← Chapters

ဝူဖာဂိုဏ်း ပြိုလဲပျက်စီးခြင်း၊ နှစ်သုံးထောင်

Vol. 51 Ch. 555

ဝူဖာဂိုဏ်း ပြိုလဲပျက်စီးခြင်း၊ နှစ်သုံးထောင်

Vol. 51 Ch. 555

တာအိုနားထောင်သူတွေ အကုန်လုံး ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဝူဖာ နန်းတော်ထဲ ဝင်လိုက်ပါတယ်။ ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ် ဝင်လာတာကို အစီအရင်သုံးပြီး ဟန့်တားခြင်း မပြုပါဘူး။

ဟန်ကျွယ်ဟာ တစ်လှမ်းခြင်း လျှောက်လှမ်းပေမဲ့ ခြေတစ်လှမ်းက အကွာအဝေး အများကြီး ရောက်ပါတယ်။ မြေကြောရှုံ့လိုက်သလိုမျိုးပါ။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာကို တွေ့လိုက်ရပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ မျှော်စင်တစ်ခုမှာ ထိုင်နေပြီး ဟန်ကျွယ်ကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ပတ်လည်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခု ပေါ်လာတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိလိုက်ပါတယ်။

‘ဒီကောင်က သူ့နန်းတော်ကို အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ချင်နေတာပဲ’

ဟန်ကျွယ်ဟာ ခြေလှမ်းရပ်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ် “ကောင်းကင်အရှင်ဝူဖာ... ကျွန်တော် ဒီနေရာကို လာတာက ကောင်းကင်အရှင်ဝူဖာကို ကျွန်တော်ရဲ့ ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်လို့ပါ”

ဟန်ကျွယ်စကားကြောင့် ကောင်းကင်အရှင်ဝူဖာဟာ မျက်လုံးကျဉ်းသွားပြီး မေးလိုက်ပါတယ် “တကယ်လား”

ကောင်းကင်အရှင်ဝူဖာက ဟန်ကျွယ် ပြဿနာလာရှာတယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ်စကားကို ၁၀၀ ရာခိုင်နှုန်းတော့ မယုံကြည်ပါဘူး။ အရင်တစ်ခေါက်တုန်းက ဟန်ကျွယ်ဟာ သူ့လက်ဝါးချက်ကို ချေဖျက်နိုင်တဲ့အတွက် အင်အားမနည်းဘူးဆိုတာ ထင်ရှားပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကျွန်တော်က ကိုယ့်စွမ်းကိုယ်စသုံးပြီး တာအိုကိုရယူခဲ့တာ၊ ကောင်းကင်တာအိုကပ်ဘေးထဲကို မဝင်ချင်ဘူး၊ တကယ်လို့ ကောင်းကင်အရှင်ဝူဖာသာ ကောင်းကင်တာအိုကို စုစည်းနိုင်မယ်ဆိုရင် ကျွန်တော် အေးအေးဆေးဆေး ကျင့်ကြံလို့ရပြီ”

“တကယ်ကြီးလား”

“တကယ်ပါ”

“ဒါဆို ဒူးထောက်”

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးစုတ်က အခွင့်အရေး ဘယ်လိုယူရမလဲမဆိုတာတော့ သိတယ်’

ဟန်ကျွယ်ဟာ ဒူးကွေးပြီး ဒူးထောက်ဖို့ ပြင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခါးကိုင်းလိုက်စဉ်မှာပဲ ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ နတ်ဘီလူးဓမ္မရုပ်တုတစ်ပါး ထွက်ပေါ်လာပြီး လျှပ်စီးလိုအလျင်နဲ့ ကောင်းကင်အရှင်ဝူဖာကို တိုက်ခိုက်လိုက်ပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ လက်မြှောက်ပြီး ခုခံလိုက်ပါတယ်။ ဒါပေမဲ့ နတ်ဘီလူးဓမ္မရုပ်တုက လျင်မြန်လွန်းတဲ့အတွက် မမီလိုက်ပါဘူး။

ချုပ်နှောင် နတ်ဘီလူး။

ဒီနတ်ဘီလူးဓမ္မရုပ်တုက ဟန်ကျွယ် တတ်မြောက်ထားတာ မကြာသေးပါဘူး။ ဒီနတ်ဘီလူးက လောကမှာရှိတဲ့ အရာအားလုံးကို ချုပ်နှောင်နိုင်ပါတယ်။ ကောင်းကင်တာအိုနဲ့ မဟာတာအိုကိုတောင် ချုပ်နှောင်နိုင်စွမ်း ရှိပါတယ်။

ကောင်းကင်အရှင်ဝူဖာရဲ့ ဓမ္မစွမ်းအားဟာ ချုပ်နှောင်နတ်ဘီလူးကို ရင်ဆိုင်ရတဲ့အခါမှာ တစ်စက်ကလေးတောင် အသုံးမဝင်ပါဘူး။ ဒါကြောင့် ကောင်းကင်အရှင်ဝူဖာဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး အဖြူရောင်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ပြေးဝင်လာပါတယ်။

ဟန်ကျွယ်ရဲ့ နောက်မှာတော့ နတ်ဘီလူးဓမ္မရုပ်တုတွေဟာ ကောင်းကင်နက္ခ နတ်ဘီလူးဆီမှာ စုစည်းလိုက်ကြပါတယ်။ ဟန်ကျွယ်ကို လက်သီးကို ထိုးထုတ်လိုက်တဲ့အခါမှာ ကောင်းကင်နက္ခ နတ်ဘီလူးကလည်း သူ့လက်သီးကို ထိုးထုတ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အလွန်ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ မျက်လုံးပြူးသွားပြီး ဓားကိုဝှေ့ယမ်းကာ ခုခံလိုက်ပါတယ်။

“ဝုန်း...”

ချုပ်နှောင် နတ်ဘီလူးဟာ လေအများကြီး ထိုးသွင်းခံရတဲ့ ပူဖောင်းလိုမျိုး အကြီးကြီး ဖြစ်သွားပြီး ပေါက်ကွဲထွက်သွားပါတယ်။ ဒီပေါက်ကွဲရာကနေ ထွက်ပေါ်လာတဲ့ လေအရှိန်ဟာ နန်းတော်တစ်ခုလုံးကို လှုပ်ခတ်သွားစေပါတယ်။ အဖြူ‌ရောင် ကောင်းကင်ဟာ ဆုတ်ပြဲသွားပြီး ရေနဲ့တူတဲ့ မြေပြင်ဟာလည်း ကြေးမုံပြင်လို ကွဲကျေသွားပါတယ်။

အပြင်ဘက်ကနေ ကြည့်ရင် ဝူဖာနန်းတော်က ပြင်းထန်စွာ လှုပ်ခါပြီး သက်တန့်ရောင်တွေ ထွက်ပေါ်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ချုံရှီလိုင်ရဲ့ တာအိုစက်ကွင်းထဲက တာအိုပညာရှိတွေဟာ ရင်တထိတ်ထိတ်နဲ့ စောင့်နေကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ မတော်တဆ ဖြစ်မှာကို စိုးရိမ်နေကြတာပါ။

ဝူဖာနန်းတော်။

ချုပ်နှောင် နတ်ဘီလူးက လွှင့်ပါးပျောက်ကွယ်သွားပါပြီ။ ခန်းမထဲမှာလည်း လေအရှိန်ကြောင့် အဖြူရောင် ကောင်းကင်ယံမှာ အာကာအက်ကြောင်းတွေ ထူထပ်သိပ်သည်းစွာ ဖြစ်ပေါ်သွားပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာရဲ့ တာအိုပညာရှိဝိညာဉ်ကို ဆုပ်ကိုင်ရင်း မတ်တတ်ရပ်နေပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ ချုပ်နှောင်နတ်ဘီလူး၊ ဟင်းလင်းပြင် နတ်ဘီလူး၊ ငရဲနတ်ဘီလူးနဲ့ တခြားနတ်ဘီလူးတွေရဲ့ စွမ်းအားအောက်မှာ တစ်ချက်ကလေးတောင် မလှုပ်ရှားနိုင်ပါဘူး။

ကောင်းကင်အရှင်ဝူဖာဟာ ဟန်ကျွယ်ကို အထိတ်တလန့် ကြည့်လိုက်ပါတယ် “မင်း ဘယ်သူလဲ”

ကောင်းကင်အရှင်ဝူဖာဟာ ဒီလိုတိုက်ပွဲမျိုးကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပါဘူး ‘အဲဒီဓမ္မရုပ်တုတွေက ဘယ်ကနေ ရောက်လာတာလဲ’

ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ဖြေလိုက်ပါတယ် “ကျုပ်က တာအိုဘိုးဘေး ချန်ထားခဲ့တဲ့ ကောင်းကင်တာအိုကို ကာကွယ်ချင်ရုံပါ”

‘တာအိုဘိုးဘေး...’ ကောင်းကင်အရှင်ဝူဖာဟာ မျက်နှာပျက်သွားပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ငါက ကောင်းကင်တာအိုပညာရှိပဲ၊ မင်း ငါ့ကို မသတ်နိုင်ဘူး၊ ငါ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိတယ်၊ မင်း လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်”

ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “မင်းနောက်ခံက တာအိုဘိုးဘေးထက် ပိုစွမ်းလို့လား”

ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကောင်းကင်အရှင်ဝူဖာဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ဟာ လက်ကိုပြန်သိမ်းပြီး ဝူဖာနန်းတော်ရဲ့ ခန်းမထဲက‌နေ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို တစ်ခါတည်းပြန်ပြီး ကောင်းကင်အရှင်ဝူဖာကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။

ကောင်းကင်အရှင်ဝူဖာ တစ်ခုခုလုပ်မှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ မကျင့်ကြံဘဲ ကောင်းကင်အရှင်ဝူဖာကို တစ်ချိန်လုံး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဖိနှိပ်ခံထားရတဲ့ ကောင်းကင်အရှင်ဝူဖာဟာ အော်ပြောလိုက်ပါတယ် “ဘာလဲ... မင်းက ငါ့ကို အကျဉ်းချချင်တာလဲ၊ မင်းငါ့ကို တစ်သက်လုံး အကျဉ်းချထားနိုင်မှာ မို့လို့လား”

ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ဝူဖာ ဘာပြောပြော လျစ်လျူရှုထားလိုက်ပါတယ်။ အချိန်က အရာအားလုံးကို အဆုံးအဖြတ်ပေးသွားမှာ မဟုတ်ပါလား။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်။

တာအိုပညာရှိတွေဟာ ဝူဖာနန်းတော်ကို ရောက်လာပါတယ်။ ဒီတစ်ခါတော့ လီမုယဲ့လည်း ရောက်လာပါတယ်။ လီမုယဲ့ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “တိုက်ပွဲ‌ရောင်ဝါပဲ... ငါ သူတို့နှစ်ယောက်ကို ဘာလို့ မတွေ့ရတာလဲ”

ဘယ်သူမှ ပြန်မဖြေပါဘူး။

တာအိုပညာရှိတွေဟာ ဘေးဘီဝန်းကျင်ကို စစ်ဆေးကြပါတယ်။

လီမုယဲ့ဟာ စိတ်ထဲမှာ တော်တော်လေး မနှစ်မမြို့ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ပြန်ရောက်လာကတည်းက တာအိုပညာရှိတွေဟာ သူ့ကို ကြဉ်နေကြပါတယ်။ ဒါပေမဲ့ လီမုယဲ့ဟာ ကောင်းကင်မိစ္ဆာ ကပ်ဘေးမှာ သူမကူညီနိုင်ခဲ့တာကို တွေးမိတာကြောင့် အခုထိ အောင့်အီးသည်းခံနေတာပါ။

တာအိုပညာရှိတွေဟာ အတန်ကြာ လျှောက်ကြည့်ပြီး ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ဝူဖာ ဒီနားဝန်းကျင်မှာ မရှိတော့တာ သေချာတဲ့အတွက် ဆက်ရှာဖို့ လက်လျှော့လိုက်ကြပါတယ်။

ဒီလိုနဲ့ အချိန် အတော်အတန် ကြာသွားတဲ့အခါမှာ ချုံရှီလိုင်ဟာ ဟန်ကျွယ်ကို အိပ်မက်ပေးပါတယ်။

ဟန်ကျွယ်ဟာ ချုံရှီလိုင်ကို လျစ်လျူရှုထားလိုက်ပါတယ်။

ချုံရှီလိုင်ဟာ အိပ်မက် ဆက်မပေးရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ကောင်းကင်အရှင်ဝူဖာနဲ့ တိုက်ခိုက်နေတုန်းလို့ တွေးထင်မိတာကြောင့်ပါ။

အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပါတယ်။

တာအိုဟောကြားမှု ပြီးဆုံးပြီးနောက် ဝူဖာဂိုဏ်းဟာ လျင်မြန်စွာ ကြီးထွားလာခဲ့ပါတယ်။ နှစ်တစ်ထောင် မပြည့်ခင်မှာပဲ ဝူဖာဂိုဏ်းတပည့်တွေဟာ အနန္တကမ္ဘာရဲ့ နေရာတိုင်းမှာ ပေါ်လာပါတယ်။

တာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ဝူဖာ သေလား ရှင်လားကို မသိရတဲ့အတွက် အလျင်စလို မလုပ်ရဲပါဘူး။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်နဲ့ ကောင်းကင်အရှင်ဝူဖာ ပေါ်မလာတာ နှစ် ၂,၀၀၀ ကြာသွားတဲ့အတွက် တာအိုပညာရှိတွေဟာ ရဲတင်းလာပြီး ဝူဖာဂိုဏ်းကို ပစ်မှတ်ထားဖို့ သူတို့တပည့်တွေကို စေခိုင်းပါတော့တယ်။

ကောင်းကင်အရှင်ဝူဖာ ပေါ်မလာတာကြောင့် ဝူဖာဂိုဏ်းဟာ စည်းလုံးညီးညွှတ်မှု မရှိပါဘူး။ ဒါကြောင့် နှစ်တစ်ရာ မပြည့်ခင်မှာ ပြိုလဲပျက်စီးသွားပါတယ်။

တောင်တန်းတစ်ခုအတွင်း။

ဟန်ထော်ဟာ ကျင့်ကြံခြင်း လိုဏ်ဂူထဲမှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဝူဖာနန်းတော်ကနေ ပြန်လာပြီးကတည်းက ဟန်ထော်ဟာ ဒီလိုဏ်ဂူထဲမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေတာပါ။ ဒီလိုကျင့်ကြံလို့လည်း ဟန်ထော်ရဲ့ ကျင့်ကြံမှုဟာ ဆပွား တိုးတက်လာပါတယ်။

ကျဲယွီဟာ လိုဏ်ဂူဝကနေ အထဲကို ဝင်လာပြီး ပြောလိုက်ပါတယ် “ဝူဖာဂိုဏ်းက လုံးဝ မရှိတော့ဘူး၊ ကြည့်ရတာ ကောင်းကင်အရှင်ဝူဖာ တစ်ခုခု ဖြစ်သွားပုံပဲ”

ကျဲယွီရဲ့ စကားကြောင့် ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်ပြီး အဲဒီနေ့တုန်းက သူမြင်ခဲ့တဲ့ နတ်ရောင်ခြည်တွေနဲ့ တောက်ပနေတဲ့ ရုပ်သွင်ကို သတိရမိလိုက်ပါတယ် ‘ကောင်းကင်အရှင်ဝူဖာ ပျောက်သွားတာ ဒီပုဂ္ဂိုလ်နဲ့ ပတ်သက်နေတာများလား...’

ဟန်ထော်ဟာ ကျဲယွီကို စလိုက်ပါတယ် “မင်းက ဝူဖာဂိုဏ်းထဲ ဝင်ချင်တာမလား၊ အခု ဘယ်လို ဆက်လုပ်မှာလဲ”

ကျဲယွီဟာ နေရာရှာထိုင်လိုက်ပြီး ပုခုံးတွန့်ကာ ပြောလိုက်ပါတယ် “ငါ အင်မော်တယ်ကမ္ဘာကနေ ထွက်သွားဖို့ စီစဉ်ထားတယ်”

“ဘယ်ကိုသွားမှာလဲ”

“နယ်မြေသစ်တစ်ခုပေါ့၊ ကံကြမ္မာက ငါတို့ကို တွေ့ဆုံခွင့်ပေးရင် ငါတို့တွေ ထပ်တွေ့ကြတာပေါ့”

ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ထော်မှာ မိတ်ဆွေကောင်းက သိပ်မရှိပါဘူး။ ကျဲယွီက ဟန်ထော်ရဲ့ ရှားပါးလှတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ။ ဟန်ထော်ဟာ ကျဲယွီကို ထိုးဖောက် မမြင်နိုင်ပေမဲ့ ကျဲယွီက သူ့ကို အများကြီး ကူညီခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ သေခြင်းရှင်ခြင်း အခြေအနေတွေကိုလည်း အတူတူ ရင်ဆိုင်ခဲ့ရပါတယ်။

ကျဲယွီက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ဟန်ထော်... မင်းကလည်း မရိုးရှင်းပါဘူး၊ ကျင့်ကြံမှုလမ်းက ရှည်လျားတယ်၊ ငါတို့တွေ နောက်တစ်ကြိမ် ပြန်တွေ့ရင် မင်းက ကောင်းကင်တာအိုအောက်မှာ နာမည်ကျော်ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေဖို့ မျှော်လင့်ပါတယ်”

ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “မင်း ကျိန်းသေပေါက် ထွက်သွားမှ ဖြစ်မှာလား”

“ဟုတ်တယ်၊ ငါ့တာဝန်က ပြီးသွားပြီ”

“မင်းက ဘယ်က လာတာလဲ”

“ငါ ပြောလို့မရဘူး၊ တာအိုဆွေးနွေးရအောင်၊ ဒါက နောက်ဆုံးအကြိမ် ဖြစ်ကောင်း ဖြစ်နိုင်တယ်”

“ကောင်းပြီလေ”

ဟန်ထော်ဟာ ကျဲယွီကို ထပ်ပြီးတော့ ဆွဲမထားတော့ပါဘူး။ ဟန်ထော်ဟာ အတိတ်တုန်းက မရင့်ကျက်သေးတဲ့ လူငယ်လေး တစ်ယောက် မဟုတ်တော့ပါဘူး။

လေးငါးဆယ်နှစ် အကြာမှာတော့ ကျဲယွီဟာ ထွက်ခွာသွားပါတယ်။ ဟန်ထော်လည်း ဒီကျင့်ကြံခြင်းလိုဏ်ဂူမှာ ဆက်မနေဘဲ တခြားလိုဏ်ဂူတစ်ခုရှာပြီး ကျင့်ကြံအားထုတ်ပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားအား အောင်မြင်စွာ ကျွန်ပြုလိုက်ပါပြီ။]

[ကောင်းကင်အရှင်ဝူဖာသည် သင့်အား အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ကောင်းကင်အရှင်ဝူဖာကို ကျွန်ပြုဖို့ ဟန်ကျွယ်ဟာ နှစ် ၃,၀၀၀ အချိန်ယူလိုက်ရပါတယ်။ ဟန်ကျွယ် မကျင့်ကြံရတာလည်း နှစ် ၃,၀၀၀ ရှိပါပြီ။

ဟန်ကျွယ်ဟာ ဒီလောက်ထိ တစ်ခါမှ အချိန်မဖြုန်းဖူးတဲ့အတွက် တော်တော်လေး စိတ်ပင်ပန်းပြီး နေရခက်လှပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုကို သွားတွေ့ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်အရှင်ဝူဖာသည် ကောင်းကင်တာအို၏ စွန့်ပစ်မှုကိုခံရပြီး ကောင်းကင်တာအိုပညာရှိ နေရာအား ဆုံးရှုံးသွား၏။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters