ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ၊ ကောင်းကင်နှင့် ညီမျှသော တန်ခိုးရှင်
Vol. 51 Ch. 560
‘အမှောင်ဘုရင် တာအိုပညာရှိက ဟန်ထော်ကို ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ’ ဟန်ကျွယ်ဟာ လက်ချောင်းသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ဘာမှ ရှာမတွေ့ပါဘူး။ အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအိုထဲ မဝင်သေးတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။ ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ ဟန်ထော်ကို တွေ့လိုက်ရပါတယ်။
ဒီနေရာက လုံးဝမှောင်မည်းနေတဲ့ ကမ္ဘာတစ်ခုပါ။ ထူးဆန်းတဲ့ လျှပ်စီးတွေဟာ ကောင်းကင်မှာ ယှက်သမ်းနေပြီး မြေပြင်ကလည်း ခြောက်သွေ့ပျက်စီးကာ အနံ့ဆိုးထွက်နေတဲ့ အရွယ်အစားမျိုးစုံ ဗွက်အိုင်တွေ ရှိနေပါတယ်။ အဝေးက ကြည့်လိုက်ရင်တော့ အရိုးစုတွေကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။
ဟန်ထော်ဟာ သတိကြီးကြီးနဲ့ တစ်လှမ်းချင်း လျှောက်လှမ်းနေပါတယ်။ အနက်ရောင် ရောင်ဝါလုံး တစ်ခုဟာ ဟန်ထော်ရှေ့မှာ ရုတ်တရက် ပေါ်လာပြီး ချက်ချင်း ကျယ်ပြန့်သွားကာ မျက်လုံးတစ်စုံ ထွက်ပေါ်လာပါတယ်။ ဒီမျက်လုံးတစ်စုံဟာ အေးစက် မိစ္ဆာဆန်ကာ ဟန်ထော်ကို ငုံ့ကြည့်လိုက်ပါတယ်။
ဒီမျက်လုံးပိုင်ရှင်က အမှောင်ဘုရင် တာအိုပညာရှိဆိုတာ ဟန်ကျွယ် ခန့်မှန်းမိလိုက်ပါတယ်။
“ပုရွက်ဆိတ်လူသား... ဒီနေရာကို ဘယ်လိုလုပ်ပြီး လာရဲတာလဲ”
ဟန်ထော်ဟာ နည်းနည်း ရင်ထိတ်နေပေမဲ့ အလန့်တကြား မဖြစ်ဘဲ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်ပါတယ် “ဒီပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေက သေတဲ့လူက အသက်ပြန်သွင်းနိုင်တယ်ဆိုလို့ ကြားလို့ လာခဲ့တာ”
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘အမှောင်ဘုရင် တာအိုပညာရှိက အင်မော်တယ်ကမ္ဘာမှာ ခံတပ် ရှိနေတာလား..’
ဟန်ကျွယ်ဟာ ဟန်ထော်ကို အမြဲတမ်း ဂရုစိုက်နေတာပါ။ ဟန်ထော်က အခုထိ အင်မော်တယ်ကမ္ဘာကနေ ထွက်မသွားသေးပါဘူး။
‘ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ... တော်တော် ဉာဏ်ကောင်းတဲ့ ကောင်ပဲ’
အမှောင်ဘုရင် တာအိုပညာရှိက ပြောလိုက်ပါတယ် “သေတဲ့သူကို အသက်ပြန်သွင်းတာက တန်ဖိုးကြီးတယ်၊ မင်းနဲ့ ရင်းနှီးလေ တန်ဖိုးပိုကြီးလေပဲ၊ ကံက ပြောင်းပြန်လှန်လို့ မရဘူး”
ဟန်ထော်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကျွန်တော့် မိန်းမကို အသက်ပြန်သွင်းချင်တယ်”
ဟန်ထော်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ကောင်စုတ်လေး... ဘာလို့ ကိုယ့်မိဘတွေကို အသက်ပြန်မသွင်းတာလဲ’
အမှောင်ဘုရင် တာအိုပညာရှိဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး အဖြေ ပေးလိုက်ပါတယ် “မင်း မိန်းမကို အသက်ပြန်သွင်းချင်ရင် မင်းရဲ့ အသက်တစ်ဝက်ကို ပေးဆပ်ရလိမ့်မယ်၊ မင်း ပေးဆပ်နိုင်ရဲ့လား”
ဟန်ထော်က ထပ်မေးပါတယ် “ကျွန်တော်ရဲ့ မိဘတွေကို အသက်ပြန်သွင်းချင်ရော...”
“အဲဒါဆိုရင်လည်း မင်းရဲ့ သက်တမ်းတစ်ဝက်ကို ပေးဆပ်ရမှာပဲ”
“ဒါဆိုရင် ကျွန်တော်က တစ်ယောက်တည်းကိုပဲ အသက်ပြန်သွင်းနိုင်မှာလား၊ နှစ်ယောက်လုံးကို အသက်ပြန်သွင်းလို့ မရဘူးပေါ့”
“အသက်ပြန်သွင်းတာကိုက ကောင်းကင်ကို ဆန့်ကျင်နေပြီ၊ ဘယ်လိုလုပ်ပြီး စီစဉ်ထားသလို ဖြစ်လာနိုင်မှာလဲ”
အမှောင်ဘုရင် တာအိုပညာရှိရဲ့ စကားကြောင့် ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ အသက်တစ်ချက် ခပ်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ဒီလိုဆိုရင် ထားလိုက်ပါတော့၊ ဘယ်ကိုပဲ အသက်ပြန်သွင်းသွင်း ကျွန်တော် နှလုံးသားထဲမှာ အမြဲတမ်း အပြစ်ရှိသလို ခံစားနေရလိမ့်မယ်၊ ကျွန်တော် စွမ်းအားကြီးလာမှ ထပ်လာခဲ့မယ်၊ တစ်နေ့ကျရင် ကျွန်တော့်ဆန္ဒအတိုင်း လုပ်နိုင်စေရမယ်”
ဟန်ထော်ဟာ အမှောင်ဘုရင် တာအိုပညာရှိကို ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။
“ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေက မင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာ မဟုတ်ဘူး၊ မင်း ရောက်လာပြီဆိုမှတော့ မင်းရဲ့ ကံတရား အထောက်အပံ့ကို ထားခဲ့ချည်”
အမှောင်ဘုရင် တာအိုပညာရှိဟာ ကျယ်ပြောတဲ့ အနက်ရောင်မြူခိုးအသွင် ပြောင်းလဲပြီး ဟန်ထော်ကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။ အမှောင်ဘုရင် တာအိုပညာရှိရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းတဲ့အတွက် ဟန်ထော်ဟာ တုံ့ပြန်ချိန်တောင် မရလိုက်ပါတယ်။
ချက်ချင်းဆိုသလိုပဲ အနက်ရောင်မြူခိုးတွေရဲ့ ဘေးမှာ အာကာသအက်ကြောင်း တစ်ခု ပေါ်လာပါတယ်။ သွေးချင်းချင်းနီနေတဲ့ ဟန်ထော်ဟာ အနက်ရောင် မြူခိုးထဲကနေ အာကာသအက်ကြောင်းထဲကို ပစ်သွင်းခံလိုက်ရပါတယ်။
ဒီနေရာမှာ ပုံရိပ်ယောင် ပြီးဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အတွေးနက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို စစ်ဆေးလိုက်တဲ့အခါမှာ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို တွေ့ရှိသွားပါတယ်။ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေက အင်မော်တယ်ကမ္ဘာရဲ့ အစွန်းမှာ တည်ရှိပြီး သီခြားတည်ရှိတဲ့ အာကာသတစ်ခုမှာ ပုန်းအောင်းနေပါတယ်။ ဒီပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ ဝင်ပေါက်ဟာ ထူထပ်တဲ့ တောင်တန်းတွေကြားမှာ တည်ရှိတဲ့အတွက် လူသူအရောက်အပေါက် နည်းပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုကာ ချုံရှီလိုင်ရဲ့ အိပ်မက်ထဲကို သွားလည်ပါတယ်။ အိပ်မက်ထဲမှာ ချုံရှီလိုင်ဟာ နည်းနည်း လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအိပ်မက်က ရုတ်တရက်ကြီး ရောက်ချလာလို့ပါပဲ။
ဟန်ကျွယ်ဟာ အမှောင်ဘုရင် တာအိုပညာရှိနဲ့ ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ အကြောင်းကို ပြောပြလိုက်ပါတယ်။
ချုံရှီလိုင်ဟာ ဟန်ကျွယ် စကားကြောင့် နှလုံးလှုပ်သွားပါတယ်။ လီမုယဲ့ကိုတောင် ဒုက္ခရောက်အောင် လုပ်နိုင်တဲ့ ကြောက်မက်ဖွယ် တည်ရှိမှုက သူတို့ ကောင်းကင်တာအို ပညာရှိတွေ အနိုင်ယူနိုင်တဲ့အရာ မဟုတ်ပါဘူး။
“ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်နယ်မြေ တည်ရှိတာ အနန္တကပ်ဘေးသုံးခု ရှိပြီ၊ ကြည့်ရတာ အမှောင်ဘုရင် တာအိုပညာရှိက ကောင်းကင်တာအိုကို အစောကြီးကတည်းက ပစ်မှတ်ထားနေတာပဲ” ချုံရှီလိုင်ဟာ မျက်မှောင်ကြုတ်သွားပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီကိစ္စကို မင်းတို့ရှင်းလိုက်၊ အမှောင်ဘုရင် တာအိုပညာရှိနဲ့ တိုက်ခိုက်နိုင်အောင် ငါ ဆက်ကျင့်ကြံဖို့ လိုအပ်တယ်”
ချုံရှီလိုင်ဟာ ဘာမှငြင်းချက် မထုတ်ဘဲ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်က သူတို့အထဲမှာ အစွမ်းအထက်ဆုံး တာအိုပညာရှိ မဟုတ်ပါလား။
ဟန်ကျွယ် အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာက သူတို့အတွက် သတင်းကောင်းပါ။ တခြား တာအိုပညာရှိတွေကတော့ ကျင့်ကြံဖို့ မလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဆင့်မှာ ကျင့်ကြံမှုတိုးတက်ဖို့က မိုးပေါ် လှေကားထောင်တာရတာထက် ပိုခက်လို့ပါပဲ။ ဒါကြောင့် သူတို့တွေ စွမ်းအားပိုကြီးရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို စုစည်းတာက ပိုမြန်ပါတယ်။
ကောင်းကင်တာအို စွမ်းအားကြီးလေလေ ကောင်းကင်တာအိုပညာရှိတွေကလည်း စွမ်းအားကြီးလေလေပါပဲ။
အိပ်မက်ပြီးဆုံးသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ဟန်ထော်ကို ကြည့်လိုက်ပါတယ်။ ဟန်ထော်နဲ့ မိုးကောင်းကင်သားတော် ယီတျန်ဟာ အတူရှိနေပြီး သူတို့နှစ်ယောက် ကြည့်ရတာ ဆက်ဆံရေး သိပ်မဆိုးပါဘူး။ ကျွန်းတစ်ကျွန်းပေါ်မှာ လက်ရည်စမ်းပြီး ရယ်ရယ်မောမောနဲ့ စကားပြောနေကြပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။
ဟန်ထော်ရဲ့ ရောင်ဝါက ယီတျန်ရဲ့ ရောင်ဝါနဲ့ နည်းနည်း ဆင်တူပါတယ်။ ဒါ့အပြင် ယီတျန်ရဲ့ သရုပ်မှန်ကိုပါ ပေါင်းလိုက်ရင် တာအိုပညာရှိတွေက ဟန်ထော်ကို ကျိန်းသေပေါက် အာရုံခံမိမှာပါ။
‘ထားလိုက်ပါတော့... ဒီကိစ္စက ငါ အမြဲတမ်း ဖုံးထားလို့ရမှာမှ မဟုတ်တာ၊ ဟန်ထော်က တစ်နေ့တစ်ခြား စွမ်းအားကြီးလာတာပဲ’
ဟန်ထော်ဟာ လောကဦး နတ်ဘီလူး ဖြစ်မလာသေးပေမဲ့ တခြားသက်ရှိတွေနဲ့ လုံးဝမတူပါဘူး။ အတိတ်မှာတုန်းက ဟန်ကျွယ် လောကဦးနတ်ဘီလူး အသွင်ပြောင်းလဲတုန်းကလည်း ပဋိပက္ခနယ်မြေထဲကို ဝင်သွားခဲ့ပါတယ်။ ပဋိက္ခနဲ့ လောကဦးပဋိပက္ခက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ် ထင်ပါတယ်။
“ကျွတ်.. ကျွတ်... ကောင်းကင်တာအို သားတော်က တကယ်ကို ကြမ်းတာပဲ၊ မွေးလာတာ နှစ်ဘယ်လောက်မှ မရှိသေးဘူး၊ နတ်မင်းအဆင့်ကို ရောက်တော့မယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ယီတျန်ခန္ဓာကိုယ်မှာ ရတနာတွေ ပြည့်နေတာကို တွေ့သွားပါတယ်။ ယီတျန်ဟာ ဘယ်သူကိုမှ ဆရာမတင်ပါဘူး။ ဒါပေမဲ့ ယီတျန်ဟာ စွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းအားတစ်ပါးကို တတ်မြောက်ထားပါတယ်။ ဒီဆန်းကြယ်စွမ်းအားက အနည်းဆုံး တာအိုပညာရှိ ဆန်းကြယ်စွမ်းအားလောက် ရှိပါတယ်။
‘တော်တော်ကောင်းတဲ့ ကောင်းကင်တာအိုပဲ... သူ့သားကျတော့ ဘာစည်းမျဉ်းမှ ဂရုမစိုက်ဘဲ အကုန်ခိုးပေးထားတယ်’
ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး နောက်ထပ် မန္တန်တစ်ခုကို ထုတ်သုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ သွေးစည်းကို ဖြေလျှော့ပေးလိုက်တာပါ။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ သွေးစည်းတစ်ဝက်ကို ဖြေလျှော့ပေးလိုက်တာပါ။ ကောင်းကင်တာအို သားတော်ရဲ့ သွေးစည်းနဲ့ ယှဉ်နိုင်မလားကတော့ စောင့်ကြည့်ရမှာပါ။
တခြားတစ်ဖက်မှာတော့ ကျယ်ဝန်းတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ဟန်ထော်နဲ့ ယီတျန်တို့ တိုက်ခိုက်နေကြပါတယ်။ သူတို့နှစ်ယောက်ဟာ ဘာမန္တန် ဘာဆန်းကြယ်စွမ်းအားမှ မသုံးဘဲ ခန္ဓာကိုယ်ကို အသုံးပြုပြီး လက်ရည်စမ်းနေကြတာ ဖြစ်ပါတယ်။
ဟန်ထော် အင်အားကြီးမလာခင်တုန်းကလည်း သူ့ရုပ်ခန္ဓာအင်အားကို မှီခိုခဲ့တာပါ။ ယီတျန်က ပဋိပက္ခ နတ်ဘီလူး ဖြစ်တဲ့အတွက် သူ့ရုပ်ခန္ဓာ အလားအလာက ဘိုးဘေးမှော်ဆရာထက်တောင် ပိုကြမ်းပါတယ်။
“ဝုန်း...”
ဟန်ထော်ဟာ ယီတျန်ရဲ့ လက်သီးစာမိပြီး တောင်ကုန်းတစ်ခုပေါ် ပြုတ်ကျသွားတဲ့အတွက် ဖုန်မှုန့်အလူးလူး ထသွားပါတယ်။
လေပေါ်မှာ ပျံနေတဲ့ ယီတျန်ဟာ ခါးထောင်ပြီး ဂုဏ်ယူစွာ ရယ်မောလိုက်ပါတယ် “ဟန်ထော်... မင်း ငါ့ကို မနိုင်ပါဘူး၊ ငါက ငါ့ရဲ့ အင်အားအစစ်ကိုတောင် မသုံးရသေးဘူး၊ မင်းက လဲကျနေပြီ၊ မင်းက ငါ့အစ်ကိုကြီး ဖြစ်ချင်သေးတာလား၊ ငါ့ညီလေးပဲ လုပ်သင့်တယ်”
ဟန်ထော်ဟာ ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ထဲ တစ်စုံတစ်ခု ဝင်သွားတာကို ခံစားမိလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ထော်ဟာ တစ်ကိုယ်လုံး ပြေလျော့သွားပါတယ်။
‘ဒီခံစားချက်က...’
ဟန်ထော်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ ဟန်ထော်ဟာ ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ အတိတ်မှာတုန်း က ဟန်ထော်ဟာ ဒီလိုခံစားချက်မျိုးကို အကြိမ်ပေါင်းများစွာ ခံစားဖူးခဲ့ပြီးပါပြီ။ ဒီလိုခံစားချက်ကို ခံစားရတိုင်း ဟန်ထော်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အများကြီး တိုးတက်သွားခဲ့ပါတယ်။
ဒီခံစားချက်က သူ့သွေးစည်းရဲ့ အကန့်အသတ်ကို ချိုးဖျက်မိတာပဲလို့ ဟန်ထော်ဟာ လက်ခံ ယုံကြည်ထားပါတယ်။ လူသားတွေက သက်ရှိအားလုံးရဲ့ စိတ်ဝိညာဉ်ပါ။ သေမျိုးတိုင်းမှာ အကန့်အသတ်မဲ့ အလားအလာတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဒီအကန့်အသတ်ကို ချိုးဖျက်ဖို့ နည်းလမ်း မရှာနိုင်ကြပါဘူး။
ဟန်ထော်ဟာ ဒီလိုပဲ တွေးထားပါတယ်။ သူအမြဲတမ်း သူ့သွေးစည်းရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်တာက သူ့ရဲ့မဆုတ်မနစ် ကြိုးပမ်းမှုကြောင့်လို့ ဟန်ထော်ဟာ မှတ်ယူထားပါတယ်။
ယီတျန်ဟာ ဟန်ထော်ကို မသင်္ကာတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ် ‘သူက ပိုစွမ်းလားပါ့လား... ဟုတ်တယ်၊ သူက ငါ့လိုပဲ...’ ယီတျန်ရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားပါတယ်။
ဟန်ထော်နဲ့ မတွေ့ခင်တုန်းက ယီတျန်ဟာ အလွန်တရာမှ အထီးကျန်ခဲ့ပါတယ်။ ယီတျန်မှာ မရေတွက်နိုင်တဲ့ လက်အောက်ငယ်သားတွေ ရှိတယ်ဆိုပေမဲ့ ယီတျန်ဟာ အမြဲတမ်း ရင်ထဲမှာ အထီးကျန်နေခဲ့ပါတယ်။ ယီတျန်ဟာ သူနဲ့တူတဲ့လူ တစ်ယောက်မှကို ရှာမတွေ့လို့ ဒီလိုအထီးကျန်မှုကို ခံစားရတာပဲ ဖြစ်ပါတယ်။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နောက်ထပ် နှစ် ၅၀၀ ကုန်ဆုံးသွားပါတယ်။
ဒီနှစ် ၅၀၀ အတွင်းမှာ အင်မော်တယ်ကမ္ဘာဟာ အများကြီး ပြောင်းလဲသွားပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ပံ့ပိုးမှုကို ရရှိလိုက်တာကြောင့် နေရာတကာကို လိုက်တိုက်ပါတော့တယ်။ တခြားမျိုးနွယ်စု အသီးသီးကလည်း သေမျိုးကမ္ဘာတွေကို ထိန်းချုပ်ချင်ကြပါတယ်။ အတိတ်မှာတုန်းက ကောင်းကင်ရုံးတော်လိုမျိုး သူတို့ရဲ့ အရှိန်အဟုန်ဟာ ပိုပိုကြီးမားလာပါတယ်။
ဒါပေမဲ့ ကောင်းကင်ရုံးတော်ကတော့ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ မသိတဲ့လူဆိုရင် ကောင်းကင်ရုံးတော်က ဖျက်သိမ်းလိုက်တဲ့အတိုင်းပါပဲ။
ထိပ်သီးကျင့်ကြံသူ တော်တော်များများလည်း အင်မော်တယ်ကမ္ဘာမှာ ပေါ်လာပါတယ်။ သူတို့ရဲ့ နာမည်တွေက လောကကို တုန်လှုပ်စေပါတယ်။ ဒီအထဲမှာ ယီတျန်လည်း ပါပါတယ်။ ယီတျန်ဟာ သူ့ကိုယ်သူ ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင်လို့ ခေါ်ပါတယ်။
ဒီနာမည်က ဟန်ထော်ပြောပြာတဲ့ ပုံပြင်ကနေ ယူထားတာပါ။ ဟန်ထော်ကလည်း ဒီပုံပြင်ကို ဟန်ကျွယ်ဆီကနေ ငယ်ငယ်တုန်းက နားထောင်ခဲ့ရတာပါ။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားပြီးတာနဲ့ ရှကျဲ့မျိုးနွယ်စုကို ကြည့်လိုက်ပါတယ်။ ဟန်ယိုနဲ့ ရှကျဲ့ဘဝဂ် ကျင့်ကြံသူတစ်ထောင် ပြန်ရောက်နေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ လီတောက်ခုံးကတော့ အခုထက်ထိ စန့်ချွမ်အဂ္ဂဘိုးဘေးနောက်ကို လိုက်နေတုန်းပါ။
အခုအချိန်မှာ ရှကျဲ့မျိုးနွယ်စုဝင် တစ်သောင်းရဲ့ ကျင့်ကြံမှုအများစုက မူလဆန်းကြယ်နတ်စွမ်းအား သုံးပါးကို နီးကပ်နေကြပါပြီ။ ဒါပေမဲ့ ကောင်းကင်ဘဝဂ် အဆင့်ကို ရောက်ဖို့ဆိုရင်တော့ နောက်ထပ် နှစ်သောင်းချီ ဒါမှမဟုတ် ဒီထက်တောင် ကြာချင်ကြာနိုင်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။