စုချီ အသက်ပြန်ရှင်ခြင်း
Vol. 52 Ch. 567
အပေါ်စီးကနေ ကြည့်မယ်ဆိုရင် အဆုံးမဲ့ရေခဲကျောက်ဆောင်တွေက မှန်မျက်နှာပြင်လို ကွဲအက်နေပြီး ဒီအက်ကြောင်းတွေဟာ တဖြည်းဖြည်း ကျယ်ပြန့်ကာ အချင်းချင်း ဆက်သွားပါတယ်။ ဒီအက်ကြောင်းတွေကနေ အနက်ရောင်ချီတွေ ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်မှာရှိတဲ့ အဖြူရောင်ကို မှိတ်သုန်းသွားစေပါတယ်။
မြေပြင်ကလည်း တစ်စုံတစ်ခု ထိုးထွက်လာတော့မဲ့အလား စတင်ပြီးတော့ ပြင်းထန်စွာ တုန်ခါလာပါတယ်။
ဒီအချိန်မှာပဲ တိမ်မည်းတွေကို ရွှေရောင်အလင်းက ထိုးဖောက်သွားပါတယ်။ တိမ်မည်းတွေ လွှင့်ပါး ပျောက်ကွယ်သွားတဲ့အခါ တိမ်ပေါ်မှာ တလက်လက်တောက်နေတဲ့ ရုပ်သွင်တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်တွေကတော့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ အင်မော်တယ်တွေပါ။
ခေါင်းဆောင်ကတော့ ဖန်းလျန်ဖြစ်ပြီး ဖန်းလျန်ရဲ့ ဘေးမှာ ကောင်းကင်နတ်ဘုရား စစ်သူကြီးနဲ့ ရှန်စစ်သူကြီးတို့ ရှိနေကြပါတယ်။ ဖန်းလျန်ဟာ ငုံ့ကြည့်ပြီး မေးလိုက်ပါတယ် “မင်းတို့တွေ တစ်ခုခု မြင်လား...”
ရှန်စစ်သူကြီးဟာ မျက်မှောင်ကြုတ်သွားပါတယ် “သူတို့တွေက မိစ္ဆာနဲ့တူပေမဲ့ မိစ္ဆာလည်း မဟုတ်ဘူး၊ ပြီးခဲ့တဲ့ကပ်ဘေးမှာ ဖျက်ဆီးခဲ့လိုက်ရတဲ့ အသူရာမျိုးနွယ်စုနဲ့ ပိုတူတယ်”
ကောင်းကင်နတ်ဘုရား စစ်သူကြီးက ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ အသူရာမျိုးနွယ်စုဖြစ်ဖို့ များတယ်၊ ရွှယ်မင်းဟယ်က သေခါနီးဆဲဆဲ အနာဂတ်မှာ ပြန်လာနိုင်အောင် ဆန်းကြယ်စွမ်းအား အသုံးပြုလိုက်တယ်လို့ ပြောသံကြားတယ်”
ဖန်းလျန်ဟာ အတွေးနက်သွားပါတယ်။ မိုင်ပေါင်းသန်းချီဝန်းကျင်ရှိတဲ့ ရေခဲကျောက်ဆောင်တွေဟာ ရုတ်တရက် ပြိုလဲသွားပြီး ရေခဲမြူမှုန်တွေဟာ ကောင်းကင်ကို ထိုးတက်သွားပါတယ်။ ဒီမြင်ကွင်းကို တကယ်ကို ခမ်းနားဖို့ကောင်းသလို လန့်ဖို့လည်း ကောင်းလှပါတယ်။
မကုန်ဆုံးနိုင်တဲ့ မြူခိုးတွေကြားမှာ ကြောက်မက်ဖယ် ရုပ်သွင်တစ်ခုဟာ ဝိုးတိုးဝါးတား ထွက်ပေါ်လာပါတယ်။
ဖန်းလျန်ဟာ လက်ဝှေ့ယမ်းပြီး ချက်ချင်း အမိန့်ပေးလိုက်ပါတယ် “ဒီမကောင်းဆိုးဝါးကို ဖမ်းကြ”
ရှန်စစ်သူကြီးနဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ ချက်ချင်း အောက်ကို ဆင်းသွားပါတယ်။ တခြား အင်မော်တယ်တွေလည်း စစ်သူကြီးနှစ်ပါးနောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ ဟန်ကျွယ် တာအိုဟောကြားနေတာ တစ်နှစ်တောင် မပြည့်သေးပါဘူး။
ဟန်ကျွယ်ဟာ မြောက်ဘက်စွန်းကနေ အလွန်ကျယ်ပြောတဲ့ ရောင်ဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာတာကို ခံစားမိလိုက်ပါတယ်။ ဒီရောင်ဝါက အနည်းဆုံး တာအိုပညာရှိအဆင့်ရှိပြီး ရှီတုတောက်ထက် မနိမ့်ကျပါဘူး။
ဟန်ကျွယ်က တာအိုဟောကြားတာကို မရပ်ပါဘူး။ ဟန်ကျွယ်ဟာ တာအိုဟောကြားရင်း အဝေးကို လှမ်းကြည့်လိုက်ပါတယ်။ ဖန်းလျန်ဟာ အင်မော်တယ်တွေကို ဦးဆောင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုကို အားသုံး ဖိနှိပ်နေပါတယ်။ အခြေအနေကို အတော်ကို အရေးကြီးနေပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်ကို ကူညီဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ ဖန်းလျန်က သူ့သား မဟုတ်တဲ့အအတွက် ကိုယ်ဖြစ်ကိုယ်ခံပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တိုင်းကို လိုက်ပြီးတော့ မကာကွယ်နိုင်ပါဘူး။ နောက်ပြီး ဖန်းလျန် တိတ်ဆိတ်ဂိုဏ်းကို ပြန်မလာတာကလည်း ထွက်သွားကတည်းက အခုထိပါပဲ။ မျက်နှာသာပေးမှု လျော့မသွားလို့သာ မဟုတ်ရင် ဂိုဏ်းကိုသစ္စာဖောက်သွားပြီလို့တောင် ဟန်ကျွယ် သံသယဝင်မိမှာပါ။
မကြာခင်မှာပဲ လီတောက်ခုံးဟာ ကောင်းကင်ဘုံ ၁၃ ဘုံမြောက်ကို အပြေးသွားပြီး ကူညီတဲ့အတွက် ကမ္ဘာပျက်လုနီး တိုက်ပွဲကြီး ဖြစ်ပွားလာပါတော့တယ်။
နှစ်ထောင်ချီ ကြာပြီးတဲ့နောက် လီတောက်ခုံးဟာ အရင်ကထက် အများကြီး ပိုစွမ်းလာပါတယ်။ သူ့ရဲ့ အသက်တစ်သောင်းဓားအပေါ် နားလည်မှုဟာလည်း ပိုပြီးတော့ နက်ရှိုင်းလာပါတယ်။ သူဟာ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုနဲ့ ယှဉ်ပြိုင် တိုက်ခိုက်နေပါတယ်။
သူမသာ ကိုယ်မသာဖြစ်တဲ့အတွက် လီတောက်ခုံးမှာ ရှုံးနိုင်ချေ မရှိပါဘူး။
ဒါကြောင့် ဟန်ကျွယ်ဟာ တာအိုဟောကြားတာကိုပဲ အာရုံပြန်စိုက်လိုက်ပါတယ်။
နှစ်တစ်ရာဟာ လျင်မြန်စွာပဲ ကုန်ဆုံးသွားပြီး တပည့်အများစုရဲ့ ကျင့်ကြံမှုဟာ ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုကြောင့် အတော်လေး တိုးတက်လာပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်တပည့်တွေရဲ့ ကျင့်ကြံမှုကတော့ သိသိသာသာကြီး တိုးတက်လာတာ မရှိပါဘူး။
ဟန်ကျွယ်ဟာ သူတို့ကို အန္တိမမူလ မဟာတာအို သင်ပေးတာ ဆယ်ခါ မကတော့ပါဘူး။ သူတို့ကလည်း သူတို့လိုအပ်သလောက်ကို သုံးသပ်နားလည်ပြီးပါပြီ။ ဒီလိုသုံးသပ်နားလည်ရတာက တွန်းအားပေးလို့ရတဲ့အရာ မဟုတ်ပါဘူး။
မသိမသာနဲ့ အရည်အချင်းနဲ့ နားလည်နိုင်စွမ်းဟာ ကောင်းကင်တာအို တိတ်ဆိတ်ဂိုဏ်းအပေါ် ဖိနှိပ်ထားတဲ့ အနှောင်အဖွဲ့တွေ ဖြစ်လာပါတယ်။ အမည်ခံတပည့်တွေထဲမှာ အခုထိ နတ်မင်းအဆင့် ကျင့်ကြံသူ မရှိသေးပါဘူး။ နတ်မင်းအဆင့် ကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံးက အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ပဲ ရှိပါတယ်။
ဒီလိုနှုန်းနဲ့သာ တွက်ကြည့်မယ်ဆိုရင် အမည်ခံတပည့်တွေထဲကနေ တာအိုပညာရှိအတုတစ်ပါး ထွက်ပေါ်လာဖို့က တစ်သန်းကို တစ်ယောက်တောင် ဖြစ်နိုင်ချေ သိပ်မရှိပါဘူး။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကိုပြန်ပြီး ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ကာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် မျက်လုံးမှိတ်လိုက်ပါတယ်။ လောကဦးကမ္ဘာထဲမှာရှိတဲ့ စုချီက ဟန်ကျွယ်ကို ခေါ်နေတာ ဖြစ်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
စုချီရဲ့ ခန္ဓာကိုယ်က ပဋိပက္ခ နတ်ဘီလူး ဖြစ်လာတာ အချိန်တစ်ခု ရှိသွားပါပြီ။ စုချီရဲ့ ခန္ဓာဟာ ၁၀၀ ရာခိုင်နှုန်း ခဲသွားပြီ ဖြစ်တဲ့အတွက် သာမန်သက်ရှိတစ်ယောက်နဲ့ ဘာမှမခြားနားတော့ပါဘူး။
“ဆရာသခင်... ကျွန်တော် ဘယ်အချိန်ကျမှ အပြင်ထွက်လို့ရမှာလဲ၊ ဒီမှာရှိတဲ့ ပဋိပက္ခချီက ကျွန်တော် ကြီးထွားလာဖို့ ဆက်ပြီးတော့ အကူအညီ မပေးနိုင်တော့ဘူး” စုချီဟာ ချက်ချင်းပဲ အလောတကြီး ပြန်ဖြေပါတယ်။
စုချီဟာ တစ်ခါသေဖူးတာမို့ ဟန်ကျွယ်က သူ့ကို အပြင်မထုတ်ပေးမှာ စိုးရိမ်နေတာပါ။ တကယ်လို့ ဟန်ကျွယ်က စုချီကို အပြင်မထုတ်ချင်ပါဘူး။
“မင်းရဲ့ ကြမ္မာဆိုးကို ထိန်းချုပ်နိုင်ပြီလား”
“ထိန်းချုပ်နိုင်ပါပြီ”
ဟန်ကျွယ်ဟာ သေချာ အာရုံခံကြည့်လိုက်တဲ့အခါ စုချီက သူ့ကိုယ်သူ ကောင်းမွန်စွာ ထိန်းချုပ်ပြီး တစ်စက်ကလေးတောင် ကြမ္မာဆိုး မထုတ်လွှတ်တာကို တွေ့သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ စုချီကို အပြင်ထုတ်သင့် မထုတ်သင့် စဉ်းစားလိုက်ပါတယ်။
စုချီကတော့ ဟန်ကျွယ် သဘောမတူမှာကို စိုးရိမ်တဲ့အတွက် ရင်တထိတ်ထိတ်နဲ့ စောင့်ပါတယ်။ စုချီဟာ သူ့အမှားတွေကို ပြန်တွေးမိပြီး ပိုလို့တောင် ယုံကြည်ချက် မရှိတော့ပါဘူး။ ဟန်ကျွယ်နေရာမှာ သူဆိုရင်လည်း အပြင်ထွက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ ပြန်လည်မွေးဖွားခြင်းက အပြစ်တွေကို ဆေးကြောနိုင်တာမှ မဟုတ်တာ။
ရုတ်တရက်...
စုချီရဲ့ မြင်ကွင်းဟာ ဝေဝါးသွားပါတယ်။ စုချီဟာ သူ့ခြေထောက်က တစ်စုံတစ်ခုနဲ့ ထိမိသွားတာကို ရုတ်တရက် ခံစားလိုက်ရပြီး ပတ်ဝန်းကျင်မြင်ကွင်းကလည်း တာအိုဘုံကျောင်း အတွင်းဘက်ကို ပြောင်းသွားပါတယ်။ နေလ ယင်ယန် အကာအကွယ်ရဲ့ တောက်ပတဲ့ အလင်းရောင်က စုချီရဲ့ မျက်လုံးကို ကျိန်းသွားစေပါတယ်။
“ဆရာသခင်...”
စုချီဟာ စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ပါတယ်။ စုချီရဲ့ အသံဟာ တုန်ယင်နေပါတယ် ‘နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ ငါ နောက်ဆုံးတော့ ဆရာသခင်မျက်နှာကို ပြန်မြင်ရပြီ’
ဒီလိုအချိန်ကြာမြင့်စွာ ဝေးကွာရတာက သေမျိုးကမ္ဘာရဲ့ ဘဝတစ်သက်တာ မကပါဘူး။ ကောင်းကင်တာအို ခေတ်တစ်ခုပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး မင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာပဲ နေရမယ်၊ အပြင်မထွက်ရဘူး၊ အပြင်ထွက်ပြီး ကိုယ့်နေရာ ကိုယ်ရှာနေ”
စုချီဟာ ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားလွန်းတဲ့အတွက် ဘာမှမပြောနိုင်ပါဘူး။ စုချီဟာ နေ့အလင်းရောင်ကို ပြန်မြင်ရတာပဲ အတော်ကျေနပ်ပါပြီ။ အပြင်ထွက်ဖို့က စိတ်တောင် မကူးရဲပါဘူး။
တာအိုဘုံကျောင်း အပြင်ကို လမ်းလျှောက်ထွက်ပြီးနောက် စုချီဟာ တောက်ပတဲ့ နေရာင်ခြည်ကို ကြည့်ကာ မျက်ရည်ကျလုနီး ဖြစ်သွားပါတယ်။
“ငါ အသက်ပြန်ရှင်ပြီ... ဒီတစ်ခါ ငါ ဘယ်တော့မှ နယ်ရုပ်မလုပ်ဘူး...” စုချီဟာ လက်သီးကို တင်းတင်း ဆုပ်လိုက်ပါတယ်။
ကျန်းကျွယ်၊ ချောင်ချောင်နဲ့ ကြက်သွေးရောင် မြေခွေးနီဟာ စုချီကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်ကြပါတယ်။ စုချီဟာ သူတို့ရဲ့ တည်ရှိမှုကို အာရုံခံမိသွားပြီး သူတို့ဆီ လျှောက်လာကာ စကားပြောပါတော့တယ်။ ကျန်းကျွယ်နဲ့ ချောင်ချောင်က စုချီကို ဂရုမစိုက်ပေမဲ့ ကြက်သွေးရောင် မြေခွေးနီကတော့ စုချီနဲ့ စကားဖောင်ဖွဲ့အောင် ပြောပါတယ်။
ကြက်သွေးရောင် မြေခွေးနီဟာ ဟန်ကျွယ် သေမျိုးကမ္ဘာကို သွားလေ့ကျင့်တုန်းက ခေါ်လာခဲ့တဲ့ နတ်ဆိုးသားရဲလေးတစ်ကောင်ပါ။ ဒါပေမဲ့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ရောက်ကတည်းက ကြိုးကြိုးစားစား ကျင့်ကြံတဲ့အတွက် မဟာညီညွတ်မှု အင်မော်တယ်စစ် ဖြစ်နေပါပြီ။
အတန်ကြာ စကားပြောပြီးတဲ့နောက်မှာတော့ စုချီဟာ တခြားတပည့်တွေဆီ သွားလည်ပါတယ်။ မကြာခင်မှာပဲ ကိုယ်ပိုင်တပည့်တွေဟာ စုချီ အသက်ပြန်ရှင်လာတာကို သိသွားကြပြီး လန့်သွားကြပါတယ်။
‘မဖြစ်နိုင်တာ... ဒီကောင်က သေသွားပြီ မဟုတ်ဘူးလား...’
ကိုယ်ပိုင်တပည့်တွေဟာ စုချီက ပြီးခဲ့တဲ့အနန္တကပ်ဘေးကို အဆုံးသတ်လိုက်မှန်း သိပါတယ်။ လီရွှမ်အောက်တောင် စုချီကို လာကြည့်ပါတယ်။ ကိုယ်ပိုင်တပည့်တွေ အကုန်လုံးဟာ ဖူစန်းသစ်ပင်အောက်မှာ စုဝေးပြီး စုချီကို ဝန်းရံကာ မေးခွန်းတွေ တသီကြီး မေးကြပါတယ်။
“ဆရာသခင်က မင်းကို အသက်ပြန်သွင်းလိုက်တာလား...”
“မင်း ဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်မိသေးလား...”
“သက်ရှိအားလုံးကို ဘယ်လိုဖျက်ဆီးလိုက်တာလဲ၊ မင်းက အရမ်းစွမ်းလွန်းတယ်”
“တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကိုသုံးပြီး နောက်ပိုင်း မင်း ကောင်းကင်တာအို ပျက်သုဉ်းခြင်းကနေ ဘယ်လိုလွတ်လာတာလဲ”
“ဒါ ယုတ္တိမရှိဘူး...”
တပည့်တွေ အကုန်လုံးဟာ အံအားသင့်နေကြပါတယ်။ ငရဲကြက်နေတောင် စုချီက အရင်စုချီရဲ့ ပုံစံပဲရှိပြီး ဝိညာဉ်က တခြားဝိညာဉ်လို့ တွေးနေတာပါ။
စုချီဟာ သက်ပြင်းချလိုက်ပါတယ် “ငါလည်း ဘာကြောင့်မှန်း မသိဘူး၊ ငါ သေသွားပြီးတော့ ပြန်မနိုးလာခင်အထိ နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေတာ၊ ငါ ဆရာသခင်ရဲ့ အသံကို ကြားလိုက်တော့ ဆရာသခင်က ငါ့ကို ကယ်လိုက်တယ်ဆိုတာကို တွေးမိလိုက်တာပဲ”
လီရွှမ်အောက် တအံတဩ ပြောလိုက်ပါတယ် “ကောင်းကင်တာအို ကပ်ဘေးကို ဆန့်ကျင်နိုင်တယ်၊ တကယ်ပဲ ဂိုဏ်းချုပ်က တာအိုဘိုးဘေး ပြန်ဝင်စားတာလား...”
လီရွှမ်အောက်ဟာ ဟန်ကျွယ်က တာအိုဘိုးဘေး ပြန်ဝင်စားတာလို့ ငရဲကြက်နက်ပြောတာကို အမြဲတမ်း ကြားနေရပါတယ်။ ပထမတော့ လီရွှမ်အောက်ဟာ မယုံကြည်ပါဘူး။ ဒါပေမဲ့ သေချာစဉ်းစား ကြည့်လိုက်ရင် ဒီကိစ္စက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ တာအိုဘိုးဘေး ပျောက်ဆုံးသွားပြီး ဟန်ကျွယ် အင်အားကြီးလာတဲ့အချိန်နဲ့က တိုက်ဆိုင်လွန်းပါတယ်။
စုချီက ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး ငါ ဒီမှာပဲနေပြီး ဒီမှာပဲ ကျင့်ကြံအားထုတ်တော့မယ်၊ အပြင်မထွက်တော့ဘူး၊ အတိတ်က ကိစ္စတွေအတွက်တော့ ငါ့ကို ထပ်မစဖို့ မျှော်လင့်တယ်၊ ငါ အဲဒီလိုလုပ်ခဲ့တာကို ဂုဏ်မယူဘူး”
စကားဆုံးတဲ့ အခါမှာတော့ စုချီဟာ သက်ပြင်းချလိုက်ပါတယ် ‘ချောက်ကမ်းပါးစွန်းကို တွန်းပိုခံရပြီး တာအိုပညာရှိကသာ မလှည့်ဖြားခဲ့ရင် ငါ အဲဒီလိုမျိုး လုပ်မိခဲ့မှာ မဟုတ်ဘူး’ အတိတ်ကို ပြန်တွေးရင် စုချီရဲ့ စိတ်ထဲမှာ အပြစ်ရှိတဲ့ခံစားချက်တွေ ပြည့်နှက်သွားပါတယ်။
တာအိုအရှင်သခင်က နှာခေါင်းရှုံ့လိုက်ပါတယ် “မင်း တကယ်ပဲ အပြစ်ရှိတယ်လို့ ခံစားမိဖို့ ငါမျှော်လင့်ပါတယ်”
ကျောက်ရွှမ်ယွမ်နဲ့ လုံဟောင်ကတော့ မျက်နှာပျက်နေပေမဲ့ ဘာမှမပြောပါဘူး။
ပြီးခဲ့တဲ့ကပ်ဘေးမှာ သူတို့သုံးယောက်ရဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေ အများကြီး သေကျေခဲ့ပါတယ်။ ဒါတွေ အကုန်လုံးရဲ့ လက်သည်က စုချီပါ။ တာအိုပညာရှိ လှည့်ဖြားတာကို ခံရတယ်ဆိုရင်တော့ သူတို့သုံးယောက်ဟာ ဒီကိစ္စကို လုံးဝဥဿ မမေ့ပစ်လိုက်နိုင်ပါဘူး။
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “စုချီ... ငါတို့ကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အကြိမ်တစ်ရာ နှိပ်စက်ခွင့်ပေး၊ မင်း ပြန်မတိုက်ရဘူး၊ ပြီးခဲ့တဲ့ကပ်ဘေးအတွက် ငါတို့ရဲ့ ဒေါသတွေကို ပုံချတယ်လို့ပဲ သဘောထားလိုက်”
စုချီက သိချင်စိတ်နဲ့ ပြန်မေးလိုက်ပါတယ် “အသွင်တူလက်ရည်စမ်းပွဲက ဘာကြီးလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။