← Chapters

တိတ်ဆိတ်ဂိုဏ်း မြင့်မြတ်နယ်မြေ ဖြစ်လာခြင်း

Vol. 49 Ch. 531

တိတ်ဆိတ်ဂိုဏ်း မြင့်မြတ်နယ်မြေ ဖြစ်လာခြင်း

Vol. 49 Ch. 531

လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ တိုက်ပွဲဟာ ကမ္ဘာပျက်မတက်ပါပဲ။ သူတို့နှစ်ယောက်လုံးဟာ တာအိုပညာရှိအတုတွေ ဖြစ်တဲ့အတွက် သူတို့နှစ်ယောက် ထုတ်သုံးတဲ့ ဘယ်ဆန်းကြယ်စွမ်းအားမဆို သေမျိုးကမ္ဘာတစ်ခုကို လုံးဝဥဿုံ ဖျက်ဆီးနိုင်တယ်အထိ စွမ်းအားကြီးမားပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ တပည့်အားလုံးဟာ သူတို့ရဲ့ ကျင့်ကြံရာနေရာတွေကနေ ပြေးထွက်လာကြပါတယ်။

သူတို့တွေဟာ တာအိုစက်ကွင်းရဲ့ အရံအတားရှိနေတာတောင် အပြင်ဘက်က ကြောက်မက်ဖွယ်ဖိအားကို ခံစားနိုင်ကြပါတယ်။

“ပထမ အစောင့်အရှောက်က တော်တော် စွမ်းအားကြီးတာပဲ”

“ဘယ်သူ အသာစီးရနေတာလဲ”

“သူတို့တိုက်တာ မြန်လွန်းတယ်၊ ငါ ရှင်းရှင်းလင်းလင်း မမြင်ရဘူး”

“သူတို့က ဘယ်အဆင့်ကို ရောက်နေကြပြီလဲ၊ ကောင်းကင်ဘဝဂ် အဆင့်လား”

“မဟုတ်လောက်ဘူး ထင်တယ်၊ အရင်တစ်ခေါက် ဂိုဏ်းချုပ် တာအိုဟောကြားတုန်းက ကောင်းကင်ဘဝဂ်နဲ့ တာအိုပညာရှိကြားမှာ အဆင့်တစ်ဆင့်ရှိတယ်လို့ ပြောခဲ့တယ်မလား”

“ရှီတုတောက်က တော်တော်စွမ်းတာပဲ၊ ပထမ အစောင့်အရှောက်က သူ့ကို အလွယ်တကူ အနိုင်မယူနိုင်ဘူး၊ ဒါပေမဲ့ ဂိုဏ်းချုပ်က အစွမ်းအထက်ဆုံးပဲ၊ ဘယ်ရန်သူကိုမဆို တစ်ချက်တည်းနဲ့ အနိုင်ယူတာချည်းပဲ”

“အပိုတွေ လျှောက်ပြောမနေနဲ့၊ ပထမ အစောင့်အရှောက်လည်း စွမ်းအားကြီးပါတယ်၊ ရှီတုတောက်က ပြိုင်ဘက်ကင်းတာအိုကို ဖန်တီးခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ် မဟုတ်လား၊ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ခေါ်ရဲမှတော့ သာမန်ထက် ပိုစွမ်းရမှာပေါ့”

တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ သူတို့အချင်းချင်း ဆွေးနွေးကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ တိုက်ပွဲက ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့အတွက် နည်းနည်းတော့ စိတ်ပျက်သွားကြပါတယ်။ ဒါကလည်း ရှီတုတောက် ဘယ်လောက်စွမ်းတယ် ဆိုတာကို သူတို့တွေ မသိကြလို့ပါ။

ဖူစန်းသစ်ပင်အောက်က ကိုယ်ပိုင်တပည့်တွေကတော့ ညှာညှာတာတာ တွေးတောကြပါတယ်။

“ဒီရှီတုတောက်က ငါတို့တာအိုစက်ကွင်းထဲမှာရှိတဲ့ စီနီယာသုံးယောက်နဲ့ တစ်ပုံစံတည်းပဲ၊ စီနီယာကျန်းကျွယ်ရဲ့ ကျင့်ကြံမှုကို သခင်က တာအိုပညာရှိတစ်ပါးဆီကနေ ပုံတူကူးထားတယ်ဆိုတော့ အဲဒီစီနီယာသုံးယောက်ကလည်း ရှီတုတောက်ကို သခင် ပုံတူကူးထားတာများလား” ငရဲကြက်နက်က တအံတဩ ပြောလိုက်ပါတယ်။

အာတက ငရဲကြက်နက်ကို ဒေါသတကြီး ပြန်ပြောပါတယ် “မင်းပြောမှ ငါက သိတာကျနေတာပဲ”

ပဋိပက္ခ ကောင်းကင်ခွေးဟာ သက်ပြင်းချလိုက်ပါတယ် “တကယ်ကို စွမ်းအားကြီးတယ်၊ တာအိုစက်ကွင်းရဲ့ အရံအတားကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဒီတိုက်ပွဲအရှိန်နဲ့ ပြာဖြစ်နေလောက်ပြီ”

တခြားသူတွေလည်း သက်ပြင်းချလိုက်ကြပါတယ်။ သူတို့တွေဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ လီတောက်ခုံးနဲ့ တိုက်ခိုက်ဖူးပေမဲ့ လီတောက်ခုံးရဲ့ အရည်အချင်း အစစ်အမှန် ထွက်ပေါ်လာအောင် တစ်ခါမှ တွန်းအားမပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ တိုက်ပွဲကိုကြည့်ပြီး ထိတ်လန် အံအားသင့်သွားကြပါတယ်။

တခြားတစ်ဖက်မှာတော့ တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို အများကြီး မျှော်လင့်ထားပေမဲ့ ဒီတိုက်ပွဲမှာ လီတောက်ခုံးအနေနဲ့ ရှီတုတောက်ကို အနိုင်ယူဖို့ဆိုတာ မလွယ်ကူလှပါဘူး။

လီတောက်ခုံးက တာအိုပညာရှိအတု ကနဦးအဆင့်ကို ရောက်နေပြီဆိုပေမဲ့ ရှီတုတောက် တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်မှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာတော့ ကိုယ့်ထက် အဆင့်လေးနည်းနည်း သာတဲ့သူကို အနိုင်မယူနိုင်တာက တိတ်ဆိတ်ဂိုဏ်းရဲ့ မျက်နှာကို အိုးမည်းသုတ်သလိုပါပဲ။

ဟန်ကျွယ်ဟာ မကျေမနပ် ဖြစ်သွားပြီး ဒီတိုက်ပွဲပြီးရင် လီတောက်ခုံးကို ဖိအားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖြစ်နိုင်တာတော့ ဟန်ကျွယ်ရဲ့ ကာကွယ်မှုကြောင့် လီတောက်ခုံးက စိတ်လျော့သွားတာ ဖြစ်နိုင်ပါတယ်။

တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။

တစ်နာရီကြာတာတောင် အနိုင်အရှုံး မပေါ်သေးပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာတော့ လီတောက်ခုံးက လုံးဝကို ဖိနှိပ်ခံနေရပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ညာလက်ကို မြောက်ကာ လက်ညိုးကို တောက်ထုတ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ညိုးထိပ်ကနေ ဓားရောင်ဝါတစ်ခု ထွက်သွားပါတယ်။

ရှီတုတောက်ဟာ ဆန်းကြယ်စွမ်းအား သုံးဖို့ ပြင်လိုက်စဉ်မှာပဲ အငိုက်မိပြီး ဓားရောင်ဝါ ထိုးဖောက်တာကို ခံလိုက်ရပါတယ်။ ရှီတုတောက်ရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ လွှင့်စဉ်ထွက်ကုန်ပြီး ရှီတုတောက်ဟာ ဆန်းကြယ်စွမ်းအားကို ဆက်ပြီးတော့ မထုတ်ဖော်နိုင်တော့ပါဘူး။

ရှီတုတောက်ဟာ မျက်လုံးပြူးသွားပါတယ်။ လီတောက်ခုံးဟာ ဒီအခွင့်အရေးကို တိုက်ခိုက်ဖို့ အသုံးမချဘဲ တိုက်ခိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။

လီတောက်ခုံးဟာ ရှက်သွားပါတယ်။ လီတောက်ခုံးဟာ ဒီဓားရောင်ဝါက ဟန်ကျွယ်လက်ချက်မှန်း သိပါတယ်။

“ဒီမှာပဲ အဆုံးသတ်ရအောင်” ဟန်ကျွယ်ရဲ့ အသံဟာ ပဲ့တင်ထပ်သွားပါတယ်။

ရှီတုတောက်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ကြောက်လန့်စွာ ကြည့်ပြီး အံကြိတ်လိုက်ပါတယ် “တာအိုပညာရှိ...”

ဓားချီတစ်ခုတည်းနဲ့ သူ့ခန္ဓာကိုယ်ထဲက ကျယ်ပြောလှတဲ့ ဓမ္မစွမ်းအားကို သုတ်သင်နိုင်တဲ့စွမ်းအားက တာအိုပညာရှိကလွဲရင် ဘယ်သူရှိနိုင်အုန်းမှာလဲ။ အတိတ်မှာတုန်းကလည်း ရှီတုတောက်ဟာ သူ့ကိုယ်သူ အထင်ကြီးပြီး တာအိုပညာရှိကို စိန်ခေါ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရရှိခဲ့တဲ့ ကြောက်လန့်မှုဟာ မေ့ပျောက်ဖို့ ခက်ခဲလှပါတယ်။

လီတောက်ခုံးဟာ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားပါတယ်။

ရှီတုတောက်ဟာ အံကြိတ်လိုက်ပြီး တစ်ခဏတာ ရုန်းကန်ပြီးနောက် နောက်ဆုံးမှာတော့ ထွက်သွားဖို့ ရွေးချယ်လိုက်ပါတယ်။ စွမ်းအားချင်းက မိုးနဲ့မြေလို ကွာခြားလွန်းတဲ့အတွက် ဆက်နေမယ်ဆိုရင် ကိုယ့်ပါး ကိုယ်ပြန်ရိုက်သလိုပဲ ဖြစ်မှာပါ။

ရှီတုတောက်ဟာ တစ်ဖက်လှည့်လိုက်တယ်ဆိုရင်ပဲ ဧကရာဇ်ချန်ရဲ့စကားကို ရုတ်တရက် တွေးမိသွားပါတယ် ‘ငါက တကယ်ကို ပြိုင်ဘက်ကင်းတယ်လို့ ခေါ်ဖို့ မထိုက်တန်ဘူးပဲ... သေစမ်း... ငါသာ တာအိုပညာရှိ ဖြစ်နိုင်ရင်...’

ရှီတုတောက်ဟာ စိတ်ထဲမှာ အော်ဟစ်လိုက်ပါတယ်။ ရှီတုတောက်ဟာ တာအိုပညာရှိအတုအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီး ထပ်ပြီးတော့ စွမ်းအားမကြီးနိုင်တော့ပါဘူး။ တာအိုပညာရှိအောက်မှာ ရှီတုတောက်ကို ဘယ်သူ့ကိုမှ မရှုံးဖူးသေးပါဘူး။

တာအိုဘုံကျောင်းထဲမှာ...

လီတောက်ခုံးဟာ ဟန်ကျွယ်ရှေ့မှာ အမှားလုပ်ထားတဲ့ ကလေးငယ်လိုမျိုး ခေါင်းငိုက်စိုက်ချကာ မတ်တတ်ရပ်နေပါတယ်။

ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ငါ တကယ်ကို စိတ်ပျက်မိတယ်”

လီတောက်ခုံးဟာ ခေါင်းပိုငုံ့သွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြုံးမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီတောက်ခုံးကို ဖိနှိပ်ဖို့ အခွင့်အရေးမရှိမှာကို စိုးရိမ်နေခဲ့တာပါ။

လီတောက်ခုံးဟာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာပြီးနောက် ဟန်ကျွယ်ကို လေးစားတယ်ဆိုပေမဲ့ သူ့သဘောထားကိုတော့ ဘယ်တော့မှ မပြောင်းခဲ့ပါဘူး။ သာမန်လူတွေသာ လီတောက်ခုံးကို မြင်ရင် ဟန်ကျွယ်နဲ့ တစ်တန်းတည်းရှိတယ်လို့ တွေးမိမှာပါ။

လီရွှမ်အောက်ကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့အဆင့်အတန်းကို အမြန်ဆုံး လက်ခံခဲ့တဲ့အတွက် ဟန်ကျွယ် ကြိုက်တာကို ခံခဲ့ရပါတယ်။

“ငါ တာအိုပညာရှိအတု အဆင့်ကို စရောက်တုန်းက တာအိုပညာရှိအတုတိုင်းကို အနိုင်ယူနိုင်နေပြီ၊ အဲဒီအထဲမှာ ရှီတုတောက်လည်းပါတယ်၊ အဲဒါကို မင်းယုံလား”

လီတောက်ခုံးဟာ နက်ရှိုင်းစွာ အသက်ရှူလိုက်ပါတယ် “ယုံပါတယ်”

“မင်း ဒီလိုပုံစံမျိုးနဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ကျွန်တော်... ကျွန်တော် တကယ်ကို မထိုက်တန်တာပါ...” လီတောက်ခုံးဟာ ဟန်ကျွယ် မာန်မဲတာကို ခံရလို့ ဒေါသမထွက်ပါဘူး။ အဲဒီအစား စိတ်မချမ်းမသာ ဖြစ်သွားတာပါ။

ဟန်ကျွယ်ဟာ လီတောက်ခုံးကို စပြီးတော့ လှောင်ပြောင် သရော်ပါတယ်။ လီတောက်ခုံးဟာ ထိုင်နားထောင်ရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။

အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကောင်းမွန်မွန် ကျင့်ကြံချည်၊ မင်း အဆင့်လေးတစ်ဆင့် တက်နိုင်ရင် ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ အဲဒီတော့မှ ရှီတုတောက်ကို ထပ်ပြီးတော့ စိန်ခေါ်ချည်၊ မင်း နိုင်ရမယ်နော်၊ ငါက မင်းကို တန်ဖိုးအထားဆုံးပဲ၊ ငါ့ကို စိတ်မပျက်စေနဲ့”

“နားလည်ပါပြီ” လီတောက်ခုံးဟာ တိုးညင်းစွာ ပြန်ဖြေပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်တဲ့အတွက် လီတောက်ခုံးဟာ ဦးညွှတ်ပြီး တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။

တာအိုဘုံကျောင်းထဲကနေ ထွက်လာတဲ့ လီတောက်ခုံးဟာ ကျန်းကျွယ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ လီတောက်ခုံး စိတ်ထဲမှာ ခံစားနေရတဲ့ မနှစ်မြို့မှုတွေဟာ လုံးဝပပျောက်သွားပါတယ်။

လီတောက်ခုံးဟာ မာနရှိတဲ့လူ ဖြစ်တဲ့အတွက် ဟန်ကျွယ် သရော်တာကို ဘာမှမခံစားရဘဲ မနေပါဘူး။ ဒါပေမဲ့ ကျန်းကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာတော့ လီတောက်ခုံးရဲ့ နှလုံးသားထဲမှာ ခါးသီးမှုပဲ ကျန်ရှိပါတော့တယ်။ ဟန်ကျွယ်မှာက သူ့ကို သရော်ခွင့် ရှိနေတယ် မဟုတ်ပါလား။

အပြန်လမ်းမှာ လီရွှမ်အောက်ဟာ လီတောက်ခုံးဆီ ရောက်လာပြီး ဘာဖြစ်လဲ လာမေးပါတယ်။ လီတောက်ခုံးဟာ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောလိုက်ပါတယ်။ အဲဒီနောက် သက်ပြင်းချပြီး ထွက်ခွာကာ ကျားကုတ်ကျားခဲ ကျင့်ကြံဖို့ ပြင်ဆင်ပါတယ်။

လီရွှမ်အောက်ကတော့ နေရာမှာတင် ကြက်သေသေပြီး ကျန်နေခဲ့ပါတယ်။

“ရှီတုတောက်... သူက တာအိုပညာရှိအောက်မှာ အစွမ်းအထက်ဆုံး တည်ရှိမှုမလား၊ ဘယ်လိုလုပ်ပြီး သူ့ကို သေမျိုးတစ်ယောက်လို့ ပြောနေတာလဲ၊ တစ်ယောက်ကလည်း ပြောရဲတယ်၊ နောက်တစ်ယောက်ကလည်း ယုံရဲတယ်” လီရွှမ်အောက်ဟာ နားမလည်နိုင်တော့ပါဘူး။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ရှီတုတောက် ရှုံးနိမ်ပြီး ပြန်လာတဲ့သတင်းဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တောမီးပမာ ပျံ့နှံ့သွားပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်း တော်တော်များများဟာ ရှီတုတောက် စိန်ခေါ်တာကို ခံခဲ့ရတာချည်းပါပဲ။ ဒါပေမဲ့ တစ်ဂိုဏ်းမှ ရှီတုတောက်ကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်ဟာ ရှီတုတောက် ရှုံးနိမ့်တာ ပထမဆုံးပါပဲ။

တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်နားမှာ သက်ရှိတွေအများကြီး ရှိပါတယ်။ မကြာမကြာဆိုသလိုလည်း ကျင့်ကြံသူတွေ ဖြတ်သွားကြပါတယ်။ ဒီအထဲက တချို့ဟာ ဒီတိုက်ပွဲကို အစအဆုံး မြင်တွေ့ပြီး ထိတ်လန့်ကုန်ကြပါတယ်။

ဒီလိုနဲ့ အချိန်တစ်ခုအတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ ဒဏ္ဍာရီတွေဟာ အင်မော်တယ်ကမ္ဘာမှာ ပြန်ပေါ်လာပါတယ်။ ပိုပြီးလျှို့ဝှက်လေလေ ပိုပြီးတော့ အထင်ခံရလေလေပါပဲ။

နှစ်သုံးရာကြာတဲ့အခါမှာတော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ မြင့်မြတ်နယ်မြေအဖြစ် တစ်ဆင့်စကား တစ်ဆင့်နားကနေ သတ်မှတ်ခြင်း ခံရပါတော့တယ်။

ကောင်းကင်ဘုံ ၁၃ ဘုံမြောက်။

မိုးကောင်းကင်မျိုးနွယ်စုရဲ့ နန်းတော်ထဲမှာ ဂျိရှင်းရှန်နဲ့ ဖန်းလျန်တို့ တွေ့ဆုံကြပါတယ်။

“ကျွတ်..ကျွတ်... မင်းတို့တိတ်ဆိတ်ဂိုဏ်းရဲ့ ဆရာဘိုးဘိုးက ဒီနှစ်ထဲမှာ နာမည်ထပ်ကြီးပြန်ပြီ” ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ်။

ဖန်းလျန်ဟာ ဘာသိဘာသာ ပြုံးလိုက်ပါတယ် “အင်း.. ဆရာဘိုးဘိုးက ဒီလိုနာမည်ကြီးတာကိုတော့ လိုချင်မှမဟုတ်ဘူး”

‘ငါ့ရှေ့မှာ ကြွားလုံးထုတ်တာ ရပ်တော့၊ ငါက မင်းရဲ့ ဆရာဦးလေး ဖြစ်နေပြီ’ ဂျိရှင်းရှန်ဟာ စိတ်ထဲမှာ ဖန်းလျန်ကို ပြောလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်တာကို ဘယ်သူ့ကိုမှ ပြောမပြထားတဲ့အတွက် ဖန်းလျန်တောင် ဒီအကြောင်းကို မသိပါဘူး။

တိတ်ဆိတ်ဂိုဏ်းက ဂျိရှင်းရှန်အတွက် နောက်ဆုံးဝှက်ဖဲပါ။ လုံးဝမလိုအပ်ဘူးဆိုရင် ဂျိရှင်းရှန်ဟာ ဒီဝှက်ဖဲကို လုံးဝ ထုတ်သုံးမှာ မဟုတ်ပါဘူး။

ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်းကနေ လာတာဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းကို မပြန်တာ အချိန်အတော်ကြာနေပါပြီ။ တိတ်ဆိတ်ဂိုဏ်းက ဖန်းလျန်ကို ဂိုဏ်းဝင်အဖြစ် သတ်မှတ်သေးလားဆိုတာ မသိနိုင်ပါဘူး။

ဂျိရှင်းရှန်က မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ဘယ်လိုဆုံးဖြတ်ထားလဲ”

ဖန်းလျန်က ပြန်ပြောလိုက်ပါတယ် “ငါ့မှာ ငြင်းစရာ ဘာမှမရှိပါဘူး၊ အခုလက်ရှိ ကောင်းကင်ရုံးတော်က တစပြင်ဖြစ်နေပြီ၊ တာအိုပညာရှိတွေကလည်း ဘာမှမတောင်းဆိုတော့ဘူး၊ နဂါးမျိုးနွယ်စုကို သိမ်းသွင်းဖို့က ငါတို့ နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး၊ နဂါးမျိုးနွယ်စုမှာ အနန္တကပ်ဘေးရဲ့ ကံတရား အထောက်အပံ့ကို အသုံးပြုပြီး တာအိုပညာရှိအတု ဖြစ်လာတဲ့လူရှိတယ်၊ သူက အတော်လေး စွမ်းအားကြီးတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters