အဲဒါသူပဲ၊ မိုးကောင်းကင်ဂိုဏ်းချုပ်
Vol. 51 Ch. 553
ကောင်းကင်ဘုံံ ၃၃ ဘုံ အပြင်ဘက်။
နန်းတော်တစ်ခုရှေ့မှာ သက်ရှိတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာပါတယ်။ သက်ရှိအများစုဟာ ကျေနပ်အံအားသင့်တဲ့ မျက်နှာထားတွေ ရှိကြပြီး အလင်းရောင် တောက်ပနေတဲ တံခါးထဲကို ဝင်ရောက် ပျောက်ကွယ်သွားကြပါတယ်။
ဒီနန်းတော်ကို ရောက်လာတဲ့ သက်ရှိတွေက မကုန်ဆုံးနိုင်ပါဘူး။ ဝူဖာ နန်းတော်ထဲက နေရာကလည်း အင်မော်တယ်ကမ္ဘာက သက်ရှိအားလုံး ဝင်ဆံ့နိုင်တဲ့အထိ အကန့်အသတ်မဲ့တယ်နဲ့ တူပါတယ်။ ဟန်ထော်ဟာ ဝူဖာနန်းတော်ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဟန်ထော်ဟာ အပေါ်ကို မော့ကြည့်ပြီး စိတ်လှုပ်ရှားမှု မျှော်လင့်ချက်တွေနဲ့အတူ အနည်းငယ် ရင်ထိတ်မှုကိုလည်း ခံစားလိုက်ရပါတယ်။
“အစ်ကိုဟန်... အစ်ကိုဟန်လည်း ဒီကို ရောက်လာတာလား...”
ရင်းနှီးတဲ့အသံကို ကြားလိုက်ရတဲ့အတွက် ဟန်ထော် လှည့်ကြည့်လိုက်တဲ့အခါ တအံတဩ ဖြစ်သွားရပါတယ် “အစ်ကိုကျဲယွီ... အစ်ကိုကျဲယွီလည်း ရောက်လာတာလား...”
ကျဲယွီဟာ လူအုပ်ကို တိုးဝှေ့ပြီး ဟန်ထော်ရှေ့ကို လျှောက်သွားပါတယ်။ ကျဲယွီနဲ့ ဟန်ထော်ကို တစ်ယောက်ကို တစ်ယောက် ပြန်တွေ့လိုက်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်သွားကြပါတယ်။ ဟန်ထော်နဲ့ ကျဲယွီဟာ အတန်ကြာ စကားပြောပြီးမှ ဝူဖာနန်းတော်ထဲကို ဝင်လိုက်ကြပါတယ်။
ဒီလိုမြင်ကွင်းမျိုးက ဝူဖာနန်းတော်ရှေ့မှာ ထပ်ခါထပ်ခါ ပေါ်လာပါတယ်။ ကျင့်ကြံသူ တော်တော်များများဟာ တာအို နားမထောင်ခင်ကတည်းက အချင်းချင်း ပြန်တွေ့ကြပြီးပါပြီ။ ရန်သူတွေလည်း အချင်းချင်း ပြန်တွေ့ကြပါတယ်။ ဒါပေမဲ့ ဒီနေရာက တာအိုပညာရှိရဲ့ တာအိုစက်ကွင်း ဖြစ်တာကြောင် စိတ်လက်မာန်ပါ မလုပ်ရဲကြပါဘူး။
တခြားတစ်ဖက်မှာတော့ တာအိုပညာရှိတွေဟာ ချုံရှီလိုင်ရဲ့ တာအိုစက်ကွင်းမှာ စုဝေးကြပါတယ်။
“ဒီကောင်က တော်တော်ရိုင်းတာပဲ၊ သူက ဘာလိုချင်တာလဲ၊ ကောင်းကင်တာအိုထဲက သက်ရှိအားလုံံးကို သူ့တပည့် ဖြစ်စေချင်နေတာလား... သူက ကောင်းကင်တာအိုကို ထိန်းချုပ်ချင်နေတာလား...” တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဒေါသတကြီး ပြောလိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ မျက်လုံးတွေကလည်း အေးစက်သွားပါတယ် “ဟုတ်တယ်၊ တကယ်လွန်လွန်းတယ်၊ သူက ငါတို့ကို နည်းနည်းလေးတောင် စိတ်ထဲမထည့်ဘူး”
ချုံရှီလိုင်နဲ့ ဧကရာဇ်ရှောင်တို့လည်း အမျက်ချောင်းချောင်း ထွက်နေကြပါတယ်။ ဒီအချိန်မှာပဲ...
“အားလုံးပဲ... ဘယ်လိုလုပ်ပြီး ကောင်းကင်တာအိုမှာ နောက်ထပ် တာအိုပညာရှိတစ်ပါး ရှိနေရတာလဲ” အသံထွက်ပေါ်ပြီး မရှေးမနှောင်းမှာဘဲ ခန်းမထဲမှာ လီမုယဲ့ ပေါ်လာပါတယ်။
လီမုယဲ့ကို တွေ့လိုက်ရတဲ့အတွက် တာအိုပညာရှိတွေရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ်။
လီမုယဲ့ဟာ အနည်းငယ် ပင်ပန်းနေတဲ့အတွက် အခြေအနေ မကောင်းတာကို သတိမထားဘဲ သူမေးချင်ရာ မေးလိုက်ပါတယ် “မင်းတို့က သူ့ကို ပံ့ပိုးပေးတာ မဟုတ်ဘူးလား”
တောင်ဘက်စွန်း ကောင်းကင်အရှင်က ခပ်စိမ်းစိမ်း ပြန်ပြောလိုက်ပါတယ် “ဟေး... ဒါ ရွမ်လိန့်ကျောင်းတော်ရဲ့ တာအိုပညာရှိ မဟုတ်လား၊ ခင်ဗျားရဲ့ တရှီကျဲ့ကမ္ဘာ ကပ်ဘေးက ရှင်းသွားပြီလား...”
လီမုယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မရှင်းဘူး... ငါ တရှီကျဲ့ကမ္ဘာကို စွန့်ပစ်ဖို့ ပြင်ဆင်ထားလိုက်ပြီ”
“ငါ့ကို တာအိုပညာရှိအသစ် အကြောင်း အရင်ပြောစမ်းပါ၊ ဘာဖြစ်လို့ ဒီလောက်များတဲ့ သက်ရှိတွေက သူ့တာအိုစက်ကွင်းထဲမှာ ရှိနေရတာလဲ”
တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ကောင်းကင်အရှင် ဝူဖာအကြောင်းကို ပြောပြလိုက်ပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ စကားကြောင့် လီမုယဲ့ဟာ အမျက်ထွက်သွားပါတယ် “ရယ်စရာ ကောင်းလိုက်တာ၊ ငါ ကောင်းကင်အရှင်ဝူဖာနဲ့ ကိုယ်တိုင်သွားပြောမယ်”
တာအိုပညာရှိတွေဟာ လီမုယဲ့ကို မတားဘဲ လီမုယဲ့ ထွက်သွားတာကို ကြည့်နေပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တာအိုဘုံံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် အပေါ်ကို မော့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံကို ထိုးဖောက်ပြီး လီမုယဲ့နဲ့ ကောင်းကင်အရှင်ဝူဖာ တိုက်ခိုက်နေတာကို တွေ့လိုက်ရပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဆန်းကြယ်စွမ်းအားတွေနဲ့ ဓမ္မစွမ်းအားတွေက မကုန်ဆုံံးနိုင်ပါဘူး။ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာရှိတဲ့ ပဋိပက္ခချီကို ပြင်းထန်စွာ လှုပ်ခတ်သွားစေပါတယ်။ ဒါ့အပြင် ဝူဖာနန်းတော်ရှေ့ကို သက်ရှိတွေ ထပ်ပြီးတော့ ရောက်မလာတော့ပါဘူး။
တိုက်ပွဲအခြေအနေကို ကြည့်ရတာတော့ လီမုယဲ့ဟာ ကောင်းကင်အရှင်ဝူဖာ ဖိနှိပ်တာကို ခံနေရပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကောင်းကင်အရှင်ဝူဖာကို ကျိန်စာစတိုက်ပါတယ်။ ဟန်ကျွယ်ဟာ အနည်းဆုံး ကောင်းကင်အရှင်ဝူဖာကို ကောင်းကောင်း ကျင့်ကြံလို့မရအောင် ကျိန်စာတိုက်မှာပါ။
တာအိုပညာရှိတွေရဲ့ တိုက်ပွဲမှာ အနိုင်အရှုံး ဆုံးဖြတ်ဖို့က အရမ်းခက်ပါတယ်။ ဟန်ကျွယ်လိုမျိုး မဟာတာအို စွမ်းအားကို ဆုပ်ကိုင်ထားနိုင်ရင်တော့ တစ်မျိုးပေါ့။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ အကောင်းဆုံး ကြိုးစားပြီး ကျိန်စာတိုက်တဲ့အတွက် သူ့သက်တမ်းဟာ ပိုမိုလျင်မြန်စွာ လျော့ကျသွားပါတယ်။
တိုက်ပွဲကြားမှာ ကောင်းကင်အရှင်ဝူဖာဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ ကောင်းကင်အရှင်ဝူဖာ လက်ဝှေ့ယမ်းလိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ အပြာရောင် ရေခဲသလင်းကျောက်တွေ ထွက်ပေါ်လာပြီး အရပ်ဆယ်မျက်နှာကို ပျံ့နှံ့သွားပါတယ်။ ဒီရေခဲသလင်းကျောက်တွေဟာ သူတို့လမ်းမှာရှိတဲ့ အာကာသကို ဆုတ်ဖြဲပြီး လီမုယဲ့ အနားလာလို့ မရအောင် ဟန့်တားလိုက်ပါတယ်။
“ကျိန်စာစွမ်းအား... မင်း ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးကို သုံးနေတာလဲ” ကောင်းကင်အရှင်ဝူဖာဟာ ခပ်တိုးတိုး မေးလိုက်ပါတယ်။ အရင်ကျိန်စာတွေက သူ့ကို မထိခိုက်ပေမဲ့ ကျိန်စာစွမ်းအားက ရုတ်တရက် အားကောင်းလာတဲ့အတွက် ကောင်းကင်အရှင်ဝူဖာကို ဂရုမစိုက်ဘဲ မနေနိုင်တော့ပါဘူး။
ကောင်းကင်အရှင်ဝူဖာဟာ လီမုယဲ့က ဆန်းကြယ်စွမ်းအား တစ်မျိုးမျိုးကို အသုံးပြုနေတယ်လို့ အထင်ရောက်သွားပါတယ်။ ဒါပေမဲ့ လီမုယဲ့ဟာ ကောင်းကင်အရှင်ဝူဖာရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ဆက်တိုက်ပါတယ်။
တကယ်တော့ လီမုယဲ့ဟာ ဒေါသထွက်နေသလို စိုးရိမ်စိတ်လည်း များနေပါတယ်။ အဓိကက ကောင်းကင်တာအိုပညာရှိတွေရှေ့မှာ မျက်နှာမပျက်ချင်တာပါ။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲကို ကြည့်ရှုနေတဲ့ တာအိုပညာရှိတွေရဲ့ မျက်နှာဟာ တစ်စုံတစ်ခုကို နားလည်သွားဟန် ရှိပါတယ်။ တာအိုပညာရှိတွေဟာ အချင်းချင်း နတ်အာရုံံသုံးပြီး ဆက်သွယ်လိုက်ပါတယ်။
“ဟုတ်တယ်... သူပဲ”
“ငါတို့ ကောင်းကင်အရှင်ဝူဖာကို ကျိန်စာမတိုက်ဘူး၊ အဲဒီတော လီမုယဲ့ပဲ ဖြစ်နိုင်တယ်”
“ဟန်ကျွယ်ရော မဖြစ်နိုင်ဘူးလား”
“ဟန်ကျွယ်က ဒီလိုလုပ်ဖို့မှ မလိုအပ်တာ၊ နောက်ပြီး ကောင်းကင်အရှင်ဝူဖာ မေးခွန်းထုတ်တာက လီမုယဲ့ပဲ၊ လီမုယဲ့က ငါတို့မမြင်နိုင်တဲ့ ဆန်းကြယ်စွမ်းအား ထုတ်သုံးနေတာကို ကောင်းကင်အရှင်ဝူဖာက ခံစားမိပုံရတယ်”
“ဘယ်လောက်တောင် ဉာဏ်နီဉာဏ်နက် များလိုက်လဲ၊ သူက ငါ့ကိုတောင် ကယ်ချင်ယောင် ဆောင်ခဲ့သေးတယ်”
လီမုယဲ့မှာသာ ဟန်ကျွယ်လိုမျိုး စနစ်ရှိမယ်ဆိုရင် မုန်းတီးမှု အသိပေးချက် လေးငါးခုကို ကျိန်းသေပေါက် လက်ခံရရှိမှာပါ။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံံမြောက်ဟာ ပြိုလဲစ ပြုလာပါတယ်။ အာကာသ အက်ကြောင်းတွေဟာ နေရာတကာမှ ပေါ်လာပြီး ပဋိပက္ခလျှပ်စီးတွေဟာ အာကာသ အက်ကြောင်းတွေမှာ တဝင်းဝင်း လက်နေပါတယ်။
အခုအချိန်မှာ ကောင်းကင်အရှင်ဝူဖာက အစွမ်းအထက်ဆုံး ကောင်းကင်တာအို ပညာရှိပါ။ လီမုယဲ့က ကောင်းကင်တာအိုကနေ ထွက်ခွာသွားတာ ကြာပြီဖြစ်တဲ့အတွက် အရင်လို မစွမ်းတော့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက အတော်လေး ပြင်းထန်တဲ့အတွက် ကောင်းကင်တာအိုရဲ့ စနစ်ကျမှုကို စတင်ပြိုလဲစေပါတော့တယ်။
“ဝုန်း...”
ကြောက်မက်ဖွယ် ခရမ်းရောင်လျှပ်စီးဟာ အထက်ကနေ ဆင်းသက်လာပါတယ်။ ဘယ်လောက်ကြာမှန်း မသိပေမဲ့ ဒီခရမ်းရောင်လျှပ်စီးက ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က ပဋိပက္ခ အာကာသကို နှစ်ခြမ်းခွဲလိုက်သလိုပါပဲ။
လီမုယဲ့နဲ့ ကောင်းကင်အရှင်ဝူဖာဟာ ကြောက်လန့်တကြား ရှောင်တိမ်းလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဓမ္မစွမ်းအားက မကုန်ဆုံးနိုင်တဲ့အတွက် နောက်နှစ်သန်းတစ်ရာ တိုက်ခိုက်ရင်တောင် ဘာမှသိပ်ဖြစ်မှာ မဟုတ်ပါဘူး။
ကောင်းကင်အရှင်ဝူဖာဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းကင်တာအို ဝင်ပါမှာတော့ ဘာလို့ ဆက်တိုက်နေအုန်းမှာလဲ၊ မင်း ငါ့ကို အနိုင်မယူနိုင်ပါဘူး”
ကောင်းကင်အရှင်ဝူဖာဟာ မပျော်ပါဘူး။ တကယ်တော့ ကောင်းကင်တာအိုပညာရှိ ဖြစ်ဖို့အတွက် ကောင်းကင်အရှင်ဝူဖာဟာ စတေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မဟုတ်ရင် လီမုယဲ့ကို သတ်ပြီးတာ ကြာပါပြီ။
ကောင်းကင်အရှင် ဝူဖာဟာ ကောင်းကင်တာအိုပညာရှိဖြစ်ပြီး နောက်ပိုင်း ကျင့်ကြံမှုတွေ မတိုးဘဲ ဆုတ်ယုတ်လာတာပါ။
လီမုယဲ့ရဲ့ မျက်နှာဟာ သရဲသဘက် မျက်နှာလိုပါပဲ “တာအိုရောင်းရင်း... ဒီနေရာက ကောင်းကင်တာအိုရဲ့ အင်မော်တယ်ကမ္ဘာ၊ ခင်ဗျားလုပ်ပုံက နည်းနည်း လွန်လွန်းတယ်လို့ မထင်ဘူးလား”
ကောင်းကင်အရှင်ဝူဖာက သရော်လိုက်ပါတယ် “သက်ရှိအားလုံးကို တာအိုဟောကြားတာက မဟာကုသိုလ်ကံကြီးပဲ၊ ဘယ်လိုလုပ်ပြီး လွန်တယ်ရှိရမှာလဲ၊ ဒါကိုမှ ခင်ဗျား မကျေနပ်သေးရင် သက်ရှိအားလုံးကို မေးလို့ရတယ်၊ ခင်ဗျားမှာ မေးရဲတဲ့သတ္တိရှိလား...”
လီမုယဲ့ဟာ တိတ်ဆိတ်သွားပါတယ်။
သက်ရှိတစ်ယောက်ရဲ့ ရှုထောင့်ကနေကြည့်ရင် တာအိုနားထောင်ခွင့်ရတာက အခွင့်အရေးကြီးတစ်ခုပါ။ ဒါပေမဲ့ တာအိုပညာရှိတစ်ပါးရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီဟာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မျိုးဆက်တွေရဲ့ နေရာကို ကိုင်လှုပ်နိုင်လို့ပါပဲ။ ဒါ့အပြင် သက်ရှိအားလုံးဟာ လျင်မြန်စွာ အင်အားကြီးလာပြီး ကောင်းကင်တာအို တောင့်မခံနိုင်တော့တဲ့ အချိန်ကို ရောက်ရင် နောက်ထပ် ကောင်းကင်တာအို အနန္တကပ်ဘေးကို ထပ်ဖြစ်ပေါ်စေမှာပါ။
“ကိုယ့်နည်း ကိုယ်သုံးပြီး ယှဉ်ပြိုင်ကြတာပေါ့” ကောင်းကင်အရှင်ဝူဖာဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ထွက်ခွာသွားပါတယ်။
လီမုယဲ့ဟာ ရှက်သွားပေမဲ့ ကောင်းကင်အရှင် ဝူဖာနောက်ကို မလိုက်ပါဘူး။
ဟန်ကျွယ်ဟာ မေးစေ့ကိုပွတ်ပြီး စဉ်းစားလိုက်ပါတယ် ‘ကောင်းကင်အရှင်ဝူဖာက ဒီလောက်မောက်မာနေတာ သူ့နောက်မှာ အကောင်ကြီးကြီးတစ်ကောင် ရှိနေလို့ ဖြစ်ရမယ်... တာအိုဘိုးဘေးတို့ မဖြစ်နိုင်ဘူး၊ ကောင်းကင်တာအိုက တာအိုဘိုးဘေးပိုင်တာ၊ နောက်ပြီး တာအိုပညာရှိတွေ အကုန်လုံးက တာအိုဘိုးဘေး အဆင့်တိုးပေးခဲ့တဲ့ လူတွေချည်းပဲ’
“ကောင်းကင်အရှင် ဝူဖာနောက်မှာ ဘယ်သူရှိလဲဆိုတာကို ငါ သိချင်တယ်”
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ အနက်ရောင် လူရွယ်တစ်ဦး ပေါ်လာပါတယ်။
[မိုးကောင်းကင်ဂိုဏ်းချုပ်: မဟာတာအိုပညာရှိ၊ အနန္တဧကရာဇ်၊ ကျယ်ကျောင်းတော် ဘိုးဘေး။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘယ်လိုလုပ်ပြီး မိုးကောင်းကင်ဂိုဏ်းချုပ် ဖြစ်နေရတာလဲ... နွီဝါနဲ့ သိကျွင်းတို့တောင် ရှိနေသေးတာပဲ၊ မိုးကောင်းကင်ဂိုဏ်းချုပ် အသက်ရှင်နေသေးတာ မထူးဆန်းပါဘူး... ဒါပေမဲ့ မိုးကောင်းကင်ဂိုဏ်းချုပ်က ဂိုဏ်းချုပ်တျန်ကျွယ်ကို မထောက်ပံ့ဘဲ တခြားတာအိုပညာရှိကို ထောက်ပံ့နေရတာလဲ...’
“ငါ ကောင်းကင်တာအိုထဲမှာနေရင် မိုးကောင်းကင်ဂိုဏ်းချုပ်က ငါ့ကို သတ်နိုင်လား”
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ကောင်းကင်အရှင်ဝူဖာက ကောင်းကင်တာအိုကို ရောက်ရောက်ချင်း ဟန်ကျွယ်ကို မုန်းတီးတာ ဖြစ်တဲ့အတွက် ကောင်းကင်အရှင်ဝူဖာနောက်မှာရှိတဲ့ ဂိုဏ်းချုပ်တျန်ကျွယ်က ဟန်ကျွယ်နဲ့ မိတ်ဆွေဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်လေး နည်းပါတယ်။
[ကောင်းကင်တာအိုသည် လွတ်လပ်သော တည်ရှိမှုတစ်ခုဖြစ်ပြီး မဟာတာအို ဝင်မပါနိုင်ပေ။ မိုးကောင်းကင်ဂိုဏ်းချုပ်သည် ရှေးဟောင်းပျက်သုဉ်းနယ်မြေ၌ အကျဉ်းကျနေတုန်းဖြစ်ပြီး လွတ်လပ်မှုကို ဆုံးရှုံးထားသူ ဖြစ်သည်။]
ဟန်ကျွယ်ဟာ အကြောင်းရင်းကို နားလည်သွားပါတယ် ‘ဒီကောင်က အဖမ်းခံထားရတာကိုး...’
ဟန်ကျွယ်က ဆက်မေးလိုက်ပါတယ် “ကောင်းကင်တာအိုထက် ကျော်လွန်တဲ့ တည်ရှိမှုတွေက ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိတွေကို တိုက်ရိုက် မတိုက်ခိုင်နိုင်တာလား”
[ပန်ကူးနှင့် တာအိုဘိုးဘေး၏ ကျင့်ကြံမှုထက် ပိုစွမ်းမှသာလျှင် တိုက်ခိုက်နိုင်လိမ့်မည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။