← Chapters

မိစ္ဆာ ကောင်းကင်ဧကရာဇ်၏ ပြောင်းလဲမှု၊ တာအိုဘိုးဘေး၏ ဘီလူးခန္ဓာကိုယ်

Vol. 52 Ch. 566

မိစ္ဆာ ကောင်းကင်ဧကရာဇ်၏ ပြောင်းလဲမှု၊ တာအိုဘိုးဘေး၏ ဘီလူးခန္ဓာကိုယ်

Vol. 52 Ch. 566

“ဝင်လာခဲ့ချည်...”

ဟန်ကျွယ်ရဲ့ အသံကို ကြားလိုက်ရတဲ့အတွက် လုံဟောင်ဟာ ပျော်ရွှင်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် လုံဟောင်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး တလေးတစား အရိုအသေပေးလိုက်ပါတယ်။

အခုလက်ရှိမှာ လုံဟောင်ရဲ့ ကျင့်ကြံမှုက မူလဆန်းကြယ် နတ်စွမ်းအားခြောက်ပါးကို ရောက်နေပြီး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ လုံဟောင်ရဲ့ အရည်အချင်းက ထူးချွန်ထက်မြက်ပေမဲ့ အနန္တကပ်ဘေးကို ရင်ဆိုင်ကြုံတွေရပြီးတဲ့နောက် သူ့ရဲ့ ကံတရား အထောက်အပံ့ဟာ ဖိနှိပ်ခံလိုက်ရပါတယ်။

ဟောင်တျန်ဟာ လုံဟောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ ပျံထွက်လာပြီး ပြောလိုက်ပါတယ် “ဒီကောင်လေးရဲ့ ကျင့်ကြံမှုက မူလဆန်းကြယ် နတ်စွမ်းအားခြောက်ပါးမှာ တန့်နေတယ်၊ ကျွန်တော်အထင် တစ်ယောက်ယောက်က တစ်ခုခုလုပ်ထားတယ် ထင်တယ်၊ တစ်ချက်လောက် ကြည့်ပေးပါအုန်း”

လုံဟောင်ဟာ ဟန်ကျွယ်ကို မျှော်လင့်ချက် မျက်ဝန်းတွေနဲ့ မော့ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်လည်း လုံဟောင်ရဲ့ ဝိညာဉ်ကို တာအိုပညာရှိအာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။

‘အင်း... တကယ်ကြီး ရှိနေတာပဲ... ဒါ... ကောင်းကင်ဧကရာဇ်ရဲ့ ဓမ္မစွမ်းအားပဲ’ ကောင်းကင်ဧကရာဇ်ရဲ့ ဓမ္မစွမ်းအားဟာ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်ပြီး လုံဟောင်ရဲ့ တာအိုအသီးကို ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ မျက်နှာအမူအရာ မပြောင်းပေမဲ့ စိတ်ထဲမှာတော့ အံအားသင့်သွားပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် ကောင်းကင်ဧကရာဇ်က လုံဟောင်အပေါ် ဘယ်လို သဘောထားတယ်ဆိုတာ ကောက်ချက်ချဖို့ ခက်ပါတယ်။ ချစ်တယ်လို့ ပြောရအောင်လည်း ကောင်းကင်ဧကရာဇ်နေရာကို တခြားလူဆီ လွှဲပေးလိုက်ပါတယ်။ မုန်းတယ်လို့ ပြောရအောင်ကလည်း လုံဟောင်ကို ဟန်ကျွယ်လက်ထဲ အပ်ခဲ့တယ် မဟုတ်ပါလား။

ကောင်းကင်ဧကရာဇ်မှာ သားအများကြီး ရှိပေမဲ့ အနန္တကပ်ဘေး ပြီးဆုံးသွားတဲ့အခါ လုံဟောင်တစ်ယောက်ပဲ ရှင်ကျန်ရစ်ပါတယ်။

ကောင်းကင်ဧကရာဇ် ဘယ်လိုပဲတွေးတွေး လုံဟောင်က သူ့ကို အကူအညီ လာတောင်းတဲ့အတွက် ဟန်ကျွယ်လည်း မနေနိုင်တော့ဘဲ လှုပ်ရှားလိုက်ရပါတယ်။ ဒီစွမ်းအားက ဟောင်တျန် လုံဟောင်ကို ခန္ဓာသိမ်းမှာစိုးတဲ့အတွက် လုံဟောင်ကို ကာကွယ်ပေးတဲ့ စွမ်းအားလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မျက်စိအောက်မှာ ဟောင်တျန်ဟာ လုံဟောင်ကို ခန္ဓာသိမ်းဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

အတွေးတစ်ချက်နဲ့ လုံဟောင်းရဲ့ တာအိုသီးကို ချုပ်နှောင်ထားတဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ဓမ္မစွမ်းအားဟာ လွှင့်ပါးပျောက်ကွယ်သွားပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ လုံဟောင်ဟာ စိတ်သက်သာရာ ရသွားပါတယ်။

လုံဟောင်ဟာ ဟန်ကျွယ်ကို တအံတဩကြည့်ပြီး မေးလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်က...”

“ပြန်ပြီးတော့ ကျင့်ကြံအားထုတ်တော့”

ဖြတ်ပြောလိုက်တဲ့ ဟန်ကျွယ်ရဲ့ စကားကြောင့် လုံဟောင်လည်း ဘာမှ ဆက်မပြောနိုင်တော့ဘဲ ဟန်ကျွယ်ကို အလျင်အမြန် ရှိခိုးကာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။

ဟောင်တျန်ကလည်း ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။

တာအိုဘုံကျောင်းထဲကနေ ထွက်လာပြီးနောက် ဟောင်တျန်ဟာ သက်ပြင်းချလိုက်ပါတယ် “မင်း ဆရာသခင်က တကယ်ကိုစွမ်းတားပဲ၊ အဲဒီတန်ခိုးကြီးပါတယ်ဆိုတဲ့ တာအိုပညာရှိတွေကိုတောင် ကျော်တက်သွားလောက်ပြီ”

လုံဟောင်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “အပိုတွေ ပြောနေတယ်၊ ကျွန်တော်ရဲ့ ဆရာသခင်က ကောင်းကင်မိစ္ဆာကပ်ဘေးကို အဆုံးသတ်လိုက်တာ၊ တာအိုပညာရှိတွေတောင် ဘာမှမပြောနိုင်ဘူး”

ဟောင်တျန်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ လုံဟောင်ရဲ့ ဘဝမှာ ကံအကောင်းဆုံးက ဟန်ကျွယ်ကို ဆရာတင်လိုက်တာပဲလို့ ဟောင်တျန် ခံစားလိုက်ရပါတယ်။ လုံဟောင်သာ ဟန်ကျွယ်ကို ဆရာမတင်ခဲ့ဘူးဆိုရင် သူခန္ဓာသိမ်းလို့ ကပ်ဘေးမှာ သေသွားတာ ကြာပါပြီ။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ ကောင်းကင်ဧကရာဇ် အိပ်မက်ပေးတာကို လက်ခံရရှိလိုက်ပါတယ်။ တကယ်တော့ ကောင်းကင်ဧကရာဇ်ဟာ အခုဆိုရင် မိစ္ဆာကောင်းကင်ဧကရာဇ် ဖြစ်နေပါပြီ။

ဟန်ကျွယ်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ ဒီတစ်ခါ အိပ်မက်နယ်မြေက အရင်လို ယွီဂျင်ဂိုဏ်းတော်ကြီးဘေးက တောအုပ်လေး မဟုတ်တော့ပါဘူး။ အလောင်းတွေ ပြည့်နေတဲ့ ဖုန်ဆိုးမြေတစ်ခုပါ။ ကောင်းကင်မှာလည်း တိမ်မည်းတွေ ထူထပ်နေပြီး အလွန်တရာကိုမှ ဖိအားပေးနေပါတယ်။

မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ အရိုးတွေ စုပုံနေတဲ့ တောင်ငယ်လေးတစ်ခုပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။

မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ငုံ့ကြည့်ပြီး မေးလိုက်ပါတယ် “မင်း ဘာလို့ လုံဟောင်ရဲ့ ဓမ္မစွမ်းအားစည်းကို ဖြေပေးလိုက်ရတာလဲ”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အရှင်မင်းကြီး ဘာလိုချင်တယ်ဆိုတာကို ကျွန်တော် မသိဘူး၊ ကျွန်တော် ထင်တာတော့ အရှင်မင်းကြီးက သူ့ကို ကာကွယ်ချင်တယ်လို့ ထင်တာပဲ၊ အခု သူက လုံခြုံနေပြီ၊ အဲဒါကြောင့် ကျွန်တော် ဖြေပေးလိုက်တာ၊ မဟုတ်ရင် သူ့ကျင့်ကြံမှု နှောင့်နှေးနေလိမ့်မယ်”

မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပါတယ်။

[မိစ္ဆာကောင်းကင်ဧကရာဇ်သည် သင့်အပေါ် မျက်နှာသာပေးမှု လျော့သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီးက လုံဟောင်ကို မကြိုက်ဘူးလား၊ အဲဒါဆိုရင်လည်း ဘာဖြစ်လို့ သူ့ကို ကျွန်တော်ဆီမှာ တပည့်ခံစေခဲ့တာလဲ”

မိစ္ဆာကောင်းကင်ဧကရာဇ်က ပြန်ဖြေပါတယ် “ငါက လုံဟောင်ကို မကြိုက်တာ မဟုတ်ဘူး၊ ဟောင်တျန်ကို မကြိုက်တာ၊ လုံဟောင် စွမ်းအားကြီးလေလေ ဟောင်တျန်လည်း စွမ်းအားကြီးလေလေပဲ၊ သူတို့နှစ်ယောက်က တစ်ယောက်တည်းပဲ”

ဟန်ကျွယ်ဟာ ဒီလိုဖြစ်မယ်လို့ ထင်ထားပြီးသားမို့ တိတ်ဆိတ်သွားပါတယ်။

“ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်း၊ မင်း ဘယ်လိုခံစားရလဲ”

“ကောင်းကင်တာအိုကို တကယ်ကို ကောင်းတယ်”

“ဟုတ်တယ်၊ ကောင်းကင်တာအိုနဲ့ နှိုင်းယှဉ်ရင် ဒီနေရာက ငရဲပြည်ထက်တောင် ပိုကြောက်ဖို့ကောင်းတယ်၊ ဒါက အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံပဲ”

“တော်သေးတယ်၊ ကျွန်တော် အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံကို မလာမိလို့”

“မဟုတ်ဘူး၊ မင်း လာသင့်တယ်၊ မင်း ဒီနေရာကိုလာမှ ပိုပြီးတော့ စွမ်အားကြီးနိုင်လိမ့်မယ်၊ မင်း ကောင်းကင်တာအိုမှာပဲ ဆက်နေရင် တာအိုပညာရှိအဆင့်ကနေ ဆက်တက်နိုင်မှာ မဟုတ်ဘူး၊ အရင်တစ်ခေါက်က ငါ လွတ်လပ် တာအိုပညာရှိတွေရဲ့ တိုက်ပွဲကို ကိုယ်တွေ့ကြုံခဲ့ရတယ်၊ သူတို့ရဲ့ စကားတွေက အစစ်အမှန် ဖြစ်လာတယ်၊ သူတို့တွေက တိုက်ပွဲအခြေအနေကို စကားလုံးတစ်လုံးတည်းနဲ့ ပြောင်းလဲနိုင်စွမ်းရှိတယ်၊ မင်း အဲဒီလိုစွမ်းအားမျိုး မလိုချင်ဘူးလား”

“လိုချင်တာပေါ့၊ ဘယ်သူက အဲဒီလိုစွမ်းအားမျိုးကို မလိုချင်မှာလဲ၊ ဒါပေမဲ့ ကျွန်တော် တာအိုပညာရှိ ထိပ်ဆုံးအဆင့်ကို မရောက်သေးဘူး၊ အဲဒီတော့ လောလောဆယ်မှာ ကျွန်တော် မစွန့်စားချင်သေးဘူး”

“ဒါလည်း ဟုတ်တာပဲ” မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ဘာမှပြန်မပြောနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ် ‘စကားလုံးတွေက အစစ်အမှန် ဖြစ်လာတာလား၊ ဒါဆို သူတို့က အတိတ်ကိုရော ပြောင်းလဲနိုင်လား၊ အချိန်ခရီးသွားနိုင်လား၊ ကံကြမ္မာကိုရော တစ်ခါတည်း သတ်မှတ်နိုင်လား...’

‘အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံက တကယ်ကို အန္တရာယ်များတာပဲ...’

ဟန်ကျွယ်ဟာ မိစ္ဆာကောင်းကင်ဧကရာဇ် တိတ်ဆိတ်နေတာကို တွေ့တာကြောင့် မနေနိုင်ဘဲ မေးလိုက်ပါတယ် “အရှင်မင်းကြီးရော ဒီအတောအတွင်း အဆင်ပြေရဲ့လား...”

“အဆင်ပြေပါတယ်၊ မင်း ဟောင်တျန်နားကို သိပ်မကပ်ဖို့ ငါ မျှော်လင့်တယ်၊ ဖြစ်နိုင်ရင် သူ့ကို ဖျက်ဆီးစေချင်တယ်” မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ်။

“ကျွန်တော် စဉ်းစားပေးမယ်၊ တကယ်လို့ အရှင်မင်းကြီး ဒုက္ခတွေ့လို့ ကျွန်တော် ကူညီနိုင်မယ်ဆိုရင် ကျွန်တော်ကို အချိန်မရွေး အကူအညီ လာတောင်းပါ”

“အင်း...”

အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာကောင်းကင်ရဲ့ အခြေအနေက ပိုပိုပြီး ထူးဆန်းလာလို့ပါ။ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ တာအိုပညာရှိ မဖြစ်သေးပေမဲ့ ဟန်ကျွယ်ကို မသက်မသာ ဖြစ်စေပါတယ်။ ကြည့်ရတာ အဆင့်နိမ့်နတ်ထူးဆန်းနဲ့ အမင်္ဂလာ မကောင်းဆိုးဝါးက မိစ္ဆာကောင်းကင်ဧကရာဇ်အပေါ်ကို တော်တော်လေး သက်ရောက်သွားပုံပါပဲ။

ဟောင်တျန်ကို ဖျက်ဆီးပစ်ဖို့တော့ ဟန်ကျွယ်မှာ လောလောဆယ် အစီအစဉ်မရှိပါဘူး။ အခုအချိန်မှာ ဟောင်တျန်ရဲ့ နာမည်က သိတဲ့လူက လက်ချိုးရေလို့ရပါတယ်။ ဒါ့အပြင် သူ့အပေါ်ထားတဲ့ ဟောင်တျန်ရဲ့ မျက်နှာသာပေးမှုကလည်း အတော်မြင့်ပါတယ်။ ဒါကြောင့် ဟောင်တျန် အမှားလုပ်မှပဲ ကောင်းကင်ဧကရာဇ်ကို ကူညီတဲ့အနေနဲ့ သတ်ပစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ကောင်းကင်ဧကရာဇ်နဲ့ ပိုရင်းနှီးပါတယ်။ ဟောင်တျန်က အမြဲသစ္စာရှိနေရင်တော့ ဟန်ကျွယ် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဟောင်တျန်ကို အကြောင်းအရင်းမရှိဘဲ သတ်လိုက်မယ်ဆိုရင် တခြားတပည့်တွေက တမျိုးတွေးကုန်မှာပါ။

ဟန်ကျွယ်ဟာ‌ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နောက်ထပ် နှစ် ၃၀၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ စာစောင်တွေထဲမှာ တိုက်ခိုက်တာတွေရော အခွင့်အရေးတွေရော ကျိန်စာတိုက်တာတွေရဲ့ တခြား ကံအားလျော်စွာ အခွင့်အရေးရတာတွေရော စုံလို့ပါပဲ။

ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ စာစောင်ကတော့ သိပ်များများစားစား မရှိပါဘူး။

[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် ကောင်းကင်တာအိုမှ ထွက်ခွာသွားသည်။]

[သင့်မိတ်ဆွေ ဧကရာဇ်ရှောင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်ပြသမှုဖြင့် ကောင်းကင်တာအို ကံတရား အထောက်အပံ့မှ စတင်ဖယ်ခွာ၏။]

ဟန်ကျွယ်ဟာ ဧကရာဇ်ရှောင်ရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်တဲ့အခါမှာ ဧကရာဇ်ရှောင်ရဲ့ ကျင့်ကြံမှုက လျော့မသွားတာကို တွေ့လိုက်ရပါတယ်။ ရှင်းရှင်းပြောရရင် ဧကရာဇ်ရှောင်က အားမနည်းသွားတဲ့အပြင် စွမ်အားပိုကြီးလာတာပါ။

‘သူက လီမုယဲ့ကို အတုယူပြီး ကောင်းကင်တာအိုပညာရှိ နေရာကနေ ခုန်ထွက်ချင်တာလား...’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ဧကရာဇ်ရှောင်ကို ဘယ်သူက လမ်းညွှန်နေတာလဲ”

[သက်တမ်း ၇၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပြီး သူ့မြင်ကွင်းထဲမှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[လျိုဟုန်: လွတ်လပ် တာအိုပညာရှိ ထိပ်ဆုံးအဆင့်၊ မိစ္ဆာမျိုးနွယ်စု ဘိုးဘေး၊ အနန္တဧကရာဇ်၊ ကောင်းကင်တာအို သားတော်၊ တာအိုဘိုးဘေး၏ ဘီလူးခန္ဓာကိုယ်။]

ဟန်ကျွယ်ရဲ့ အမူအရာဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ လျိုဟုန်ရဲ့ နာမည်ကို ကြားဖူးပါတယ်။ ဒီနာမည်က လောတစ်ခွင်မှာ မသိတဲ့လူ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒီနာမည်နောက်မှာရှိတဲ့ ကံတရား အထောက်အပံ့တွေက ပြဿနာရှိနေတာပါ။

‘မိစ္ဆာဘိုးဘေးလျိုဟုန်က တကယ်ကြီး ကောင်းကင်တာအို သားတော်လား... နောက်ပြီး တာအိုဘိုးဘေးရဲ့ ဘီလူးခန္ဓာကိုယ်တောင် ဖြစ်နေသေးတယ်...’

ကျင့်ကြံသူတိုင်း သိထားတာက တာအိုဘိုးဘေးဟာ မိစ္ဆာဘိုးဘေးကို နင်းချေပြီး ကျော်ကြားလာခဲ့တာပါ။ ဒါကလည်း ကောင်းကင်တာအိုရဲ့ ပထမဆုံးကပ်ဘေး တာအိုနဲ့ မိစ္ဆာ တိုက်ပွဲပါ။

‘ဒါတွေ အကုန်လုံးက တာအိုဘိုးတစ်ယောက်တည်း ဇာတ်ကထားတာလား... ဒါမှမဟုတ် တာအိုဘိုးဘေးက လျိုဟုန်ကို သိမ်းသွင်းလိုက်တာလား...’

ဟန်ကျွယ်ဟာ လျိုဟုန်နဲ့ တာအိုဘိုးဘေးကြားက ဆက်ဆံရေးကို ဆက်ပြီးတော့ တွက်ချက်ကြည့်လိုက်ပါတယ်။

[စနစ်၏ အကန့်အသတ်ထက် ကျော်လွန်သော တည်ရှိမှုတစ်ခု ပါဝင်နေ၍ တွက်ချက်မရပါ။]

ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ လက်လျှော့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ လျိုဟုန်ကို ထပ်ကြည့်ပြီး လျိုဟုန်က ပြန်လာတော့မယ်လို့ ခံစားလိုက်ရပါတယ်။

‘ဒီကောင်းကင်တာအို ပညာရှိ အကုန်လုံးက အင်အားကြီးတဲ့ နောက်ခံတွေ ရှိနေကြတာပဲ၊ တော်သေးတယ်... ငါ သူတို့ကို တိုက်ရိုက် မသတ်မိလို့...’

‘ထားလိုက်ပါတော့... တစ်ခုခုဖြစ်လည်း သူတို့ဘာသာ ဖြေရှင်းပါစေ၊ ငါ ရှေ့ဆုံးကနေ ဦးဆောင်စရာမှ မလိုတာ’

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး မဟုတ်တဲ့ အတွေးတွေ ပျောက်သွားအောင် တပည့်တွေကို တာအိုဟောကြားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အင်မော်တယ်ကမ္ဘာရဲ့ မြောက်ဘက်စွန်းက အဆုံးမဲ့ရေခဲနယ်မြေမှာ သိပ်သည်းတဲ့ အက်ကြောင်းတွေ ရုတ်တရက် ပေါ်လာပါတယ်။ ဒီအက်ကြောင်းတွေဟာ လျင်မြန်စွာ ကျယ်ပြန့်သွားပြီး အထဲကနေ ကြောက်မက်ဖွယ် အနက်ရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters