← Chapters

ရှီတုတောက်၏ စိန်ခေါ်မှု

Vol. 48 Ch. 530

ရှီတုတောက်၏ စိန်ခေါ်မှု

Vol. 48 Ch. 530

‘နွီဝါ...’ ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။

‘တိုက်ဆိုင်လိုက်တာ... တောင်ဘက်စွန်း ကောင်းကင်အရှင်က ကောင်းကင်တာအိုပညာရှိအသစ်ကို ရွေးချယ်မယ်လို့ ကြော်ငြာပြီးချင်းချင်း နွီဝါက င့ါကို အိပ်မက်လာပေးပါ့လား... ကြည့်ရတာ နွီဝါက ကောင်းကင်တာအိုကို စိုက်ကြည့်နေတယ်နဲ့ တူတယ်’

ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလိုပဲ သတိကြီးသွားပါတယ် ‘နွီဝါက ငါ့ကို လက်နက်တစ်ခုအဖြစ် အသုံးချချင်တာလား...’

“ငါ နွီဝါရဲ့ အိပ်မက်ကို လက်ခံလိုက်ရင် အန္တရာယ်ရှိနိုင်လား” ဟန်ကျွယ်ဟာ သေချာအောင် စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ကျွတ်..ကျွတ်... ဒီတန်ဖိုးက ကောင်းကင်တာအိုထက်တောင် များနေပါ့လား..’

ဆက်တွက်မယ်။

[ရှိနိုင်သည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး နွီဝါရဲ့ အိပ်မက်ကို လက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ တွက်ချက်လို့ မရတော့တဲ့အတွက် ဘယ်လိုစွန့်စားမှုမျိုးကိုမှ လုပ်မှာ မဟုတ်ပါဘူး။

“နွီဝါက ဘာလို့ ငါ့ကို လာရှာရတာလဲ”

[သက်တမ်း ၁၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘ဘယ်လိုဖြစ်ပြီး နှစ်ဆ ဖြစ်သွားတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။

ဒီနေရာဟာ အလွန်ကျယ်ပြောတဲ့ ကြယ်ပင်လယ်ပါ။ ကြယ်များစွာ တောက်ပနေပြီး မိုးကောင်းကင်မြစ်ဟာ ထက်အောက် စီးဆင်းနေတဲ့အတွက် အလွန်တရာမှ လှပပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်တွေကို ပေးစွမ်းနေပါတယ်။

နွီဝါဟာ သက်တန့်ရောင်ထဲမှာ မတ်တတ်ရပ်နေပြီး သူ့အထက်မှာတော့ မျက်လုံးတစ်စုံ ရှိနေပါတယ်။ ဒီမျက်လုံးတစ်စုံဟာ အလွန်တရာမှ ကြီးမားပြီး သာမန်တစ်ချက်ကြည့်ရုံနဲ့ စကြဝဠာကို လွှမ်းနိုင်ပါတယ် “ကောင်းကင်တာအိုက အသိဉာဏ် ရှိလာပြီ၊ ဒီလိုဖြစ်လာရတာက တာအိုပညာရှိတွေရဲ့ လောဘကြောင့်ပဲ၊ သက်ရှိအားလုံးရဲ့ ကပ်ဘေးက ဒီအချိန် ဖြစ်လောက်တယ်”

အေးစက်တဲ့ အသံတစ်သံဟာ စကြဝဠာမှာ ပဲ့တင်ထပ်သွားပါတယ်။

နွီဝါဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်မက ကောင်းကင်တာအိုကို ဖြတ်ကျော်ခဲ့ပြီးပြီ၊ ကောင်းကင်တာအိုက ကိစ္စတွေကို ထပ်ပြီးတော့ ဂရုမစိုက်ချင်တော့ဘူး”

“ဒါပေမဲ့ မင်းရဲ့အုတ်မြစ်က ကောင်းကင်တာအိုမှာလေ၊ မင်းက မဟာတာအိုနဲ့ ယှဉ်နိုင်တယ်ဆိုရင်တောင် ကောင်းကင်တာအို ပျက်ဆီးသွားတာနဲ့ အနာဂတ်မှာ မင်းအန္တရာယ်တွေ့ရင် ပြန်မွေးဖွားဖို့ မဖြစ်နိုင်တော့ဘူး”

နွီဝါဟာ မျက်မှောင်ပိုကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ နွီဝါနဲ့ စကားပြောနေတဲ့လူက ဘယ်သူလဲဆိုတာ သိချင်သွားပါတယ်။

နွီဝါဟာ သက်ပြင်းချလိုက်ပါတယ် “ဒါဆို ကျွန်မ ဘာလုပ်သင့်လဲ”

“ကိုယ့်ဘာသာ စဉ်းစားပေါ့၊ မင်းကိုယ်တိုင် လုပ်စရာ မလိုပါဘူး၊ မင်းတို့ တာအိုပညာရှိတွေ အရင်တုန်းကလည်း ဒီလိုပဲလုပ်ခဲ့တာ မဟုတ်ဘူးလား”

“ကောင်းပါပြီ”

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူက သရော်တာကို နွီဝါက ဒေါသမထွက်ဘဲ အေးဆေးခံယူလိုက်လို့ပါ။ ဒါကို ထောက်ဆခြင်းအားဖြင့် ဒီအသံပိုင်ရှင်က နွီဝါထက် အများကြီး စွမ်းအားကြီးတယ်ဆိုတာ သိနိုင်ပါတယ် ‘ဘယ်သူများပါလိမ့်’

ဒီအချိန်မှာပဲ ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “ခုနက တွက်ချက်မှုထဲမှာ နွီဝါကို စကားပြောနေတဲ့လူက ဘယ်သူလဲ”

[အသံပိုင်ရှင်၏ ပုံစံအစစ်အမှန်အား မတွက်ချက်နိုင်ပါ။ စနစ် အဆင့်မြှင့်တင်ရန် လိုအပ်သည်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီလောက်တောင် စွမ်းအားကြီးတယ်ဆိုရင် ဒဏ္ဍာရီထဲက တာအိုဘိုးဘေးများလား...’

တွက်ချက်မှုတိုင်းမှာ ဟန်ကျွယ် တွက်ချက်လို့မရတာက တာအိုဘိုးဘေးအကြောင်းပါ။ ကျိန်းသေတာတစ်ခုကတော့ တာအိုဘိုးဘေးဟာ လုံးဝမသေသေးပါဘူး။

‘နွီဝါကို ငါ့ကို အသုံးချပြီး တာအိုပညာရှိတွေကို တိုက်ခိုက်ချင်တာဆိုတော့ ဒီအိပ်မက်ကို ငါလက်မခံလည်း ကိစ္စမရှိဘူး၊ ငါ့လုပ်ရပ်ကို သူမြင်နိုင်မှာပဲ’

အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။

နှစ်တစ်ရာဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဒီနေ့မှာတော့ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ တာအိုစက်ကွင်းတစ်ခုထဲကို လူပေါင်းများစွာ တိုးဝင်နေတာကို တွေ့လိုက်ရပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က တာအိုဟောကြားတော့မှာပါ။

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပြီး နောက်ဆုံးမှာတော့ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ပညာပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနည်းဆုံးတော့ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို အလွယ်လေး လိမ်ညာခွင့်ပြုလို့ မဖြစ်ပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ချက်ချင်းကြီး ကျိန်စာမတိုက်ပါဘူး။

နှစ်ငါးဆယ်ကြာတော့မှ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ကျိန်စာစတိုက်ပါတယ်။ ဒီလိုနဲ့ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို အင်တိုက်အားတိုက် ကျိန်စာဆက်တိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ကောင်းကင်အရှင်ခန်းမမှာ ကြာပလ္လင်ပေါ်ထိုင်ပြီး တာအိုဟောကြားနေတဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ခန်းမထဲမှာ တာအိုနားထောင်သူ ထောင်ချီရှိနေပြီး အဆင့်အနိမ့်ဆုံးက အင်မော်တယ်ဧကရာဇ်အဆင့် ရှိပါတယ်။ သူတို့အားလုံးဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

‘ခွီးတဲ့မှပဲ... အမှောင်သခင်ကြီးက ငါ့ကို ဒီအချိန်ကျမှ ကျိန်စာတိုက်ရတယ်လို့’ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး အမှောင်သခင်ကြီးရဲ့ သရုပ်မှန်အကြောင်း တွေးမိလိုက်ပါတယ်။

အခုအချိန်မှာ တာအိုပညာရှိအားလုံးက ဟန်ကျွယ်ကို အမှောင်သခင်ကြီးလို့ ပြောနေကြပေမဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဒီစကားကို မယုံပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အပေါ်ယံမှာ ဟန်ကျွယ်က သူတို့နဲ့ အရှုပ်အရှင်း မရှိတဲ့အပြင် တိတ်ဆိတ်ဂိုဏ်းကလည်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ပုန်းနေတာကြောင့်ပါ။ ဒါကြောင့်လည်း တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ အမှောင်သခင်ကြီးက တခြားတာအိုပညာရှိတစ်ပါး ဖြစ်ရမယ်လို့ သံယဝင်နေသေးတာပါ။

ဒါ့အပြင် ဟန်ကျွယ်က ကောင်းကင်ဘုံ ၃၃ ဘုံမှာ မရှိတဲ့အတွက် အမှောင်သခင်ကြီးအစစ်က ဟန်ကျွယ်ကို အလွယ်တကူ နာမည်ဖျက်နိုင်ပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဟန်ကျွယ်ကို မကြိုက်ဘူးဆိုပေမဲ့ ချုံရှီလိုင်ကို ဟန်ကျွယ်ထက် ပိုမုန်းပါတယ်။ ကျိန်စာစွမ်းအားက ပြင်းထန်လာတဲ့အတွက် တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ရွေးချယ်စရာမရှိဘဲ ဓမ္မစွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာစွမ်းအားကို ခုခံလိုက်ရပါတယ်။

တစ်ခဏအကြာမှာတော့ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မခံနိုင်တော့ဘဲ လီမုယဲ့နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဆီ အသံလွှင့်ပြီး အကူအညီ တောင်းရပါတော့တယ်။ မကြာခင်မှာတော့ လီမုယဲ့နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ဘေးမှာ ပေါ်လာပါတယ်။

လီမုယဲ့ဟာ အင်္ကျီလက်ကို ဝှေ့ယမ်းပြီး တာအိုနားထောင်သူတွေ သူတို့ကို မမြင်ရအောင် အရံအတားတစ်ခု တည်ဆောက်လိုက်ပါတယ်။ အဲဒီနောက် တာအိုပညာရှိနှစ်ပါးဟာ သူတို့ရဲ့ဓမ္မစွမ်းအားတွေနဲ့ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ကူညီပေးပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး အသံလွှင့်မေးလိုက်ပါတယ် “ငါတို့တွေ အမှောင်သခင်ကြီးကို အမြန်ဆုံး ရှင်းပစ်ရမယ်၊ ငါတို့တွေ တိတ်ဆိတ်ဂိုဏ်းကို ဘယ်အချိန် တိုက်ခိုက်ကြမှာလဲ”

လီမုယဲ့ဟာ ပြန်မဖြေပါဘူး။ လီမုယဲ့ကိုယ်တိုင်ကလည်း ဒီကိစ္စကို ချီတုံချတုံ ဖြစ်နေတာပါ။

တောင်ဘက်စွန်း ကောင်းကင်အရှင်က ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးက တိတ်ဆိတ်ဂိုဏ်းက မဟုတ်ဘူးဆိုရင် ငါတို့တွေ ဟန်ကျွယ်ကို အမှောင်သခင်ကြီးဆီ တွန်းပို့ရာ မရောက်ဘူးလား”

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “စကားစပ်မိလို့ ပြောရအုန်းမယ်၊ ကပ်ဘေးမပြီးခင်တုန်းက ချုံရှီလိုင်က ဟန်ကျွယ်ကို သိမ်းသွင်းဖို့ ကြိုးစားပြီး ဟန်ကျွယ်နဲ့ ကံတရားဆက်စပ်သူတိုင်းကို ကာကွယ်ခဲ့တယ်၊ ဖြစ်နိုင်တာက...”

လီမုယဲ့ဟာ မျက်တောင်ခတ်လိုက်ပါတယ်။ လီမုယဲ့လည်း ဂိုဏ်းချုပ်တျန်ကျွယ်လို့ သံသယဝင်နေတာပါ။ ဒါပေမဲ့ ဒီကိစ္စက အမှန်ဖြစ်နေမှာကို လီမုယဲ့ ကြောက်နေပါတယ်။ ချုံရှီလိုင်သာ အမှောင်သခင်ကြီးဆိုရင် ဒီကိစ္စက နည်းနည်းနောနောကိစ္စ မဟုတ်ပါဘူး။

တာအိုပညာရှိမင်ကျွယ်က ရူးသွပ်သွားတဲ့အတွက် တာအိုပညာရှိတွေထဲမှာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို တတ်မြောက်တဲ့လူက ချုံရှီလိုင်တစ်ဦးတည်း ရှိပါတော့တယ်။

အမှောင်သခင်ကြီးက တာအိုပညာရှိမင်ကျွယ်ကို ပထမဆုံး ရှင်းပစ်လိုက်တဲ့အတွက် အကျိုးအမြတ် အများဆုံးရသွားတဲ့လူက ချုံရှီလိုင်ပါ။

“ဒီကပ်ဘေးကိုပဲ အရင်ကျော်ဖြတ်ရအောင်...” လီမုယဲ့က ခပ်တိုးတိုး ပြောလိုက်ပါတယ်။

သူတို့သုံးယောက်လုံးဟာ ကျိန်စာစွမ်းအားက တဖြည်းဖြည်း ပိုအားကောင်းလာတာကို ခံစားမိပါတယ်။ ဒီကျိန်စာစွမ်းအားက တာအိုပညာရှိကျင်အန်းကို ကျိန်စာတိုက်တုန်းကနေ ဆင်တူပါတယ်။

ဟန်ကျွယ်ဟာ သက်တမ်း ၁ ထရီလီယံ ကုန်သွားတဲ့နောက်မှာတော့ ကျိန်စာတိုက်တာကို ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို မော့ကြည့်လိုက်တဲ့အခါ တာအိုနားထောင်သူတွေ တာအိုစက်ကွင်းထဲမှာ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ကြည့်ရတာ တာအိုဟောကြားမှု မပြီးဆုံးသေးပုံပါပဲ။

ဟန်ကျွယ်ဟာ အချိန်နည်းနည်းထပ်စောင့်ပြီး ကျိန်စာဆက်တိုက်အုန်းမှာပါ။ ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ရဲ့ ဒုက္ခကို မြင်ယောင်မိပြီး ပျော်သွားပါတယ်။

ဒီလိုနဲ့ လေးငါးဆယ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ တောင်ဘက်စွန်း ကောင်းကင်အရှင်ကို ကျိန်စာတိုက်ဆက်တိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ဗိုလ်ကျစိုးမိုး ခြယ်လှယ်လွန်းတဲ့ အော်သံတစ်သံကို ကြားလိုက်ရပါတယ်။

“ငါက ရှီတုတောက်၊ ဒီနေ ငါ တိတ်ဆိတ်ဂိုဏ်းချုပ်ကို လာစိန်ခေါ်တာ၊ ငါတို့တွေ အရှုံးအနိုင်ပဲ ပြောကြမယ်၊ အငြိုးအတေးတွေ မရှိစေရဘူး”

ဒီအသံက တိတ်ဆိတ်ဂိုဏ်းသား အားလုံးကို နှောင့်ယှက်လိုက်ပါတယ်။

ဟန်ကျွယ်ကတော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ငါက ရှီတုတောက်ကို ပုံတူပွားတာ များသွားလို့ ရှီတုတောက်က ကိုယ်တိုင် ရောက်လာတာလား..’

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် လီတောက်ခုံးကို အသံလွှင့်ပြီး အမိန့်ပေးလိုက်ပါတယ် “ဒီကောင်က တာအိုပညာရှိအောက်မှာ အစွမ်းအထက်ဆုံးပဲ၊ မင်း သူနဲ့ တိုက်ခိုက်ချင်လား”

“တိုက်ချင်တာပေါ့” လီတောက်ခုံးက ချက်ချင်းပဲ ပြန်ဖြေပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ လီတောက်ခုံးကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက် ရွှေ့လိုက်ပါတယ်။

တောင်တန်းထက်က ရှီတုတောက်ရဲ့ ဝတ်ရုံဟာ လေအတိုက်မှာ လူးလွန့်သွားပါတယ်။ ရှီတုတောက်ရဲ့ ရောင်ဝါဟာ သက်တန့်လိုပါပဲ။ ရှီတုတောက်ဟာ လီတောက်ခုံး ပေါ်လာတာကို တွေ့လိုက်ရတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။

“ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေတာလဲ” ရှီတုတောက်ဟာ မပျော်မရွှင် မေးလိုက်ပါတယ်။

လီတောက်ခုံးက တည်ငြိမ်စွာ ပြန်ဖြေပါတယ် “စီနီယာ... ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းရဲ့ အစောင့်အရှောက် ဖြစ်နေပြီ၊ စီနီယာက ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ကို စိန်ခေါ်ချင်တာဆိုတော့ ကျွန်တော့်ကို ပထမဆုံး အနိုင်ယူပါ”

“ချွင်”

လီတောက်ခုံးဟာ ခါးကဓားကို ဆွဲထုတ်လိုက်ပါတယ်။ ဒီဓားက သာမန်ဓား မဟုတ်ပါဘူး။ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိတစ်ပါး တစ်ချိန်တုန်းက ကိုင်ဆောင်ခဲ့တဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ်ရတနာအဆင့်ရှိတဲ့ ဓားကောင်းတစ်လက်ပါ။

ရှီတုတောက်ဟာ ခေါင်းခါလိုက်ပါတယ် “မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး”

လီတောက်ခုံးဟာ ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ လီတောက်ခုံးရဲ့ အလျင်က အလွန်လျင်မြန်လွန်းပါတယ်။ လီတောက်ခုံးဟာ ရှီတုတောက်ရှေ့ကို ရုတ်ခြည်းရောက်သွားပြီး ဓားနဲ့ ခုတ်ချက်လိုက်ပါတယ်။

“ဝုန်း...”

ကြောက်မက်ဖွယ်ရောင်ဝါဟာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။

ရှီတုတောက်ဟာ လီတောက်ခုံးရဲ့ ဓားကို လက်ညိုးနဲ့ အသာကာလိုက်ပါတယ်။ ရှီတုတောက်ရဲ့ မျက်နှာဟာ အရင်လို အေးစက်နေတုန်းဖြစ်ပြီး လီတောက်ခုံးကို အထင်သေးစွာ ပြောလိုက်ပါတယ် “မင်းက တိုက်ချင်မှတော့ တိုက်ကြတာပေါ့”

“တာအိုပညာရှိအတုကများ ငါ့ကို စိန်ခေါ်ချင်တာလား၊ ငါ တာအိုပညာရှိအတုအဆင့်ကို ရောက်တုန်းက မင်းဆိုတဲ့ လီတောက်ခုံး မွေးတောင် မမွေးသေးဘူး”

ပြောပြောဆိုဆို ရှီတုတောက်ရဲ့ မျက်လုံးကနေ အနက်ရောင် အလင်းတွေ ဖြာထွက်လာပါတယ်။ လီတောက်ခုံးဟာ ထိတ်လန့်သွားပြီး ချက်ချင်း ခုန်ရှောင်လိုက်ပါတယ်။ အနက်ရောင် အလင်းတန်းဟာ ကောင်းကင်ကို ထိုးဖောက်ပြီး အချိန်-အကာကာ နိယာမတွေ ရောယှက်နေတဲ့ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters