အနန္တကပ်ဘေး၊ တာအိုပညာရှိအသစ်၊ အမျိုးအမည်မသိကံ
Vol. 52 Ch. 561
ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုဝင်တွေကို တာအိုစက်ကွင်းထဲမှာပဲ အမြဲတမ်းထားပါတယ်။ အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်စေတာက အတော်လေးရှားပါတယ်။ ဒီလိုအကြောင်းကြောင့်လည်း အချိန်ကြာလာတာနဲ့အမျှ ရှကျဲ့မျိုးနွယ်စုထဲမှာ ကျင့်ကြံတာကို စိတ်မဝင်စားတဲ့ အုပ်စုတစ်စု ပေါ်လာပါတယ်။
ကလဲ့စားချေရမဲ့ ရန်သူလည်း မရှိတဲ့အပြင် ရည်မှန်းချက်လည်း မရှိတဲ့အတွက် ရှကျဲ့မျိုးနွယ်စုဝင်တွေဟာ ကျင့်ကြံရတာကို စိတ်ဝင်စားမှု လျော့နည်းလာတာ ဖြစ်ပါတယ်။ ဒီကိစ္စက ရှကျဲ့မျိုးနွယ်စုထဲမှာတင် မဟုတ်ပါဘူး။ ကိုယ်ပိုင်တပည့်တချို့လည်း ဒီလို ဖြစ်လာပါတယ်။ ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေးနဲ့ ကျိုးမင်ယွဲ့တိုက ဒီအုပ်စုရဲ့ ခေါင်းဆောင်တွေဆိုရင် မမှားပါဘူး။
တပည့်လက်တစ်ဆုပ်စာပဲ ဆက်ပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံကြပါတယ်။ တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံးမှာ အမြဲတမ်းလိုလို ဂူအောင်းကျင့်ကြံတာက ဟန်ကျွယ်နဲ့ လီယောင်ပဲ ရှိပါတယ်။ ကျန်တဲ့လူတွေကတော့ ကျင့်ကြံလိုက် အနားယူလိုက်ပါ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။ လမ်းတစ်လျှောက် ဟန်ကျွယ်ဟာ သူ့လုပ်ရပ်က မှန်ရဲ့လားဆိုတာကို ပြန်စဉ်းစားပါတယ်။ လူတိုင်းက သူ့လိုမျိုး မကျင့်ကြံနိုင်ကြဘူးဆိုတာတော့ ဟန်ကျွယ် သိပါတယ်။ မဟုတ်ရင် တိုက်ပွဲဆိုတာ ချိုနဲ့လားလို့ မေးယူရမှာပါ။
အမြင်ချင်းယှဉ်ရင် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေက ဟန်ကျွယ်ကို မမီပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဘက်က ကြည့်ရင် သူတို့မျက်လုံးထဲမှာ တိတ်ဆိတ်ဂိုဏ်းက ပြိုင်ဘက်ကင်းနေပါပြီ။ သူတို့အထက်မှာ ဟန်ကျွယ် ရှိနေတဲ့အတွက် ကျင့်ကြံတာက သိပ်အရေးမကြီးတော့ဘူးလို့ ထင်လာတာလည်း ပါပါတယ်။
တာအိုဘုံကျောင်းကို ပြန်ရောက်တာတောင် ဟန်ကျွယ်ဟာ ဒီမေးခွန်းကို ဆက်ပြီးတော့ စဉ်းစားဆဲပါ။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ တာအိုသုံးသပ် နားလည်တဲ့ အခြေအနေကနေ နိုးထလာကြပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ အသံဟာ တိတ်ဆိတ်ဂိုဏ်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။
“အင်မော်တယ်ကမ္ဘာ သက်ရှိတွေက တာအိုပညာရှိနေရာအတွက် ပြိုင်ဆိုင်သလို ငါတို့ တိတ်ဆိတ်ဂိုဏ်းကလည်း ပြိုင်ဆိုင်ရမယ်၊ ကောင်းကင်တာအိုပညာရှိနေရာက ကိုးနေရာပဲရှိပေမဲ့ ငါတို့ တိတ်ဆိတ်ဂိုဏ်းမှာက တပည့်တွေ အများကြီးပဲ၊ မင်းတို့သာ ရည်မှန်းချက်ကြီးပြီး ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်မယ်ဆိုရင် မင်းတို့တွေ တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို ရောက်တာနဲ့ မင်းတို့တွေ တာအိုပညာရှိ ဖြစ်လာအောင် ကူညီပေးနိုင်တဲ့နည်းလမ်း ငါ့ဆီမှာရှိတယ်၊ တိတ်ဆိတ်ဂိုဏ်းက တာအိုပညာရှိဘယ်နှပါး ပေါ်ထွက်လာမလဲဆိုတာ မင်းတို့ရဲ့ ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်”
ဟန်ကျွယ်ရဲ့ စကားသံကြောင့် တိတ်ဆိတ်ဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ တာအိုပညာရှိဆိုတဲ့ စကားလုံးက တပည့်သန်းချီရဲ့ ငြိမ်သက်နေတဲ့စိတ်ကို လှိုင်းထန်သွားစေပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ တခြားလူပြောရင် ယုံမှာမဟုတ်ပေမဲ့ ဟန်ကျွယ် ပြောတာဆိုရင်တော့ အကြွင်းမဲ့ကို ယုံကြည်ကြပါတယ်။
အချိန်တစ်ခုအတွင်း တိတ်ဆိတ်ဂိုဏ်း တပည့်အားလုံးဟာ ဒီကိစ္စကို ဆွေးနွေးကြပြီး တပည့်တော်တော်များများလည်း ဂူအောင်း ကျင့်ကြံကုန်ကြပါတယ်။
ဒီတော့မှ ဟန်ကျွယ်လည်း သက်ပြင်းချနိုင်ပါတော့တယ်။ ဒါပေမဲ့ ဒီလှုံ့ဆော်မှုက ရေရှည်မမြဲနိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ တိတ်ဆိတ်ဂိုဏ်းတပည့်တွေရဲ့ ကြိုးစားလိုစိတ်က လျော့ကျကုန်မှာပါ။ ဒါပေမဲ့ ဒီကိစ္စက နောင်ကိစ္စပါ။ အခုလောလောဆယ်မှာတော့ ဟန်ကျွယ်ရဲ့ စကားက အတော်လေး ထိရောက်ပါတယ်။
ဆောင်ဦးကုန်ဆုံးပြီး နွေဦးရာသီကို ရောက်လာပါတယ်။ မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ဘာမှထူးထူးခြားခြား မဖြစ်ပျက်လို့နဲ့ တူပါတယ်။ ဒီနှစ်တစ်ထောင်က မြန်လွန်းတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကတော့ ထုံးစံအတိုင်း ဘာမုန်တိုင်းမှမရှိသလို ဘာရှုပ်ထွေးမှုမှာလည်း မရှိပါဘူး။ အမြဲတမ်း တိတ်ဆိတ်အေးချမ်းနေပါတယ်။ အင်မော်တယ်ကမ္ဘာမှာ တိုက်ပွဲတွေက အဆက်မပြတ် ရှိနေပမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကိုတော့ လာမသက်ရောက်နိုင်ပါဘူး။
တိတ်ဆိတ်ဂိုဏ်း တပည့်အများစုဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ အေးချမ်းမှုကို ခံစားနိုင်ကြပါတယ်။ ဒါပေမဲ့ တချို့တပည့်တွေကတော့ အပြင်ထွက်ချင်နေတုန်းပါပဲ။ ဒီတပည့်တချို့ဟာ သူတို့ကိုယ်သူတို့ စွမ်းလှပြီလို့ ထင်တာရယ် ကျင့်ကြံလို့ ကျင့်ကြံမှု ဆက်မတိုးတာတော့ရယ်ကြောင့် အပြင်ထွက်ချင်နေတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ဆင့်ခေါ်ပြီး ကျင့်ကြံမှု မတိုးနိုင်တော့တဲ့ အမည်ခံတပည့်တွေကို ရွေးချယ်ခိုင်းကာ မိုးကောင်းကင်မျိုးနွယ်စုဆီ စေလွှတ်စေပါတယ်။
ပထမတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို ပံ့ပိုးချင်တာပါ။ ဒါပေမဲ့ ဒီကိစ္စက မလိုအပ်တော့ဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က ကောင်းကင်ရုံးတော်အသစ်ကို ထူထောင်လိုက်ပြီ ဖြစ်တဲ့အတွက် ဒီကောင်းကင်ရုံးတော်ဟောင်းက အသုံးမဝင်တော့လို့ပါပဲ။
လေးငါးဆယ်ရက် အကြာမှာတော့ အမည့်ခံတပည့် ငါးထောင်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်ခွာသွားပါတယ်။ ဒီတပည့်ငါးထောင်ထဲမှာ သုံးပုံတစ်ပုံက အင်မော်တယ်ဧကရာဇ် အဆင့်ရှိပြီး ကျန်သုံးပုံနှစ်ပုံကတော့ မဟာညီညွတ်မှု ရွှေအင်မော်တယ်တွေပါ။
ဟန်ကျွယ်ဟာ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ကို တစ်ချိန်တည်းမှာ အိပ်မက်တစ်ခုထဲ ဆွဲထည့်လိုက်ပါတယ်။ အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီး ဘေးနားက တောအုပ်လေးပါ။ ဟန်ကျွယ် တွေ့တယ်ဆိုရင်ပဲ ဖန်းလျန်နဲ့ ဂျိရှင်းရှန်ဟာ ချက်ချင်း ဒူးထောက်ပြီး ရှိခိုးလိုက်ပါတယ်။
“အခုအချိန်ကစပြီး မိုးကောင်းကင်မျိုးနွယ်စုရဲ့ ဒုတိယခေါင်းဆောင်က ဖန်းလျန်ပဲ၊ မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပံ့ပိုးပြီး မိုးကောင်းကင်မျိုးနွယ်စုကို ထိန်းချုပ်၊ ကောင်းကင်တာအို ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ကြ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဖန်းလျန်ဟာ မှင်သက်သွားပါတယ်။ ဖန်းလျန်ဟာ တိတ်ဆိတ်ဂိုဏ်းက ဂျိရှင်းရှန်ကို ပံ့ပိုးပေးလိမ့်မယ်လို့ အစောကြီးကတည်းက ခန့်မှန်းထားပြီးသားပါ။ ဒါပေမဲ့ ဂျိရှင်းရှန်က ဘာမှ ထုတ်မပြောတဲ့အတွက် မယုံရဲသေးတာပါ။
အခုဟန်ကျွယ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ ဖန်းလျန်ရဲ့ ရင်ထဲမှာ ခံစားချက်မျိုးစုံ ပေါ်လာပါတယ် ‘ဘာဖြစ်လို့ ကောင်းကင်ရုံးတော်ကို မပံ့ပိုးပေးတာလဲ’ ဒီအတွေးက ဖန်းလျန်ရဲ့ စိတ်ထဲမှာ ဖျောက်မရပါဘူး။
ဂျိရှင်းရှန်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “နောက်ဆုံးတော့ ကျွန်တော် ပခုံးပေါ်က ဝန်ထုတ်ဝန်ပိုးကို လျှော့ချနိုင်ပြီပဲ”
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်ပါတယ် “ဖန်းလျန်... ကောင်းကင်ရုံးတော်ကို တွယ်ကပ်မနေနဲ့၊ ကောင်းကင်ဧကရာဇ်ဟောင်းက အသက်ရှင်နေသေးတယ်၊ နောက်ပြီး ကောင်းကင်ရုံးတော် အသစ်ကိုလည်း ထူထောင်လိုက်ပြီ၊ ခေတ်သစ်မှာ အသစ်ချည်းဖြစ်နေတာ ပိုကောင်းတယ်၊ မိုးကောင်းကင်မျိုးနွယ်စု ခေါင်းဆောင်နေရာက မင်းတို့အတွက် နောက်ဆုံး မဖြစ်သင့်ဘူး၊ ငါ မင်းတို့ကို အများကြီး မျှော်လင့်ထားတယ်၊ ဒါက မင်းတို့အတွက် လေ့ကျင့်မှုအစပဲ၊ ငါ့ကို စိတ်မပျက်စေနဲ့”
ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ ကြက်သေသေသွားပါတယ် ‘ဒီထက် ပိုမျှော်လင့်ထားတယ်ဆိုတော့ တာအိုပညာရှိနေရာများလား...’ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ နှလုံးခုန် မြန်သွားပါတယ်။ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ ဟန်ကျွယ်က သာမန် ကောင်းကင်တာအိုပညာရှိ မဟုတ်ဘူးဆိုတာကို သိပြီးသားပါ။
ဂျိရှင်းရှန်ရဲ့ မျက်လုံးထဲမှာ ဆာလောင် ပြင်းပြတဲ့ဆန္ဒတွေ ထွက်ပေါ်လာပါတယ် “ကောင်းကင်တာအိုပညာရှိ နေရာလား...”
“ကောင်းကင်တာအိုက ငါ့မျက်လုံးထဲမှာရှိတဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ မင်းတို့တွေ ငါ့ခြေလှမ်းအတိုင်း လိုက်နိုင်ဖို့ ငါမျှော်လင့်တယ်၊ ပြီးခဲ့တဲ့ ကောင်းကင်တာအိုပညာရှိတွေ ဘယ်ရောက်သွားတယ်လို့ မင်းတို့ထင်လဲ”
ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ သိချင်စိတ်နဲ့ ခေါင်းခါလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ သဘောကတော့ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ကို ကိုယ့်အတွေးနဲ့ကိုယ် အဖြေရှာစေချင်တာပါ။
ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ပဲ ရှိသေးတဲ့အတွက် လွတ်လွတ် တာအိုပညာရှိနဲ့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။ မဟာတာအိုပညာရှိအဆင့်ကတော့ ထည့်ပြောမနေပါနဲ့။ အဝေးကြီးသွားဖို့ လိုပါသေးတယ်။
ဟန်ကျွယ်ဟာ ပန်းတိုင် သေးသေးလေးတစ်ခု ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ နောက်အနန္တကပ်ဘေး မတိုင်ခင် မဟာတာအိုပညာရှိအဆင့်ကို ရောက်ဖို့ပါ။
နှစ် ၃၀၀ ကြာပြီးနောက်။
“ငါ ချုံရှီလိုင် ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ နောင်နှစ်တစ်ထောင်ကြာရင် တာအိုဟောကြားမယ်၊ ဒီတာအိုဟောကြားပွဲမှာ ငါ့နေရာကို အစားထိုးဖို့ တာအိုပညာရှိလောင်းကို ရွေးချယ်မယ်”
ချုံရှီလိုင်ရဲ့ အသံဟာ အနန္တကမ္ဘာမှာ ပဲ့တင်ထပ်သွားပြီး သက်ရှိတွေ အကုန်လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါက အရင်နဲ့မတူဘဲ ချုံရှီလိုင်က သူ့နေရာကို ပေးမယ်လို့ ပြောလိုက်လို့ပါပဲ။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ချုံရှီလိုင်က နန်းစွန့်ချင်တာလား... ဒီကောင်က ကောင်းကင်တာအိုပညာရှိ နောက်ဆုံးအဆင့်ပဲ ရှိသေးတာပါ၊ ထိပ်ဆုံးအဆင့်ကို မရောက်သေးပါဘူး၊ ဘာဖြစ်လို့ နန်းစွန့်ချင်ရတာလဲ...’
ဟန်ကျွယ်ဟာ ချုံရှီလိုင်ဟာ ထပ်ပြီးတော့ လှည့်စားပြန်ပြီလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းထဲကို အကြံတစ်ခု ဝင်လာတဲ့အတွက် ချက်ချင်းပဲ စနစ်ကို မေးလိုက်ပါတယ်။
“နောက်ကပ်ဘေး မစခင် ဘယ်သူတွေက ကောင်းကင်တာအိုပညာရှိ ဖြစ်နေမလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်ကိုးခု ပေါ်လာပါတယ်။
ချုံရှီလိုင်၊ လီမုယဲ့၊ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ လီတောက်ခုံး၊ ယီတျန်၊ ဟွမ်ဇွမ်တျန်၊ ဖူရှီ၊ တစုန်ကောင်းကင်၊ ကျင်းရှန်။
ဟန်ကျွယ်ရှေ့မှာ တာအိုပညာရှိတွေရဲ့ အချက်အလက်တွေ ပေါ်လာပါတယ်။
[တစုန်ကောင်းကင်: ကောင်းကင်တာအိုပညာရှိ၊ အနန္တဧကရာဇ်။]
[ကျင်းရှန်: ကောင်းကင်တာအိုပညာရှိ၊ ရှေးဟောင်း ကပ်ဘေးသခင်။]
ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ဧကရာဇ်ရှောင် ပျောက်နေလို့ပါပဲ။ သေသွားလား ဒါမှမဟုတ် ကောင်းကင်တာအိုကို ကျော်တက်သွားလို့တော့ ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ လီမုယဲ့က ကောင်းကင်တာအိုပညာရှိ ပြန်ဖြစ်လာတာတော့ ထူးဆန်းပါတယ်။
လီတောက်ခုံး တာအိုပညာရှိ ဖြစ်လာတာက အံအားသင့်စရာ မရှိပါဘူး။ ယီတျန်လည်း အတူတူပါပဲ။ နည်းနည်းမြန်တယ်ဆိုပေမဲ့ ကောင်းကင်တာအို သားတော်ဆိုတော့ ကောင်းကင်တာအိုက နောက်ဖေးတံခါး ဖွင့်ပေးတာ မထူးဆန်းလှပါဘူး။
ဟွမ်ဇွမ်တျန်နာမည်ကို တွေ့လိုက်ရတဲ့အခါမှာတော့ ဟန်ကျွယ် စိတ်ထဲမှာ ခံစားချက်တစ်ခုပဲ ရှိပါတယ် ‘အရမ်းတော်တယ်...’
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို တစ်ခါမှ မကူညီပေးခဲ့ဖူးပါဘူး။ ဟွမ်ဇွမ်တျန် ဒီနေရာကို ရောက်လာတာက သူ့အစွမ်းအစကြောင့်ပါ။
‘ယီတျန်က တာအိုပညာရှိ ဖြစ်လာပြီဆိုတော့ ဟန်ထော်က ဘာဖြစ်လို့ နောက်ကျကျန်နေခဲ့တာလဲ’
ဟန်ကျွယ်ဟာ သိချင်တာနဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “နောက်ကပ်ဘေး မစခင် ဟန်ထော်ရဲ့ ကျင့်ကြံမှုအဆင့်ကို ငါ သိချင်တယ်”
[သင့်ကံနှင့် အမျိုးအမည်မသိကံ ပါဝင်နေ၍ တွက်ချက်ဖို့ ခွင့်မပြုပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အမျိုးအမည်မသိကံ... ကြည့်ရတာ ငါ ဟန်ထော်ကို ပိုပြီးတော့ ဂရုစိုက်ရတော့မယ်’
ဟန်ကျွယ် အဝေးကို လှမ်းကြည့်လိုက်တဲ့အခါ ဟန်ထော်နဲ့ ယီတျန်က ပင်လယ်ကနေတက်ပြီး အင်မော်တယ်ကမ္ဘာအလယ် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ရှေးဟောင်းစည်းတွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ကျင့်ကြံအားထုတ်နေကြပါတယ်။
ပြီးခဲ့တဲ့ အနန္တကပ်ဘေးတုန်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ဒီလျှို့ဝှက်နေရာမှာ တောင်လိုပုံနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။