မဟာတာအိုကျောက်ပြား၊ ခန္ဓာသိမ်းခြင်း
Vol. 52 Ch. 562
ဟန်ကျွယ်ဟာ သေချာစိုက်ကြည့်လိုက်ပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ ကျောက်ပြားတစ်ပြားရှေ့မှာ ထိုင်နေပါတယ်။ ဒီကျောက်ပြားထဲမှာ မဟာတာအိုရွန့် တစ်စွန်းတစ်စဟာ ပုန်းလျှိုးကွယ်လျှိုး တည်ရှိနေပါတယ်။
‘မဟာတာအိုရွန့်... ကံတရား မဟာတာအို... ဒါ ဘိုးဘေးရှီတျန် ချန်ထားခဲ့တာများလား...’
ဟန်ထော်နဲ့ ယီတျန်ဟာ ဆန်းကြယ်စွမ်းအားတစ်ပါးကို လေ့လာသုံးသပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စနစ်ကို မေးလိုက်ပါတယ် “ဘိုးဘေးရှီတျန်က ဒီဆန်းကြယ်စွမ်းအားကို ဘာကိစ္စနဲ့ ချန်ထားခဲ့ရတာလဲ”
[သက်တမ်း ၁၆၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စတွေကို ဂဂနန မသိရရင် စားဝင်အိပ်ပျော်မှာ မဟုတ်ပါဘူး။ စိတ်ချလက်ချ ကျင့်ကြံဖို့ဆိုတာလည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေနဲ့ သူတို့ထက်မြင့်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ရည်မှန်းချက်ကိုယ်စီရှိပြီး ဘယ်တော့မှ ကိစ္စတွေကို အကြောင်းမဲ့ မလုပ်လို့ပါပဲ။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မဟာအန္တိမခန်းမထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဘိုးဘေးရှီတျန်ဟာ ကော်ဇောပေါ်မှာ ထိုင်နေပါတယ်။
ဒီအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ငါ သွားတော့မယ်၊ ငါ ကောင်းကင်တာအိုကို မင်းလက်ထဲ အပ်ခဲ့မယ်”
ဒီစကားကြောင့် ဘိုးဘေးရှီတျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဘာဖြစ်လို့လဲ... ကျွန်တော်က ကောင်းကင်တာအိုနဲ့မှ မပတ်သက်တာ”
“ငါယုံလို့ရတာ မင်းပဲရှိတယ်”
ဒီစကားကြောင့် ဘိုးဘေးရှီတျန်ဟာ တိတ်ဆိတ်သွားပြီး တစ်ခဏကြာမှ ပြောလိုက်ပါတယ် “ကျွန်တော် ကောင်းကင်တာအိုကိစ္စတွေကို ဝင်မပါချင်ဘူး”
“မင်း အခွင့်အရေးတချို့ ချန်ပြီး ကောင်းကင်တာအို အနာဂတ်မှာ ထိပ်သီးကျင့်ကြံသူတွေ ထွက်ပေါ်လာအောင် လုပ်လိုက်၊ ကပ်ဘေးတွေ အများကြီး ဖြတ်သန်းလာပြီးတော့ တာအိုပညာရှိနေရာက လက်ဝါးကြီးအုပ်လုနီး ဖြစ်နေပြီ၊ တာအိုပညာရှိဟောင်းတွေက သူတို့မျိုးဆက်တွေကိုပဲ တာအိုပညာရှိနေရာ လက်ဆင့်ကမ်းပေးကြတော့ ပါရမီရှင်တွေအတွက် နေရာမရှိတော့ဘူး၊ ဒါက ကောင်းကင်တာအို အင်အားကြီးလာဖို့အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး”
“ကောင်းပါပြီ”
ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘိုးဘေးရှီတျန်နဲ့ စကားပြောတဲ့လူက လျှို့ဝှက်ဆန်းကြယ်တဲ့ တာအိုဘိုးဘေးဆိုတာ ဟန်ကျွယ် ခန့်မှန်းမိပါတယ်။ တာအိုဘိုးဘေးက ရည်ရွယ်ချက်ကောင်း ရှိတဲ့အတွက် ဟန်ကျွယ် စိုးရိမ်စရာ မလိုတော့ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်ကို တစ်ခဏစိုက်ကြည့်ပြီး နောက်မှာတော့ ဆက်လက် ကျင့်ကြံပါတယ်။
ကောင်းကင်တာအိုဟာ အဆင်ပြေချောမွေ့စွာပဲ အင်အားကြီးမားလာပါတယ်။ ကောင်းကင်မိစ္ဆာ ကပ်ဘေးလိုမျိုး သေရေးရှင်ရေး အခြေအနေကို မရောက်ဘူးဆိုရင် ဟန်ကျွယ်ဟာ လုံးဝလှုပ်ရှားမှာ မဟုတ်ပါဘူး။ ကောင်းကင်တာအို ပညာရှိတွေကတော့ ဟန်ကျွယ်ကို ပေါ်ပေါ်တင်တင် ပြဿနာမရှာရဲတော့သလို ပစ်မှတ်လည်း မထားရဲတော့ပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူ တစ်ခုအတွင်း...
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ လီမုယဲ့နဲ့ စကားပြောနေပါတယ်။
လီမုယဲ့ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “လီတောက်ခုံး မင်းကို ပစ်မှတ်ထားတာ ဟန်ကျွယ်ကြောင့် မဖြစ်နိုင်ဘူး၊ ဒီကောင်စုတ်လေးရဲ့ စရိုက်က တစ်ခုခုမှားနေတာ ဖြစ်ရမယ်၊ သူ့ကို ဂရုမစိုက်နဲ့၊ ပစ်ထားလိုက်”
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ခေါင်းညိတ်လိုက်ပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေးဟာ လီတောက်ခုံးနာမည်ကို ကြားလိုက်ရတဲ့အတွက် တော်တော်လေး စိတ်မချမ်းမမြေ့ ဖြစ်သွားပါတယ်။ စန့်ချွမ်အဂ္ဂဘိုးဘေး ပြန်မတိုက်တာက လီမုယဲ့ကြောင့် မဟုတ်ပါဘူး။ ဟန်ကျွယ်ကြောင့်ပါ။
လီမုယဲ့ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “အတိတ်မှာတုန်းက ငါသာ သူ့ကို ကာကွယ်မပေးခဲ့ဘူးဆိုရင် ဒီကောင်စုတ်လေး သေတာကြာပြီ၊ အခုလောလောဆယ်တော့ မင်း ဒီမှာ ဆက်နေအုန်း၊ ကိစ္စရှိရင် ငါ ထပ်ညွှန်ကြားမယ်”
“ဟုတ်ကဲ့ပါ” စန့်ချွမ်အဂ္ဂဘိုးဘေးဟာ ခေါင်းညိတ်လိုက်ပါတယ်။
လီမုယဲ့ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးကို စိုက်ကြည့်ပြီး စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။ အကြောင်းအရင်း တချို့ကြောင့် လီမုယဲ့ဟာ စန့်ချွမ်အဂ္ဂဘိုးဘေးက ထိန်းချုပ်မရတော့ဘူးလို့ ခံစားနေရပါတယ်။ ဒါပေမဲ့ စန့်ချွမ်အဂ္ဂဘိုးဘေးက သူ့စကားကိုပဲ နားထောင်တာပြီး လုံးဝထိန်းချုပ်ထားတာ မဟုတ်တဲ့အတွက် စန့်ချွမ်အဂ္ဂဘိုးဘေး ဘာဖြစ်နေတယ်ဆိုတာကို လီမုယဲ့ ထိုးဖောက် မမြင်နိုင်ပါဘူး။
စန့်ချွမ်အဂ္ဂဘိုးဘေး သစ္စာဖောက်သွားရင်လည်း လီမုယဲ့က စန့်ချွမ်အဂ္ဂဘိုးဘေးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စန့်ချွမ်အဂ္ဂဘိုးဘေးက ကောင်းကင်တာအိုကနေ ထွက်လို့မရတဲ့အပြင် လီမုယဲ့ကလည်း အင်မော်တယ်ကမ္ဘာထဲ ဝင်လို့မရလို့ပါပဲ။
နောက်ဆုံးမှာတော့ လီမုယဲ့ဟာ ဘာမှထပ်မပြောတော့ဘဲ ပျောက်ကွယ်သွားပါတယ်။
စန့်ချွမ်အဂ္ဂဘိုးဘေးဟာ မျက်လုံးမှိတ်လိုက်တဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပါတယ်။
ကောင်းကင်မှာ တိမ်မည်းတွေ အုံ့မှိုင်းနေပြီး သရဲအရိပ်တွေဟာ တိမ်ပင်လယ်မှာ ထင်မှတ်နေပါတယ်။ အောက်မှာက ဖုန်းဆိုးမြေ ဖြစ်တဲ့အတွက် အတော်လေး ကျောချမ်းစရာပါ။
အနက်ရောင်အင်္ကျီ ဝတ်ဆင်ထားတဲ့ ဟန်ထော်နဲ့ သားရေဝတ်ရုံ ဝတ်ဆင်ထားတဲ့ ယီတျန်ဟာ ဘေးချင်းယှဉ်လျက် တရားထိုင်နေကြပါတယ်။ သူတို့နှစ်ယောက် ရှေ့မှာတော့ ပေသုံးဆယ် မြင့်မားတဲ့ ထူးဆန်းတဲ့ ကျောက်ပြားတစ်ချက် ရှိနေပါတယ်။ ကျောက်ပြားမျက်နှာပြင်မှာ ထူးဆန်းတဲ့ စာလုံးတွေ ရှိနေပါတယ်။ ဒီစာလုံးတွေဟာ သွေးတွေ စီးဆင်နေသလိုမျိုး သက်ဝင်မြူးကြွနေပါတယ်။
ယီတျန်ဟာ မျက်လုံးဖွင့်ပြီး ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ငါ တက်သွားပြီ၊ မင်းရော...”
ဟန်ထော်ဟာ ယီတျန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းလောက်တော့ မမြန်သေးဘူး...”
‘ဒီကောင်က ဘယ်ကနေ လာတာလဲ၊ သူ့အရည်အချင်းက ကြောက်ဖို့ကောင်းလိုက်တာ’ ဒါပေမဲ့ ဟန်ထော်ဟာ ဒီဆန်းကြယ်စွမ်းအားကို တတ်မြောက်ဖို့ သိပ်မလိုတော့ပါဘူး။
ယီတျန်ဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ဆက်ကျင့်ကြံချည်၊ ငါ ဘေးနားဝန်းကျင်ကို လျှောက်ကြည့်လိုက်အုန်းမယ်၊ ဒီနားမှာ အတော်အင်အားကြီးမားတဲ့ စွမ်းအားတစ်ခု ပုန်းအောင်းနေတယ်၊ ငါ ဒီစွမ်းအားကို အရမ်း စိတ်ဝင်စားတယ်”
ပြောပြောဆိုဆို ယီတျန်ဟာ ရှေ့ဆက်လျှောက်သွားပါတယ်။
ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဂရုစိုက်အုန်း... ဒီနေရာက တားမြစ်နယ်မြေနော်”
“ဘာမှမဖြစ်ပါဘူး၊ မစိုးရိမ်စမ်းပါနဲ့...” ယီတျန်ဟာ လက်ဝှေ့ယမ်းပြီး မိုးကုပ်စက်ဝိုင်းအောက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ဟန်ထော်ဟာ မျက်လုံး ပြန်မှိတ်ပြီး ဆန်းကြယ်စွမ်းအားကို ဆက်လက် သုံးသပ်နားလည်ပါတယ်။
လေးငါးခြောက်လ အကြာမှာတော့ ဟန်ထော်ဟာ ဆန်းကြယ်စွမ်းအားကို အောင်မြင်စွာ တတ်မြောက်သွားတဲ့အတွက် စိတ်လှုပ်ရှားသွားပါတယ်။
“တော်တော် စိုးမိုးခြယ်လှယ်တဲ့ ဆန်းကြယ်စွမ်းအားပဲ၊ ငါ အခု ပိုပြီးတော့ စွမ်းအားကြီးလာပြီ၊ ငါ့ကျင့်ကြံမှုက နတ်မင်းအဆင့်ကို မရောက်သေးပေမဲ့ နတ်မင်းအဆင့်ကို ရောက်ခါစ စွမ်းအားကြီးရန်သူကို ရင်ဆိုင်ဖို့ သိပ်မခက်လောက်တော့ဘူး” ဟန်ထော်ဟာ ယုံကြည်ချက်ရှိစွာ တွေးလိုက်ပါတယ်။ အဲဒီနောက် တစ်စုံတစ်ခု မှားနေတယ်လို့ ရုတ်တရက် ခံစားမိလိုက်ပါတယ် ‘ယီတျန်က ဘာဖြစ်လို့ အခုထိ ပြန်မလာသေးတာလဲ’
ဟန်ထော်ဟာ မတ်တတ်ရပ်ပြီး ယီတျန်ကို လိုက်ရှာဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ပြင်မှာ အက်ကြောင်းကြီးတစ်ခု ပေါ်လာပြီး အက်ကြောင်းကြီးထဲကနေ ရွှေရောင်အလင်းတန် ဖြာထွက်လာပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီး ဦးဆောင်တဲ့ ငွေရောင်ချပ်ဝတ်နဲ့ ရုပ်သွင်တွေဟာ ဒီအက်ကြောင်းထဲကနေ ထွက်ပေါ်လာပါတယ်။ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ပြောလိုက်ပါတယ် “အင်မော်တယ်အားလုံး နားထောင်... အစီအစဉ်အတိုင်း မဟာတာအို ဆန်းကြယ်စွမ်းအားရဲ့ နေရာကို ရှာဖွေကြ”
အင်မော်တယ်တွေဟာ ချက်ချင်းပဲ လူစုခွဲလိုက်ကြပါတယ်။
ဟန်ထော်ဟာ ကောင်းကင်နတ်ဘုရား စစ်သူကြီးကို အဝေးကနေကြည့်ပြီး လန့်သွားပါတယ် ‘တော်တော် စွမ်းအားကြီးတာပဲ... ဒါ မိုးကောင်ကင်မျိုးနွယ်စုက ဖြစ်ရမယ်’ ဟန်ထော်ဟာ ချက်ချင်းပဲ မြေလျှိုးပညာရပ်ကို သုံးပြီး ထွက်ပြေးပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ဟန်ထော် ထွက်ခွာသွားတဲ့ဘက်ကို ကြည့်လိုက်ပြီး ကျောက်ပြားဆီ အကြည့်ရောက်သွားပါတယ် ‘အင်း... ဘာလဲဟ...’
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ကျောက်ပြားဆီ ချက်ချင်း ပျံသန်းလိုက်ပါတယ်။
အဲဒီနောက်ပိုင်း ဟန်ထော်ဟာ တားမြစ်နယ်မြေကနေ မထွက်ခွာဘဲ ယီတျန်ကို လိုက်ရှာပါတယ်။ ဟန်ထော်ဟာ တားမြစ်နယ်မြေထဲကို အင်အားစုတွေ တစ်ခုပြီးတစ်ခု ဝင်လာပြီး အချင်းချင်း တိုက်ခိုက်ကြတာကို တွေ့လာပါတယ်။
ရှစ်နှစ်ကြာ ရှာဖွေပြီးတဲ့နောက်မှာတော့ ဟန်ထော်ဟာ ယီတျန်ကို လိုဏ်ဂူတစ်ဂူအတွင်းမှာ တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ယီတျန်ဟာ ကျောက်ရုပ် ဖြစ်နေပါပြီ။ ယီတျန်ဘေးမှာလည်း ပုံစံမျိုးစုံနဲ့ ကျောက်ရုပ်အများကြီး ရှိနေပါတယ်။ သူတို့အကုန်လုံးဟာ ဘာပြင်ဆင်ချိန်မှ မရလိုက်ဘဲ ကျောက်ရုပ်ဖြစ်သွားပုံ ရှိပါတယ်။
ဟန်ထော်ဟာ လန့်သွားပြီး ဘေးဘီဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်ပါတယ်။ ဒီလိုဏ်ဂူဟာ မှောင်မည်းနေပြီး ထူးဆန်းတဲ့ မြူခိုးငွေ့တစ်ခုနဲ့ ပြည့်နေပါတယ်။
ဟန်ထော်ဟာ ဖျော့တော့တဲ့ အသက်ရှူသံတစ်သံကို ရုတ်တရက် ကြားလိုက်ရတဲ့အတွက် ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။ ဟန်ထော်ဟာ နတ်အာရုံနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပေမဲ့ ဘာကိုမှ အာရုံမခံမိပါဘူး။
ဟန်ထော်ဟာ ချက်ချင်းပဲ ယီတျန်ရဲ့ ကျောက်ရုပ်ကို ကောက်ယူပြီး ထွက်ပြေးဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခုဟာ ဟန်ထော် တစ်ကိုယ်လုံးကို လွှမ်းမိုးသွားပါတယ်။ ဟန်ထော်ဟာ လန့်လွန်းတဲ့အတွက် လှုပ်ရှားဖို့တောင် မေ့သွားပါတယ်။
“အတော်အားကောင်းတဲ့ ခန္ဓာကိုယ်နဲ့ အသက်ဓာတ်ပါလား၊ ကောင်းကင်တာအို ကံတရား အထောက်အပံ့က အားနည်းနေသေးတယ်၊ ကောင်လေး... မင်းက ငါ ခန္ဓာသိမ်းဖို့ အရမ်းသင့်တော်တယ်”
အသံတစ်သံ ထွက်ပေါ်လာပြီး သရဲမီးလျှံတွေဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ကို ရုတ်တရက် လောင်ကျွမ်းသွားပါတယ်။ ဟန်ထော်ဟာ ထိတ်လန့်သွားပြီး သရဲမီးလျှံတွေကို အမြန်ငြိမ်းသတ်ဖို့ ကြိုးစားပါတယ်။
ဟန်ထော်ဟာ သူ့လက်နှစ်ဖက်ကို မြှောက်လိုက်တဲ့အခါ ကျောက်ပြားပေါ်က ထူးဆန်းတဲ့ စာလုံးတွေဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာပါတယ်။
“ကောင်းတယ်၊ ငါ့ရဲ့ ဆန်းကြယ်စွမ်းအား အသစ်ကို မင်းနဲ့ မြည်းစမ်းကြည့်ရမယ်” ဟန်ထော်ဟာ ခပ်တိုးတိုး အော်ပြောလိုက်ပြီး မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်၊ တာအိုဘုံကျောင်းအတွင်း။
အရင်တစ်ခေါက် တွက်ချက်ပြီးတဲ့အချိန်က စရေတွက်ရင် နှစ်လေးဆယ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တဲ့အတွက် မျက်လုံးဖွင့်လိုက်ပြီး မျက်ခုံး နည်းနည်း ပင့်တက်သွားပါတယ် “ဟင်... ဘယ်သူက ငါ့သားကို ခန္ဓာသိမ်းရဲတာလဲ၊ မင်းက ငါ့သွေးမျိုးဆက်ကို ထိရဲတာလား... ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ဟန်ကျွယ်ဟာ ဟန်ထော်ကို ခန္ဓာသိမ်းချင်တဲ့ တည်ရှိမှုရဲ့ မူလဇာစ်မြစ်ကို တိတ်တဆိတ် တွက်ချက် ကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့ အနန္တကပ်ဘေးမှာ မရေမတွက်နိုင်တဲ့ သရဲတွေခဲပြီး ဖြစ်တည်လာတာကို တွေ့သွားပါတယ်။ အဆင့်နိမ့် နတ်ထူးဆန်းနဲ့ နည်းနည်းဆင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီကောင်ကို တစ်ခါတည်းသတ်ပစ်ဖို့ နှမြောတဲ့အတွက် ဟန်ထော်ရဲ့ ကျေးကျွန်လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုဆိုရင် ဟန်ထော်ရဲ့ ရှင်သန်နိုင်စွမ်းကို ပိုပြီးတော့ မြင့်မားစေမှာပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ မန္တန်တစ်ခုကို အသုံးပြုလိုက်ပါတယ်။
လိုဏ်ဂူအတွင်းမှာ ဟန်ထော်ဟာ ဘေးနားက ကျောက်တုံးရုပ်တုတွေလိုမျိုး ကျောက်ရုပ်ဖြစ်ကာ မလှုပ်ရှားနိုင်တော့ပါဘူး။ အဲဒီနောက် အနက်ရောင် ရောင်ဝါတွေဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်ပါတော့တယ်။ ပြောပြလို့မရအောင် ခံစားရတဲ့ နာကျင်မှုက ဟန်ထော်ကို မျှော်လင့်ချက် မဲ့သွားစေပါတယ်။
ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှု လွတ်ကင်းလာပြီး ဝိညာဉ်တစ်ခုလုံးလည်း အလွန်နာကျင်လာပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုကတော့ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ကို ရတော့မှာဖြစ်တဲ့အတွက် အားရပါးရ ရယ်မောနေပါတယ်။
ဒီအချိန်မှာပဲ...
“အား...”
လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုဟာ ရုတ်တရက်ဆိုသလို ကြောက်လန့်တကြား ငယ်သံပါအောင် အော်ဟစ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။