အမှောင်ဘုရင် တာအိုပညာရှိ
Vol. 49 Ch. 534
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ လီမုယဲ့စကားကို နားထောင်ပြီး ဟန်ကျွယ် ပထမဆုံး တွေးမိလိုက်တာက လီမုယဲ့ ဂေါက်နေသလားဆိုတာကိုပါ ‘ငါက သူ့ကို ကူညီမယ်လို့ ဘာကြောင့်များ ထင်နေရတာလဲ’
ဟန်ကျွယ်အတွေးကို သိတဲ့ လီမုယဲ့ဟာ ပြောလိုက်ပါတယ် “မင်း ငါ့ကို ကူညီမယ်ဆိုရင် အခုအချိန်ကစပြီး တာအိုပညာရှိတွေ မင်းကို အကောက်ကြံရဲတာနဲ့ ငါ မင်းဘက်က ရပ်တည်ပေးမယ်၊ နောက်ပြီး မင်းကို ရွမ်လိန့်ကျောင်းတော်ရဲ့ ဘိုးဘေးနဲ့လည်း မိတ်ဆက်ပေးမယ်၊ တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် မင်း အနာဂတ်မှာ မဟာတာအိုကို သွားနားထောင်လို့ရတယ်”
နွီဝါတောင် ကောင်းကင်တာအိုကို ကျော်ဖြတ်သွားတဲ့အတွက် အတိတ်က တာအိုပညာရှိတွေလည်း ဒီထက်မြင့်တဲ့ အဆင့်တစ်ခုဆီ ရောက်သွားပြီဆိုတာကို ဟန်ကျွယ် မှန်းဆခဲ့တာ ကြာပါပြီ။ ပထမ ကံတရား အထောက်အပံ့ဂိုဏ်း အနေနဲ့ ရွမ်လိန့်ကျောင်းတော်ရဲ့ အုတ်မြစ်က သူများနဲ့မတူဘဲ နက်ရှိုင်းနေမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဒါပေမဲ့ ဒီအချက်တွေက ဟန်ကျွယ်ရဲ့ စိတ်ကို မလှုပ်ရှားစေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီမုယဲ့ တောင်းဆိုတဲ့ကိစ္စက စွန့်စားရမှာမို့လို့ပါ။
“ကောင်းပြီလေ... ကျုပ် စဉ်းစားပေးမယ်”
ဟန်ကျွယ်ရဲ့ အဖြေကြောင့် လီမုယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ လီမုယဲ့ဟာ ဟန်ကျွယ်ကို အနည်းငယ် နားလည်တဲ့အတွက် စဉ်းစားအုန်းမယ်ဆိုတာက ငြင်းဆန်လိုက်မှန်း သိလိုက်ပါတယ်။ ဒါကြောင့် မနေနိုင်ဘဲ မေးလိုက်ပါတယ်။
“မင်း ဘာလိုချင်တာလဲ၊ မင်းလိုချင်တာ ငါ့ကို ပြောကြည့်...”
“ဘာမှ မလိုချင်ဘူး၊ ကျုပ်က တာအိုကိုရထားတာ သိပ်မကြာသေးဘူး၊ ခင်ဗျားတောင် မရင်ဆိုင်နိုင်တဲ့ ရန်သူကို ကျုပ်က ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ၊ နောက်ပြီး ခင်ဗျားရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေကိုလည်း သတိထားရအုန်းမယ်၊ သူတို့က လစ်တာနဲ့ ကျုပ်ရဲ့တာအိုစက်ကွင်းကို တိုက်ခိုက်ဖို့ ချောင်းနေကြတာ”
လီမုယဲ့ဟာ နေရထိုင်ရခက်သွားပါတယ်။ အဲဒီနောက် အိပ်မက်နယ်မြေတစ်ခုလုံး တစပြင်လို တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “ဒီကိစ္စက အရေးကြီးတယ်ဆိုတော့ ကျုပ် စဉ်းစားပါရစေအုန်း၊ ကျုပ်နေရာမှာ ခင်ဗျားဆိုရင်လည်း တစ်ခါတည်း သဘောမတူလောက်ပါဘူး၊ ဟုတ်တယ်မလား...”
“ကောင်းပြီလေ” လီမုယဲ့ဟာ ဘာမှမတက်နိုင်တော့ပါဘူး။
အဲဒီနောက် အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ကို အစစ်အမှန်ကို ပြန်ရောက်တာနဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “လီမုယဲ့ ပြောနေတဲ့ ရန်သူက ဘယ်သူလဲဆိုတာကို ငါ သိချင်တယ်”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူဆံပင်တွေက ရေတံခွန်လိုပဲ ရှည်လျားလှပါတယ်။ ဒါ့အပြင် သူ့ရဲ့ မျက်ခုံးအကြားမှာလည်း ဒေါင်လိုက်အနေအထားနဲ့ မျက်လုံးတစ်လုံး ရှိနေပါတယ်။
[အမှောင်ဘုရင် တာအိုပညာရှိ: ကျင့်ကြံမှုမသိ၊ ပဋိပက္ခနတ်ဘီလူး။]
‘ပဋိပက္ခနတ်ဘီလူးလား... ငါ ဒီကောင်ကို ဘယ်နည်းနဲ့မှ ရန်စလို့ မဖြစ်ဘူး...’
ကျင့်ကြံမှုမသိ ဆိုတဲ့အတွက် အနည်းဆုံး ဟန်ကျွယ် ကျင့်ကြံမှုထက် မြင့်မားတာ သေချာပါတယ်။ ဟန်ကျွယ်အနေနဲ့ အမှောင်ဘုရင် တာအိုပညာရှိကို အနိုင်ယူကောင်း အနိုင်ယူနိုင်ပေမဲ့ အမှောင်ဘုရင် တာအိုပညာရှိကလည်း ဟန်ကျွယ်ကို သတ်နိုင်တဲ့အစွမ်း ရှိချင်ရှိနေမှာပါ။
ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိကို တစ်ချက်တည်း မသတ်နိုင်ဘူးဆိုရင် အမှောင်ဘုရင် တာအိုပညာရှိနဲ့ ရန်သူလုပ်ဖို့ မစဉ်းစားထားပါဘူး။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ဘေးဖယ်ပြီး လျစ်လျူရှုလိုက်ပါတယ် ‘တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို အပြင်ထွက်ဖို့ စီစဉ်ရင် လီမုယဲ့ကမ္ဘာဆီ သွားခိုင်းလို့ မဖြစ်ဘူး’
အနာဂတ်မှာ ဟန်ကျွယ်ဟာ လီမုယဲ့ရဲ့ အိပ်မက်တွေကိုလည်း လျစ်လျူရှုပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီမုယဲ့ကို ရန်စမိမှာ မကြောက်ပါဘူး။ အမှောင်ဘုရင် တာအိုပညာရှိသာ အောင်မြင်ခဲ့မယ်ဆိုရင် လီမုယဲ့ရဲ့ ကျင့်ကြံမှုက ကျိန်းသေပေါက် ရပ်တန့်ပြီး ကံဆိုးမိုးမှောင်ကျမယ်ဆိုရင် နောက်တော့ ပြန်ဆုတ်သွားနိုင်ပါတယ်။ ဒီလိုဆိုရင် လီမုယဲ့ဟာ တာအိုပညာရှိတွေ အထဲမှာ အားအနည်းဆုံး တာအိုပညာရှိ ဖြစ်သွားမှာပါ။
ကံတရား အထောက်အပံ့အပေါ် မှီခိုတဲ့ တာအိုပညာရှိတွေက အုတ်မြစ်မခိုင်ပါဘူး။ အဲဒီအတွက် ဘာမှကြောက်စရာ မလိုပါဘူး။
အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပြီး လောကတစ်ခုလုံးကို တုန်လှုပ်စေတဲ့ သတင်းတစ်ခုဟာ အင်မော်တယ်ကမ္ဘာမှာ ပျံ့နှံ့လာပါတယ်။ အဲဒီသတင်းကတော့ နဂါးမျိုးနွယ်စုကို ကောင်းကင်ရုံးတော်က အနိုင်တိုက်လိုက်တာပါ။ ဒါကြောင့် အခုဆိုရင် နဂါးမျိုးနွယ်စုဟာ ကောင်းကင်ရုံးတော်ရဲ့ လက်အောက်ခံ ဖြစ်သွားပါပြီ။ ဒီနဂါးမျိုးနွယ်စုထဲမှာ နဂါးစစ်မျိုးနွယ်စုနဲ့ တခြားနဂါးမျိုးနွယ်စုတွေလည်း ပါဝင်ပါတယ်။
ကောင်းကင်တာအို ပြန်စပြီး မကြာခင်မှာပဲ နဂါးမျိုးနွယ်စုဟာ ပြန်ပေါ်လာခဲ့ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ အားကောင်းလှတဲ့ ရုပ်ခန္ဓာကို အမှီပြုပြီး ပင်လယ်ကို အုပ်စိုးခဲ့တဲ့အတွက် အတော်လေး ဩဇာကြီးကြပါတယ်။ ဒီလိုဩဇာကြီးတဲ့ နဂါးမျိုးနွယ်စုက ကောင်းကင်ရုံးတော်ကို အညံခံသွားတဲ့အတွက် သက်ရှိအားလုံးဟာ ကောင်းကင်ရုံးတော်ကို ပြန်ကြည့်မိလိုက်ကြပါတယ်။ ကောင်းကင်ရုံးတော်ဟာ အင်မော်တယ်နတ်ဘုရားတွေရဲ့ အစပြုရာဆိုရင် မှားမယ် မထင်ပါဘူး။
ကောင်းကင်ရုံးတော်ရဲ့ အင်အားကို လူတိုင်း အံဩနေစဉ်မှာ လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ ပုံမှန်အတိုင်း တိတ်ဆိတ် အေးချမ်းနေပါတယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ထပ် နှစ် ၅၀၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားလို့ ပြီးဆုံးတာနဲ့ ဆင့်ခေါ်ပညာရပ်ကို တိတ်ဆိတ်ဂိုဏ်းသားတိုင်းဆီ သင်ကြားပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားက တိတ်ဆိတ်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ဖြစ်ပြီး အလွယ်တကူ အသုံးမပြုဖို့နဲ့ စိတ်ထင်တိုင်း အသုံးပြုမယ်ဆိုရင် တန်ပြန်ထိပြီး ဒုက္ခရောက်မှာဖြစ်ကြောင်း တစ်ပါတည်း ကြော်ငြာလိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတိုင်းဟာ ဟန်ကျွယ်ရဲ့ စကားကို ယုံကြည်ကြပါတယ်။ ဆင့်ခေါ်ပညာရပ်ကို ဟန်ကျွယ်ရဲ့ ကိုယ်ပိုင်တပည့်အချို့ပဲ အသုံးပြုဖူးတာ ဖြစ်တဲ့အတွက် တပည့်အများစုဟာ ဒီပညာရပ်အကြောင်းကို သေချာ မသိကြပါဘူး။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး ဖူစန်းသစ်ပင်ကို အချိန်-အာကာသ ဝဲကတော့ တစ်ရာကျော် ဖွင့်ခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒီဝဲကတော့တွေကို နတ်အာရုံနဲ့ စစ်ဆေးပါတယ်။ ဒီအချိန်အာကာသတွေက အင်အားချင်း မတူညီကြပါဘူး။ ဒါပေမဲ့ လီမုယဲ့ရဲ့ တရှီကျဲ့ကမ္ဘာက အင်အားအကြီးဆုံး ဖြစ်နေတုန်းပါ။
အဲဒီထဲက ကမ္ဘာခြောက်ခုဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့မရှိသလို ကောင်းကင်တာအို ထိန်းချုပ်မှုကနေလည်း လွတ်ကင်းပါတယ်။ သေချာအကဲခတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတဘ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ဇွေတျန်ဟာ အမည်ခံတပည့် တစ်ထောင်ကို ဖူစန်းသစ်ပင်ဆီ ခေါ်လာပါတယ်။ ဒီအမည်ခံတပည့် တစ်ထောင်က အင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်နေကြပြီး ကျင့်ကြံမှု ဆက်မတိုးတော့တဲ့သူတွေပါ။
ဖူစန်းသစ်ပင်ဟာ အချိန်-အာကာသ ဝဲကတော့တစ်ခုကို ဖွင့်ပေးပြီး ပြောလိုက်ပါတယ် “ဒီကနေ ဝင်...”
ဒီဝဲကတော့တွေက ဟန်ကျွယ်ကိုယ်တိုင် ရွေးချယ်ထားတာပါ။ ဒီအချိန်-အာကာသ ဝဲကတော့တွေနဲ့ ချိတ်ဆက်နေတဲ့ ကမ္ဘာတွေဟာ သိပ်လည်း အင်အားမကြီးသလို သိပ်လည်း အင်အား မနည်းလှပါဘူး။ ဒါကြောင့် အင်မော်တယ်ဧကရာဇ် တစ်ထောင် ဝင်ရောက်ရင် အနည်းဆုံး နယ်ပယ်ဒေသတစ်ခုကိုတော့ အုပ်စိုးနိုင်ပါတယ်။
ဟန်ဇွေတျန်ဟာ အမည်ခံတပည့် တစ်ထောင်ကို လှည့်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းတို့တွေ နေရာသစ်ကို ရောက်တာနဲ့ အရင်ဆုံး အခြေခိုင်အောင်လုပ်၊ ပြီးတော့မှ ဘာဆက်လုပ်မယ်ဆိုတာကို စီစဉ်ကြ”
အမည်ခံတပည့်တွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ အဲဒီနောက် ဟန်ဇွေတျန်ရဲ့ ကြီးကြပ်မှုအောက်မှာ အမည်ခံတပည့်တစ်ထောင်ကျော်ဟာ အချိန်-အာကာသ ဝဲကတော့ထဲ ခုန်ဝင်သွားကြပါတယ်။
ဒီအမည်ခံတပည့် တစ်ထောင်ကျော်က အမည်ခံတပည့်တွေထဲမှာ ထိပ်တန်းလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သူတို့တွေ ထွက်သွားတာက ကိစ္စကြီးဖြစ်ပြီး တပည့်တွေကို အချင်းချင်း ဆွေးနွေးသွားစေပါတယ်။
ဟန်ကျွယ်ဟာ အမည်ခံတပည့်တစ်ထောင် ကောင်းကင်တာအို အပြင်ဘက် ထွက်သွားတဲ့ ကိစ္စကို မဖုံးကွယ်ပါဘူး။ ဒီဟာက ဂိုဏ်းတပည့်တွေကို လှုံဆော်ပေးပြီး ပိုစည်လုံးစေဖို့ အခွင့်ကောင်းတစ်ခုပါ။
လေးငါးဆယ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ လီမုယဲ့ အိပ်မက်ပေးတာကို ထပ်ခံရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ လုံးဝလျစ်လျူရှုထားလိုက်ပါတယ်။
လီမုယဲ့ဟာ အိပ်မက် ဆက်တိုက်ပေးပါတယ်။ ဒီတစ်ခါက ဟန်ကျွယ် အဆင့်ထိုးဖောက်တဲ့ အချိန် မဟုတ်တဲ့အတွက် စနစ်ကလည်း မတားပါဘူး။ ဒါပေမဲ့ တစ်လကြာတဲ့အခါမှာတော့ လီမုယဲ့ဟာ လက်လျှော့သွားပါတယ်။
[လီမုယဲ့သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ဂရုမစိုက်ပါဘူး။ လီမုယဲ့က သူ့ဘာသာတောင် မကာကွယ်နိုင်တာ။ သူ့ကို ကလဲ့စားချေအားမှာ မဟုတ်ပါဘူး။
ဒီလိုနဲ့ လေးငါးခြောက်လ အကြာမှာ လီတောက်ခုံးတစ်ယောက် ဟန်ကျွယ်ဆီ ရောက်လာပြန်ပါတယ်။
“ဂိုဏ်းချုပ် ကျွန်တော် အပြင်ထွက် လေ့ကျင့်ချင်တယ်၊ ကျွန်တော် ရှီတုတောက်လိုမျိုး စွမ်းအားကြီး ပုဂ္ဂိုလ်တွေကို စိန်ခေါ်ချင်တယ်” လီတောက်ခုံးဟာ ပြတ်သားတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။
“မင်း တာအိုပညာရှိတွေကို မကြောက်ဘူးလား”
“ကျွန်တော် ကောင်းကင်တာအိုကနေ မထွက်ခွာသမျှ ကာလပတ်လုံး တာအိုပညာရှိတွေ ကိုယ်တိုင် ကျွန်တော့်ကို မတိုက်ခိုက်နိုင်ပါဘူး၊ ကျွန်တော် အခုလုပ်ချင်တာက အစွမ်းအထက်ဆုံး တာအိုပညာရှိ ဖြစ်လာဖို့ပဲ၊ ဒီလိုဖြစ်လာဖို့ တာအိုပညာရှိတွေ ဖိအာပေးတာကို ကျွန်တော် လိုအပ်တယ်”
“မင်း သေချာစဉ်းစားပြီးပြီလား” ဟန်ကျွယ်ဟာအလေးအနက် မေးလိုက်ပါတယ်။ လီတောက်ခုံးဟာ တာအိုပညာရှိအတု ဖြစ်နေပြီမို့ အပြင်ထွက်သွားခွင့် ရှိပါတယ်။
လီတောက်ခုံးဟာ ခေါင်းညိတ်လိုက်ပါတယ်။
“ကောင်းပြီလေ၊ ဒီလိုဆိုတော့ ပြိုင်ဘက်ကင်း တာအိုပညာရှိအတုဖြစ်အောင် ကူညီတဲ့အနေနဲ့ ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်”
ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး လီတောက်ခုံးကို ညွှန်လိုက်ပါတယ်။ အလင်းတန်းတစ်တန်းဟာ ဟန်ကျွယ်လက်ညိုးကနေ လီတောက်ခုံးနဲ့ နဖူးအလယ်တည့်တည့်ကို ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။ ချက်ချင်းဆိုသလိုပဲ လီတောက်ခုံးရဲ့ ခေါင်းထဲကို မှတ်ဉာဏ်တွေ အများကြီး ဝင်ရောက်လာပါတယ်။
မဟာတာအို ဆန်းကြယ်စွမ်းအား၊ အသက်တစ်သောင်းဓား။
လောကမှာရှိတဲ့ အရာအားလုံး ဓားအသွင် ပြောင်းလို့ရတဲ့ ဆန်းကြယ်စွမ်းအားပါ။ ဒီဆန်းကြယ်စွမ်းအားက ဟန်ကျွယ်ရဲ့ အစွမ်းအထက်ဆုံး ဓားတာအို ဆန်းကြယ်စွမ်းအား ဆိုရင်လည်း မမှားပါဘူး။
လေးငါးဆယ်ရက် အကြာမှာတော့ လီတောက်ခုံးဟာ မျက်လုံးဖွင့်ပြီး တအံဩ ပြောလိုက်ပါတယ် “ဒီဆန်းကြယ်စွမ်းအားက...”
ဟန်ကျွယ်က ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် “ငါ ဖန်တီးထားတာ၊ မင်းက ဒီဆန်းကြယ်စွမ်းအားကို ငါကလွဲရင် ပထမဆုံး တက်မြောက်တဲ့လူပဲ”
လီတောက်ခုံးဟာ မျက်နှာပြောင်းသွားပြီး ချက်ချင်း ဒူးထောက်ကာ ရှိခိုးလိုက်ပါတယ် “ဂိုဏ်းချုပ်... ကျွန်တော် ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး၊ ကျွန်တော်ရဲ့ ရုပ်နာမ်နှစ်ပါး ပျက်စီးရမယ်ဆိုရင်တောင် ကျွန်တော် တိတ်ဆိတ်ဂိုဏ်းအတွက် တိုက်ခိုက်ပါ့မယ်”
[လီတောက်ခုံးသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
လီတောက်ခုံးဟာ အသက်တစ်သောင်းဓားလိုမျိုး အစွမ်းထက်တဲ့ ဆန်းကြယ်စွမ်းအားကို တစ်ခါမှ မြင်လည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးပါဘူး။ ဟန်ကျွယ် သူ့ကို ဒီလို ဆန်းကြယ်စွမ်းအားမျိုး သင်ပေးတာက သူ့ကို ကိုယ်ပိုင်တပည့်လိုမျိုး ဆက်ဆံတာနဲ့ အတူတူပါပဲ။
ဒီအချိန်မှာ လီတောက်ခုံးရဲ့ ဟန်ကျွယ်အပေါ် ထားရှိတဲ့ ခံစားချက်တွေ စိတ်နေသဘောထားတွေဟာ လုံးဝပြောင်းလဲသွားပါတယ်။ လီတောက်ခုံးဟာ သူ့ကိုယ်သူ ဟန်ကျွယ်ရဲ့ ကိုယ်ပိုင်တပည့်လို့ ခံယူလိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “လီတောက်ခုံး ငါ့ကို စိတ်မပျက်စေနဲ့၊ ငါ မင်းရဲ့ အောင်မြင်မှုတွေကို အမျှော်လင့်ဆုံးပဲ၊ တိတ်ဆိတ်ဂိုဏ်းမှာ ဒုတိယတာအိုပညာရှိ ပေါ်လာရင် အဲဒီတာအိုပညာရှိက မင်းဖြစ်ဖို့ ငါ မျှော်လင့်တယ်”
“ကျွန်တော် ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”
“သွားတော့... တိတ်ဆိတ်ဂိုဏ်းကို ပြန်မလာခင် မင်းနာမည်ကို လောကတစ်ခုလုံး သိမ့်သိမ့်တုန်အောင် လုပ်လာခဲ့”
“ဟုတ်ကဲ့ပါ”
အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်ဆီ ရွှေ့ပြောင်းလိုက်ပါတယ်။
လီတောက်ခုံးဟာ ကောင်းကင်ယံမှာ ပေါလောမျောနေပါတယ်။ နေရောင်အောက်မှာ လီတောက်ခုံးရဲ့ အဖြူရောင်ဝတ်ရုံဟာ လေတိုက်ခိုက်မှုကြောင့် လူးလွန့်သွားပါတယ်။ လီတောက်ခုံးရဲ့ ချောမောတဲ့မျက်နှာမှာ ဂုဏ်ယူတဲ့အပြုံးတစ်ခု ပေါ်လာပါတယ် “ဒီဆန်းကြယ်စွမ်းအားနဲ့ဆိုရင် ငါက အင်မော်တယ်ကမ္ဘာမှာ လုံးဝပြိုင်ဘက်ကင်းဖို့ ကျိန်းသေနေပြီ”
“ရှီတုတောက် မင်းအဆင်သင့် ဖြစ်ပြီလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။