာတော့ မြေခွေးနီလေးဟာ ဟန်ကျွယ်ဘေးနားကို လျှောက်လာပြီး လူသားတစ်ယောက်လို ဒူးထောက်ကာ မြက်ခင်းပြင်နဲ့ ခေါင်းကို ထိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဆက်မှိတ်ထားပြီး မြေခွေးနီလေး ရောက်လာတာကို သတိမမူမိတဲ့အလား တိတ်ဆိတ်နေပါတယ်။ မြေခွေးနီလေးက အသံပြုပေမဲ့ ဟန်ကျွယ်ဟာ တုတ်တုတ်တောင် မလှုပ်ပါဘူး။ မြေခွေးနီလေးဟာ အနည်းငယ် စိုးရိမ်ကြောင့်ကြသွားပေမဲ့ ဆက်ပြီးတော့ ဒူးထောက်ပါတယ်။

လရောင်ခြည် ပျောက်ဆုံးလို ညအမှောင်ထု ကုန်ဆုံးကာ နေအလင်းသစ်ကို ရောက်ရှိလာပါတယ်။ ဒီလို့ နေညအလီလီ ပြောင်းရင် ဆယ်ရက် ကြာသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဘေးနားက ကြက်သွေးရောင်သမ်းနေတဲ့ မြေခွေးနီလေးကို တစ်ချက်ကြည့်ကာ ပြောလိုက်ပါတယ် “ဘာလို့ ငါ့ကို ရှိခိုးတာလဲ”

ကြက်သွေးရောင် မြေခွေးနီက ပြန်ဖြေပါတယ် “ဆရာနဲ့ ကျင့်ကြံချင်လို့ပါ”

“ငါက သာမန်သေမျိုးတစ်ယောက်၊ ကျင့်ကြံတာကို သိပ်မသိဘူး”

“ကျွန်ုပ်က တမူထူးခြားတဲ့ မျက်စိနဲ့ မွေးဖွားလာတာ ဖြစ်တဲ့အတွက် ဝိညာဉ်တွေကို ချောင်းကြည့်နိုင်တယ်၊ ဒါပေမဲ့ ဆရာရဲ့ ဝိညာဉ်ကိုတော့ ချောင်းကြည့်လို့ မရဘူး”

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို စိတ်မဝင်စားပါဘူး။ စနစ်ရဲ့ စံအဆင့်ကို မရောက်တဲ့အတွက် ဒီမြေခွေးနီးရဲ့ အရည်အချင်းက သာမန်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဟန်ကျွယ်ဟာ ရေအိုင်နားကနေ ထွက်ခွာသွားပါတယ်။ ကြက်သွေးရောင် မြေခွေးနီက နောက်ကနေ လိုက်ပါတယ်။ လူတစ်ယောက်နဲ့ မြေခွေးတစ်ကောင်ဟာ လောကကြီးကို ခြေလျင် လှည့်လည်ပါတယ်။

ဟန်ကျွယ်ဟာ ကြက်သွေးရောင် မြေခွေးနီကို မောင်းမထုတ်ပါဘူး။ မြေခွေးလေးရဲ့ စိတ်က ဘယ်လောက်ထိ ပြတ်သားလဲဆိုတာကို မြင်ချင်တာလည်း ပါပါတယ်။

အဲဒီနောက်ပိုင်း နှစ်တွေမှာ ဟန်ကျွယ်နဲ့ မြေခွေးနီဟာ သဘာဝကပ်ဘေးမျိုးစုံနဲ့ ရှုမငြီးတဲ့ မြင်ကွင်းမျိုးစုံကို တွေ့ကြုံခံစားခဲ့ရပါတယ်။ မကြာမကြာဆိုသလိုလည်း အသွင်ပြောင်းထားတဲ့ သက်ရှိတွေနဲ့ ရင်ဆိုင်တွေ့ကြုံရပါတယ်။

ဟန်ကျွယ်က တခြားသက်ရှိတွေကို အရင်ဆုံး ဘယ်တော့မှ ရန်မစတဲ့အတွက် တစ်ခါမှ အတိုက်ခိုက် မခံခဲ့ရပါဘူး။ ဟန်ကျွယ်ကိုယ်တိုင်ကလည်း ရတနာမရှိနိုင်တဲ့ပုံ ပေါက်နေတာကိုး။

နှစ် ၂၀၀ ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လူသားမြို့တစ်မြို့ကို ရောက်လာပါတယ်။ အဝေးကနေ လှမ်းကြည့်ရင် ကောင်းကင်တစ်ခုလုံး သဲတွေပြည့်နေပြီး ဒီမြို့ကြီးကို အချိန်မရွေး ဝါးမြိုသွားတော့မဲ့ အတိုင်းပါပဲ။

ဟန်ကျွယ်ဟာ သူ့နောက်က ကြက်သွေးရောင် မြေခွေးနီကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “ဒီနေရာမှာပဲ အဆုံးသတ်ရအောင်”

စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ပြီး သဲတွေကြားမှာ ကွယ်ပျောက်သွားပါတယ်။

ကြက်သွေးရောင် မြေခွေးနီဟာ ဆက်မလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆက်လိုက်ရင် သေမှာကျိန်းသေနေလိုပါပဲ။ ဒါပေမဲ့ မြေခွေးနီဟာ အဲဒီနေရာကနေ ထွက်မသွားပါဘူး။ တစ်နေရာမှာ ဝပ်တွားရင် အဝေးမှာရှိတဲ့ မြို့ကြီးကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မြို့ဂိတ်ကို ရောက်သွားတဲ့အခါ မြို့ဂိတ်ကို စောင့်ကြပ်နေတဲ့ စစ်သားတွေကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အစေင့်တွေကို စိတ်ဝိညာဉ်ကျောက်တုံး ပေးပြီး မြို့ထဲဝင်လိုက်ပါတယ်။

မြို့ထဲရောက်တဲ့အခါ ဟန်ကျွယ်ရဲ့ ချောမောတဲ့ မျက်နှာကြောင့် လူအများ အာရုံစိုက်တာကို ခံရပါတယ်။ ဟန်ကျွယ်ဟာ ပြဿနာတက်မှာ မကြောက်တာကြောင့် သူ့ရုပ်ရည်ကို အလုပ်ရှုပ်ခံပြီး မဖုံးကွယ်တာပါ။ ဟန်ကျွယ်သာ စိတ်ရှိမယ်ဆိုရင် အသက်ရှူချက်တစ်ချက်နဲ့ မြို့တစ်မြို့လုံးကို အမှုန့်ဖြစ်အောင် လုပ်လို့ရပါတယ်။

ဒီမြို့က အပြင်ကနေ ကြည့်သလောက် ခြောက်ကပ်မနေပါဘူး။ သူ့ဟာနဲ့သူတော့ တော်တော်လေး စည်ကားပါတယ်။ လမ်းဘေးမှာလည်း သစ်ပင်တွေကို မကြာမကြာ တွေ့မြင်နိုင်တဲ့အတွက် ရှုခင်းမဆိုးဘူးလို့ ပြောလို့ရပါတယ်။

ဟန်ကျွယ်ဟာ စားသောက်ဆိုင်တစ်ဆိုင်ထဲ ကျပမ်းဝင်သွားပြီး ဒုတိယထပ်ရဲ့ ‌ထောင့်တစ်နေရာမှာ ကောက်ထိုင်လိုက်ပါတယ်။ စားပွဲထိုးဆီက စားသောက်ဖွယ်ရာတွေ မှာကြားပြီးတဲ့နောက် ဟန်ကျွယ်ဟာ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ တကုပ်ကုပ် လှုပ်ရှားနေတဲ့ လူတွေကိုကြည့်ရင်း ဟန်ကျွယ်ဟာ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်မျိုးကို ခံစားလိုက်ရပါတယ်။

သိပ်မကွာဝေးတဲ့ အချိန်တစ်ခုတုန်းကလည်း ဟန်ကျွယ်ဟာ ဒီတကုပ်ကုပ် အလုပ်ရှုပ်နေတဲ့ လူတွေအများကြီးထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။

“မင်းကြည့်ရတာ စိတ်တွေ ရှုပ်ထွေးနေသလိုပဲ”

ရယ်သံတစ်သံကြောင့် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ သူ့ဆီ လျှောက်လာတဲ့ တာအိုရောင်းရင်းတစ်ဦးကို တွေ့လိုက်ရပါတယ် ‘အင်း... ဒီလူက မဟာညီညွတ်မှု ရွှေအင်မော်တယ်ပါလား...’

မုတ်ဆိတ်မွေး တကားကားနဲ့ တာအိုရောင်းရင်းဟာ ဟန်ကျွယ်ရှေ့မှာထိုင်ပြီး ပြုံးလိုက်ပါတယ် “အခုလို တွေ့ဆုံရတာက ရေစက်ရှိလို့လဲ၊ မင်းစိတ်ထဲမှာ မရှင်းတာရှိရင် ငါ့ကို မေးလို့ရတယ်၊ ကိုယ်တိုင်ထက် တခြားသူတွေက အဖြေကို ရှင်းရှင်းလင်းလင်း ပိုမြင်ရတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters