← Chapters

လျှို့ဝှက်တာဝန်၊ သူလျှိုက ဗုဒ္ဓဖြစ်လာခြင်း

Vol. 48 Ch. 523

လျှို့ဝှက်တာဝန်၊ သူလျှိုက ဗုဒ္ဓဖြစ်လာခြင်း

Vol. 48 Ch. 523

ဟန်ကျွယ်ဟာ လီမုယဲ့တစ်ယောက် စိတ်လေးနေတာကို မသိပါဘူး။ သိရင်တောင် ဂရုစိုက်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ဘယ်တာအိုပညာရှိကိုမှ မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုပညာရှိ အကုန်လုံး ပေါင်းတိုက်ရင်တောင် သူ့တာအိုစက်ကွင်းကို ထိုးဖောက်နိုင်မှာ မဟုတ်လို့ပါပဲ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြဿနာတက်ရင် ကရိကထများတဲ့အတွက် သိုသိုသိပ်သိပ် ဆက်နေတာပါ။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုပညာရှိတွေကို မကြောက်တော့ပေမဲ့ ဘိုးဘေးရှီတျန်ရဲ့ တည်ရှိမှုကိုတော့ ကြောက်ပါသေးတယ်။

ဘိုးဘေးရှီတျန်က သူ့အပေါ် မျက်နှာသာပေးမှု ရှိတယ်ဆိုပေမဲ့ မျက်နှာသာပေးမှုက သိပ်မမြင့်ပါဘူး။ ဒါကြောင့် အချိန်မရွေး ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် အကြောင်းအရင်း တစ်ခုခုကြောင့် ဘိုးဘေးရှီတျန်က စိတ်လွတ်ပြီး သူ့ကို မသတ်ချင်ဘူးလို့လည်း ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဒီလိုအခြေအနေမျိုးတွေကနေ ကာကွယ်ဖို့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ ဟန်ကျွယ် ဒီနေ့လို အခြေအနေကို ရောက်လာတာကလည်း ပြဿနာတွေနဲ့ ဝေးဝေးနေပြီး အမြဲတမ်း ဂူအောင်းကျင့်ကြံခဲ့လို့ မဟုတ်ပါလား။

ဟန်ကျွယ်အနေနဲ့ မကြာခဏ အပန်ဖြေလို့ရပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ အနားယူလို့ မရပါဘူး။

နှစ် ၃၀ ကြာပြီးနောက်....

ဟန်ကျွယ်ဆီ လီရွှမ်အောက် ရောက်လာပါတယ်။ လီရွှမ်အောက်ဟာ ကျန်းကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ ကြက်သေသေသွားပါတယ်။ လီရွှမ်အောက် သတိပြန်ဝင်လာတဲ့အခါ ပထမဆုံး လုပ်မိတာက ထွက်ပြေးဖို့ ပြင်လိုက်တာပါ။ ဒါပေမဲ့ လီရွှမ်အောက်ဟာ သာမန်လူ မဟုတ်တဲ့အတွက် တစ်ခုခုမှားနေပြီ ဆိုတာကို သိလိုက်ပါတယ်။

‘တာအိုပညာရှိက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ၊ နောက်ပြီးတော့ သူက တံခါးစောင့် လုပ်နေတယ်’

ဟန်ကျွယ်ကို လီမုယဲ့သတ်လိုက်တဲ့ ဖြစ်နိုင်ချေကိုတော့ လီရွှမ်အောက် လုံးလုံး မစဉ်းစားပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ လီရွှမ်အောက်ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်က လီရွှမ်အောက်ထဲ အစွမ်းပိုထက်တယ်လို့ ခံယူထားလို့ပါ။

ဟန်ကျွယ်ရဲ့ အသံဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ပေါ်လာပါတယ် “ဘာကိစ္စလဲ”

လီရွှမ်အောက်ဟာ ဟန်ကျွယ်အသံကို ကြားတာနဲ့ သိချင်စိတ်ကို မြိုသိပ်မထားနိုင်တော့ဘဲ မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... ဘယ်လိုလုပ်ပြီး ကျွန်တော်ရဲ့ ဆရာသခင်... တာအိုပညာရှိက ဒီမှာ ရှိနေရတာလဲ...”

ကျန်းကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး လီရွှမ်အောက်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ မျက်လုံးပြန်မှိတ်လိုက်ပါတယ်။

“အဲဒါ ငါ့ရဲ့ ဆန်းကြယ်စွမ်းအားပါ၊ သူက မင်းဆရာသခင်ရဲ့ ရုပ်ရည်နဲ့ ကျင့်ကြံမှုအဆင့် ရှိရုံပါ၊ မင်းရဲ့ ဆရာသခင် မဟုတ်ဘူး၊ သူ့နာမည်က ကျန်းကျွယ်”

လီရွှမ်အောက်ဟာ မျက်လုံးပြူးသွားပါတယ် ‘ရုပ်ရည်နဲ့ ကျင့်ကြံမှု တူတာ... ဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ၊ ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ...’

လီရွှမ်အောက်ဟာ သူ ဟန်ကျွယ်ရဲ့ အစွမ်းကို လျှော့တွက်မိတယ်လို့ ခံစားလိုက်ရပါတယ် ‘ဂိုဏ်းချုပ်က တာအိုပညာရှိရဲ့ ကျင့်ကြံမှုကိုတောင် ပွားယူနိုင်တယ်ဆိုတော့...’

“ဘာကိစ္စရှိလို့လဲ၊ ကိစ္စမရှိရင် ထွက်သွားတော့”

ဟန်ကျွယ်ရဲ့ အသံက လီရွှမ်အောက်ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်ပါတယ်။ လီရွှမ်အောက်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်... လက်ရှည်လူဝံက အခု အတော်စွမ်းနေပြီ၊ ကျွန်တော် အမြင်ကိုပြောရရင် သူ့ကို အပြင်ဘက်ပို့ပြီး လက်ရှည်လူဝံမျိုးနွယ်စုကို တိတ်ဆိတ်ဂိုဏ်းရဲ့ လျှို့ဝှက် အင်အားစုတစ်စု ဖြစ်လာအောင် ဦးစီးခိုင်းသင့်တယ်လို့ ထင်တယ်”

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး ပြောလိုက်ပါတယ် “ကောင်းပြီလေ... ငါ သူ့ကို အပြင်ဘက် ပို့လိုက်မယ်”

“ကျေးဇူးပါပဲ ဂိုဏ်းချုပ်၊ သူက ပြင်ဆင်ပြီးပြီ”

“အင်း...”

ဟန်ကျွယ်ဟာ လက်ရှည်လူဝံကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက် ပို့လိုက်ပါတယ်။

အပြင်ဘက်ကို ရောက်သွားတဲ့ လက်ရှည်လူဝံဟာ အံအားသင့်ခြင်းမရှိပေဘဲ နည်းနည်းတော့ မခွဲခွာချင် ဖြစ်နေပါတယ်။ လက်ရှည်လူဝံဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နေထိုင်ရတာကို တကယ်ကြိုက်တာပါ။ ဒါပေမဲ့ လီရွှမ်အောက် ပေးအပ်တဲ့ တာဝန်ကြောင့် ရွေးချယ်စရာမရှိဘဲ ထွက်ခွာလာရတာပါ။

“မင်း ဒီပုဂ္ဂိုလ်ကိုတွေ့ရင် သူ့ကို မင်းရဲ့သခင်အဖြစ် အသိအမှတ်ပြုလိုက်”

ဟန်ကျွယ်ရဲ့ အသံဟာ လက်ရှည်လူဝံရဲ့ နားထဲကို တိုးဝင်သွားပြီး ဟန်ထော်ရဲ့ ရုပ်သွင်ဟာ လက်ရှည်လူဝံရဲ့ စိတ်ထဲမှာ ပေါ်လာပါတယ်။

လက်ရှည်လူဝံဟာ အံအားသင့်သွားပါတယ်။ လက်ရှည်လူဝံဟာ ဟန်ကျွယ်ရဲ့ အသံနဲ့ အလွန်တရမှ ရင်းနှီးပါတယ်။ သူတင် မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံး ဟန်ကျွယ်ရဲ့အသံနဲ့ ရင်းနှီးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသံရဲ့ တာအိုဟောကြားမှုကြောင့် သူတို့ရဲ့ ကျင့်ကြံမှုတွေက တားဆီးမရအောင် လျင်မြန်နေလို့ပါပဲ။

လက်ရှည်လူဝံက သိချင်စိတ်ကြောင့် မနေနိုင်ဘဲ မေးလိုက်ပါတယ် “သူက...”

“မမေးနဲ့၊ ဒါက ငါ မင်းကို ပေးအပ်တဲ့ တာဝန်ပဲ၊ ဒီကိစ္စပြီးရင် မင်း အကျိုးမနည်းစေရဘူး၊ ဒုတိယ အစောင့်အရှောက်ကို ဒီအကြောင်း မပြောမိစေနဲ့” ဟန်ကျွယ်ရဲ့ အော်သံကြောင့် လက်ရှည်လူဝံဟာ လန့်ဖျပ်လုနီး ဖြစ်သွားပါတယ်။ လက်ရှည်လူဝံဟာ ဘာမှ ဆက်မမေးရဲတော့ဘဲ ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ပါတယ်။

“သွားတော့ ငါ မင်းကို စောင့်ကြည့်နေယ်”

လက်ရှည်လူဝံဟာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ငြိမ်အောက် ထိန်းကာ မိုးကုပ်စက်ဝိုင်းဆီ ပျံသန်းသွားပါတယ်။

အဲဒီနေ့မှာပဲ လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းကို ရောက်လာပါတယ်။ လီတောက်ခုံးဟာ ကျန်းကျွယ်ကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီးတဲ့နောက် စိတ်ထဲမှာ လန့်ကာ ပါးစပ် ပိတ်သွားပါတယ်။

နောက်ဆုံးမှာတော့ လီတောက်ခုံးဟာ ဟန်ကျွယ်ကို မနှောင့်ယှက်တော့ဘဲ ဒီအတိုင်း ပြန်ထွက်လာခဲ့ပါတယ်။

လီတောက်ခုံးနဲ့ လီရွှမ်အောက်က ကျန်းကျွယ်ရဲ့ ရုပ်ရည်နဲ့ ကျင့်ကြံမှုကြောင့် ဘယ်လောက်ထိ လန့်သွားလဲဆိုတာ တစ်ယောက်မှ မသိပါဘူး။

ဟန်ကျွယ်ဟာ လီတောက်ခုံး ရောက်လာပြီး ပြန်ထွက်သွားတာကို သတိထားမိပါတယ်။ ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် အောင်မြင်စွာ ခန္ဓာသိမ်းပြီး ဗုဒ္ဓဂိုဏ်း၏ ဗုဒ္ဓတစ်ပါး ဖြစ်လာကာ ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အတွင်းနတ်ဆိုး၏ ခြောက်လှန့်မှုကြောင့် တာအိုနှလုံးသား ပြောင်းလဲသွား၏။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်သား ဟန်ထော်သည် ရှေးဟောင်း အကောင်းစား ရတနာတစ်ပါးကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေနွီဝါသည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၈၄၂

ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို ပြန်တွေ့လိုက်ရတဲ့အတွက် အံဩမှင်သက်သွားပါတယ် ‘နောက်ဆုံးတော့ ဒီကောင် လှုပ်ရှားပြီပဲ’

ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ ရှိနေသေးမှန်း သိပေမဲ့ ဘာလှုပ်ရှားမှုမှ မတွေ့တဲ့အတွက် အိပ်နေတယ်လို့ ထင်ထားတာပါ။

[လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ: ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်၊ ပဋိပက္ခတားမြစ်နယ်မြေမှ လာသည်။ ရှေးဟောင်းခေတ်မှ မိစ္ဆာမျိုးနွယ်စုသည် အနန္တကပ်ဘေး၌ ရှုံးနိမ့်ပြီး ကောင်းကင်တာအို၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်း၌ နောက်ထပ် အနန္တကပ်ဘေးတစ်ခုတွင် ဗုဒ္ဓဂိုဏ်း၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် ဝတ်ရုံဖြူဗုဒ္ဓ၏ မိစ္ဆာနှလုံးသားနှင့် ဆက်သွယ်နေသည်။ ဝတ်ရုံဖြူဗုဒ္ဓနဲ့ ခြားနားပြီးနောက် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် သင့်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓဂိုဏ်းကို ပြန်သွားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]

‘လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက ဒီအချိန်မှာ ဗုဒ္ဓဖြစ်သွားတယ်၊ ဒီကိစ္စက ကောင်းကင်မိစ္ဆာတွေ ကျူးကျော်မှုနဲ့ ပတ်သက်နေတာလား...’

ဘာပဲဖြစ်ဖြစ် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာရဲ့ မျက်နှာသာပေးမှုက မပြောင်းလဲတဲ့အတွက် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ အခုဆိုရင် ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကနေ ဗုဒ္ဓဂိုဏ်းရဲ့ လှုပ်ရှားမှုကို သိနိုင်သွားပါပြီ။

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ တာအိုနှလုံးသား ပြောင်းလဲသွားတာကို သတိထားမိလိုက်ပါတယ် ‘ဒီကောင်ကလည်း ကောင်းကင်ဧကရာဇ်လို အမှောင်ခြမ်း ရောက်သွားအုန်းမှာလား...’

‘ဘိုးဘေးရှီတျန်ကရော ဘယ်သူနဲ့ ဘယ်နေရာမှာ တာအိုဆွေးနွေးတာလဲ၊ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာပဲလား... ဒါမှမဟုတ် အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာလား...’

‘ဧကရီဟုတ်ထိုက ကောင်းကင်တာအိုကို ကျော်တက်ပြီးတာတောင် အမင်္ဂလာ မကောင်းဆိုးဝါးတွေကို တိုက်ခိုက်တာကို ခံရသေးတာလား...’

ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေက ပိုပိုများလာတယ်လို့ ခံစားလိုက်ရပါတယ်။

စာစောင်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်အပေါ် အကောင်းမြင်စိတ် ရှိပါသေးတယ်။ သူတို့နှစ်ယောက်က တူညီတဲ့ သေမျိုးကမ္ဘာက လာခဲ့တာဖြစ်ပြီး အင်မော်တယ်နတ်ဘုရားတွေကို အတူတူ တိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။ အင်မော်တယ် နတ်ဘုရားတွေနဲ့ တိုက်ပွဲမှာ ဂျိရှင်းရှန်ရဲ့ စွမ်းဆောင်ချက်က အဆိုးတကာထိပ်ခေါ် ဆိုပေမဲ့ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ဟာ ခင်နေတုန်းပါ။

ဂျိရှင်းရှန်ကလည်း ဟန်ကျွယ်ကို မမေ့ပါဘူး။ ပြီးခဲ့တဲ့ မိုးကောင်းကင် စားသောက်ပွဲတော်မှာ ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းကို ဂရုစိုက်ခဲ့ပါတယ်။ ဒီလိုအကြောင်းတွေကြောင့် ဟန်ကျွယ်ဟာ ဂျိရှင်းရှန်တစ်ယောက် ပြန်လမ်းမဲ့လမ်းဆီ လျှောက်လှမ်းမှာကို မမြင်ချင်ပါဘူး။

အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်တစ်အုပ်ပါ။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အံဩမှင်သက်သွားပါတယ်။ ဂျိရှင်းရှန် မှင်သက်လည်း မှင်သက်ချင်စရာပါ။ ဟန်ကျွယ်ရဲ့ တစ်ကိုယ်လုံးကို နေလယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်က လွှမ်းမိုးထားတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို မြင်မြင်ချင်းပဲ မှတ်မိလိုက်ပါတယ်။

“မင်း ရောက်လာပြီပဲ” ဂျိရှင်းရှန်ဟာ ရှုပ်ထွေးတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ အမြဲတမ်း ဟန်ကျွယ်ကို ဖိနှိပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူနဲ့ ဟန်ကျွယ်ကြားက ကွာဟမှုဟာ ပိုပိုဝေးကွာလာပါတယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် တိတ်ဆိတ်ဂိုဏ်း ထုတ်ပြတဲ့ အင်အားနဲ့တင် ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို လျှော့မတွက်ရဲတော့ပါဘူး။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်က တာအိုပညာရှိအတု ဖြစ်နေပြီလို့ ခန့်မှန်းထားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒီနှစ်ထဲ ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား.... ငါ့ရဲ့ အကူအညီ လိုသေးလား”

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်မေးခွန်းကြောင့် မှင်သက်သွားပြီး တအံတဩ ပြန်မေးလိုက်ပါတယ် “ငါက ဘာဖြစ်လို့ မင်းရဲ့ အကူအညီကို လိုရမှာလဲ”

“တကယ် မလိုဘူးလား”

ဂျိရှင်းရှန်ဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ကလည်း အလျင်မလိုပါဘူး။

အချိန်အတန်ကြာတဲ့ အခါမှာတော့...

ဂျိရှင်းရှန်ဟာ အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ငါ မင်း အကူအညီကို လိုအပ်တယ်၊ ဒါပေမဲ့ မင်း ငါ့ကို ကူညီနိုင်မလားတော့ ငါ မသိဘူး”

“ပြောမှာသာ ပြောပါ”

“အမှန်အတိုင်း ပြောရရင် ငါ စွမ်းအားပိုကြီးလာဖို့ ကပ်ဘေးမှာ ကျန်ရစ်ခဲ့တဲ့ တာအိုပညာရှိအတုတစ်ပါးရဲ့ လက်ကျန် အစိတ်အပိုင်းနဲ့ ပေါင်းစပ်လိုက်တယ်၊ ငါ ကျင့်ကြံမှု တိုးသွားတယ်ဆိုပေမဲ့ အတွင်းနတ်ဆိုးကလည်း ပိုသောင်းကျန်းလာတယ်၊ အခုဆိုရင် ငါ အေးအေးဆေးဆေး ကျင့်ကြံလို့ မရတော့ဘူး၊ ဒီအတိုင်းသာ ဆက်သွားရင် ငါ စိတ်လွတ်ပြီး တခြားလူတစ်ယောက် ဖြစ်သွားနိုင်တယ်”

ဂျိရှင်းရှန်ဟာ တစ်ခဏရပ်ပြီးမှ ဆက်ပြောပါတယ် “ဒီကိစ္စက တာအိုပညာရှိတစ်ပါးရဲ့ လက်ချက်လို့ ငါ သံသယရှိတယ်၊ ငါ တာအိုပညာရှိအတုတစ်ပါးရဲ့ လက်ကျန်အစိတ်အပိုင်းနဲ့ ပေါင်းစပ်တာကလည်း တာအိုပညာရှိတစ်ပါး ပေးတဲ့ ပညာရပ်ကြောင့်ပဲ၊ အဲဒီအချိန်တုန်းက ဘာမှမဖြစ်ဘူးလို့ အဲဒီတာအိုပညာရှိက ငါ့ကို ကတိပေးခဲ့တယ်...”

ဒီအကြောင်းကို ရောက်တဲ့အခါမှာတော့ ဂျိရှင်းရှန်ဟာ ဒေါသထွက်လာပါတယ်။

“ငါ့စိတ်ထဲမှာ အမြဲတမ်း အော်ဟစ်နေတဲ့ နာမည်တစ်ခုရှိတယ်... လောကဦး နတ်ဘီလူးတဲ့”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters