ကပ်ဘေးရန်ငြိုး
Vol. 52 Ch. 563
“ဘာတွေ ဖြစ်နေတာလဲ၊ မင်းက ဘယ်သူလဲ”
“ဘာလို့ ဒီလိုဖြစ်ရတာလဲ...”
“ဘာဖြစ်လို့လဲ”
လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုဟာ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားစွာ အော်ဟစ်နေပါတယ်။
ဟန်ထော်ရဲ့ နာကျင်မှုဟာ လျင်မြန်စွာ လျော့ပါသွားပါတယ်။ ဟန်ထော်ဟာ ဒီအဖြစ်အပျက်ကို နားမလည်နိုင်ပါဘူး ‘ဘာတွေ ဖြစ်ကုန်တာလဲ... ဒီမကောင်းဆိုးဝါးက ရုတ်တရက်ကြီး ဘာဖြစ်လို့ တန်ပြန်ထိသွားတာလဲ... မကောင်းမှုက ကောင်းမှုကို အနိုင်မရနိုင်လို့များလား..’
ဟန်ထော်ဟာ ရင်တထိတ်ထိတ်နဲ့ ဆက်စောင့်ကြည့်ပါတယ်။
လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုရဲ့ ငယ်သံပါအောင် အော်ဟစ်သံဟာ ပိုပိုပြီးတော့ သနားစရာ ကောင်းလာပါတယ်။ ဟန်ထောင်ရဲ့ ခန္ဓာကိုယ်ဟာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အမြန်နှုန်းနဲ့ အကောင်းပကတိ ပြန်ဖြစ်သွားပြီး ကျောက်သားအလွှာဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။
ဟန်ထော် ပုံမှန် ပြန်ဖြစ်သွားတဲ့အခါ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုဟာ ထပ်ပြီးတော့ မအော်ဟစ်တော့ပါဘူး။ ဟန်ထော်ဟာ သူ့ဝိညာဉ်ထဲမှာ တစ်စုံတစ်ခု ရှိနေတာကို ခံစားလိုက်ရပြီး သူ့လက်လိုမျိုး လွယ်လင့်တကူ ထိန်းချုပ်နိုင်တာ တွေ့လိုက်ရပါတယ်။
ဟန်ထော်ဟာ ချက်ချင်းပဲ သူ့ဝိညာဉ်ထဲက အရာကို ထုတ်ကြည့်လိုက်ပါတယ်။ ချက်ချင်းပဲ ဟန်ထော်ရဲ့ မျက်လုံးထဲကနေ အနက်ရောင် အလုံးတစ်လုံး ထွက်ပေါ်လာပြီး မြေပြင်ပေါ် ပြုတ်ကျသွားကာ ချက်ချင်း ရုပ်သွင်တစ်ခု ဖြစ်တည်လာပါတယ်။
ဒီလူက အတော်လေး ရုပ်ဆိုးပြီး သူ့မျက်နှာ အစိတ်အပိုင်းတွေကလည်း အပိုင်းအစ အများကြီးကို တစ်ခုတည်းဖြစ်အောင် ဆက်ထားသလိုပါပဲ။ သူ့ခန္ဓာကိုယ်ကိုတော့ အနက်ရောင် ရောင်ဝါတွေ လွှမ်းမိုးနေပြီး ပုံရိပ်အစစ်အမှန်ကို မြင်တွေ့ဖို့ ခက်ခဲလှပါတယ်။
ဟန်ထော်ဟာ သူ့ရှေ့က ရုပ်သွင်ကို လုံးဝထိန်းချုပ်နိုင်နေတာကြောင့် ထိတ်လန့်ခြင်း မရှိပါဘူး။ ဒီခံစားချက်က အလွန်တရာမှ လက်တွေ့ဆန်ပါတယ်။ တစ်ဖက်လူရဲ့ သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်နဲ့ ဆုံးဖြတ်နိုင်တာမျိုးပါ။
“ခင်ဗျားက ဘယ်သူလဲ” ဟန်ထော်က မေးလိုက်ပါတယ်။
တစ်ဖက်လူကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ပြောပါတယ် “ငါကလည်း မင်း ဘယ်သူလဲဆိုတာ မေးချင်နေတာ”
ဟန်ထော်ဟာ ဘာမှပြန်မဖြေဘဲ သူ့ရှေ့ကလူကို စိုက်ကြည့်လိုက်ပါတယ်။
ရုပ်သွင်ဟာ ဟန်ထော်ရဲ့ အကြည့်ကြောင့် ကြောက်လန့်သွားပြီး ချက်ချင်း အဖြေပေးလိုက်ပါတယ် “ငါက ကပ်ဘေးရန်ငြိုး၊ မရေမတွက်နိုင်တဲ့ ရန်ငြိုးစိတ်ဝိညာဉ်တွေကနေ ဖြစ်တည်လာတာ”
“ရန်ငြိုးစိတ်ဝိညာဉ်... မင်းက ဘယ်ကနေ လာတာလဲ”
“အနန္တကပ်ဘေး...”
ဟန်ထော်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး ချက်ချင်း ဆက်မေးပါတယ် “လူတွေပြောကြတာတော့ အနန္တကပ်ဘေးပြီးတာ နှစ်တစ်သောင်းကျော်ပဲ ရှိသေးတယ်တဲ့၊ အဲဒီကပ်ဘေးက ဘယ်လိုမျိုးလဲ၊ ဘယ်လိုမြင်ကွင်းမျိုးရှိလဲ”
ကပ်ဘေးရန်ငြိုးက ဂရုတစိုက် ပြောလိုက်ပါတယ် “အနန္တကပ်ဘေးက လောကမှာရှိတဲ့ ကပ်ဘေးတွေထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ၊ ပြီးခဲ့တဲ့ အနန္တကပ်ဘေးမှာ သက်ရှိအများစု သေဆုံးသွားလို့ ကောင်းကင်တာအိုက ပြန်စတာ၊ အဲဒီအချိန်တုန်းက ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း အပြောင်းအလဲ ဖြစ်ကုန်တယ်၊ မင်း တောတောင်ပင်လယ်တွေ အကုန်လုံး သွေးသံရဲရဲဖြစ်နေတာကို မြင်ဖူးလား၊ အဲဒါ အနန္တကပ်ဘေးပဲ”
ဟန်ထော်ဟာ မှင်သက်သွားပါတယ် ‘အနန္တကပ်ဘေးက အဲဒီလောက်ထိ ကြောက်ဖို့ကောင်းတာလား..’ ဟန်ထော်ဟာ ဆက်မေးလိုက်ပါတယ် “လီတောက်ခုံးက ပြီးခဲ့တဲ့အနန္တကပ်ဘေးမှာ ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်လား...”
“ငါ့မှတ်ဉာဏ်ထဲမှာ လီတောက်ခုံးအကြောင်းတော့ ရှိတယ်၊ သူက ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်၊ သူက ကောင်းကင်ရုံးတော်ကို ပံ့ပိုးပေးခဲ့တယ်၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်က အနန္တကပ်ဘေးက အကြီးအကျယ် ရှုံးနိမ့်သွားတာဆိုတော့ သူ အနန္တကပ်ဘေးကို ဖြတ်ကျော်နိုင်မလား ဆိုတာတော့ ငါလည်း မသိဘူး”
ဟန်ထော်ဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး ‘ကျော်ဖြတ်နိုင်ခဲ့တာပေါ့... ဒါပေမဲ့ ရွမ်လိန့်ကျောင်းတော်က နှင်ထုတ်ခံလိုက်ရပြီးပြီ’
ဟန်ထော် လီတောက်ခုံးအကြောင်းကို စိတ်ဝင်စားနေတာက လီတောက်ခုံးဟာ သူတွေ့ကြုံခဲ့ရတဲ့ လူပုဂ္ဂိုလ်တွေထဲမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့အပြင် သူ့ကိုလည်း ကယ်တင်ဖူးလို့ပါပဲ။ ဒါပေမဲ့ လီတောက်ခုံးက သူ့ကို မကြိုက်တဲ့အတွင် တပည့်အဖြစ်တောင် လက်မခံပါဘူး။
ဟန်ထော်ဟာ သိချင်စိတ်နဲ့ ဆက်မေးလိုက်ပါတယ် “အဲဒါဆိုရင် ပြီးခဲ့တဲ့အနန္တကပ်ဘေးမှာ အနိုင်ရတဲ့သူက ဘယ်သူလဲ၊ ငါ ကြားတာတော့ ကပ်ဘေးတိုင်းမှာ အနိုင်ရတဲ့သူ ရှိတယ်တဲ့၊ သူတို့က သူတို့ရဲ့ ကံတရား အထောက်အပံ့ကို အမှီပြုပြီး ထိုးတက်သွားလေ့ရှိတယ်ဆို”
ကပ်ဘေးရန်ငြိုးက သူ့မှတ်ဉာဏ်တွေကို ပြန်စစ်ဆေးပြီး အဖြေပေးလိုက်ပါတယ် “အနိုင်ရတဲ့သူက အမှောင်သခင်ကြီး ဖြစ်လောက်တယ်၊ ငါ့စိတ်ထဲက မှတ်ဉာဏ်တွေ အများကြီးထဲမှာ အမှောင်သခင်ကြီး အကြောင်း တော်တော်လေး ပြောတယ်၊ အနန္တကပ်ဘေးက အမှောင်သခင်ကြီးကြောင့် ဖြစ်တာလို့တောင် ပြောသေးတယ်၊ ဒါပေမဲ့ ကပ်ဘေးပြီးသွားတာတောင် အမှောင်သခင်ကြီး ဘယ်သူဘယ်ဝါဆိုတာကို တစ်ယောက်မှ မသိဘူး၊ ဒါပေမဲ့ ဒဏ္ဍာရီတစ်ခုတော့ ရှိတယ်”
“ကောင်းကင်ဘုံ အမှောင်ဖုံးရင် အမှောင်သခင်ကြီး ပေါ်လာလိမ့်မယ်၊ အဲဒီနေ့က ဧကန်မုချ ရောက်လာလိမ့်မယ်တဲ့” ကပ်ဘေးရန်ငြိုးရဲ့ လေသံဟာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားပါတယ်။
အနန္တကပ်ဘေးရဲ့ ရန်ငြိုးစိတ်ဝိညာဉ် အများစုဟာ ကျိန်စာတိုက်ခံခဲ့ရပါတယ်။ အဲဒီခေတ်က လူတိုင်းလိုလို တစ်ယောက်ကို တစ်ယောက် အရူးအမူး ကျိန်စာတိုက်ကြတဲ့ခေတ်ပါ။
ဟန်ထော်ဟာ ကပ်ဘေးရန်ငြိုးကို သူသိချင်တာတွေ ဆက်မေးပြီး အင်မော်တယ်ကမ္ဘာ တစ်ခုလုံးရဲ့ သမိုင်းကြောင်းကို နားလည်ဖို့ ကြိုးစားပါတယ်။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ ဒီကပ်ဘေးရန်ငြိုးက ကောင်းကင်ဘဝဂ် အဆင့်ကိုတောင် ရောက်နေပြီဖြစ်တဲဲ့အတွက် အတော်လေး စွမ်းအားကြီးနေပြီလို့ ပြောလို့ရပါတယ်။ ဟန်ထော်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီကပ်ဘေးရန်ငြိုးကို ဖိနှိပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ ကောင်းကင်ဘဝဂ်အဆင့်ကလည်း တာအိုပညာရှိကို ခုခံဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်မှာ စွမ်းအားတချို့ သိမ်းထားပါတယ်။ ဒီစွမ်းအားက တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်ကို မကျော်လွန်ပါတယ်။ မဟုတ်ရင် ကောင်းကင်တာအို ငြင်းပယ်တာကို ခံရမှာပါ။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ သူ့စွမ်းအားကို လိုသလို ထိန်းချုပ်ဖို့ဆိုတာ ထမင်းစားရေသောက် အဆင့်တောင့် မရှိပါဘူး။
ဟန်ထော်ဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ကို ကိုယ်ရံတော်အဖြစ် ရသွားပေမဲ့ ကပ်ဘေးရန်ငြိုးရဲ့ ကျင့်ကြံမှုအဆင့်ကို မသိပါဘူး။ ကပ်ဘေးရန်ငြိုးကလည်း သူ့ကျင့်ကြံမှုကို ဟန်ထော်သိအောင် မပြောပါဘူး။ ဟန်ထော်ထက် အနည်းငယ်စွမ်းအားကြီးပြီး ဝိညာဉ် ဆန်းကြယ်စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တယ်လို့သာ ပြောထားပါတယ်။
‘ဆက်ကျင့်ကြံရမယ်၊ အမှောင်ဘုရင် တာအိုပညာရှိက အင်မော်တယ်ကမ္ဘာကို ပစ်မှတ်ထားတာ ကြာပြီ၊ ဒီကောင်က အချိန်မရွေး လာတိုက်နိုင်တယ်၊ ငါ ပေါ့လျော့လို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်ပါတယ်။ ကောင်းကင်တာအိုက စွမ်းအားကြီးတယ်ဆိုပေမဲ့ မပျက်ဆီးနိုင်တဲ့ တည်ရှိမှု မဟုတ်ပါဘူး။
လုံခြုံမှုဆိုတာက ကိုယ့်ဆီကနေပဲ လာတာပါ။ ဟန်ကျွယ်ဟာ သူ့လုံခြုံမှုကို ကောင်းကင်တာအိုထံမှာ ဘယ်တော့မှ မအပ်ပါဘူး။ သူ့ကို အကောက်ကြံချင်တဲ့ ဒီကောင်းကင်တာအိုဆို ပိုဆိုးတာပေါ့။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နှစ် ၃,၀၀၀ ကုန်ဆုံးသွားပါတယ်။ ဒီတစ်ခါက ဟန်ကျွယ် အချိန်အကြာဆုံး ဂူအောင်း ကျင့်ကြံတာပါ။ ဒီနှစ် ၃,၀၀၀ အတွင်း ဟန်ကျွယ်ဟာ တာအိုဟောကြားခြင်း မရှိသလို ဘယ်သူမှလည်း ဟန်ကျွယ်ဆီ အလည်ရောက်မလာပါဘူး။
ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေက ထပ်ပြောင်းသွားပါတယ်။ ချုံရှီလိုင်ဟာ တာအိုဟောကြားပြီး တစုန်ကောင်းကင်ကို တာအိုပညာရှိနေရာ ဆက်ခံသူအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီကိစ္စက အနန္တကမ္ဘာကို တုန်လှုပ်သွားစေပါတယ်။
တစုန်ကောင်းကင်ကို မရိုးရှင်းပါဘူး။ ကောင်းကင်တာအို ပြန်စတာနဲ့ ပထမဆုံး သေမျိုးကမ္ဘာကို တည်ထောင်ခဲ့သူပါ။ အဲဒီနောက် တစုန်ကောင်းကင်ဟာ အင်မော်တယ်ကမ္ဘာမှာ ကံတရား အထောက်အပံ့ဂိုဏ်းတစ်ဂိုဏ်းကိုလည်း တည်ထောင်ထားပြီး တပည့်ဆယ်သန်းကျော် ရှိပါတယ်။
အဲဒါ့အပြင် နတ်ဆိုးတွေကလလည်း အတော်ကြမ်းလာပါတယ်။
ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင် ယီတျန်ဟာ နတ်ဆိုးမျိုးနွယ်စုထဲ ဝင်ရောက်ပြီး ရွှေကျီးကန်းနတ်ဆိုးဧကရာဇ် လက်အောက်မှာရှိတဲ့ မဟာနတ်ဆိုးသူတော်စင် ဆယ်ပါးထဲက တစ်ပါး ဖြစ်လာပါတယ်။ ယီတျန်လက်အောက်မှာ နတ်ဆိုးစစ်သားတွေ မရေမတွက်နိုင်အောင်ရှိပြီး ဒေသတစ်ခုကို အုပ်စိုးပါတယ်။
လူသားမျိုးနွယ်စုကတော့ အခက်အခဲဆုံးအချိန်ကို ရောက်နေပါတယ်။ မျိုးနွယ်စုအကုန်လုံးက လူသားမျိုးနွယ်စုပေါ် တက်နင်းပြီး အမြင့်ကို တက်လှမ်းကြပါတယ်။ ကောင်းကင်တာအိုမျိုးနွယ်စု အဆင့်အတန်းကို ဆုံးရှုံးပြီးနောက် ရွမ်လိန့်ကျောင်းတော်ပဲ လူသားမျိုးနွယ်စုကို ဂရုစိုက်ပါတော့တယ်။ ဒါတောင် ရွမ်လိန့်ကျောင်းတော်က တစ်ခါတစ်ရံပဲ ကူညီတာပါ။ အမြဲတမ်း ကူညီနေတာ မဟုတ်ပါဘူး။
တခြားတစ်ဖက်မှာတော့ မိုးကောင်းကင်မျိုးနွယ်စုဟာ အလွန်တရာမှ အင်အားကြီးလာပြီး အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ဘယ်အင်အားစုမှ မယှဉ်နိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ မိုးကောင်းကင်မျိုးနွယ်စုမှာ အင်မော်တယ် ဧကရာဇ် အများကြီး ရှိပေမဲ့ နတ်မင်းအဆင့် ကျင့်ကြံသူကတော့ အတော်နည်းပါတယ်။ သူတို့တွေရဲ့ အထက်မှာတော့ ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ် လီတောက်ခုံး ရှိနေပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ် ဓားအင်မော်တယ် လီတောက်ခုံး။
လီတောက်ခုံးဟာ မိုးကောင်းကင်မျိုးနွယ်စုထဲကို လွန်ခဲ့တဲ့ နှစ် ၁,၀၀၀ က ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ ကျော်ကြားလွန်းတဲ့ ဂုဏ်သတင်းကြောင့် တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း မိုးကောင်းကင်မျိုးနွယ်စုထဲကို ဝင်ရောက်လာပါတယ်။
ကျင့်ကြံသူတချို့က နောက်အနန္တကပ်ဘေးဟာ မိုးကောင်းကင်မျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ တိုက်ပွဲပဲလို့တောင် စနောက်ကြပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံရာကထပြီး အကြောဆန့်လိုက်ပါတယ်။
‘အနှောင့်အယှက်မရှိဘဲ ကျင့်ကြံအားထုတ်ရတာ တကယ်ကို အားရဖို့ကောင်းတယ်... ရှေးခေတ်က စွမ်းအားကြီးပုဂ္ဂိုလ်တွေ နှစ်ထောင်ချီ သောင်းချီ ဂူအောင်းကျင့်ကြံတာ မဆန်းတော့ပါဘူး...’
နှစ်သုံးထောင် ဂူအောင်းကျင့်ကြံတာက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို တော်တော်လေး တိုးတက်သွားစေပါတယ်။ ဟန်ကျွယ်ဟာ သူ့စွမ်းအား ပိုကြီးလာတာကို ခံစားနိုင်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ကိစ္စကြီးကြီးမားမား မရှိဘဲ သူ့မိတ်ဆွေတွေလည်း ဘေးကင်းတာကို တွေ့တာနဲ့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ လမ်းလျှောက် ထွက်လိုက်ပါတယ်။
ချောင်ချောင်၊ ကျန်းကျွယ်နဲ့ ကြက်သွေးရောင် မြေခွေးနီဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းအသာညိတ်လိုက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။ ဖူစန်းသစ်ပင်အောက်က တပည့်တွေဟာလည်း ဟန်ကျွယ်ကို မြင်တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ကြပါတယ်။
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “နှစ်လေးငါးထောင်ပဲရှိတယ်၊ သခင်က ပိုကြည့်ကောင်းလာတယ်၊ သခင်ကျင့်ကြံမှုက တာအိုပညာရှိအဆင့်ကို ကျိန်းသေပေါက် ကျော်တက်သွားလောက်ပြီ”
ဒီမြှောက်ပင့်စကားကို နည်းနည်းများတဲ့အတွက် ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဆူပူကြိမ်းမောင်းဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဝူတောက်ကျန့်က သူ့ဆီကို ရုတ်တရက် လျှောက်လာတဲ့အတွက် ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို မဆူဖြစ်တော့ပါဘူး။
“သခင်... ကျွန်မ သခင်ကို လာရှာတော့မလို့...” ဝူတောက်ကျန့်က အလောတကြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ”
ဝူတောက်ကျန့်ဟာ ဘေးဘီဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဟန်ကျွယ်ဆီ အသံလွှင့်လိုက်ပါတယ် “ထိုက်စုတျန်က ကျွန်မကို အိပ်မက်ပေးပြီး လူသားမျိုးနွယ်စု ဒုက္ခရောက်နေတဲ့အကြောင်း ပြောတယ်၊ တိတ်ဆိတ်ဂိုဏ်းဆီက အကူညီလိုချင်တယ်တဲ့၊ နောက်ပြီး နွီဝါက သူ့စကားကို ဘယ်တော့မှ အပျက်မခံဘူးလို့ ပြောသွားသေးတယ်၊ သခင် လိုချင်နေတာကလည်း လူသားမျိုးနွယ်စုထဲမှာ ရှိတယ်တဲ့”
‘ဟင်... နွီဝါက လောကဦး ခရမ်းရောင်ချီကို လူသားမျိုးနွယ်စုထဲမှာ ဖွက်ထားခဲ့တာလား...’
ဟန်ကျွယ်ဟာ လောကဦး ခရမ်းရောင်ချီကို မလိုအပ်တဲ့အတွက် ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ နောက်ပြီး လူသားတွေအကုန်လုံးကို ကာကွယ်ဖို့က လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။
ဟန်ကျွယ် အမြင်မှာတော့ ထုန်ကျန့်ကမ္ဘာက လူသားတွေ အသက်ရှင်နေရင် တော်ပါပြီ။ အင်မော်တယ်ကမ္ဘာက လူသားတွေအကုန်လုံး သေဆုံးသွားရင်တောင် ဟန်ကျွယ်ဟာ မျက်တောင်တစ်ချက်ခတ်မှာ မဟုတ်ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ လူသားမျိုးနွယ်စု ရင်ဆိုင်နေရတဲ့ ကပ်ဘေးကို သိချင်တဲ့အတွက် လက်ချောင်းသုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ အမူအရာဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။