← Chapters

တိုက်ပွဲကြီး ဖြစ်တော့မှာလား

Vol. 51 Ch. 554

တိုက်ပွဲကြီး ဖြစ်တော့မှာလား

Vol. 51 Ch. 554

‘ပန်ကူးနဲ့ တာအိုဘိုးဘေးရဲ့ ကျင့်ကြံမှုထက် သာလွန်ရမယ်... အဲဒါဆို ဘယ်လောက်တောင် စွမ်းနေပြီလဲ’

ဟန်ကျွယ်ဟာ စိတ်တောင် မကူးရဲတော့ပါဘူး။ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိတွေရဲ့ မူလအစကိုတောင် စိတ်မကူးရဲပါဘူး။ ဒီထက်မြင့်တဲ့ တည်ရှိမှုတွေဆိုရင် ပြောမနေပါတော့နဲ့။

ဘာပဲဖြစ်ဖြစ် ကောင်းကင်အရှင်ဝူဖာရဲ့ နောက်ခံက ရှေးဟောင်းပျက်သုဉ်းနယ်မြေမှာ အကျဉ်းကျနေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို ကြောက်စရာ မလိုတော့ပါဘူး။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဝူဖာနန်းတော်ကို ထပ်ရောက်သွားပါတယ်။

လီမုယဲ့နဲ့ တိုက်ပွဲပြီးတဲ့နောက် ကောင်းကင်အရှင်ဝူဖာဟာ တပည့်တွေကို ဆက်လက်ခံပြီး တာအိုဟောကြားဖို့ ပြင်ဆင်ပါတယ်။ ဟန်ကျွယ် တွက်ချက် ကြည့်လိုက်တဲ့အခါ သူ့သားကလည်း ဝူဖာနန်းတော်ထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို ပထမဆုံး တာအိုဟောကြားစေပြီးမှ ရှင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တာအိုဟောကြားတာက ကောင်းကင်တာအိုထဲက သက်ရှိတွေ ခဏလေးနဲ့ အင်အားကြီးမားလာဖို့ အခွင့်ကောင်းတစ်ခုပါ။ ဒီလိုဆိုရင် အနာဂတ်မှာ ကောင်းကင်မိစ္ဆာ ကပ်ဘေးနဲ့ ထပ်ရင်ဆိုင်ရင်တောင် အရင်လိုမျိုး ထိခိုက်ပျက်စီးမှုများတော့မှာ မဟုတ်ပါဘူး။

ဆယ်နှစ် ကုန်ဆုံးခါနီးမှာ ဝူဖာနန်းတော်ရဲ့ ဂိတ်တံခါး ပိတ်သွားပြီး ကောင်းကင်အရှင်ဝူဖာဟာ တာအိုစတင် ဟောကြားပါတယ်။

ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ ဝူဖာနန်းတော်ထဲမှာ ရှိနေတဲ့ သက်ရှိအရေအတွက် ၁၀ ဘီလီယံ ကျော်နေတာကို တွေ့လိုက်ရပါတယ်။

ကောင်းကင်အရှင်ဝူဖာက တကယ်ကို ရက်ရောတာပါ။

ဒီတာအိုဟောကြားမှု ပြီးတာနဲ့ ကောင်းကင်အရှင်ဝူဖာဟာ တပည့်ဆယ်ဘီလီယံကို တန်းရသွားမှာပါ။ ဒီတပည့်ဘီလီယံချီထဲက ထိပ်တန်းစွမ်းရည်ရှိတဲ့ ကျင့်ကြံသူအချို့ကို ရွေးချယ်နိုင်မှာ ကျိန်းသေပေါတယ်။

‘နှမြောဖို့ ကောင်းလိုက်တာ’

‘ကောင်းကင်အရှင်ဝူဖာ... ခင်ဗျားက နောက်ဆုံးမှာ ရယ်နိုင်မဲ့လူ မဟုတ်ဘူး၊ ခင်‌ဗျား ဘယ်လောက်ထိ အသက်ရှင်နိုင်မလဲဆိုတာက ခင်ဗျား ဘယ်လောက်ထိ တာအို‌ဟောကြားနိုင်လဲ အပေါ် မူတည်တယ်’ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို စိတ်ထဲမှာ သရော်လိုက်ပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးကာ မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ရာ ကြာသွားပါတယ်။

ဝူဖာနန်းတော်ထဲက နေရာဟာ ကမ္ဘာတစ်ခုလိုပါပဲ။ ရေနဲ့တူတဲ့ မြေပြင် ရှိတဲ့အပြင် ကောင်းကင်ကလည်း ဖြူဖွေးနေပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ မြေပြင်မှာ ထိုင်နေကြပါတယ်။ နှစ်တစ်ရာ တာအိုဟောကြားတာကို နားထောင်ပြီးတဲ့နောက် သက်ရှိအများစုဟာ ပြောင်းလဲကုန်ကြပါတယ်။

ဟန်ထော်နဲ့ ကျဲယွီက အနီးကပ်ဆုံးပါ။

ကျဲယွီဟာ မျက်လုံးဖွင့်ပြီး ဟန်ထော်ကို ကြည့်ကာ အပြုံးနဲ့ မေးလိုက်ပါတယ် “ဘယ်လောက် ရလိုက်လဲ”

“မဆိုးပါဘူး.. မင်းရော...”

တကယ်တော့ ဟန်ထော် ရလိုက်တာက မဆိုးပါဘူးဆိုတာထက် ပိုပါတယ်။ ထူးဆန်းစွာပဲ ဟန်ထော်ဟာ ကောင်းကင်အရှင်ဝူဖာ ဟောကြားသမျှကို အလွယ်လေး နားလည်နေပါတယ်။ ကျင့်ကြံမှု တိုးတာအပြင် စိတ်ထဲမှာလည်း အကြံအစည်တွေ အများကြီး ပေါ်လာတာကြောင့် ဟန်ထော်ကို အတော်လေး စိတ်လှုပ်ရှားသွားစေပါတယ်။

ကျဲယွီဟာ ပြုံးလိုက်ပါတယ် “ရပါတယ်၊ ဒါပေမဲ့ အစ်ကိုဟန်ကိုတော့ မမီပါဘူး၊ အစ်ကိုဟန်က လူကို အမြဲတမ်း အံအားသင့်အောင် လုပ်နိုင်တယ်”

ဟန်ထော်ဟာ ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေပါဘူး။

ဟန်ထော်နဲ့ ကျဲယွီဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုပေမဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက် ကိုယ်စီ ရှိကြတာကြောင့် တစ်ယောက်ကိစ္စကို တစ်ယောက် ဝင်မပါပါဘူး။ ဒါကြောင့်လည်း သူတို့နှစ်ယောက်က ဒီလောက်ထိ တည့်နေကြတာပါ။

ဒီအချိန်မှာပဲ ကောင်းကင်အရှင်ဝူဖာနဲ့ အသံ ထွက်ပေါ်လာပါတယ်။

“ပထမ တာအိုဟောကြားမှု ပြီးဆုံပြီ၊ အခုအချိန်ကစပြီး မင်းတို့ အကုန်လုံးက ဝူဖာဂိုဏ်းရဲ့ တပည့်တွေပဲ၊ မင်းတို့တွေ ဘယ်ဂိုဏ်းကပဲလာလာ အဲဒီဂိုဏ်းကို စွန့်ပစ်ရမယ်၊ ငါ မင်းတို့ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားပေးမယ်၊ ငါက အစွမ်းအထက်ဆုံး တာအိုပညာရှိပဲ”

ကောင်းကင်အရှင်ဝူဖာရဲ့ အသံဟာ အလွန်တရာမှ တည်ငြိမ်ပြီး ယုံကြည်မှုတွေ ပြည့်ဝနေပါတယ်။ ဒီစကားလုံးတွေကြောင့် သက်ရှိအများစုဟာ ကောင်းကင်အရှင်ဝူဖာကို ကြည်ညို လေးစားသွားကြပါတယ်။

ဂိုဏ်းတပည့်အချို့ကတော့ ဒီကိစ္စကို သိပ်ပြီး ဘဝင်မကျပါဘူး။ ဒါပေမဲ့ ဘယ်သူမှ မတ်တတ်ထပြီး ကောင်းကင်အရှင်ဝူဖာကို ပြဿနာမရှာရဲပါဘူး။

“ကောင်းကင်မိစ္ဆာ ကပ်ဘေးက ပြီးသွားတာ မကြာသေးဘူးဆိုတော့ အရင်တာအိုပညာရှိတွေ ဘယ်လောက်ထိ အားနည်းလဲဆိုတာ မင်းတိုလဲ မြင်ကြမှာပါ၊ တာအိုပညာရှိတွေ အားနည်းလို့လည်း ကောင်းကင်မိစ္ဆာတွေက ကောင်းကင်တာအိုထဲမှာ ဒီလောက်ကြာအောင် သောင်းကျန်းနိုင်တာ၊ ငါသာ ကောင်းကင်တာအိုကို ဦးဆောင်မယ်ဆိုရင် ဒီလိုကြေကွဲစရာကောင်းတဲ့ အဖြစ်မျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ငါ့ကို ယုံကြည်ပြီး ငါ့နောက်ကို လိုက်ကြ၊ ဒီဟာက မင်းတို့ဘဝမှာ အကြီးမားဆုံး အခွင့်အရေးကြီးတစ်ခု ဖြစ်လိမ့်မယ်”

“ငါ့ရည်မှန်းချက်က စကြဝဠာထဲမှာရှိတဲ့ အနန္တကမ္ဘာကို စုစည်းပြီး ကောင်းကင်တာအိုကို တစ်ဦးတည်း ထိန်းချုပ်ဖို့ပဲ၊ ငါ ကောင်းကင်တာအိုထဲက သက်ရှိတွေကို ဦးဆောင်ပြီး မဟာတာအိုနဲ့ အတိတ်က ကောင်းကင်တာအိုထက် သာလွန်အောင် လုပ်ပြမယ်၊ ငါက ကံတရားမြစ်ရဲ့ အဆုံးမှာ ရပ်ပြီး အရာအားလုံးကို ငုံ့ကြည့်မယ်” ကောင်းကင်အရှင်ဝူဖာဟာ ပြောလေလေ ပိုပြီးတော့ မောက်မာလာလေလေပါပဲ။

ဟန်ထော်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး အကြောင်းအရင်းတချို့ကြောင့် ကောင်းကင်အရှင်ဝူဖာကို အလိုလို တော်လှန်ချင်စိတ် ပေါက်သွားပါတယ် ‘တာအိုပညာရှိ ဖြစ်တော့ရော ဘာဖြစ်လဲ’ ဒီအတွေးကြောင့် ဟန်‌ထော်ဟာ သူ့ကိုယ်သူ လန့်သွားပါတယ်။

ယုတ္တိကျကျ ပြောရရင် တာအိုဟောကြားတာကို နားထောင်ပြီးတာနဲ့ သူက ကောင်းကင်အရှင်ဝူဖာကို ပိုလေးစားသင့်တာပါ။ ဒါပေမဲ့ အခုတော့ ကောင်းကင်အရှင်ဝူဖာရဲ့ မောက်မာလှတဲ့ စကားတွေကြောင့် ဟန်ထော်ဟာ အလိုလို မပျော်မရွှင် ဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ကျဲယွီရဲ့အသံဟာ ဟန်ထော်နားထဲကို ဝင်လာပါတယ်။

“မခုခံနဲ့၊ သူက ငါတို့ကို စမ်းသပ်နေတာ” ကျဲယွီက အသံလွှင့်ပြီး ပြောလိုက်တာပါ။

‘စမ်းသပ်နေတာလား...’ ဟန်ထော်ဟာ လန့်သွားပြီး သူ့စိတ်ထဲက မနှစ်မြို့မှုတွေကို ချက်ချင်း ရှင်းထုတ်ပစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ထော်ဟာ ကျဲယွီကို သတိထားလာပါတယ်။

‘ဒီကောင်လေးက မရိုးဘူး... တာအိုပညာရှိရဲ့ နည်းလမ်းတွေကိုတောင် ထိုးဖောက်မြင်နိုင်တယ်’ ဟန်ထော် သေချာ ပြန်တွေးကြည့်တဲ့အခါ ကျဲယွီက သနားစရာကောင်းတဲ့ အခြေအနေကို တစ်ခါမှ မရောက်ဖူးပါဘူး။ ရန်သူက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အမြဲတမ်း တည်ငြိမ်နေတာချည်းပါပဲ။

ကျဲယွီဟာ ဟန်ထော်ရဲ့ အကြည့်ကို ခံစားမိတာကြောင့် မျက်စိကို လခြမ်းကွေးလို ကျဉ်းပြီး ပြုံးလိုက်ပါတယ်။

ကောင်းကင်အရှင် ဝူဖာကတော့ ဆက်ပြောနေတုန်းပါ။

တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ဝူဖာနန်းတော်‌ရှေ့ကို ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ နန်းတော်ထဲကို အတင်းထိုးဖောက်ဝင်ရောက်ခြင်း မပြုဘဲ တံခါးရှေ့မှာ စိတ်ရှည်လက်ရှည် စောင့်နေပါတယ်။ ဟန်ကျွယ် ကိုယ်ပေါ်က အကောင်းစား ရတနာတွေအားလုံးဟာ အကုန်လုံး အသင့်ဖြစ်နေပါပြီ။ နေလယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်ဟာလည်း ဟန်ကျွယ် တစ်ကိုယ်လုံးကို လွှမ်းမိုးထားပါတယ်။

“ဟန်ကျွယ်... မင်း ဘာလုပ်မလို့လဲ”

ချုံရှီလိုင်က အသံလွှင့်ပြီး ဟန်ကျွယ်ကို မေးလိုက်ပါတယ်။ ချုံရှီလိုင် မဟုတ်ပါဘူး။ တခြားတာအိုပညာရှိတွေကလည်း ဟန်ကျွယ်ကို အသံလွှင့်ပြီး မေးကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြန်မဖြေပါဘူး။

ဟန်ကျွယ်ဟာ ချက်ချင်း မတိုက်ခိုက်တာက တာအိုနားထောင်သူတွေ ဒဏ်ရာရမှာစိုးလို့ပါ။ ဟန်ကျွယ် ဒီနေရာကို ရောက်လာရတာကတော့ ကောင်းကင်အရှင်ဝူဖာက တာအိုနားထောင်သူတွေကို တစ်ခုခုလုပ်လိုက်မှာ စိုးလို့ပါ။

ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ်ကို အာရုံခံမိတဲ့အတွက် မိန့်ခွန်းပြောတာကို ရပ်ပြီး တပည့်ဆယ်ဘီလီယံကို ပြန်ဖို့ ပြောလိုက်ပါတယ်။

“ကျွီ...”

နန်းတော်တံခါးဟာ တဖြည်းဖြည်း ပွင့်သွားပြီး အလင်းတိုင်တစ်တိုင် ထွက်ပေါ်လာပါတယ်။

“တံခါးအပြင်ဘက်မှာရှိတဲ့ အစီအရင်က မင်းတို့ကို ပြန်ပို့ပေးလိမ့်မယ်၊ ကောင်းကောင်းမွန်မွန် ကျင့်ကြံပြီး ငါ နောက်ထပ် တာအိုဟောကြားတာကို စောင့်နေကြ”

ကောင်းကင်အရှင်ဝူဖာရဲ့ အသံဟာ ဝူဖာနန်းတော်ထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

ဝူဖာဂိုဏ်း တပည့်တွေဟာ တစ်ယောက်ပြီး တစ်ယောက် နန်းတော်ထဲကနေ ထွက်လာပါတယ်။ သူတို့ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ မှင်သက်အံဩသွားပြီး ဘယ်သူမှ အနားမကပ်ရဲပါဘူး။

ဟန်ကျွယ်ရဲ့ ရောင်ဝါက အားကောင်းလွန်းတဲ့အတွက် ဝူဖာဂိုဏ်းတပည့်တွေကို အလိုလို တုန်လှုပ် ချောက်ချားစေပါတယ်။

တပည့်တွေဟာ တစ်ယောက်ပြီး တစ်ယောက် အလင်းတိုင်ထဲ ဝင်ကာ ပျောက်ကွယ်သွားပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ ချက်ချင်း ထွက်မလာပါဘူး။ သူလည်းပဲ တာအိုနားထောင်သူတွေ ထွက်သွားတာကို စောင့်နေပုံ ရပါတယ်။

တခြားတစ်ဖက်မှာတော့ တာအိုပညာရှိတွေဟာ ချုံရှီလိုင်ရဲ့ နန်းတော်ထဲမှာ စုဝေးကြပါတယ်။

တောင်ဘက်စွန်း ကောင်းကင်အရှင်က စိတ်လှုပ်တရှား မေလိုက်ပါတယ် “ဟန်ကျွယ်က ကောင်းကင်အရှင်ဝူဖာနဲ့ တိုက်ခိုက်တော့မှာလား”

ဂိုဏ်းချုပ်တျန်ကျွယ်က သက်ပြင်းချလိုက်ပါတယ် “ဖြစ်နိုင်တယ်၊ သူက အကြောင်းရင်းမရှိဘဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်လာမဲ့လူ မဟုတ်ဘူး၊ သူ ပေါ်လာပြီဆိုကတည်းက ကျိန်းသေပေါက် တိုက်ခိုက်လိမ့်မယ်”

ဧကရာဇ်ရှောင်ဟာ ပြုံးလိုက်ပါတယ် “ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုတွေက တကယ် အထင်ကြီးဖို့ ကောင်းတယ်၊ သူက တကယ့် ကျင့်ကြံသူအစစ်၊ လီမုယဲ့လိုမျိုး နောက်ကွယ်ကနေ ကျိန်စာတိုက်ဖို့ပဲသိတဲ့လူ မဟုတ်ဘူး”

ဖူရှီ ရောက်လာပေမဲ့ လီမုယဲ့ကတော့ ရောက်မလာပါဘူး။ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ ဂိုဏ်းချုပ်တျန်ကျွယ်တောင် လီမုယဲ့နဲ့ အဆက်အသွယ် သိပ်မလုပ်တော့ပါဘူး။

“ငါက ဟန်ကျွယ်ကို အမှောင်သခင်ကြီးလို့ သံသယဝင်ခဲ့မိတယ်၊ ကတယ်ကို ရှက်ဖို့ကောင်းတဲ့ကိစ္စပဲ” ဂိုဏ်းချုပ်တျန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။

တာအိုပညာရှိတွေရဲ့ အမြင်မှာ ဟန်ကျွယ်ရဲ့ လှုပ်ရှားမှုတွေက အမှောင်သခင်ကြီးနဲ့ တစ်စက်မှကို မတူပါဘူး။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ဝူဖာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ကြပါတယ်။

ဝူဖာနန်းတော်က ထွက်လာတဲ့ တပည့်အားလုံး ဟန်ကျွယ်ကို တစ်ချက်ကြည့်ပြီး နောက်ထပ် မကြည့်ရဲတော့ပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်ကို ကောင်းကင်အရှင်ဝူဖာရဲ့ လက်အောက်မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်လို့ ထင်နေကြတာပါ။

ဟန်ထော်နဲ့ ကျဲယွီဟာ စကားတပြောပြောနဲ့ ဝူဖာနန်းတော်ထဲကနေ ထွက်လာပါတယ်။ ဒီအချိန်မှာပဲ ဟန်ထော်ဟာ ဟန်ကျွယ်ကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ကို မြင်မြင်ချင်း ဟန်ထော်ဟာ စိတ်ထဲ ဗလာဖြစ်သွားပြီး အလွန်တရာ ရင်းနှီးတယ်လို့ ခံစားလိုက်ရပါတယ်။

“သူက ဘယ်သူလဲ” ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။

“မကြည့်နဲ့” ကျဲယွီက သတိပေးလိုက်ပါတယ်။

ဒီတော့မှ ဟန်ထော်ဟာ နိုးထလာပြီး သူ့အကြည့်ကို ချက်ချင်း ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ ဟန်ကျွယ်ကို ဆက်ပြီးတော့ မကြည့်ရဲတော့ပါဘူး။ ဒါပေမဲ့ ဟန်ထော်ရဲ့ စိတ်ထဲမှာတော့ ဟန်ကျွယ်ရဲ့ ရုပ်သွင်က ဖျောက်ဖျက်လို့ မရတော့ပါဘူး ‘ဒီလူက ဘယ်သူလဲ’

ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ကျင့်ကြံမှုက တော်တော်လေး တိုးတက်လာတာကို သတိထားမိလိုက်ပါတယ်။ ကျင့်ကြံမှုတင် မဟုတ်ပါဘူး။ ဟန်ထော်ရဲ့ သွေးစည်းမှာလည်း တာအိုရွန့်တွေ အနည်းငယ် ပါဝင်နေပါသေးတယ်။

‘တော်လိုက်တဲ့ ကောင်လေး... ငါ့သားလို့ မပြောရဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပေမဲ့ သူ့အာရုံက ကောင်းကင်အရှင်ဝူဖာဆီမှာ ရှိနေတုန်းပါ။

ဟန်ထော်ဟာ တခြားတပည့်တွေနဲ့အတူ အလင်းတိုင်ထဲ ဝင်လိုက်ပါတယ်။ အလင်းတိုင်ထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ဟန်ထော်ဟာ နောက်ကို လှည့်ကြည့်လိုက်ပါတယ်။

နတ်ရောင်ခြည်တွေ တောက်ပနေတဲ့ ဟန်ကျွယ်ဟာ ဝူဖာနန်းတော်ရှေ့မှာ မတ်တတ်ရပ်နေပါတယ်။ ဟန်ကျွယ်ဟာ အချိန်မြစ်မှာ အမြဲတမ်း မတ်တတ်ရပ်နေတဲ့ နတ်ဘုရားတစ်ပါးလိုမျိုး အထီးကျန်တဲ့ ရောင်ဝါတွေကို ထုတ်လွှတ်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters