အရူးအမူး ကျိန်စာတိုက်ခြင်း
Vol. 47 Ch. 520
“သူ့ကို ကောင်ကင်တာအို အပြင်ဘက် မျှားခေါ်ရမယ်၊ ဒီလိုလုပ်ဖို့ မလွယ်ဘူး” တာအိုပညာရှိ ကျင်းအန်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တာအိုပညာရှိ ကျင်းအန်းဟာ ဟန်ကျွယ်ကို ရှင်းပစ်ချင်ပေမဲ့ ရင်ဆိုင်ဖို့ ခက်ခဲတယ်ဆိုတာကို ဆဋ္ဌမအာရုံကနေ သိနေပါတယ်။
ဟန်ကျွယ်က လီမုယဲ့ထက်တောင် ရင်ဆိုင်ဖို့ ခက်ခဲတယ်လို့ တာအိုပညာရှိ ကျင်းအန်း ခံစားနေရတာပါ။
မှန်ထဲမှာရှိနေတဲ့ ရုပ်သွင်က ပြောလိုက်ပါတယ် “ခက်ခဲတယ်ဆိုရင်တောင် ငါတို့ လုပ်ကို လုပ်ရမယ်၊ မဟုတ်ရင် ကောင်းကင်တာအိုကို ကျော်တက်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး၊ မင်းက အမြဲတမ်း ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ် ဖြစ်နေလိမ့်မယ်”
တာအိုပညာရှိ ကျင်းအန်ဟာ မျက်နှာပျက်သွားပြီး အံကြိတ်ကာ သဘောတူလိုက်ရပါတယ်။
နှစ်တစ်ရာ တာအိုဟောကြားပြီးတာနဲ့ ဟန်ကျွယ်ဟာ တိတ်တဆိတ် မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။
ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကြောင့် တပည့်အတော်များများဟာ တာအိုနားထောင်ရင်း အဆင့်ထိုးဖောက်သွားကြပါတယ်။ တာအိုပညာရှိ တာအိုဟောကြားတာက တာအိုပညာရှိအတု တာအိုဟောကြားတာနဲ့ အဆင့်ကြီးတစ်ခု ကွာခြားပါတယ်။ ဖြူမည်းတီဗီနဲ့ ရောင်စုံတီဗီ ကွာသလိုမျိုးပေါ့။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ချုံရှီလိုင်ကို ကျိန်စာတိုက်ပါတော့တယ်။ ချုံရှီလိုင်က သူ တာအိုရယူစဉ်မှာ ဒုက္ခပေးဖို့ ကြိုးစားခဲ့တဲ့အတွက် သင်ခန်းစာမပေးလို့ မဖြစ်ပါဘူး။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကံကြမ္မာမြစ်ထဲသို့ ဝင်ရောက်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်၏ ဝိညာဉ်သည် လောကဦးခေတ်ကို ဖြတ်သန်းရာ ရှေးဟောင်း ကပ်ဘေးသခင်၏ ဟန့်တားမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၇၈၂၉
[သင့်သား ဟန်ထော်သည် သင့်မိတ်ဆွေ ကျန်းကူရှင်း၏ လမ်းညွှန်မှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် တာအိုဟောကြားမှုကို နားထောင်ရင်း ဆန်းကြယ်စွမ်းအား တစ်ပါးကို သိနားလည်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တပည့် ကျိုးဖန်သည် သင့်မိတ်ဆွေ ခုနစ်ပါးတာအိုပညာရှိ၏ အိပ်မက်ကို ရရှိပြီး သုံသပ်နားလည်နိုင်စွာ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် တာအိုပညာရှိအတုအဆင့်သို့ ရောက်ရှိသွား၏။]
ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ဝင်တစား ဖတ်ရှုပါတယ်။ လောကဦးခေတ်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားချည်လာချည် လုပ်နေတဲ့ ဖန်းလျန်ဟာ နောက်ဆုံးတော့ အပြစ်ပေးခံလိုက်ရပါပြီ။ ဒါပေမဲ့ အသက်မသေသေးတဲ့အတွက် ကိစ္စတော့ မရှိပါဘူး။
‘ဒီရှေးဟောင်း ကပ်ဘေးသခင်က ဘယ်သူများလဲ... ပန်ရှင်းကလည်း ဒီကောင့်လက်ကနေ ထွက်ပြေးနေတာပဲ...’ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးရင် တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းကူရှင်းနာမည်ကို ထပ်တွေ့လိုက်ရတဲ့အတွက် သက်ပြင်းချမိသွားပြီး အတိတ်ကို ပြန်တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူနဲ့သူသားက ကျန်းကူရှင်းနဲ့ ရေစက်ပါလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်တစ်ခုခုဖြစ်မှာကို မစိုးရိမ်ပါဘူး။ တတက်ယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်လည်း ဘယ်လောက်ပဲ ဝေးကွာနေပါစေ ဟန်ကျွယ်က တွက်ချက်လို့ရတဲ့အတွက် အနည်းဆုံးတော့ ဟန်ထော်အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။
ဝိညာဉ်သာ ဘာမှမဖြစ်ဘူးဆိုရင် ဟန်ကျွယ်ဟာ ဟန်ထော်သေရင်တောင် လှုပ်ရှားမှာ မဟုတ်ပါဘူး။ ထိပ်သီးစစ်စစ်တွေက ကိုယ့်အားကိုယ်ကိုးကြတာပါ။
ဟန်ကျွယ်ဟာ ဟန်ထော်က ပြဿနာတက်တိုင်း သူ့ဆီက အကူအညီတောင်းမှာကို မလိုချင်ပါဘူး။ ကုန်ကုန်ပြောရရင် သူ့ဆီ အကူအညီတောင်းလိုတဲ့စိတ်တောင် မဖြစ်စေချင်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ထော်ကိုတော့ တော်တော်ချစ်ပါသေးတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်တစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်လာတာကို မျှော်လင့်နေတာပါ။ အနာဂတ်မှာ ဟန်ထော်က တိတ်ဆိတ်ဂိုဏ်းရဲ့ ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်လာရင်လည်း မဆိုးလှပါဘူး။
ဟန်ကျွယ်ဟာ ကျိုးဖန်က ခုနစ်ပါးတာအိုပညာရှိဆီကနေ အိပ်မက်ရလိုက်တာကို သတိထားမိသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်လို့ မရပါဘူး။ ခုနစ်ပါးတာအိုပညာရှိက ဘိုးဘေးရှီတျန်လိုမျိုး တည်ရှိမှုတစ်ခု ဖြစ်တဲ့အတွက် ပေါ့ဆလို့မရပါဘူး။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချပြီး ရှေးဟောင်း ကပ်ဘေးသခင်ကို တွက်ချက်ကြည့်လိုက်ပါတယ်။
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၄ ဘီလီယံတောင်... ဒါက လီမုယဲ့ကို တွက်ချက်တာနဲ့ အတူတူပါပဲလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
ချက်ချင်းဆိုသလို ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခုပေါ်လာပြီး သူ့မြင်ကွင်းထဲမှာ စာကြောင်းတွေလည်း ပေါ်လာပါတယ်။
[ကျင်ရှန့်: တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်၊ ရှေးဟောင်း ကပ်ဘေးသခင်။ ကျင်ရှန့်သည် ကောင်းကင်တာအို၏ ကံတရား အထောက်အပံ့ကို ထိန်းချုပ်ပြီး အနန္တကပ်ဘေး ဖြစ်ပေါ်စေရန် တာဝန်ယူရ၏။ သူ့ကျင့်ကြံမှုသည် တာအိုပညာရှိအတုအဆင့်ထက် ကျော်လွန်သွားသော်လည်း သူ့ရာထူးကြောင့် ဘယ်သောအခါမျှ တာအိုပညာရှိ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူသည် အမှောင်တားမြစ်နယ်မြေ၌ တစ်ချိန်လုံး ပုန်းအောင်းနေပြီး အင်မော်တယ်ကမ္ဘာကို ချောင်းကြည့်နေ၏။]
‘ကျင်ရှန့်... ဒီနာမည်ကို ငါ ဘာလို့ အရင်က မကြားဖူးတာလဲ၊ ဒီကျင်ရှန့်က ကပ်ဘေးဖြစ်အောင် ဆောင်ရွက်ရတာဆိုတော့ ပေါ့ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ခုနစ်ပါးတာအိုပညာရှိကို တွက်ချက်လိုက်ပါတယ် “ခုနစ်ပါး တာအိုပညာရှိက ကျိုးဖန်ကို ဘာလို့ လမ်းညွှန်ပေးတာလဲ”
[သက်တမ်း ၁၄ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား...’ ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပေမဲ့ ဆက်တွက်ဖို့ ရွေးချယ်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိပါဘူး။
[ခုနစ်ပါး တာအိုပညာရှိသည် သူ့ဘေးဒုက္ခအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။ ခုနစ်ပါး တာအိုပညာရှိသည် ကျိုးဖန်အား လမ်းညွှန်ရုံသာဖြစ်ပြီး သင့်အပေါ်တွင် မည်သည့်အကြံအစည်မျှ မရှိပါ။]
‘သူ့ဘေးဒုက္ခအတွက် ပြင်ဆင်နေတာ... သူလို တည်ရှိမှုမျိုးက ဘယ်လို ဘေးဒုက္ခကို ရင်ဆိုင်ရမှာမို့လို့လဲ...’
ဟန်ကျွယ်ဟာ သိချင်သွားပါတယ်။ ဒါပေမဲ့ ခုနစ်ပါး တာအိုပညာရှိက သူ့ကို ဒုက္ခမပေးတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။
လေးငါးဆယ်ရက် နားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်ထုတ်ပြီး တာအိုပညာရှိကျင်းအန်းကို ကျိန်စာတိုက်ပါတယ်။ တာအိုပညာရှိကျင်းအန်းက သူ့အပေါ် ကြယ်ငါးပွင့်တောင် မုန်းတီးနေတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုပညာရှိကျင်းအန်း မသေမချင်း ဒုက္ခပေးမှာပါ။
ဟန်ကျွယ်ဟာ အကြောင်းရင်းကို အချိန်အကုန်ခံ သက်တမ်းအကုန်ခံပြီး တွက်ချက်မနေပါဘူး။ ဘာပဲဖြစ်ဖြစ် တာအိုပညာရှိကျင်းအန်းက တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို မတက်မြောက်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တာအိုပညာရှိကျင်းအန်း မလှုပ်ရှားခင် ကြိုသတ်ပစ်လို့ ရပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
အဝေးတစ်နေရာမှာရှိနေတဲ့ တာအိုစက်ကွင်းထဲက တာအိုပညာရှိကျင်းအန်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တာအိုပညာရှိကျင်းအန်းဟာ ဟန်ကျွယ်ကို အမှောင်သခင်ကြီးလို သံသယဝင်နေခဲ့တာပါ။ ဒါပေမဲ့ တာအိုပညာရှိကျင်းအန်းဟာ ဟန်ကျွယ်ကို တစ်ခါမှ ဒုက္ခမပေးခဲ့ပါဘူး။ ဒါကြောင် ဟန်ကျွယ်အနေနဲ့ သူ့ကို ကျိန်စာတိုက်စရာအကြောင်း မရှိဘူးလို့ တာအိုပညာရှိကျင်းအန်းက ကောက်ချက်ချပါတယ်။
လက်တလော အခြေအနေအရ ဟန်ကျွယ်ဟာ ကံတရားနဲ့ ပြဿနာတွေကို ကြောက်တာ ထင်ရှားလှပါတယ်။ ဒါကြောင့် အမှောင်သခင်ကြီးဟာ တာအိုပညာရှိတွေထဲက တစ်ယောက် ဖြစ်ရလိမ့်မယ်လို့ တာအိုပညာရှိကျင်းအန်း တွေးမိလိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ တာအိုပညာရှိကျင်းအန်းကို ကြမ်းကြမ်းတမ်းတမ်းလာပြီး အရင်တစ်ခေါက်ကထက် အများကြီး ပိုအားကောင်းပါတယ်။
တာအိုပညာရှိကျင်းအန်းဟာ အရင်တုန်းက ကျိန်စာတိုက်ခံခဲ့ရပေမဲ့ သူ့ကို သိပ်ပြီးတော့ သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါကြောင့် ကျိန်စာတိုက်တဲ့လူက အမှောင်သခင်ကြီးဆိုတာ မသေချာခဲ့ပါဘူး။
တာအိုပညာရှိကျင်းအန်း တွက်ချက်ကြည့်တော့ စာအုပ်တစ်အုပ်ကလွဲပြီး ကျန်တာဘာမှ ထွက်မလာပါဘူး။
“အင်မော်တယ်ကမ္ဘာမှာ အမှောင်သခင်ကြီးအစစ်က စာအုပ်တစ်အုပ် အသုံးပြုပြီး ကျိန်စာတိုက်တယ်လို့ ကောလဟာလတွေရှိတယ်၊ ဒါပေမဲ့ အရင်ကျိန်စာတိုက်ခံရတုန်းက ငါ တွက်ချက်ကြည့်တာ စာအုပ် ထွက်မလာပါဘူး၊ ကြည့်ရတာ အမှောင်သခင်ကြီးက ဘယ်သူပဲဖြစ်ဖြစ် တာအိုပညာရှိတချို့က ငါ့ကို ကျိန်းသေပေါက် အကောက်ကြံနေတာပဲ”
တာအိုပညာရှိကျင်းအန်းဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး သတ်ဖြတ်ငွေ့တွေ လျှံထွက်သွားပါတယ်။
တာအိုပညာရှိကျင်းအန်းဟာ ဘယ်သူ့ကိုမှ ရန်မစခဲ့ဖူးပါဘူး။ ဒါကြောင့် အခုလိုမျိုး တာအိုပညာရှိ ကျိန်စာတိုက်တာကို ခံရတာက တော်တော်လေး အကျိုးအကြောင်းမရှိတဲ့ ကပ်ဘေးလို့ ပြောလို့ရပါတယ်။
ဒေါသထွက်သွားပေမဲ့ ကျိန်စာကို ခုခံဖို့က အရေးကြီးတာမို့ တာအိုပညာရှိကျင်းအန်းဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာကို ခုခံပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးရဲ့ ကျိန်စာအစွမ်းက ဆက်အားကောင်းနေတဲ့အတွက် တကယ်ကို ကြောက်ဖို့ ကောင်းလှပါတယ်။
အတန်ကြာတဲ့အခါမှာတော့ တာအိုပညာရှိကျင်းအန်းဟာ ဘယ်လိုမှ တောင့်မခံနိုင်တော့တာကြောင့် ချက်ချင်း မတ်တတ်ရပ်ပြီး ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။
တာအိုပညာရှိကျင်းအန်းဟာ လီမုယဲ့ဆီကို သွားတာပါ။
“စီနီယာ.. တစ်ယောက်ယောက်က ကျွန်တော့်ကို ကျိန်စာတိုက်နေတယ်” တာအိုပညာရှိကျင်းအန်းဟာ လီမုယဲ့ရှေ့မှာ ပေါ်လာပြီး စိုးရိမ်တကြီး ပြောလိုက်ပါတယ်။
လီမုယဲ့ဟာ မျက်မှောင်ကြုတ်သွားပြီး တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ကို ချက်ချင်း ခေါ်လိုက်ပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခပ်မြန်မြန်ရောက်လာပြီး တာအိုပညာရှိကျင်းအန်းရဲ့ အခြေအနေကို တွေ့လိုက်ရတဲ့အတွက် မျက်မှောင် ကြုတ်သွားကြပါတယ်။
လီမုယဲ့ဟာ မတ်တတ်ရပ်ပြီး သူ့စွမ်းအားကို အသုံးပြုကာ တာအိုပညာရှိကျင်းအန်းကို ကူညီပါတယ်။ လီမုယဲ့ဟာ တာအိုပညာရှိကျင်းအန်းကို ကူညီရင်း တိုးတိုးလေး ပြောလိုက်ပါတယ် “လောလောဆယ်မှာ အမှောင်သခင်ကြီးက ငါတို့ထဲက မဟုတ်တာ သေချာနေပြီ၊ ငါတို့တွေ အချင်းချင်း သံသယထားလို့ မဖြစ်ဘူး”
တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်နှာပျက်နေကြပါတယ် ‘ဘယ်သူများပါလိမ့်...’
သူတို့ကို လီမုယဲ့သာ မခေါ်ရင် သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် သံသယဝင်နေကြမှာပါ။ အမှောင်သခင်ကြီးရဲ့ နည်းလမ်းတွေက ရက်စက်လွန်းတယ်လို့ သူတို့တွေ တွေးလိုက်ကြပါတယ်။
“အို... မကောင်းတော့ဘူး၊ အမြန်လာ ကူညီအုန်း...” လီမုယဲ့ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ကျန်တဲ့တာအိုပညာရှိတွေကို အော်ပြောလိုက်ပါတယ်။
တာအိုပညာရှိကျင်းအန်းရဲ့ မျက်နှာဟာ မည်းမှောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ယင်နေပါတယ်။ ဒါ့အပြင် တာအိုပညာရှိကျင်းအန်းရဲ့ ခန္ဓာကိုယ်ကို သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အနက်ရောင် အခိုးအငွေ့တွေ ပတ်လည်ဝန်းရံလာပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ချက်ချင်းပဲ လှုပ်ရှားလိုက်ကြပါတယ်။ ဒီလိုနဲ့ တာအိုပညာရှိသုံးဦးဟာ တာအိုပညာရှိကျင်းအန်း ကျိန်စာကို ခုခံဖို့အတွက် ဝိုင်းကူညီကြပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ရဲ့ မျက်နှာဟာ အတော်လေး ဆိုးရွားနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိကျင်အန်းကို ကျိန်စာတိုက်တာ သက်တမ်း ၄၀ ထရီလီယံ ကုန်သွားပေမဲ့ အခုအချိန်အထိ အသိပေးချက် တက်မလာသေးလို့ပါပဲ။ ဒီပမဏာက တာအိုပညာရှိမင်ကျွယ်ကို မီခါနီးနေပါပြီ။
ဒီထက်ပိုပြီး အရေးကြီးတာက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ ကြမ္မာဆိုးစာအုပ်ရဲ့ အစွမ်းက အရင်လို မဟုတ်တော့ဘဲ အများကြီး စွမ်းအားကြီးလာတာပါ။ ဒါတောင် ဒီလောက်သက်တမ်းအများကြီးကုန်ပြီး ဘာမှမဖြစ်တာက တကယ်ကို စိတ်ဓာတ်ကျစရာပါ။
‘တာအိုပညာရှိကျင်အန်းက တာအိုပညာရှိမင်ကျွယ်ထက် စွမ်းအား ပိုကြီးလို့လား...’
‘မဖြစ်နိုင်ဘူး... တခြားတာအိုပညာရှိတွေက ဒီကောင်ကို ဝိုင်းကူညီနေတာ ဖြစ်ရမယ်’
‘မင်း ဘယ်လောက်ထိ ဆက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့၊ ကောင်းကင်တာအိုက မင်းကို ကူညီရင်တောင် ငါ မင်းကို ဒုက္ခရောက်အောင် ကျိန်စာတိုက်ပြမယ်’
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ရက်စက်မှုတွေ ဖုံးလွှမ်းသွားပါတယ်။ တာအိုပညာရှိကျင်းအန်းက ဟန်ကျွယ်က တာအိုပညာရှိ ဖြစ်လာလို့ မုန်းတီးမှုတွေ လျော့မသွားတဲ့အပြင် ပိုလို့တောင် တိုးလာပါသေးတယ်။ မုန်းတီးမှု ကြယ်ငါးပွင့်ဆိုတာက နည်းနည်းနောနော မုန်းတီးမှု မဟုတ်ပါဘူး။ အခွင့်အရေးရတာနဲ့ ဟန်ကျွယ်ကို ဒုက္ခပေးမှာ ကျိန်းသေနေပါပြီ။
၄၅ ထရီလီယံ။
၅၀ ထရီလီယံ။
၆၀ ထရီလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိ ကျင်အန်း၏ တာအိုပညာရှိ နှလုံးသားသည် ကွဲအက်သွား၏။ သို့သော် သင့်ရန်သူ လီမုယဲ့က တာအိုပညာရှိကျင်းအန်းအား ကူညီလိုက်၏။]
[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိ ကျင်အန်း၏ တာအိုပညာရှိ နှလုံးသားသည် ကွဲအက်သွား၏။ သို့သော် သင့်ရန်သူ ဂိုဏ်းချုပ်တျန်ကျွယ်က တာအိုပညာရှိကျင်းအန်းအား ကူညီလိုက်၏။]
[သင့်ကျိန်စာကြောင့် သင့်ရန်သူ တာအိုပညာရှိ ကျင်အန်း၏ တာအိုပညာရှိ နှလုံးသားသည် ကွဲအက်သွား၏။ သို့သော် သင့်ရန်သူ တောင်ဘက်စွန်း ကောင်းကင်အရှင်က တာအိုပညာရှိကျင်းအန်းအား ကူညီလိုက်၏။]
ဟန်ကျွယ်ဟာ ဒီစာစောင်တွေကို မြင်ပေမဲ့ ကျိန်စာတိုက်တာ မရပ်ပါဘူး။
ဆက်ပြီးတော့ အရူးအမူး ကျိန်စာတိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။