ဝူဖာဂိုဏ်း၊ ဟန်ကျွယ်နဲ့ တိုက်ခိုက်ခြင်း
Vol. 51 Ch. 552
‘တာအိုပညာရှိအသစ်... ကောင်းကင်အရှင် ဝူဖာ...’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်ရန်သူ တာအိုပညာရှိကျင်အန်းသည် တာအိုပညာရှိများ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။]
တာအိုပညာရှိကျင်အန်းရဲ့ ပုံရိပ်ဟာ ပျောက်ကွယ်သွားပါပြီ။
‘တော်တော်ရက်စက်တာပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ငါ ကောင်းကင်အရှင် ဝူဖာရဲ့ အချက်အလက်ကို သိချင်တယ်”
[သက်တမ်း ၄ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ကောင်းကင်အရှင် ဝူဖာ: ကောင်းကင်တာအိုပညာရှိ ထိပ်ဆုံးအဆင့်၊ အနန္တဧကရာဇ်၊ တာအိုဘိုးဘေး၏ တပည့်။]
‘ကောင်းကင်တာအိုပညာရှိ ထိပ်ဆုံးအဆင့်... ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ’
[ကောင်းကင်အရှင် ဝူဖာသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ရောက်ရောက်ချင်း ငါ့ကို ဘာဖြစ်လို့ မုန်းရတာလဲ၊ ဒီကောင်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာပဲ...’
ဟန်ကျွယ်ာ ကောင်းကင်အရှင် ဝူဖာကို ကျိန်စာတိုက်သင့် မတိုက်သင့် ချီတုံချတုံ ဖြစ်သွားပါတယ်။ တခြားတစ်ဖက်မှာတော့ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ အလွန်ကြီးမားတဲ့ နန်းတော်တစ်ဆောင် ပေါ်ပေါက်လာပါတယ်။ ဒီနန်းတော်ဟာ အလွန်တရာမှ ခမ်းနားပြီး ပေပေါင်းတစ်သန်းကျော် မြင့်မားတဲ့ ခုနစ်ရောင်ခြည် အလင်းတန်းတွေ ဖြာထွက်နေပါတယ်။ အဝေးကနေ ကြည့်မယ်ဆိုရင် ဒီနန်းတော်က ရှေးဟောင်းနဂါးတစ်ကောင်လိုပါပဲ။
ချုံရှီလိုင်၊ ဖူရှီ၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်နဲ့ ဧကရီဟုတ်ထိုတို့လည်း ပေါ်လာပါတယ်။ သူတို့တွေဟာ နန်းတော်သစ်ကို ရှုပ်ထွေးတဲ့ မျက်နှာအမူအရာတွေနဲ့ ကြည့်လိုက်ပါတယ်။
နန်းတော်ရဲ့ ဂိတ်တံခါးမှာ မော်ကွန်းတိုင်တစ်ခု စိုက်ထူထားပြီး ဝူဖာနန်းတော်လို့ စာထွင်းထားပါတယ်။
“ဒီနေ့ကစပြီး ငါ ကောင်းကင်တာအိုကို ဦးဆောင်မယ်၊ နောက်ထပ် ကောင်းကင်မိစ္ဆာကပ်ဘေး မရှိစေရဘူး၊ မင်းတို့တွေ ငါ စီစဉ်သမျှကို နားထောင်ရမယ်” ကောင်းကင်အရှင် ဝူဖာရဲ့အသံဟာ နန်းတော်ထဲကနေ ထွက်ပေါ်လာပါတယ်။
ဒီစကားကြောင့် တာအိုပညာရှိတွေ အကုန်လုံး မျက်နှာပျက်သွားပါတယ် ‘တော်တော် မောက်မာတာပဲ’
ဒါက တာအိုပညာရှိတွေ ဝူဖာနန်းတော်ကို ပထမဆုံးအကြိမ် လာတာပါ။ အခု ဝူဖာနန်းတော်က တံခါးတောင် မဖွင့်ပေးတဲ့အပြင် အထက်စီးကနေတောင် ဆက်ဆံလိုက်ပါသေးတယ်။ တာအိုပညာရှိတွေဟာ ဘာမှမတက်နိုင်ဘဲ ချုံရှီလိုင်ရဲ့ တာအိုစက်ကွင်းကို သွားကြပါတယ်။
“ကောင်းကင်အရှင် ဝူဖာက တာအိုဘိုးဘေးရဲ့ တပည့်ပဲ၊ သူ့ကျင့်ကြံမှုက နက်ရှိုင်းတယ်၊ ငါတို့တွေ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး သူ့နောက်မှာ မဟာတာအိုပညာရှိ ရှိနေတယ်” တောင်ဘက်စွန်း ကောင်းကင်အရှင်က မျက်နှာပျက်ပျက်နဲ့ ပြောလိုက်ပါတယ်။
ဧကရာဇ်ရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းမှာလည်း မဟာတာအိုပညာရှိတွေ ရှိတယ် မဟုတ်ဘူးလား”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “အမှန်အတိုင်း ပြောရရင် ငါတို့တွေ အဆက်အသွယ် ပြတ်သွားတာ ကြာပြီ၊ မဟုတ်ရင် ငါတို့တွေ ဘိုးဘေးရှီတျန်ကိုပဲ မှီခိုနေစရာလိုမှာ မဟုတ်ဘူး”
ဧကရာဇ်ရှောင်နဲ့ ဧကရီဟုတ်ထိုဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။
ချုံရှီလိုင်က အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ပြင်ပအင်အားတစ်ခုက ကောင်းကင်တာအိုကို ထိုးဖောက်ဝင်လာခဲ့ပြီ၊ ငါတို့တွေ အတူတူပူးပေါင်းဖို့ လိုအပ်တယ်၊ မကြာသေးခင်ကလည်း မဟာတာအိုပညာရှိတစ်ပါးက ငါ့ကို ခြိမ်းခြောက်ခဲ့တယ်၊ ဘယ်သူလဲဆိုတာတော့ ငါ ပြောလို့မရဘူး၊ မဟုတ်ရင် ပြဿနာတွေ တန်းစီ တက်လိမ့်မယ်”
တာအိုပညာရှိတွေရဲ့ မျက်နှာဟာ ဒီထက်ပျက်စရာကို မရှိတော့ပါဘူး။
ဧကရာဇ်ရှောင်က ပြောလိုက်ပါတယ် “ငါတို့တွေ ဒီကိစ္စကို ဟန်ကျွယ်သိအောင် ပြောပြရမယ်၊ ငါတို့ချည်းပဲ ကောင်းကင်အရှင် ဝူဖာကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သူပါမှ ရလိမ့်မယ်”
တခြားတာအိုပညာရှိတွေကလည်း ခေါင်းညိတ်ပြီး ထောက်ခံကြပါတယ်။ ကောင်းကင်မိစ္ဆာ ကပ်ဘေးပြီးကတည်းက တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို အသိအမှတ်ပြုလိုက်ကြပါတယ်။ တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုထဲမှာ သူတို့တွေ ဘယ်လိုပဲ တိုက်ခိုက်ပါစေ ပြင်ပအင်အားတစ်ခု ဝင်ပါလာတာကိုတော့ ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ပါဘူး။
နှစ် ၄၀ ကြာပြီးနောက် ဟန်ကျွယ်ဆီ ဧကရာဇ်ရှောင် လာလည်ပါတယ်။
ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်ကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်ကို အရင်လိုပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ထောက်လှမ်းခွင့် မပေးပါဘူး။ ဧကရာဇ်ရှောင်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ လာရင်းအကြောင်းဖြစ်တဲ့ ကောင်းကင်အရှင် ဝူဖာအကြောင်းကို တန်းပြောပါတယ်။
“ကျုပ် နားလည်ပါတယ်၊ ကျုပ် ဒီကိစ္စကို စဉ်းစားပါ့မယ်၊ ဒါပေမဲ့ ဒီမတိုင်ခင် တာအိုပညာရှိတွေ အရင်ဆုံး စောင့်ကြည့်သင့်တယ်၊ ကောင်းကင်တာအိုက ပိုင်ရှင်ပြောင်းရင်တောင် အချိန်တိုအတွင်း ပြောင်းမှာ မဟုတ်ဘူး၊ ကျုပ်တို့တွေ အစီအစဉ်မဆွဲခင် ရန်သူအကြောင်းကို ကောင်းကောင်းကြီး နားလည်ထားဖို့လိုတယ်၊ ကျုပ်က ခင်ဗျားတို့ဘက်မှာ အမြဲတမ်း ရှိနေမှာပါ”
‘လာနောက်နေတာလား... ဟိုကောင်စုတ်က ငါ့ကို ရောက်ရောက်ချင်း မုန်းနေတာ၊ ငါက ဘာလို့ သူ့ဘက်က ပါရမှာလဲ’ ဟန်ကျွယ်ဟာ ကောင်းကင်အရှင် ဝူဖာကို သတ်ပစ်ဖို့ နည်းလမ်းရှာမှာပါ။ ဒါပေမဲ့ ပေါ်တင်တော့လုပ်မှာ မဟုတ်ပါဘူး။
ဧကရာဇ်ရှောင်က ပြုံးလိုက်ပါတယ် “ဒီလောက်ဆို လုံလောက်ပါပြီ၊ ကျုပ် တခြားတာအိုပညာရှိတွေကို ပြန်ပြောလိမ့်မယ်”
ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်နဲ့ စကားနည်းနည်းပါးပါး ပြောပြီးတဲ့နောက်မှာတော့ ဧကရာဇ်ရှောင်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက် ပြန်ပို့လိုက်ပါတယ်။ ဧကရာဇ်ရှောင် ပြန်သွားတာနဲ့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင် ဝူဖာကို ဘယ်လိုရှင်းရမလဲဆိုတာ စဉ်းစားပါတယ်။
စစ်နိုင်ချင်ရင် ရန်သူအကြောင်းကို ပြည့်ပြည့်စုံစုံသိဖို့ လိုအပ်ပါတယ်။
“ကောင်းကင်အရှင် ဝူဖာက ငါ့ကို သတ်နိုင်မလား သိချင်တယ်” ဟန်ကျွယ်က စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ဖြစ်နိုင်ချေ နည်းနည်းရှိသည်။]
‘ဖြစ်နိုင်ချေ ရှိတယ်တဲ့လား...’
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး သူ့ခန္ဓာကိုယ်မှာရှိတဲ့ အကောင်းစား ရတနာတွေ အကောင်းလုံးကို အသက်သွင်းလိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ခုန်တက်လိုက်ပြီး ကောင်းကင်အရှင် ဝူဖာရဲ့ နန်းတော်ကို အာရုံခံလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာရဲ့ နန်းတော်ရှေ့ကို ခုန်လိုက်ပြီး ကောင်းကင်အရှင် ဝူဖာရဲ့ အချက်အလက်တွေကို ပုံတူကူးလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်ဟာ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့က သူ့ခန္ဓာကိုယ်ကို ပစ်မှတ်ထားတာ ခံစားလိုက်ရပါတယ်။
“မင်းက ဘယ်ပြေးမလို့လဲ”
ကောင်းကင်အရှင်ဝူဖာရဲ့ အသံ ထွက်ပေါ်လာပြီး အချိန်ဟာ ရပ်တန့်ပုံ ပေါက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်က သူ့ခန္ဓာကိုယ်ဆီ ရောက်လာတာကို ခံစားမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အကောင်းစား ရတနာတစ်ခုက ကောင်းကင်အရှင်ဝူဖာရဲ့ လက်ဝါးရိုက်ချက်ကို အသာလေး ချေဖျက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ခုန်လိုက်ပါတယ်။
ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ် ပျောက်သွားတဲ့နေရာမှာ ပေါ်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ကောင်းကင်အရှင်ဝူဖာဟာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိပြီး အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ သူ့ဆံပင်တွေက တိုတောင်းလွန်းပြီး မျက်နှာမှာတော့ နားလည်ရခက်တဲ့ ရွှေရောင်တာအိုသင်္ကေတတွေ ရှိနေပါတယ်။ သူ့ခန္ဓာကိုယ်ကနေလည်း ရှေးကျတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။
ကောင်းကင်အရှင် ဝူဖာဟာ သူ့ညာလက်ကို ကြည့်ပြီး ရေရွတ်လိုက်ပါတယ် “တော်တော် စွမ်းအားကြီးတဲ့ ဓမ္မရတနာပဲ၊ သူ့မှာ ဒီလိုရတနာမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ၊ တခြားနောက်ခံများ ရှိနေတာလား...”
တခြားတစ်ဖက်မှာတော့...။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ထိုင်နေပါတယ်။
[ကောင်းကင်အရှင် ဝူဖာသည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်ခွဲ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကောင်းကင်အရှင် ဝူဖာရဲ့ လက်ဝါးချက်ကို ဟန်ကျွယ်ဟာ ဘာမှမခံစားရပါဘူး။ ဟန်ကျွယ်ကိုယ်ပေါ်မှာရှိတဲ့ အကောင်းဆုံး ရတနာက လွတ်လပ် တာအိုပညာရှိရဲ့ တိုက်ချက်တစ်ချက်ကိုတောင် ခုခံနိုင်တယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ဝူဖာက ကောင်းကင်တာအိုပညာရှိတစ်ဦးသာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ကို ထိခိုက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပြီး ကောင်းကင်အရှင်ဝူဖာနဲ့ တိုက်ခိုက်လိုက်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မဆိုစလောက် မျက်မှောင်ကြုတ်သွာပါတယ်။
ပထမဆုံး တိုက်ပွဲမှာ ဟန်ကျွယ်ဟာ ကောင်းကင်အရှင် ဝူဖာရဲ့ အစွမ်းအစတွေကို အဓိကရှာဖွေပါတယ်။
ကောင်းကင်အရှင် ဝူဖာက လီမုယဲ့ထက် စွမ်းအား ပိုကြီးပါတယ်။ ကောင်းကင်အရှင်ဝူဖာက ကောင်းကင်တာအိုပညာရှိဆိုပေမဲ့ သူတတ်မြောက်ထားတဲ့ ဆန်းကြယ်စွမ်းအားတွေက မဟာတာအို ဆန်းကြယ်စွမ်းအားရဲ့ အယူအဆ သဘောထားတွေ ပါဝင်နေပါတယ်။
ဟန်ကျွယ်ဟာ နောက်ဆုံးမှာ အနိုင်ရလိုက်ပေမဲ့ တိုက်ပွဲချိန် ကြာလွန်းတဲ့အတွက် မပျော်ပါဘူး။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စိန်ခေါ် တိုက်ခိုက်ပါတယ်။ ဆယ်မိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင် ဝူဖာကို အောင်မြင်စွာ သတ်နိုင်လိုက်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အချိန်ကြာသေးတယ်လို့ ခံစားလိုက်ရပါတယ်။ တိုက်ပွဲတစ်ခုက အချိန်ကြာပြီဆိုတာနဲ့ ရန်သူက ထွက်ပြေးလွတ်မြောက်နိုင်ချေ အရမ်းများပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ထပ်ခါထပ်ခါ တိုက်ခိုက်ပါတယ်။ အကြိမ်တစ်ရာကျော် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲကြာချိန်ဟာ တစ်မိနစ်ထိ လျော့ကျသွားပါတယ်။
အကြိမ်တစ်ထောင်ကျော် တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို တစ်ချက်တည်း သတ်နိုင်မဲ့ နည်းလမ်း ရှာတွေ့သွားပါတယ်။ ဒီအခါမှာတော့ ဟန်ကျွယ်ရဲ့စိတ်ဟာ ပေါ့ပါး လွတ်လပ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ယုံကြည်မှုရှိစွာ ပြုံးလိုက်ပါတယ်။
‘ဒီအဆင့်လေးနဲ့များ...’ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို အထင်သေးသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို နောက်ကွယ်မှာပဲ အထင်သေးရဲတာပါ။ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် ဟန်ကျွယ်ဟာ အရင်ဆုံး အားနည်းချင်ယောင်ဆောင်ပြီး ကောင်းကင်အရှင် ဝူဖာ သတိလျော့သွားတော့မှ တစ်ခါတည်း ကိစ္စတုံးပစ်မှာပါ။
သူသေကိုယ်သေ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ တရားတယ်ဆိုတာ မရှိပါဘူး။ ဟန်ကျွယ်ဟာ သေတဲ့ရန်သူကိုပဲ ယုံကြည်လေးစားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို မော့ကြည့်လိုက်တဲ့အခါ လီတောက်ခုံးနဲ့ ရှကျဲ့ဘဝဂ်ကျင့်ကြံသူ တစ်ထောင်က မိုးကောင်းကင်မျိုးနွယ်စုမှာ ခေတ္တနေနေတာကို တွေ့လိုက်ရပါတယ်။
ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ကောင်းကင်ဘုံကို မပြတ် မော့ကြည့်လေ့ ရှိပါတယ်။ ဂျိရှင်းရှန်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားကိုသုံးပြိး မိုးကောင်းကင်မျိုးနွယ်စုကို သန့်ရှင်းပစ်ပါတယ်။ အင်မော်တယ် တော်တော်များများကိုလည်း မျိုးနွယ်စုကနေ နှင်ထုတ်လိုက်ပါတယ်။
“ငါက ကောင်းကင်အရှင် ဝူဖာပဲ၊ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ ငါ တာအိုဟောကြားမယ်၊ ကောင်းကင်တာအိုထဲက သက်ရှိအားလုံး ငါ့နာမည်ကို တလိုက်ရုံနဲ့ ဝူဖာနန်းတော်ကို ရောက်လာပြီး တာအိုနားထောင်နိုင်တယ်၊ ဝူဖာဂိုဏ်းရဲ့ တပည့်လည်း ဖြစ်လာနိုင်တယ်” ကောင်းကင်အရှင်ဝူဖာရဲ့ အသံဟာ ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ’
အတိတ်မှာ တာအိုပညာရှိတွေ တာအိုဟောကြားတုန်းက တာအိုနားထောင်လိုသူတွေဟာ ကောင်းကင်ဘုံ ၃၃ ဘုံကို ကိုယ်တိုင်သွားဖို့ လိုအပ်ပါတယ်။ ဒီလိုသွားဖို့က တော်ရုံတန်ရုံ ကျင့်ကြံမှုနဲ့ မရပါဘူး။
ဒါပေမဲ့ ကောင်းကင်အရှင် ဝူဖာကတော့ နာမည်တလိုက်ရုံနဲ့ ဝူဖာနန်းတော်ထဲကို ရောက်သွားပြီး တာအိုနားထောင်နိုင်တယ်ဆိုတဲ့အတွက် သက်ရှိအားလုံးရဲ့ မျက်နှာသာပေးမှုကို အချိန်တိုအတွင်း ရသွားမှာပါ။
အသက်ရှူကြိမ်လေးငါးကြိမ် အတွင်းမှာပဲ သက်ရှိထောင်သောင်းချီဟာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ရောက်သွားတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
အချိန်တစ်ခုအတွင်းမှာပဲ ဝူဖာဂိုဏ်းရဲ့ တပည့်တွေဟာ ကြောက်ခမန်းလိလိ တိုးတက်လာပါတယ်။
ဟန်ကျွယ်ဟာ သူ့ဘာသာ စိတ်ထဲမှာ တွေးလိုက်ပါတယ် ‘ဒီကောင်က အင်မော်တယ်ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးကို သူ့တာအိုစက်ကွင်းထဲ ရွှေ့ချင်တာလား... တော်တော် သတ္တိကောင်းတာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။