လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်၊ ပြီးပြည့်စုံသော တာအိုပညာရှိ
Vol. 47 Ch. 518
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်မလာခင်ကတည်းက ဟန်ကျွယ်ဟ တာအိုကို ရယူနိုင်တဲ့ အနေအထားကို ရောက်ရှိပြီးပါပြီ။ ဒီခံစားချက်က အရမ်းပဲ ထူးဆန်းပါတယ်။ တံခါးဝမှာ ရပ်နေသလိုမျိုး နောက်ထပ် ခြေတစ်လှမ်း လှမ်းတာနဲ့ တာအိုပညာရှိဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ပါ။
ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံပြီး အဆင့်ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုပညာရှိအဆင့်ကို ထိုးဖောက်တဲ့ နည်းလမ်းကတော့ အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်တာပါ။
ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားက တာအိုပညာရှိ နှလုံးသားအသွင် ပြောင်းလဲပြီးပြီမို့ ဟန်ကျွယ်ရဲ့ ဝိညာဉ်သာ အဂ္ဂဝိညာဉ်အသွင် ပြောင်းလဲဖို့ပဲ ကျန်ပါတော့တယ်။
နှစ်ငါးဆယ်ကြာတဲ့ အခါမှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုလုံးကို ကြီးမားကျယ်ပြန်တဲ့ ရောင်ဝါတစ်ခုက လွှမ်းခြုံသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေလည်း အထိတ်တလန့် ဖြစ်သွားကြပြီး သူတို့ကျင့်ကြံရာနေရာတွေကနေ ထွက်လာကြပါတယ်။
“ဒီရောင်ဝါက...”
“ဒါ တာအိုပညာရှိရဲ့ ရောင်ဝါပဲ၊ ငါ တာအိုပညာရှိ တာအိုဟောကြားတာကို နားထောင်ဖူးတယ်၊ ဒီလိုဖိအားမျိုးကို ငါ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး...”
“တာအိုပညာရှိတစ်ပါးပါးက တိုက်ခိုက်နေတာလား”
“မဖြစ်နိုင်ဘူး... ဂိုဏ်းချုပ် အဆင့်ထိုးဖောက်နေတာ ဖြစ်ဖို့ များတယ်”
“ဂိုဏ်းချုပ်က တကယ်ကို တာအိုပညာရှိပဲ”
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ အချင်းချင်း ဆွေးနွေးကြပါတယ်။ သူတို့ရဲ့ ဆွေးနွေးမှုကြောင့် ဒီသတင်းဟာ တိတ်ဆိတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို တောမီးလို ပျံ့နှံ့သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဒီဖိအားက ရန်သူဆီကလာတာ မဟုတ်တဲ့အတွက် သက်သာရာ ရသွားကြပါတယ်။
ဟန်ကျွယ် အဆင့်ထိုးဖောက်တာကိုတော့ တပည့်တွေဟာ သာမန်ဖြစ်စဉ်တစ်ခုလိုပဲ သဘောထားကြပါတယ်။ ဟန်ကျွယ်ရဲ့ အဆင့်ထိုးဖောက်နှုန်းကလည်း စိတ်အလျင်လို လျင်မြန်လွန်းတာကိုး။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်စစ်တွေဟာ ဟန်ကျွယ်ရဲ့ အဆင့်ထိုးဖောက်မှုကြောင့် ပိုလို့တောင် ကြိုးစားကျင့်ကြံလာကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အလွန်တရာ ကျယ်ဝန်းတဲ့ စကြဝဠာဆီ ဝင်ရောက်သွားပါတယ်။ ဒီစကြဝဠာက ဟန်ကျွယ်ရဲ့ ဝိညာဉ်ထဲမှာရှိနေတဲ့ ကြယ်ပင်လယ်ပါ။
မရေမတွက်နိုင်တဲ့ ကြယ်တွေ စတင် မွေးဖွားလာပြီး ရှိနှင့်ပြီးသား ကြယ်တွေဟာလည်း တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်လာတာကြောင့် ကြယ်ပင်လယ်တစ်ခုလုံး လင်းထိန်သွားပါတယ်။
ကြယ်တွေအကုန်လုံးရဲ့ အထက်မှာ မရေမတွက်နိုင်တဲ့ လောကဦးချီတွေ ထွက်ပေါ်လာပြီး အတူတူခဲသွားပါတယ်။ အချိန်တစ်ခု ကြာတဲ့အခါမှာတော့ လောကဦးချီတွေ ခဲရာကနေ နန်းတော်တစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီနန်းတော်ရဲ့ ပတ်လည်မှာလည်း နတ်ဘီလူး ၄၉ ပါးရဲ့ ရုပ်တုတွေ ရှိနေပါတယ်။ နတ်ဘီလူးတွေက ရက်စက်ယုတ်မာပုံပေါ်ပြီး ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ နတ်ဘီလူးရုပ်တုတိုင်းရဲ့ ကိုယ်ဟန်ဟာ ခြားနားနေပြီး ရုပ်တုတစ်ခုချင်းစီကို ဝင်းခြံတစ်ခုက သီးခြားထားပါတယ်။
အဂ္ဂနန်းတော်။
ဒီနန်းတော်က ဟန်ကျွယ်ရဲ့ တာအိုအသီးဆိုလည်း မမှားပါဘူး။
လောကဦးချီဟာ အဂ္ဂနန်းတော်ထဲ ထိုးဝင်ပြီးနောက် ဓမ္မစွမ်းအားထက် ပိုမြင့်တဲ့ စွမ်းအင်တစ်မျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ ပုံရိပ်ယောင်ဟာ အဂ္ဂနန်းတော်ထက်မှာ ပေါ်လာပါတယ်။ ဒီပုံရိပ်ယောင်က ဟန်ကျွယ်ဝိညာဉ် ကိုယ်ထင်ပြတာဆိုရင်လည်း မမှားပါဘူး။
မြင့်မြတ်တဲ့စွမ်းအားဟာ အဂ္ဂနန်းတော်ထဲကနေ ဟန်ကျွယ်ဝိညာဉ်ရဲ့ ပုံရိပ်ယောင်ဆီ ထိုးတက်ပြီး ဟန်ကျွယ်ဝိညာဉ်ကို အသွင်ပြောင်းဖို့ ကူညီပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ဟာ ရောင်ခြည်ခုနစ်ပါး ထွက်ပေါ်လာပြီး ကြယ်ပင်လယ်တစ်ခုလုံးကို နေ့ခင်းအလား တောက်ပ လင်းထိန်သွားစေပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို နားလည်သလို ရှိသွားပြီး သူ့အသံဟာ ကြယ်ပင်လယ်မှာ ပဲ့တင်ထပ်သွားပါတယ်။
“ဒီလောကကို လောကဦးပဋိပက္ခလို့ ခေါ်တယ်”
ကြယ်ပင်လယ်ထဲမှာရှိတဲ့ သက်ရှိအားလုံး ဟန်ကျွယ်အသံကို ကြားလိုက်ရပါတယ်။ သက်ရှိတွေဟာ ဘယ်သူစကားပြောနေလဲဆိုတာကို နားမလည်နိုင်တဲ့အတွက် အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။
နန်းတော်တစ်ခုထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ထူးဆန်းတဲ့ အမူအရာရှိနေပြီး သူ့မျက်လုံးတွေက အံဩမှင်သက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
“လောကဦးပဋိက္ခ... ပဋိပက္ခ... သူ့က ဘယ်လို တည်ရှိမှုမျိုးလဲ...”
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ရဲ့ နောက်ခံကို အမြဲတမ်း သိချင်နေခဲ့တာပါ။ အထူးသဖြင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်က လုံးဝကို ယုတ္တိမရှိတာပါ။ ဒါကြောင့် ဟန်ကျွယ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါး ပြန်မွေးဖွားတာ ဖြစ်လိမ့်မယ်လို့ ခံယူထားပါတယ်။ အခု ဟန်ကျွယ်ဟာ ကြီးမားတဲ့ ကံတရားကို မကြောက်ဘဲ လောကဦးပဋိပက္ခကို ဖန်တီးလိုက်တဲ့အတွက် ဝတ်ရုံဖြူဗုဒ္ဓကို ပိုလို့တောင် အံအားသင့်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ရေရွတ်သံကို ကြားပေမဲ့ ဂရုမစိုက်ဘဲ အဆင့်ထိုးဖောက်တာကိုပဲ အာရုံစိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်က တာအိုစက်ကွင်းထဲမှာရှိတဲ့ တာအိုပညာရှိအားလုံးနဲ့ ဘိုးဘေးရှီတျန်ဟာ မျက်စိတ်ဖွင့်လိုက်ကြပါတယ်။ ဘိုးဘေးရှီတျန်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖြေမထွက်လို့ပါ။
“တာအိုကို ဘယ်သူ ရယူနေတာလဲ” ဘိုးဘေးရှီတျန်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် တစ်ခဏ တုံ့ဆိုင်းသွားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘိုးဘေးရှီတျန်ဟာ ထိုင်ရာကနေ ထလိုက်ပါတယ်။
တခြားတစ်ဖက်မှာတော့ တာအိုဂိုဏ်းရဲ့ တာအိုပညာရှိလေးပါးဟာ စုဝေးလိုက်ကြပါတယ်။
“တစ်ယောက်ယောက်က တာအိုကို ရယူနေပြီ” တောင်ဘက်စွန်း ကောင်းကင်အရှင်က မျက်နှာပျက်ပျက်နဲ့ ပြောလိုက်ပါတယ်။
သူတို့ရဲ့ မျက်လုံးအောက်မှာ တစ်ယောက်ယောက်က တာအိုရယူနိုင်တဲ့ အနေအထားကို ရောက်ရှိသွားတာပါ။ ဒီထက်ပိုဆိုးတာက တာအိုကို ဘယ်သူရယူနေလဲဆိုတာ တွက်ချက်မရတာပါ။
လီမုယဲ့ဟာ မျက်တောင်ခတ်လိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်များလား...”
တာအိုပညာရှိ ကျင်းအန်းက ပြောလိုက်ပါတယ် “သူ မဟုတ်ဘူးဆိုရင်တောင် တိတ်ဆိတ်ဂိုဏ်းနဲ့ ကျိန်းသေပေါက် ပတ်သက်နေလိမ့်မယ်၊ ငါတို့ တာအိုပညာရှိတွေက အင်မော်တယ်ကမ္ဘာထဲ ဝင်လို့မရဘူး၊ ငါတို့တပည့်တွေကလည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ဝင်လို့မရဘူးဆိုတော့ ဒီလူ တာအိုရယူတာကို ငါတို့ ထိုင်ကြည့်နေရာမှာပဲ၊ အခု ငါတို့လုပ်ရမှာက တိတ်ဆိတ်ဂိုဏ်းအပေါ် သဘောထားပြောင်းဖို့ပဲ”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
အဲဒီနောက် တာအိုပညာရှိလေးပါးစလုံး တိတ်ဆိတ်သွားပါတယ်။
တာအိုဂိုဏ်းရဲ့ တာအိုပညာရှိလေးပါးကလွဲရင် ကျန်တဲ့တာအိုပညာရှိတွေဟာလည်း လန့်သွားကြပါတယ်။
ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အိပ်မက်ပေးပါတော့တယ်။
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို လျစ်လျူရှုထားလိုက်ပါတယ်။ ဒါပေမဲ့ ချုံရှီလိုင်ဟာ ထုံးစံအတိုင်း ဆက်တိုက် အိပ်မက်ပေးပါတော့တယ်။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးချင်နေ၏။ လက်ခံမည်လော။]
[သင်သည် တာအိုရရှိရန် အဆင့်ထိုးဖောက်နေကြောင်း စစ်ဆေးမိ၏။ ဤအချိန်သမယသည် တစ်မူထူးခြားသော အချိန်အခါ ဖြစ်သောကြောင့် အလိုအလျောက် အကာအကွယ်အား အသက်သွင်းလိုက်ပါပြီ။ ထို့ကြောင့် အဆင့်ထိုးဖောက်နေစဉ်အတွင်း သင့်အား မည်သူမျှ အိပ်မက်မပေးနိုင်တော့ပါ။]
ချုံရှီလိုင်ကြောင့် ဒေါသထွက်ခါနီး ဖြစ်သွားတဲ့ ဟန်ကျွယ်ဟာ စနစ်ရဲ့ အသိပေးချက်ကြောင့် စိတ်သက်သာရာ ရသွားပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ ချုံရှီလိုင် ဒီလို အိပ်မက်အများကြီးပေးတာက ချုံရှီလိုင်ရဲ့ ပင်ကိုယ်စရိုက်ကြောင့်လို့ တွေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ချုံရှီလိုင်က သောက်ရူးတစ်ယောက်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲမှာ တေးထားလိုက်ပြီး တာအိုရရှိပြီးမှ လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ကို ငြိမ်အောင် ထိန်းသိမ်းပြီး တာအိုကို ဆက်လက် ရယူပါတယ်။ ဟန်ကျွယ်ဟာ အဂ္ဂနန်းတော်ကို အောင်မြင်စွာခဲပြီး သူ့ဝိညာဉ်ကိုလည်း အဂ္ဂဝိညာဉ်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်မယ်ဆိုရင် တာအိုပညာရှိ ဖြစ်သွားမှာပါ။
နောက်ထပ် နှစ်တစ်ရာ ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုကို အောင်မြင်စွာ ရရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားတွေဟာ အကန့်အသတ်မရှိတဲ့ တာအိုပညာရှိစွမ်းအားအဖြစ် ပြောင်းလဲသွားပါတယ်။ အဂ္ဂဝိညာဉ်လည်း မွေးဖွားလာပါတယ်။
ဟန်ကျွယ်ဟာ ပျော်ရွှင်လွန်းလို့ ဟစ်ကြွေးလိုက်ချင်ပေမဲ့ သူ့စိတ်ကို အချိန်မီ ထိန်းနိုင်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ကိုယ်ရေး အကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၃၅,၈၁၀/၁၂၀,၉၉၀,၀၀၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နှစ်ဆနီးပါး တိုးသွားပြီး ၁၂၀ ပကောဋိ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို ကြည့်ပြီး ပဟေဠိ ဖြစ်သွားပါတယ် ‘ငါက ဒီအဆင့်ရောက်တာတောင် ထာဝရ အသက်မရှင်နိုင်သေးဘူးလား...’
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့သက်တမ်းက ထာဝရအသက်နဲ့ ညီမျှနေတာကို တွေးမိလိုက်ပါတယ်။ ဒီလောက်ရှည်လျားတဲ့ သက်တမ်းက သေမျိုးတွေရဲ့ မျက်လုံးထဲမှာ ထာဝရအသက်ထက်တောင် ပိုနေပါသေးတယ်။ နောက်ပြီး ဟန်ကျွယ် အဆင့်ထိုးဖောက်တိုင်း ဟန်ကျွယ်ရဲ့ သက်တမ်းတွေက ဆက်တိုက် တိုးတက်နေတာ မဟုတ်ပါလား။
လောကဦး နတ်ဘီလူးကို မသတ်နိုင် မဖျက်ဆီးနိုင်ဆိုတဲ့ အဓိပ္ပာယ်က ဒီအခြေအနေကို ရည်ညွှန်းတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ကျင့်ကြံမှုကို ခိုင်ခံ့အောင် ဆက်လက် ကျင့်ကြံပါတယ်။
တစ်ချိန်တည်းမှာပဲ အန္တိမမူလ မဟာတာအိုကို ကျင့်ကြံအားထုတ်ထားတဲ့ တိတ်ဆိတ်ဂိုဏ်းသား အားလုံးရဲ့ ကံတရား အထောက်အပံ့တွေ ကျင့်ကြံမှုတွေသာ တိုးတက်သွားပါတယ်။ ဒီခံစားချက်က အလွန်တရာမှ သိသာတဲ့အတွက် သူတို့တွေ အံဩမှင်သက်သွားကြပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်စစ်တွေကတော့ ဒီကိစ္စက သူတို့ဆရာသခင် အဆင့်ထိုးဖောက်တာနဲ့ ဆက်စပ်နေမှန်း သိကြပါတယ်။ အမည်ခံတပည့်တွေကတော့ ဂိုဏ်းချုပ်က ဆန်းကြယ်စွမ်းအား သုံးလိုက်တယ်လို့ပဲ ထင်ကြပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ တောင်ကြားတစ်ခု...
အစီအရင်တစ်ခုထဲမှာ တရားထိုင်နေတဲ့ ဟန်ထော်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်တွေကို ကြည့်ကာ အံအားသင့်သွားပါတယ်။
“ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘာဖြစ်လို့ ငါရဲ့ ကျင့်ကြံမှုအလျင်က ရုတ်တရက်ကြီး တိုးသွားရတာလဲ” ဟန်ထော်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ဟန်ထော်ဟာ ဒီခံစားချက်ကို မှတ်မိနေပါသေးတယ်။ သူ ငယ်ငယ်တုန်းကလည်း ဒီလိုမျိုး ခံစားခဲ့ရပြီး သူ့အရည်အချင်းက ရုတ်တရက် ထိုးတက်သွားခဲ့တာ မဟုတ်ပါလား။
‘ငါက ငါခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ထပ်ပြီးတော့ ထိုးဖောက်နိုင်လိုက်တာများလား..’ ဟန်ထော်ဟာ အရမ်း စိတ်လှုပ်ရှားသွားပါတယ် “မင်းတို့တွေ စောင့်နေကြ၊ ငါ အဆင့်ထိုးဖောက်တာ အောင်မြင်တာနဲ့ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်” ဟန်ထော်ဟာ သူ့ရန်သူတွေကို ကြိမ်းမောင်းလိုက်ပြီး တရားဆက်ထိုင်ပါတယ်။
နှစ်ငါးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ လုံးဝ မြဲမြံသွားပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ တာအိုပညာရှိစစ်စစ် ဖြစ်သွားပါပြီ။
[သင်သည် သင့်အင်အားဖြင့် တာအိုကို ရရယူပြီး ပြီးပြည့်စုံသော တာအိုပညာရှိ ဖြစ်လာသဖြင့် အောက်ပါရွေးချယ်မှုများထဲမှာ တစ်ခုကို ရွေးချယ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ကောင်းကင်ဘုံများကို ဖိနှိပ်ပြီး အစွမ်းအထက်ဆုံး တာအိုပညာရှိ ဖြစ်လာပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးရာတွင် နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုပညာရှိ အဆင့်ရှိသည့် တာအိုစက်ကွင်းအစောင့် တစ်ယောက်အား ရရှိမည်။]
ဟန်ကျွယ်ဟာ ရွေးချယ်မှုနှစ်ခုကို ဖတ်ပြီးတာနဲ့ နံပါတ်နှစ်ကို ချက်ချင်း ရွေးချယ်လိုက်ပါတယ်။
‘ဝိုး... တာအိုပညာရှိအဆင့်ရှိတဲ့ တာအိုစက်ကွင်းအစောင့်ဆိုပါလား...’
[သင်သည် သိုသိုသိပ်သိပ် ဆက်လက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ အကောင်းစား ရတနာ တစ်ပါး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုပညာရှိ အဆင့်ရှိသည့် တာအိုစက်ကွင်းအစောင့် တစ်ယောက်အား ရရှိပါသည်။]
[ကောင်းကင်တာအိုထိန်းဝတ်ရုံကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်တာအိုထိန်းဝတ်ရုံ: ကောင်းကင်တာအို ခံစစ် အကောင်းစား ရတနာ။ ကံတရား ဆန်းကြယ်စွမ်းအားများကို ခုခံနိုင်ပြီး သာမန်တာအိုပညာရှိများ၏ အစွမ်းအထက်ဆုံး တိုက်ချက်ကို ခုခံနိုင်သည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။