← Chapters

ကောင်းကင်ရုံးတော် အသစ်၊ လီမုယဲ့၏ တောင်းဆိုမှု

Vol. 49 Ch. 533

ကောင်းကင်ရုံးတော် အသစ်၊ လီမုယဲ့၏ တောင်းဆိုမှု

Vol. 49 Ch. 533

၇ နှစ်ကြာတဲ့အခါမှာတော့ ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ဆီ ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ ပထမတော့ ဟန်ဇွေတျန်ကို အတွေ့မခံပါဘူး။ ဒါပေမဲ့ ဟန်ဇွေတျန်က ကိစ္စကြီးရှိတယ်ဆိုတာကြောင့် ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို ဝင်ခွင့်ပြုလိုက်ပါတယ်။

တာအိုဘုံကျောင်းထဲ ရောက်တာနဲ့ ဟန်ဇွေတျန်ဟာ ဒူးထောက်ပြီး ရှိခိုးလိုက်ပါတယ်။

ဟန်ကျွယ်က ဘာမှမပြောပါဘူး။

ဟန်ဇွေတျန်ဟာ ခေါင်းမော့ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ဒီအတောအတွင်း ကျွန်တော် ဖူစန်းသစ်ပင်အောက်က သဘာဝရတနာတွေကို ဂရုစိုက်ရင်း ဖူစန်းသစ်ပင်က ကျွန်တော့်ကို ပြောတယ်၊ သူက အချိန်-အာကာသ တည်ရှိမှု တစ်ရာကျော်နဲ့ ဆက်သွယ်မိထားပြီး အဲဒီအထဲမှာ ကောင်းကင်တာအို ထိန်းချုပ်မခံရတဲ့ ကမ္ဘာတွေတောင် ပါတယ်တဲ့၊ ကျွန်တော်အထင် တိတ်ဆိတ်ဂိုဏ်းက အဲဒီကမ္ဘာတွေကို နယ်ပယ်ချဲ့ထွင်သင့်တယ်”

“တိတ်ဆိတ်ဂိုဏ်းထဲမှာ ထပ်ပြီးတော့ မတိုးတက်နိုင်တော့တဲ့ သက်ရှိတွေ အများကြီးပဲ၊ သူတို့ရဲ့ ကျင့်ကြံမှုက ထပ်မတိုးတက်နိုင်ဘူးဆိုတော့ တိတ်ဆိတ်ဂိုဏ်းထဲမှာ နေလည်း ဘာအဓိပ္ပာယ်မှ မရှိဘူး”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒါပေမဲ့ နေလင်ယင်ယန် အကာအကွယ်ရဲ့ အလင်းရောင်ကြောင့် ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာကို မမြင်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ ပထမတော့ ငြင်းချင်ပေမဲ့ ချက်ချင်းပဲ အတွေးပြောင်းလိုက်ပါတယ်။ တကယ်တော့ ဟန်ဇွေတျန် ပြောတာက သဘာဝကျပါတယ်။ တာအိုစက်ကွင်းရဲ့ ထူထပ်သိပ်သည်းတဲ့ အင်မော်တယ်ချီနဲ့ ဟန်ကျွယ် မပြတ် တာအိုဟောကြားပေးတာတောင် သက်ရှိအားလုံးက အဆုံးမဲ့ ကျင့်ကြံနိုင်တာ မဟုတ်ပါဘူး။ သာမန်အရည်အချင်းပဲရှိတဲ့ သက်ရှိတွေဟာ အများဆုံး အင်မော်တယ်ဧကရာဇ်အဆင့်အထိပဲ ကျင့်ကြံအားထုတ်နိုင်ကြပါတယ်။

သိပ်မကြာသေးခင်ကတော့ ဧကရာဇ်အဆင့်ဟာ ဟန်ကျွယ် လက်လှမ်းမမီနိုင်တဲ့ အဆင့်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုတော့ တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ်က မှိုလိုပေါနေပါပြီ။

သက်ရှိအများစုက တိတ်ဆိတ်ဂိုဏ်းမှာ ဆက်နေလည်း ဘာမှအသုံးမဝင်တဲ့အတွက် ဟန်ဇွေတျန်အကြံအတိုင်း လိုက်လုပ်ခိုင်းတာ မဆိုးလှပါဘူး။ ဒါပေမဲ့ ကောင်းကင်တာအို နယ်ပယ်ထဲမှာတော့ ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။ ကောင်းကင်တာအို အပြင်ဘက်မှာ နယ်ပယ်ချဲ့ထွင်တာက အနည်းဆုံးတော့ အပြင်လောက အကြောင်းကို ပိုနားလည်နိုင်စေပါတယ်။

ဒီတပည့်တွေသာ ဟန်ကျွယ် မနိုင်တဲ့ စွမ်းအားကြီးရန်သူတွေကို တွေ့မယ်ဆိုရင် ဟန်ကျွယ်ဟာ သူတို့ကို ကယ်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက မင်းကျင့်ကြံမှုကို ဒီထက်ပိုပြီးတော့ မတိုးတက်နိုင်တော့ဘူးလား”

ဟန်ဇွေတျန်ဟာ ချက်ချင်းပဲ ပြန်ဖြေပါတယ် “တိုးတက်နိုင်ပါတယ်၊ ကျွန်တော်မှာ ကိုယ်တိုင် အပြင်ထွက်ဖို့ စိတ်ကူးမရှိပါဘူး၊ ဒီအတိုင်း သဘောထားကို တင်ပြရုံပါ၊ တပည့်တော်တော်များများက တိတ်ဆိတ်ဂိုဏ်းအတွက် အကျိုးဆောင်ချင်နေကြတယ်၊ ဒါပေမဲ့ သူတို့မှာ အခွင့်အရေးမရှိကြဘူး၊ ဥပမာပေးရရင် လက်ရှည်လူဝံတောင် သိပ်မကြာသေးခင်က ပြန်လာတယ်”

လက်ရှည်လူဝံဟာ အပြင်ထွက်လေ့ကျင့်တာ အတော်ကြာပါတယ်။ လက်ရှည်လူဝံဟာ လက်ရှည်လူဝံ မျိုးနွယ်စုကို ဆန်းကြယ်စွမ်းအားတွေ သင်ပေးပြီးတာနဲ့ တိတ်ဆိတ်ဂိုဏ်းကို ပြန်လာခဲ့ပါတယ်။ ဟန်ကျွယ်ပေးလိုက်တဲ့ တာဝန်ကတော့ ဟန်ထော်နဲ့ မတွေ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။

လက်ရှည်လူဝံ တိတ်ဆိတ်ဂိုဏ်းကို ပြန်လာရတဲ့ အဓိက အကြောင်းရင်းက ဗုဒ္ဓဂိုဏ်းကျင့်ကြံတစ်ပါးကို ရှုံးနိမ့်သွားတဲ့အတွက် ဒီထက်စွမ်းအား ကြီးမားအောင် ကျင့်ကြံဖို့ ပြန်လာတာပါ။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒါဆိုလည်း လုပ်စရာရှိတော့၊ နောက်တစ်ခါ တာအိုဟောကြားရင် ငါ စီစဉ်ပေးမယ်”

ဟန်ဇွေတျန်ဟာ ကျေနပ်အံအားသင့်သွားပြီး ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ဇွေတျန်ဟာ ဟန်ကျွယ်ကို ထပ်ပြီးတော့ မနှောင့်ယှက်တော့ဘဲ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်အတွက် ကောင်းကင်တာအို အပြင်ဘက်မှာ အင်အားတိုးချဲ့ဖို့ မလိုအပ်ပဲ ရှိထားတာတော့ မမှားပါဘူး။

နှစ်ငါးဆယ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရင်း ကျပမ်းသေတ္တာကို ဖွင့်နေသလိုမျိုး ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ခေါင်းထဲမှာ သူ့ရဲ့ ဘယ်မိတ်ဆွေက ဘယ်လိုကံဆိုးပြီး ဘယ်လိုဖြစ်သွားလဲဆိုတာကို သိချင်နေတာကြောင့်ပါ။

ပျော်ရွှင်မှုက တခြားသူတွေရဲ့ နာကျင်မှုကနေ တည်ဆောက်ထားတာပါ။

[သင့်တပည့် ဂျိရှင်းရှန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် နဂါးစစ်မျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၃၀၂၁

[သင့်မိတ်ဆွေ ချုံရှီလိုင်သည် ကောင်းကင်တာအို စွမ်းအားနှင့် ပေါင်းစပ်ရာ တန်ပြန်ထိပြီး တာအိုနှလုံးသား ထိခိုက်သွား၏။]

[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၆၃

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် အဆုံးသတ် အပျက်အစီး ကောင်းကင်ရုံးတော်အား တည်ထောင်လိုက်သဖြင့် ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မိတ်ဆွေ ထိုက်စုတျန်သည် တာအိုပညာရှိတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ဟန်မင်သည် သင့်သား ဟန်ထော် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

‘ဂျိရှင်းရှန်က တာအိုပညာရှိအတု မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလဲ’

ဟန်ကျွယ်ဟာ စာစောင်တွေကိုဖတ်ရင်း မျက်မှောင်ကြုတ်ပြီး ဒေါသထွက်သွားပါတယ်။ အဲဒီနောက် ချုံရှီလိုင် ကောင်းကင်တာအိုစွမ်းအားနဲ့ ပေါင်းစပ်တာ မ‌အောင်မြင်ဘဲ တန်ပြန်ထိတာကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားပါတယ်။

ဟန်ကျွယ် ရန်သူတွေအတွက် အဆိုးဆုံးအရာက သူတို့မှာ ပြဿနာပေးတဲ့ မဟာမိတ်တွေ ရှိနေတာပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ရင်း သတင်းအချက်အလက် တော်တော်လေး ရလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်ကို တည်ထောင်လိုက်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အင်ပါယာဟောင်းကို ပြန်တည်ဆောက်ချင်ပုံပါပဲ။

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်အတွက် တော်တော်လေး စိုးရိမ်သွားပြီး အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ သူ့လိုမျိုး ကောင်းကင်ရုံးတော်ရဲ့ အခက်အခဲတွေကို ကျော်လွှားအောင် ကူညီနိုင်တဲ့ နောက်ထပ်လူတစ်ယောက် ရှိနေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ထော်က ဟန်မင်ကို တိုက်ခိုက်တာ တွေ့လိုက်ရတဲ့အခါမှာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအတောအတွင်း ဟန်ထော်ကို ဂရုမစိုက်ဘဲ ပစ်ထားတာ ကြာပါပြီ။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ်။

ဟန်ထော်က ဟန်မင်နဲ့ ရှိနေတုန်းပါ။ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်း ရှိနေပြီး အရံအတားတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုမှာ စွန့်စားခရီးထွက်နေကြပါတယ်။ သူတို့နှစ်ယောက်လုံးက အတော်လေးကို အားနည်းပြီး အင်မော်တယ်ဧကရာဇ် နဝမအဆင့်က သူတို့နှစ်ယောက်လုံးကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချောင်းကြည့်နေပါတယ်။

‘အင်း... ဒီကောင်လေးက ပဋိပက္ခ နတ်ဘီလူး ဓမ္မရုပ်တုကို တကယ်ကြီး တတ်မြောက်သွားတာလား...’

ဟန်ကျွယ်ဟာ ရုတ်တရက် အံအားသင့်သွားပါတယ်။ ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်က သူ့သွေးစည်းကနေ အမွေဆက်ခံလို့ ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ဟန်ထော်ရဲ့ ဝိညာဉ်ထဲမှာ ပဋိပက္ခ နတ်ဘီလူး ဓမ္မရုပ်တုက တစ်ခုတည်းဆိုပေမဲ့ ဒါက အဆင့်ကျော်ပြီး ရန်သူတွေကို သတ်ဖြတ်ဖို့ လုံလောက်နေပါပြီ။

ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ လက်ရှိတိုးတက်မှုနဲ့ ကျေနပ်ပါတယ်။ သွေးစည်း ဖိနှိပ်ထားတာရယ် နောက်ခံမရှိတာရယ် ပေါင်းလိုက်ရင် ဒီလိုအခြေအနေ ရောက်လာဖို့က ဟန်ထော်အတွက် မလွယ်ကူလှပါဘူး။

‘ဒီကောင်လေး သေခါနီးရင် ငါ သူ့ကို တိတ်ဆိတ်ဂိုဏ်းဆီ ပြန်ခေါ်ပြီး ကျင့်ကြံအားထုတ်ခိုင်းရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ဟန်မင်ကတော့ ဟန်ထော်နဲ့ နှိုင်းယှဉ်ရင် တော်တော်လေးကို သာမန်ကျလွန်းပါတယ်။ ဒီဘဝမှာ ဟန်မင်ဟာ အများဆုံး နတ်မင်းအဆင့်ကိုပဲ ရောက်ရုံရှိမှာပါ။

[လီမုယဲ့သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ဟာ ဟန်ကျွယ်ရဲ့ အတွးတွေကို ဖြတ်တောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ လျစ်လျူရှုထားလိုက်ပါတယ်။

[လီမုယဲ့သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[လီမုယဲ့သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[လီမုယဲ့သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

လီမုယဲ့ဟာ စပြီးတော့ တရစပ် အိပ်မက်ပေးပါတော့တယ်။ ဟန်ကျွယ် ဒီအဖြစ်ကြောင့် နည်းနည်းတော့ အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီမုယဲ့က ဒီလိုမျိုး စိတ်မရှည်တက်တဲ့ လူစားမျိုး မဟုတ်လို့ပါပဲ။

‘တစ်ခုခုများ ဖြစ်လို့လား...’

“ငါ လီမုယဲ့ အိပ်မက်ပေးတာကို လက်ခံလိုက်ရင် အန္တရာယ်ရှိနိုင်လား”

[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ ချက်ချင်း ပြေလျော့သွားပြီး လီမုယဲ့ရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီမုယဲ့ ဘာပြောမလဲဆိုတာကို မြင်ချင်ပါသေးတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဇရပ်လေးတစ်ဆောင်ထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဇရပ်အပြင်ဘက်က တောတောင်တွေဟာ အလွန်တရာမှ စိမ်းလန်းစိုပြေတဲ့အတွက် စိတ်ကို လန်းဆန်းသွားစေပါတယ်။

လီမုယဲ့ဟာ ဟန်ကျွယ်ရှေ့မှာ ထိုင်နေပြီး သူတို့နှစ်ယောက်ကြားက ကျောက်တုံးပေါ်မှာ ကျားခုံတစ်ခု ရှိနေပါတယ်။ လီမုယဲ့က မျက်နှာသေနဲ့ မေးလိုက်ပါတယ် “ကစားတက်လား”

ဟန်ကျွယ်ဟာ တစ်ချက်ကြည့်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ကျုပ်ကို ဂိုမိုကူမှာ စိန်ခေါ်ချင်တာလား”

“ဂိုမိုကူကဘာလဲ”

“ပထမဆုံး ကျားစေ့ငါးခု တန်းနိုင်တဲ့လူက နိုင်တာလေ”

“ကလေး ကစားစရာတွေ ပျင်းဖို့ကောင်းတယ်၊ ထားလိုက်ပါတော့... ငါ တဲ့တိုးပဲ ပြောတော့မယ်” လီမုယဲ့ဟာ ခေါင်းခါပြီး ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကျားခုံဟာ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင်က ငါ့ကို အထင်သေးနေတာပဲ’

ဒါက မ‌ကောင်းတာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ကျားကစားတက်ပေမဲ့ သိပ်ကျွမ်းတာ မဟုတ်တဲ့အတွက် တကယ်တမ်း ကစားရင် လီမုယဲ့ကို နိုင်နိုင်ချေ လုံးဝမရှိပါဘူး။

လီမုယဲ့က ပြောလိုက်ပါတယ် “မင်းက ကောင်းကင်တာအိုပညာရှိ မဟုတ်ဘူး၊ ကိုယ့်အစွမ်းအစနဲ့ တာအိုပညာရှိ ဖြစ်လာတာ၊ မင်း ကြည့်ရတာ ကောင်းကင်တာအိုကို တော်တော် ကြောက်ပုံရတယ်၊ တကယ်လို့ မင်း နောက်တစ်ဆင့်ကို တက်ချင်ရင် ကိုယ်ပိုင် ကောင်းကင်တာအိုကို ဖန်တီးဖို့ လိုအပ်တယ်၊ ငါလည်း ငါ့ကိုယ်ပိုင် ကောင်းကင်တာအို လောကငယ်လေး ရှိတယ်၊ အခုလက်ရှိ အင်မော်တယ်ကမ္ဘာထက်တော့ မနိမ့်ကျဘူး၊ ဒါပေမဲ့ ငါ့ကံတရား အထောက်အပံ့က မလုံလောက်သေးဘူး၊ အဲဒါကြောင့် ငါ မင်းကို ကောင်းကင်တာအိုအသစ် ဖန်တီးဖို့ ဖိတ်ခေါ်ချင်တယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားက ဘာကိုဆိုလိုတာလဲ၊ ခင်ဗျားက ကျုပ်ကို ခင်ဗျာနဲ့အတူ ခင်ဗျားရဲ့ ကောင်းကင်တာအို တည်ဆောက်စေချင်တာလား...”

လီမုယဲ့ဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး... ငါက မင်းကိုယ်ပိုင် ကောင်းကင်တာအို ဖန်တီးပြီး ငါ့ကောင်းကင်တာအိုဘေးမှာ ထားစေချင်တာ၊ ဒါဆို အနာဂတ်မှာ ငါတို့တွေ မဟာတာအို အနန္တကပ်ဘေးကို အတူတူရင်ဆိုင်နိုင်တာပေါ့၊ ဒီနှစ်တစ်သောင်းအတွင်းမှာ လျှို့ဝှက်တဲ့ တည်ရှိမှုတစ်ခုက အမှောင်တားမြစ်နယ်မြေမှာရှိတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေကို မောင်းထုတ်နေတယ်၊ ဒါက မဟာတာအိုအနန္တကပ်ဘေး ဖြစ်ပေါ်လာတော့မဲ့ နိမိတ်ပဲ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင် ဘာလုပ်နေတာလဲ... အရင်တုန်းက သူပဲ ငါ့ကို အကောက်ကြံပြီး အခုကျတော့ ငါ့ကို စည်းရုံးသိမ်းသွင်းချင်နေတာလား...’

‘သူ့ ကြည့်ရတာ အလောသုံးဆယ် ဖြစ်နေပုံပဲ၊ ကြည့်ရတာ တစ်ခုခု ဖြစ်ထားပုံပဲ’

“ကျုပ် စဉ်းစာအုန်းမယ်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။

လီမုယဲ့ဟာ သက်ပြင်းချလိုက်ပါတယ် “နောက်တစ်ခု ရှိသေးတယ်၊ ငါ မင်းဆီက အကူအညီ တောင်းချင်တာ၊ ဒီအတောအတွင်း ငါ့ကောင်းကင်တာအို ပစ်မှတ်ထားခံနေရတယ်၊ တစ်ဖက်လူက လွတ်လပ်တာအိုပညာရှိ၊ သူလည်းပဲ ကိုယ့်စွမ်းကိုယ်စနဲ့ တာအိုကို ရယူထားတာ၊ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး၊ တခြား ကောင်းကင်တာအိုပညာရှိတွေက ကောင်းကင်တာအိုကနေ ထွက်တာနဲ့ သူတို့ရဲ့ ကျင့်ကြံမှုက တာအိုပညာရှိအတုနဲ့ ဘာမှမခြားတော့ဘူး၊ အဲဒါကြောင့် ငါမင်းဆီကပဲ အကူအညီတောင်းရတာ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters